← Chapters

စံအိမ်သခင်မ ယဲ့ဟွမ်

Vol. 17 Ch. 226

စံအိမ်သခင်မ ယဲ့ဟွမ်

Vol. 17 Ch. 226

ဝမ်ဖုန်းတို့မှ ထျန်းလန်မြောက်ပိုင်းဒေသတွင် အခြေချပြီးသည်နှင့် တစ်ချိန်တည်းတွင်ဖြစ်သည်။

ယဲ့ဟွမ်စံအိမ်‌တော်၏ အဓိကခန်းမတွင် တုနှိုင်းမဲ့ကြော့ရှင်းလှပသော အမျိုးသမီးတစ်ဦးသည် ရှေ့ဆုံးနေရာတွင် ထိုင်နေခဲ့သည်။

ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်မှာ သိမ်မွေ့လှပ၏။ သူမ၏မျက်လုံးတို့မှာ ဆောင်းဦးရာသီ၏ရေစက်လေးအလား၊ မျက်ခုံးနှစ်သွယ်မှာ ကွာလှမ်းသောဖြောင့်တန်းကာ တလှပ်လှပ်လွင့်ပါးဟန်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမသည် ယဲ့ရှန်းစံအိမ်တော်၏ သခင်မယဲ့ဟွမ်ဖြစ်သည်။

ထျန်းလန်မြောက်ပိုင်းဒေသ၏ ဒုတိယမြောက်အင်အားအကြီးဆုံးသော အင်အားစုဖြစ်သည့် ယဲ့ရှန်းစံအိမ်သည် အလွန်အင်အားကြီးမားထူးခြား၏။ ထိုအင်အားစုကြီးကို အမျိုးသမီးမှ အလုံးစုံတည်ဆောက်ထားခြင်းဖြစ်လေသည်။

လွန်ခဲ့သည့်နှစ်ထောင်ချီခန့်က စံအိမ်သခင်မယဲ့ဟွမ်ကို မွေးဖွားခဲ့သည်။ အမျိုးသမီးတစ်ယောက်အဖြစ် သူမသည် ထျန်းလန်မြောက်ပိုင်းဒေသတွင် အားနည်းသူ၊ အားကြီးသူ အားလုံးစားသောက်ပျော်ပါးနိုင်သည့် ယဲ့ရှန်းစံအိမ်တော်ကြီးကို တည်ထောင်ခဲ့ခြင်းဖြင့် ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

အင်အားစုအသစ်တစ်ခုဖြစ်ရာ ယဲ့ရှန်းစံအိမ်သည် ထျန်းလန်မြောက်ပိုင်းဒေသရှိ အခြားသောဂိုဏ်းကြီးများ၏ ပစ်မှတ်ဖြစ်လာသင့်ပေသည်။ သို့သော် မမျှော်လင့်စွာဖြင့် မည်သည့်ဂိုဏ်းကြီးမျှ ယဲ့ရှန်းစံအိမ်ကို ပစ်မှတ်မထားခဲ့ချေ။

ပထမအဆင့်ဂိုဏ်းကြီးဖြစ်သော အစွန်းရောက်ဆီးနှင်းမြို့သည်ပင် ယဲ့ရှန်းစံအိမ်ကို မနာလိုအားကျခဲ့ရ၏။

ထို့ပြင် အစွန်းရောက်ဆီးနှင်းမြို့၏အရှင်သခင်ရွှယ်ယွီထျန်းသည် ယဲ့ဟွမ်ကို စွဲလမ်းသွားခဲ့ပြီး နှစ်ထောင်ချီလိုက်ခဲ့သည်ဟူသော ကောလာဟလများလည်းရှိလေသည်။ ၎င်းကောလာဟလသည် အစွန်းရောက်ဆီးနှင်းမြို့မှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ယဲ့ဟွမ်စံအိမ်တော်အား ပြစ်မှားခြင်းမပြုရဲသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်၏။

“စံအိမ်သခင်မရှင့် ‌တစ္ဆေဂိုဏ်းဟာ ရှန်ရှန့်ကျုံဂိုဏ်းလို့အမည်ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတယ်လို့ သတင်းပို့လာပါတယ်”

ထိုအခိုက်တွင် နန်းတွင်းဝတ်စုံဖြင့် လှပသောအမျိုးသမီးတစ်ဦးသည် ခန်းမထဲသို့ဝင်ရောက်လာခဲ့ပြီး ယဲ့ဟွမ်အား လေးစားကျိုးနွံစွာ အရိုအသေပေးလျက် နူးညံ့သိမ်မွေ့စွာပြောခဲ့သည်။

စကားပြောနေစဉ်တွင် ထိုအမျိုးသမီး၏ ပြေပြစ်လှပသောမျက်နှာလေးမှာ ဖော်ပြ၍မရနိုင်သော အရောင်အသွေးပြောင်းလဲမှုအချို့ ရှိနေခဲ့သည်။

“အို?”

ယဲ့ဟွမ်၏နှုတ်ခမ်းပါးမှ အလွန်သိမ်မွေ့နူးညံ့သောအသံလေး ထွက်ပေါ်လာခဲ့ပြီး မျက်လုံးများမှာ အံ့အားသင့်သွားဟန်ဖြင့် မေးမြန်း၏။

“ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား? အသေးစိတ်ဖြစ်စဉ်ကို သိသလား”

“တစ္ဆေတောင်တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီလို့ ပြောပါတယ်။ အဲ့ဒီ့အချိန်တုန်းက တိုက်ပွဲလှိုင်းလေဟာ ပြင်းထန်လွန်းတာကြောင့် စံအိမ်ရဲ့ကင်းထောက်တွေလည်း လွယ်လွယ် မချဉ်းကပ်ရဲခဲ့တာကြောင့် အသေးစိတ်ဖြစ်စဉ်ကို မသိခဲ့ပါဘူး။ ဒါပေမဲ့ တစ္ဆေဂိုဏ်းဖျက်ဆီးခံလိုက်ရပြီဆိုတာတော့ သေချာပါတယ်”

“အခု တစ္ဆေတောင်ကို အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းက သိမ်းပိုက်ပြီး ပြန်ဖွင့်ထားပါတယ်။ ကြည့်ရတာ ‌တစ္ဆေတောင်မှာ အခြေတည်မလို့ထင်ပါတယ်”

နန်းတွင်းဝတ်စုံဖြင့်အမျိုးသမီးမှ ဆက်ပြောခဲ့သည်။

“တစ္ဆေဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်းရှိတယ်ဆိုတော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားက အားမနည်းလှဘူး။ မင်းကိုယ်တိုင် ဂုဏ်ပြုလက်ဆောင်သွားရောက်ဆက်သလိုက်ပါ။ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာ တစ်ဂိုဏ်းဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ပြုကြောင်းလည်း စကားပါးခဲ့ပါ။ ဖြစ်နိုင်ရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားကို စူးစမ်းလေ့လာခဲ့”

ယဲ့ဟွမ်၏လှပသောမျက်လုံးများတွင် အဓိပ္ပာယ်နက်နဲသည့်အလင်းတစ်စ တောက်ပသွားလျက် ပေါ့ပါးစွာပြောလာ၏။

တစ္ဆေဂိုဏ်းဖျက်ဆီးခံရသည်ဟု ကြားရသည်တွင် ယဲ့ဟွမ်သည် အံ့အားသင့်ရုံသာဖြစ်ခဲ့သည်။ ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ယဲ့ဟွမ် မျက်လုံးထဲထည့်သည့်တစ်ခုတည်းသောအရာမှာ အစွန်းရောက်ဆီးနှင်းမြို့ဖြစ်သည်။

ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် အစွန်းရောက်ဆီးနှင်းမြို့သည် ရှည်ကြာသည့်မျိုးရိုးအမွေဆက်ခံမှုနှင့် နက်နဲသောနောက်ခံရှိသည့် သက်တမ်းအရှည်ကြာဆုံးသော အင်အားစုဖြစ်သည်။ အစွန်းရောက်ဆီးနှင်းမြို့သည် သူမ၏ယဲ့ရှန်းစံအိမ်ထက် ပို၍အင်အားကြီးမား၏။ အစွန်းရောက်ဆီးနှင်းမြို့ကို အလွယ်တကူ မထိပါးဝံ့ပါချေ။

“ဟုတ်ကဲ့ပါ စံအိမ်သခင်မ!”

ယဲ့ဟွမ်စံအိမ်အကြီးအကဲချုပ်စုချင်းမှ အရိုအသေပေးလျက် ပြော၏။

“အဲဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားမြင့်ကျင့်ကြံသူက ပုန်းကွယ်နေတုန်းပဲလား”

ယဲ့ဟွမ်၏မျက်လုံးများတွင် အေးစက်သည့်အလင်းတစ်ခု ‌တောက်ပနေလျက် အရေးမထားဟန်ဖြင့်မေး၏။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူမ၏ယဲ့ရှန်းစံအိမ်သို့ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦး ဆင်းသက်လာခဲ့ပြီး ယဲ့ဟွမ်အား လက်ထပ်ခွင့်တောင်းခံခဲ့သည်။ ယဲ့ဟွမ်မှ ငြင်းဆိုပါလျှင် ယဲ့ရှန်းစံအိမ်တော်ကြီးတစ်ခုလုံးကို အသွင်းပစ္စည်းအဖြစ် တောင်းရမ်းခဲ့၏။ တန်ကြေးမှာ ကြီးမားလှသည်ဖြစ်ရာ ထိုလူမှ မိမိ၏ရှေ့တွင် ရဲတင်းလွန်းနေသည်ကို ယဲ့ဟွမ်မှာ အဘယ်သို့များ ခံနိုင်ရည်ရှိနိုင်ပါမည်နည်း။

“ဟုတ်ပါတယ်။ ကျွန်မလည်း ယဲ့ဟွမ်တောင်ဝန်းကျင်မှာ အမြဲရှိနေခဲ့ပြီး လုံးဝ မစွန့်ခွာခဲ့ပါဘူး”

အကြီးအကဲချုပ်စုချင်းမှလည်း အရေးမထားဟန်ပြော၏။

“ကံမကောင်းစွာနဲ့ ဒီစံအိမ်သခင်မရဲ့ တတိယမြောက်နိဗ္ဗာန်က အချိန်မကျသေးဘူး။ မဟုတ်ရင် ငါတို့သူ့လက်ကို ငှားလိုက်လို့ရတယ်”

ယဲ့ဟွမ်၏လှပသောမျက်နှာလေးမှာ အေးခဲနေလျက် ခံစားချက်ကင်းမဲ့စွာဖြင့်ပြော၏။

“စံအိမ်သခင်မရှင့် အဲဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူတွေက ဘယ်သူတွေပါလဲ? လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူတွေနဲ့ ကြုံတွေ့ခဲ့ရတာက ယဲ့ရှန်းစံအိမ်တော်တစ်ခုပဲ မဟုတ်ဘဲ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတိုင်းလိုလိုမှာ ကြုံတွေ့ခဲ့ရတယ်လို့ သတင်းရပါတယ်”

“အဲဒါက… ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို ဖုံးအုပ်သွားတော့မယ့် အရိပ်မည်းကြီးရှိနေသလိုပါပဲ”

အကြီးအကဲချုပ်စုချင်းမှ စိုးရိမ်ပူပန်စွာဖြင့်ပြော၏။

သာမန်လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုတစ်ခုဖြစ်လျှင် အဆင်ပြေသေး၏။ အဓိကအချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူတိုင်းသည် တာ့အိုဘုရင်အဆင့်နှင့်အထက်တွင် ရှိနေခြင်းဖြစ်၏။ ထိုမျှအင်အားကြီးမားသည့် တည်ရှိမှုများသည် ထျန်းလန်အလယ်ပိုင်းဒေသမှ မဟုတ်ပါလျှင် အခြားမည်သူမျှ မဖြစ်နိုင်သည်မဟုတ်ပါလော။

“လတ်တ‌ေလာ ခုခံကာကွယ်ရေးကို အင်အားတိုးမြှင့်ထားလိုက်။ တပည့်တွေကို အပြင်မထွက်စေနဲ့။ အဲဒီ့လူတွေ နံ‌ရံကျော်လာပြီး တပည့်တွေနဲ့ ယဲ့ရှန်းစံအိမ်တော်ကို ခြိမ်းခြောက်မှာစိုးရတယ်”

ယဲ့ဟွမ်မှ တည်ကြည်လေးနက်သည့် မျက်နှာအမူအရာဖြင့် ပြောခဲ့သည်။

“ကျွန်မရဲ့လက်အောက်ငယ်သားတွေက သူတို့ကို ပြောထားပြီးပါပြီ။ ဒီအချိန်ကာလအတွင်းမှာ တပည့်တွေအားလုံး ကျင့်ကြံဖို့ရာအတွက် စံအိမ်တော်အတွင်းမှာပဲ နေရမယ်လို့ပါ”

“ကောင်းပြီ သွားတော့။ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို စူးစမ်ရှာဖွေနိုင်ရင် စူးစမ်းခဲ့ပါ။ စူးစမ်းရှာဖွေလို့ မရနိုင်ရင်လည်း အပြစ်မပြုမိစေနဲ့။ အခုအချိန်က အစွန်းရောက်ဆီးနှင်းမြို့နဲ့တင် ဒုက္ခများနေတာ.. ရှန်ရှန့်ကျုံဂိုဏ်းက ခုမှရောက်လာတာ.. ဆိုတော့ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ယဲ့ရှန်းစံအိမ်တို့ မဟာမိတ်ဖွဲ့ပြီး လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူတွေကို ခုခံလို့ရရင်ရနိုင်မယ်”

ယဲ့ဟွမ်မှ ခေါင်းညိတ်လျက် ညွှန်ကြားပြောဆို၏။

စကားအဆုံးတွင် စုချင်းသည် ယဲ့ဟွမ်အား ကျိုးနွံစွာအရိုအသေပြု၍ ခန်းမထဲမှ ထွက်သွားခဲ့သည်။

…..

အစွန်းရောက်ဆီးနှင်းမြို့သည် အကြီးဆုံးဂိုဏ်းကြီးဖြစ်ပြီး ထျန်းလန်အလယ်ပိုင်းဒေသနှင့် အနီးဆုံးဖြစ်သည်။ အစွန်းရောက်ဆီးနှင်းမြို့သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေလေ့ရှိ‌သည်။ ၎င်းမှာ အစွန်းရောက်ဆီးနှင်းမြို့ဟူသောအမည်၏ ဇာစ်မြစ်လည်းဖြစ်၏။

ထျန်း‌လန်မြောက်ပိုင်းဒေသတွင် အစွန်းရောက်ဆီးနှင်းမြို့အား ဖော်ဆောင်သည့်စာတစ်ပိုဒ်ရှိသည်:

‘ဆီးနှင်းပွင့်များ ကျဆင်းရာအရပ်သည် အစွန်းရောက်ဆီးနှင်းမြို့ဖြစ်ပြီး အစွန်းရောက်ဆီးနှင်းမြို့သည် အရာအားလုံးကို စီမံခန့်ခွဲ၏။ ကြားဝင်နှောင့်ယှက်သူသည် သေခြင်းမှလွဲ တစ်ပါးမရှိ'ဟူ၏။

ယဲ့ရှန်းစံအိမ်တော်မှ တစ္ဆေဂိုဏ်း၏ ဖျက်ဆီးသိမ်းပိုက်ခံရသည့်သတင်းကို ကြားသိချိန်တွင် အစွန်းရောက်ဆီးနှင်းမြို့သည်လည်း ထိုသတင်းကို ရရှိခဲ့သည်။ အစွန်းရောက်ဆီးနှင်းမြို့အရှင်သခင် ရွှယ်ယွီထျန်းသည် ရှန်ရှန့်ကျုံဂိုဏ်းကိုဂုဏ်ပြုရန်အတွက် ခမ်းနားသည့်လက်ဆောင်ပဏာပေးပို့ရန် အကြီးအကဲရွှယ်မုအား ချက်ချင်းအမိန့်ပေးခဲ့သည်။

ယောင်ရီဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများသည်လည်း ထိုကဲ့သို့ပင် လုပ်ဆောင်ကြ၏။ သူတို့အားလုံး၏ရည်ရွယ်ချက်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို စစ်ဆေးရန်ဖြစ်သည်။

အစွန်းရောက်ဆီးနှင်းမြို့နှင့် ယဲ့ရှန်းစံအိမ်တော်တို့၏ တည်ငြိမ်မှုနှင့် နှိုင်းစာလျှင် ယောင်ရီဂိုဏ်းနှင့် အခြားသောဂိုဏ်းကြီးများမှ ထိုသတင်းကိုကြားသိချိန်တွင် များစွာအံ့ဩထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကိုလည်း သိချင်နေခဲ့သည်။

ထိုဂိုဏ်းကြီးများအပြင် ထျန်းလန်မြောက်ပိုင်းဒေသ၏ အင်အားစုကြီး၊ငယ်တို့သည်လည်း ထိုသတင်းကို ကြားသိခဲ့ကြသည်။ သို့သော် ကျယ်ပြောလှသောကျင့်ကြံရေးလောကကြီးဖြစ်ရာ ‌တစ္ဆေဂိုဏ်းဖျက်ဆီးခံရခြင်းကို မယုံကြည်ကြပေ။ မုသားသတင်းစကားများ ပျံ့နှံ့နေခြင်းဟုသာ တွေးထင်နေကြလေသည်။

“ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုအင်အားမျိုးရှိနေလို့လဲ? ငါအဲ့ဒီ့ဂိုဏ်းကို တစ်ခါမှမကြားဖူးပါဘူး။ ဘယ်လိုလုပ်ပြီး ‌တစ္ဆေဂိုဏ်းကိုဖျက်ဆီးလိုက်တယ်ဆိုတာ ဖြစ်နိုင်မှာလဲ? ဟာသပဲ!”

“ဟုတ်တယ်.. တစ္ဆေဂိုဏ်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာ အင်အားအကြီးဆုံးမဟုတ်ပေမယ့် သူလည်း‌အရပ်လေးမျက်နှာမှာ ကျော်ကြားပြီး အင်အားကြီးမားပါတယ်။ ဖျက်ဆီးခံရတယ်ပြောတာနဲ့ပဲ ပျက်စီးသွားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကြည့်ရတာ သေခြင်းရှင်ခြင်းနားမလည်တဲ့ ဂိုဏ်းလေးတစ်ဂိုဏ်းက နာမည်ကျော်ကြားချင်လို့ တမင်ရည်ရွယ်ပြီး ပေါက်ကရသတင်းတွေ လွှင့်နေတာပဲဖြစ်မယ်”

“ဒီဂိုဏ်းသေးလေးက အတော်လေးကြင်နာတတ်သားပဲ။ ဂိုဏ်းညီလာခံမှာ ဂုဏ်သတင်းကြီးချင်တာကို သတင်းမှားလေးပဲလွှင့်ရှာတယ်။ ငါတော့ နောက်ကွယ်က တစ်ယောက်ယောက်ရဲ့ လက်ကိုင်တုတ်ဖြစ်နေမှာ စိုးမိသား..”

“အိုး! ဘယ်လိုပြောနိုင်တာလဲ?”

“မင်းစဉ်းစားကြည့်လေ. ဂိုဏ်းပေါင်းစုံညီလာခံက နီးကပ်နေပြီကို ရုတ်တရက်ကြီး တစ္ဆေဂိုဏ်းဖျက်ဆီးခံရတဲ့သတင်း ထွက်လာတယ်။ အဲဒီ့မှာ ဘယ်သူက အကျိုးအမြတ်အရဆုံးဖြစ်မလဲ?”

ထိုလူ၏စကားသံအဆုံးတွင် သတင်းစကား‌အကြောင်းဆွေးနွေးနေကြသည့် ကျင့်ကြံသူများစွာတို့သည် စောင်းမြောင်းကြည့်လာကြ၏။ ထိုလူ၏ဆိုလိုရင်းကို သူတို့နားလည်ကြ၏။ ထိုဂိုဏ်းငယ်လေးမှာ ဤကဲ့သို့သောသတင်းကို လွှင့်ရဲသည်မှာ အံ့ဩဖွယ်မဟုတ်တော့ပေ။ ထိုဂိုဏ်း၏နောက်ကွယ်တွင် အင်အားစုကြီးတစ်ခု ရှိနေခြင်းဖြစ်ပေမည်။

ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ထိုသတင်းကြောင့် အုံကြွလှုပ်ရှားနေကြပေသည်။ လူအများစုသည်တော့ ဟာသအဖြစ်သာ သဘောထားကြသည်။ လူနည်းစုသာလျှင် အဖြစ်မှန်ကိုရှာဖွေရန် တစ္ဆေဂိုဏ်းသို့ ထွက်ခွာသွားကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းတွင်ဖြစ်သည်။

ဝမ်ဖုန်းသည် ထိပ်ဆုံးတွင်ထိုင်နေလျက် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် အနိမ့်ပိုင်းတွင် ထိုင်နေကြသည်။ ကုချိုးတို့ညီအစ်ကိုနှစ်ဦးသည်တော့ နောက်ဘက်တွင်ရပ်နေကြလျက် ရှန်ရှန့်ကျုံဂိုဏ်းမှ နာမည်ကျော်ကြားနေချိန်တွင် အပြင်ထွက်၍ ဓားပြတိုက်လုယက်သင့်သည်၊ မသင့်သည်ကို တီးတိုးဆွေးနွေးနေကြလေသည်။

All Chapters