ထက်မြက်လှသောအစီအစဉ်
Vol. 17 Ch. 228
“ဘာ်သူက ခင်ဗျားကို အဲ့လိုယုံကြည်မှုမျိုး ပေးလိုက်တာလဲ!”
ထိုအခိုက်တွင် အရပ်မျက်နှာအရပ်ရပ်မှ အရေးမထားဟန်သောအသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ပုံရိပ်ဒါဇင်ခန့် ဆင်းသက်လာခဲ့သည်။
ထိုပုံရိပ်များ ဆင်းသက်လာပြီးနောက်တွင် ယောင်ယွဲ့နှင့် တုံ့ဖန်းပုပိုင်တို့သည် ကုချိုးတို့ညီအစ်ကိုနှစ်ဦးဘေးတွင် ရပ်လိုက်၏။ သူတို့သည် ကုချိုးတို့ညီအစ်ကိုနှစ်ဦး၏ ထိခိုက်ဒဏ်ရာများကို စစ်ဆေး၏။ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ချေ။ ယောင်ယွဲ့နှင့် တုံ့ဖန်းပုပိုင်တို့သည် ကုချိုးနှင့်ကုကန်းချိုးတို့အား စူးရဲစွာစိုက်ကြည့်နေကြ၏။
ယောင်ယွဲ့နှင့် တုံ့ဖန်းပုပိုင်တို့၏ စိတ်မကျေနပ်မှုကို မြင်တွေ့ရလေရာ ကုချိုးတို့နှစ်ဦးမှာ အသီးသီးခေါင်းငုံ့လျက် စကားမဆိုရဲကြတော့ပေ။
သူတို့နှစ်ဦးသည် ဓားပြတိုက်လုယက်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးများကို လုယက်ခဲ့ဖူးခြင်း မရှိခဲ့ပါချေ။ အကြောင်းပြချက်အချို့ကြောင့် ကုချိုးတို့ညီအစ်ကိုနှစ်ဦးသည် ကောင်းကင်မကြောက်၊ မြေကြီးမကြောက် ဖြစ်ကြသော်ငြား အမျိုးသမီးများကိုမူ ကြောက်ရွံ့ပေသည်။ အထူးသဖြင့် ယောင်ယွဲ့နှင့် တုံ့ဖန်းပုပိုင်ကဲ့သို့ အမျိုးသမီးများကို ပို၍ကြောက်ရွံ့ပေသည်။
“ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို ထိခိုက်စေဖို့ မင်းကိုဘယ်သူကများ သတ္တိတွေပေးလိုက်သလဲ”
ဝမ်ဖုန်းသည် ရွှယ်မုအား မထီမဲ့မြင်ကြည့်လျက် အေးစက်စွာပြော၏။
အထူးသဖြင့် မတိုင်မီက ရွှယ်မု၏ခန္ဓာကိုယ်တွင် လွှမ်းခြုံနေခဲ့သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် ဝမ်ဖုန်းကို ပို၍ဒေါသဖြစ်စေခဲ့သည်။
ဒီလူက ရှန်ရှန့်ကျုံဂိုဏ်းဂိတ်တံခါးဝရှေ့မှာပဲ ရှန်ရှန့်ကျုံဂိုဏ်းတပည့်ကို သတ်ချင်နေသေးတယ်. အသက်ရှင်ရတာကို စိတ်မရှည်တော့လို့များလား?
ရှန်ရှန့်ကျုံဂိုဏ်းတပည့်ကို အမှန်တကယ် မသတ်ရသေးပါသော်ငြား အတွေးဖြင့်တွေးခဲ့ခြင်းကိုပင် ခွင့်မလွှတ်နိုင်ပါချေ။
“ဟမ့်! ကျုပ်က မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို လက်ဆောင်ပဏ္ဏာပေးအပ်ဖို့နဲ့ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲပါဝင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာတဲ့အတွက် ဂုဏ်ပြုဖို့ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လာခဲ့တာပါ။ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေ ဓားပြတိုက်လုယက်တာကို ခံရတယ်လေ။ ဒါက မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဧည့်သည်ကိုဆက်ဆံတဲ့ပုံစံလား”
ဝမ်ဖုန်း၏ မထီမဲ့မြင်မေးခွန်းထုတ်ခြင်းနှင့် ရင်ဆိုင်ရလေရာ ရွှယ်မုသည် ကြောက်ရွံ့တုန်လှုပ်မှု အလျဉ်းမရှိဘဲနှင့် ပြန်လည်မေးခွန်းထုတ်၏။ သူ၏မျက်နှာမှာ အလွန်တရာအေးစက်နေခဲ့သည်။
ရွှယ်မု၏စကားများကို ကြားသောအခါ ဝမ်ဖုန်း၊ ကျန်းစန်ဖုန်းနှင့် အခြားသူများမှာ အချိန်ခဏမျှ မင်သက်သွားကြလျက် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကြ၏။ ဝမ်ဖုန်းသည် ကုချိုးကို ကြည့်လိုက်သေး၏။
ကောင်းလေစွ! ဒီအရူးညီအစ်ကိုနှစ်ယောက်မှ စီးပွားရေးလုပ်ကိုင်နိုင်သည်ကို ဝမ်ဖုန်း မယုံကြည်နိုင်ပေ။ တစ်ဖက်လူက လက်ဆောင်ပဏ္ဏာပေးအပ်ရန် ရောက်လာခဲ့သည်ကို သူတို့က တိုက်ရိုက်ကြီး ဓားပြသွားတိုက်နေသေးတယ်တဲ့လေ?
“ကျုပ်တောင်းပန်ပါတယ်ဗျာ။ ကျုပ်ရဲ့ဒီတပည့်နှစ်ယောက်က နည်းနည်းစိတ်လွတ်နေကြလို့ပါ။ ဒါပေမဲ့လည်း ကျုပ်အနေနဲ့ သူတို့ကိုပစ်မထားနိုင်ဘူးလေ”
ဝမ်ဖုန်းသည် ရွှယ်မုအား လက်အမူအရာဖြင့် အရိုအသေပြုလျက် တောင်းပန်လိုက်သည်။
ထို့နောက်တွင် ဝမ်ဖုန်းသည် ကုချိုးတို့ညီအစ်ကိုနှစ်ဦးအား ကြည့်၍ ဒေါသတကြီးပြော၏။
“မင်းတို့အရူးနှစ်ကောင် ငါဘယ်နှခါမင်းတို့ကိုပြောရမလဲ! လူတွေကို မလုယက်ပါနဲ့လို့.. အနည်းဆုံးတော့ တစ်ဖက်လူက ရန်သူလား မိတ်ဆွေလားကြည့်ကြဦးလေ”
“နောက်တစ်ကြိမ် မင်းတို့ဒီလိုထပ်လုပ်ရဲရင် ငါဂိုဏ်းချုပ် မင်းတို့လက်တွေကို ဖြတ်ပစ်မယ်! တစ်ဖက်လူက ရန်သူဆိုရင် မင်းတို့စိတ်ရှိသလို ဓားပြတိုက်လုယက်လို့ရတယ်။ တစ်ဖက်လူက မိတ်ဆွေဆိုရင်တော့ နောက်ထပ်လုရဲရင်လုကြည့် ငါဂိုဏ်းချုပ်က မင်းတို့ကို နောက်ထပ်ဘယ်တော့မှ မလုယက်နိုင်တော့အောင် လုပ်ပစ်မယ်”
ဤအရူးညီအစ်ကိုနှစ်ဦးသည် ကောင်းကင်သည် မည်မျှမြင့်မားပြီး မြေကြီးသည် မည်မျှထူထဲသည်ကို မသိချေ။ ဤအတိုင်းဆက်သွားပါလျှင် မိမိတို့ဂိုဏ်းသားများပင် လုယက်ခံရနိုင်သည် မဟုတ်ပါလော။
ဤလေထုသည် ကြာရှည်၍မဖြစ်ချေ။ မူလဘူတ၌ပင် ထိန်းချုပ်ရပေမည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ကုချိုးတို့နှစ်ဦးမှ တုန်ယင်စွာဖြင့် သဘောတူညီ၏။
“သူက လက်ဆောင်ပေးဖို့လာတာပါလို့ မပြောခဲ့ပါဘူး။ ကျွန်တော်တို့စောင့်ကြည့်တော့ သူက ခိုးကြောင်ခိုးဝှက် ဟိုကြည့်သည်ကြည့်လုပ်နေတာ.. အဲ့တော့ ရှန်ရှန့်ကျုံဂိုဏ်းကို ရိုင်းပျဖို့လာတယ်ထင်ပြီး လုယက်လိုက်မိတာပါ”
ကုချိုးသည် ခေါင်းငုံ့လျက်ဖြင့် စိတ်မကောင်းစွာဖြင့်ပြော၏။
“လူကြီးမင်း ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရဲ့ အမှားရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းရဲ့အဆင့်အတန်းနဲ့ ဂိုဏ်းတပည့်လေးနှစ်ယောက်ကို ကိုယ်တိုင်လက်ပါတာ မသင့်တော်ပါဘူး ဟုတ်တယ်မလား? ဒါ့အပြင် လူကြီးမင်းက ဒီနေရာကို လက်ဆောင်ပဏ္ဏာပေးအပ်ဖို့ လာခဲ့တာဆိုရင် လူကြီးမင်းအနေနဲ့ နာမည်အကြောင်းကြားပြီး ကျုပ်ဆီလာခဲ့ရင် ကျုပ်ရဲ့တပည့်နှစ်ယောက်ကိုလည်း သတိထားဖို့ ပြောထားလို့ရတာပေါ့။ အဲ့လိုဆို ခင်ဗျားက ဘယ်လောက်ပဲ ဆိုးဆိုးရွားရွားပြုမူစေပါဦးတော့ သူတို့လည်း ခင်ဗျားကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး”
ဝမ်ဖုန်းသည် ကုချိုးတို့နှစ်ဦးအား တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှယ်မုသို့ပြန်လှည့်၍ ခပ်ဖျော့ဖျော့ပြော၏။
မတိုင်မီက ရွှယ်မုထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို ဝမ်ဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့ပါ၏။ မိမိရောက်မလာခဲ့ပါက ဤလူမှ ကုချိုးတို့နှစ်ဦးအား သတ်ပစ်ခဲ့လိမ့်မည်မှာ သေချာပေါက်ပင်။
ရွှယ်မု၌ လူသတ်ရန်ရည်ရွယ်ချက် မရှိခဲ့ပါလျှင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသားများအနေဖြင့် အခြားသူများအား သင်ခန်းစာပေးရန် မသင့်တော်ပေ။ တစ်ဖက်လူမှ မိမိတို့အား ထိပါးရဲ၍ ဖျက်ဆီးရန်ကြိုးစားလာပါလျှင်မူ မိမိတို့ဘက်မှ မည်မျှတိုက်ခိုက်သည်ဖြစ်စေ အဆင်ပြေ၏။
ဝမ်ဖုန်း၏စကားကြောင့် ရွှယ်မုမှာ ပြောစရာစကားလုံးများ ပျောက်ရှနေရသည်။ ဝမ်ဖုန်း ဆိုလိုသည်မှာ ဤသို့ပင် မဟုတ်ပါလော: ‘ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားကို စစ်ဆေးချင်နေတယ်ဆိုတော့ ငါ့ရဲ့အသက်ရှူနှုန်းကို ဖုံးကွယ်ထားပေးမယ်’ဟူ၍။
“ငါအကြောင်းကြားချင်ရင် အကြောင်းကြားမယ်။ အကြောင်းမကြားချင်ရင် မကြားဘူးပေါ့။ ငါက အစွန်းရောက်ဆီးနှင်းမြို့ရဲ့ အကြီးအကဲချုပ်ပဲ။ ငါအကြီးအကဲက မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ဂုဏ်ပြုပေးတာကပဲ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဂုဏ်ယူဖွယ်ဖြစ်နေပြီ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီလိုမျိုး စော်ကားခံလိုက်ရတယ်။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဒီအတွက် သင့်တော်တဲ့ရှင်းပြချက်ပေးရင်ပေး မပေးနိုင်ရင် ငါအကြီးအကဲ လုံးဝခွင့်မလွှတ်နိုင်ဘူး”
ရွှယ်မုသည် ဝမ်ဖုန်းအား တည့်တည့်ကြည့်၍ ခေါင်းမာစွာပြော၏။ မည်သို့ပင်ဖြစ်စေ သူ၏အရှိန်အဝါသည် အားနည်းလိမ့်မည်မဟုတ်ချေ။ မိမိသည် အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲချုပ်ဖြစ်၏။ မိမိမှာ စော်ကားပြုမူခံရပြီးနောက် သင့်တော်သည့်ရှင်းပြချက်မရခဲ့ပါလျှင် အကြီးအကဲဖြစ်သည့် မိမိကိုယ်တိုင် အရှက်ရရုံမျှမက အစွန်းရောက်ဆီးနှင်းမြို့သည်လည်း အရှက်ရခြင်းဖြစ်၏။
နောက်ပိုင်းတွင် အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲချုပ်မှ ရှန်ရှန့်ကျုံဂိုဏ်းတပည့်နှစ်ဦး၏ လုယက်ခြင်းကိုခံခဲ့ရသည်ဟူသော သတင်းစကားပျံ့နှံ့သွားပါလျှင် မိမိမှာ အဘယ်သို့မျှ ဝံ့ရဲတော့မည်မဟုတ်ချေ။
“ဟားး!”
ရွှယ်မု၏စကားအဆုံးတွင် ဝမ်ဖုန်းမှ ဒေါသဖြင့်ရယ်မောလေသည်။ ထိုဂိုဏ်းကြီးများသည် မြင့်မားသည့်နေရာတွင် ကြာမြင့်စွာရပ်တည်နေခဲ့သည်ကြောင့် သူတို့သည်လည်း ဤအခြေအနေသို့မရောက်မီ တစ်ချိန်က အားနည်းခဲ့ဖူးသည်ကို မေ့လျော့နေကြလေသည်။
ဂုဏ်သရေကြီးမြတ်သည့် အကြီးအကဲကြီးက ဂိုဏ်းတပည့်လေးနှစ်ဦးနဲ့ တွက်ကပ်နေရသေးတယ်?
“ယဲ့ရှန်းစံအိမ်တော်အကြီးအကဲစုချင်း ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ပါတယ်”
ဓားများရွယ်နေချိန်၌ပင် လှပသည့်အသံလေးတစ်ခု ဝန်းကျင်တစ်ခွင်တွင် ပေါ်ထွက်လာခဲ့ပြီး ထို့နောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ စုချင်းဖြစ်၏။
“ဟမ်? အကြီးအကဲရွှယ်လည်း ရောက်နေတာလား”
စုချင်းသည် ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် အပြုံးဖြင့် ရွှယ်မုအား နှုတ်ဆက်ခဲ့သည်။ သို့သော် ကံဆိုးစွာဖြင့် ရွှယ်မုမှ ပြန်တုံ့ပြန်လာခဲ့သည်မှာ အေးစက်သည့်မျက်နှာကြီး ဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် စုချင်း၏မျက်နှာထက်တွင် သံသယအချို့ ထင်ဟပ်သွားလျက် များစွာစဉ်းစားတွေးတောမနေတော့ဘဲ ဝမ်ဖုန်းတို့ဘက်သို့လှည့်၍ လက်ဟန်ဖြင့်အရိုအသေပြုလျက် ပြောလိုက်သည်။
“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာ အတင့်ရဲစွာနဲ့မေးပါရစေ”
“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ် ဝမ်ဖုန်းပါ”
ဝမ်ဖုန်းသည်လည်း ပြန်လည်အရိုအသေပြုခဲ့သည်။
တစ်ဖက်လူမှ မိမိအား တစ်ပေလေးစားလျှင် မိမိဘက်မှ ဆယ်ပေပြန်လေးစား၏။ ဝမ်ဖုန်းသည် ထိုသဘောတရားကို အမြဲတစေကျင့်သုံးခဲ့သည်။
“တစ္ဆေဂိုဏ်းကိုဖျက်ဆီးသိမ်းပိုက်ပြီး ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲပါဝင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာတဲ့အတွက် ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်ပြုပါတယ်! ကျွန်မရဲ့ စံအိမ်တော်သခင်မက ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်သရေတင့်တယ်တဲ့လက်ဆောင်ပဏ္ဏာပေးအပ်ဖို့ အထူးတလည်မိန့်ကြားခဲ့ပါတယ်”
အကြီးအကဲစုချင်းသည် နှစ်လိုဖွယ်ေသာအပြုံးမျက်နှာဖြင့် လှပသည့်ဘူးတစ်ဘူးကို ကမ်းပေးလျက်ပြော၏။
“အကြီးအကဲစု ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက ခုချိန်မှာ အရမ်းအလုပ်များနေတော့ လူကိုယ်တိုင်လာရောက်ပြီး ကျေးဇူးမတင်နိုင်တော့ဘူးဗျာ။ အကြီးအကဲစုကပဲ ဒီဂိုဏ်းချုပ်အစား စံအိမ်သခင်မကို ကျေးဇူးတင်ကြောင်း စကားပါးပေးဖို့မျှော်လင့်ပါတယ်။ အချိန်ရတဲ့အခါမှ ဒီဂိုဏ်းချုပ် လူကိုယ်တိုင်လာရောက်ပြီး ကျေးဇူးတင်ပါဦးမယ်”
ဝမ်ဖုန်းသည် လက်ဟန်ဖြင့် တစ်ဖန်အရိုအသေပြုလျက် လက်ဆောင်ပဏ္ဏာဘူးကို လက်လွှဲယူလိုက်သည်။ ထို့နောက် ဘေးရှိကျန်းစန်ဖုန်းသို့ လွှဲပေးလိုက်ပြီး အကြီးအကဲစုချင်းအား အပြုံးဖြင့်စကားဆို၏။
“ဂိုဏ်းချုပ်ဝမ် ယဉ်ကျေးလွန်းနေပါပြီ”
စုချင်း ပြုံးလျက်ပြောလိုက်သည်။ စုချင်းမှ တစ်စုံတစ်ရာ ထပ်မံပြောတော့မည်တွင် ယင်နှင့်ယန်၏ ထူးဆန်းသည့်အသံကြီး ထွက်ပေါ်လာခဲ့သည်။
“အကြီးအကဲစု ဓားပြတိုက်လုယက်ခံရမှာကို ဂရုစိုက်သင့်ပါတယ်! ဒီရှန်ရှန့်ကျုံဂိုဏ်းက ရိုင်းစိုင်းမောက်မာတယ်။ ပြီးတော့ တစ္ဆေဂိုဏ်းကိုဖျက်ဆီးရာမှာလည်း ကလိမ်ကကျစ်လှည့်ကွက်တွေ သုံးခဲ့တယ်လို့ သံသယဝင်မိတယ်”
စုချင်းမှာ အချိန်ခဏမျှ ကြောင်အသွားလျက် အသံလာရာသို့ကြည့်လိုက်ရာ အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲရွှယ်မုဖြစ်ကြောင်း မြင်တွေ့လိုက်ရလေရာ သံသယဖြင့်မေးလိုက်၏။
“အကြီးအကဲရွှယ် ဒါက…?”
“ငါက ရှန်ရှန့်ကျုံဂိုဏ်းကို ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ လက်ဆောင်ပဏ္ဏာပေးအပ်ဖို့လာခဲ့ပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေရဲ့ ဓားပြတိုက်လုယက်တာကို ခံခဲ့ရတယ်။ ဒီနေ့ ရှန်ရှန့်ကျုံဂိုဏ်းက ငါ့ကိုလျော်ကန်တဲ့ရှင်းပြချက်မပေးသ၍ ငါခွင့်မလွှတ်နိုင်ဘူး”
ရွှယ်မု၏မျက်နှာမှာ မည်းမှောင်လျက် အေးစက်စွာဖြင့်ပြော၏။
ပုံမှန်အခြေအနေများ၌ ရွှယ်မုသည် သူကြုံတွေ့ခဲ့ရသည့် စော်ကားခံရမှုကို ထုတ်ပြောမည်မဟုတ်ချေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏စိတ်နှလုံးတွင်း၌ အစီအစဉ်တစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
ယဲ့ရှန်းစံအိမ်တော်သည်လည်း ဤနေရာသို့ရောက်ရှိနေသည်ဖြစ်ရာ အခြားဂိုဏ်းကြီးများသည်လည်း ချွင်းချက်ဖြစ်မည်မဟုတ်ပေ။ သူကြုံတွေ့ခဲ့ရသည့် စော်ကားခံရမှုကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချ၍ ဂိုဏ်းကြီးများ၏စိတ်ကို မိမိဘက်သို့ရယူပြီး ဤရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်ပေမည်။
သူ၏အရှက်ရမှုကို ဆေးကြောနိုင်ရုံမျှမက သူ၏ဂုဏ်သိက္ခာဂုဏ်သတင်းတို့ကို ပို၍ကောင်းမွန်သွားစေနိုင်မည်ဖြစ်ပြီး အစွန်းရောက်ဆီးနှင်းမြို့ကိုလည်း ပို၍အင်အားကြီးစေပေလိမ့်မည်။ ဤသည်မှာ ခဲတစ်လုံးဖြင့် ငှက်သုံးကောင်ပစ်လိုက်ခြင်းကဲ့သို့သော အကျိုးရလဒ်ဖြစ်ပေမည်။
ဤရှန်ရှန့်ကျုံသည် တစ္ဆေဂိုဏ်းကိုဖျက်ဆီးနိုင်လေရာ သာလွန်ထူးကဲသည့်နောက်ခံ ရှိနိုင်ပေသည်။
ဤရှန်ရှန့်ကျုံဂိုဏ်းသည် လုယက်ခြင်းကို နှစ်ခြိုက်သည်မဟုတ်ပါလော? ကောင်းပေစွ! သို့ဖြစ်ရာ အစွန်းရောက်ဆီးနှင်းမြို့ အကြီးအကဲရွှယ်မု မိမိသည် ဂိုဏ်းကြီးများနှင့်ပေါင်းစည်ပြီး ရှန်ရှန့်ဂိုဏ်းတစ်ခုလုံးကို လုယက်ပစ်လိုက်ပေမည်!