← Chapters

ရောင်ခြည်တန်းထက်တွင် ခုန်ပေါက်နေသည့် လူပြက်တစ်အုပ်။

Vol. 17 Ch. 229

ရောင်ခြည်တန်းထက်တွင် ခုန်ပေါက်နေသည့် လူပြက်တစ်အုပ်။

Vol. 17 Ch. 229

ဂုဏ်သရေကြီးမြတ်တဲ့ အစွန်းရောက်ဆီးနှင်းမြို့အကြီးအကဲက ရှန်ရှန့်ကျုံဂိုဏ်းတပည့်နှစ်ယောက်ရဲ့ လုယက်မှုခံရတယ်တဲ့လား? အဲ့လိုဆို ထုတ်ပြောဖို့ အရမ်းရှက်ရွံ့နေသင့်တယ် မဟုတ်ဘူးလား?

အကြီးအကဲရွှယ်မု၏ စကားများကိုကြားရသည်တွင် အကြောင်းရင်းမသိပါဘဲ စုချင်း၏စိတ်ထဲတွင် ထိုသို့သောအတွေးမျိုး ပေါ်ထွက်လာခဲ့သည်။ အဓိကအကြောင်းရင်းမှာ သူမမှ ရှန်ရှန့်ကျုံဂိုဏ်းအား လက်ဆောင်ပေးအပ်ချိန်တွင် အကြီးအကဲရွှယ်မုပြောသကဲ့သို့ မောက်မာရိုင်းစိုင်းသည့်ခံစားချက်မျိုး မရရှိခဲ့သောကြောင့် ဖြစိနိုင်ပေသည်။

သို့သော် အကြီးအကဲရွှယ်မုအား ကြည့်ရသည်မှာ နောက်ပြောင်ကျီစယ်နေဟန်မျိုး မဟုတ်နေချေ။ သို့သော် စံအိမ်သခင်မမှ အပြစ်မပြုမိစေရန် မှာကြားလိုက်သည်ဖြစ်ရာ စုချင်းမှာ ဘေးထွက်ကြည့်နေရန်သာ တတ်နိုင်ပေသည်။

စုချင်းမှ တိတ်ဆိတ်နေစဉ်တွင် ဝမ်ဖုန်း၏မျက်လုံးများသည်တော့ အေးခဲသွားလျက် ရွှယ်မုအား အေးစက်စွာ ကြည့်လာခဲ့သည်။ ဝမ်ဖုန်း၏မျက်လုံးထဲတွင် ရွှယ်မုမှာ သေဆုံးသွားခဲ့လေပြီ!

ဤကိစ္စမှာ အထင်လွဲမှားခြင်းသာဖြစ်ပြီး နှစ်ဦးနှစ်ဖက်မှ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါလျှင် ပြီးသွားမည့်အရာဖြစ်သည်။ သို့သော် ဤအကြီးအကဲရွှယ်မုသည် သူ၏‌မောက်မာထောင်လွှားသော

စိတ်နှလုံးကြောင့် အထင်လွဲမှားမှုတစ်ခုသာဖြစ်သည့် ကိစ္စရပ်အား ကြီးမားသည့်ပြဿနာကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

“တောက်ပနေမင်းဂိုဏ်း၊ ချင်းယွင်ဂိုဏ်း၊ ယွမ်တောက်ဂိုဏ်း၊ တန်းမိုရှန့်ကျုံဂိုဏ်းတို့မှ ရှန်ရှန့်ကျုံဂိုဏ်းကို ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲပါဝင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”

ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏အထက်ကောင်းကင်မှ အသံလေးခု ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက်တွင် ဝမ်ဖုန်းတို့၏ရှေ့သို့ ပုံရိပ်လေးခု ဆင်းသက်လာခဲ့သည်။

ထိုပုံရိပ်လေးခုမှာ တောက်ပနေမင်းဂိုဏ်း၏ အကြီးအကဲချုပ်ယုဖုန်း၊ ချင်းယွင်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ထျယ်မုကျီ၊ တန့်မိုရှန့်ကျုံဂိုဏ်း၏ အကြီးအကဲချုပ်မိယင်နှင့် ယွမ်တောက်ဂိုဏ်း၏ အကြီးအကဲချုပ်ယွမ်မင်ခုန်းတို့ဖြစ်သည်။

ကောင်းတယ် စည်ကားသွားပြီ!

ပုံရိပ်လေးခုကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်လုံးများ‌တွက် အဓိပ္ပာယ်ဖော်ရန်ခက်ခဲသော အလင်းတစ်စတောက်ပသွား၏။ မမျှော်လင့်စွာဖြင့် ထျန်းလန်မြောက်ပိုင်းဒေသရှိ ရှန်ရှန့်ကျုံဂိုဏ်း၏ ရန်သူလေးဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဂုဏ်ပြုရန် ရောက်လာခဲ့ကြလေသည်။ ဤဂိုဏ်းကြီးလေးဂိုဏ်းမှ ရှန်ရှန့်ကျုံဂိုဏ်းအား သိနေခဲ့မည်ဟု ဝမ်ဖုန်း မသိခဲ့ပါချေ။ ရန်သူဖြစ်သည့် ရှန်ရှန့်ကျုံဂိုဏ်းသို့ လာခဲ့ရသည်ဖြစ်ရာ အဘယ်သို့သောခံစားချက်မျိုး ဖြစ်နေလိမ့်မည်နည်း။

“အားလုံးပဲ ဒီရှန်ရှန့်ကျုံဂိုဏ်းက ရိုင်းစိုင်းမောက်မာတယ်။ ငါသူတို့ကို ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဂုဏ်ပြုပေးခဲ့ပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေရဲ့ ဓားပြတိုက်လုယက်တာကို ခံခဲ့ရတယ်။ ထျန်းလန်မြောက်ပိုင်းဒေသ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ ငါဘယ်လိုလုပ်ပြီး သူတို့ဂိုဏ်းကို ငါတို့လိုကျော်ကြားခွင့်ပြုနိုင်မှာလဲ? အဲဒါက ငါတို့လိုဂိုဏ်းကြီးတွေရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပဲမဟုတ်လား?”

ယုဖုန်းနှင့် အခြားဂိုဏ်းအကြီးအကဲများ ရောက်လာသောအခါ အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲချုပ်ရွှယ်မုသည် ရှေ့သို့ထွက်၍ ကျယ်လောင်စွာထုတ်ဖော်ပြောဆို၏။

မတိုင်မီက ယဲ့ရှန်းစံအိမ်၏အကြီးအကဲကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။ သို့သော် ဤလေးယောက်ကိုမူ တားဆီးရပေမည်။ ကနဦးတွင် ရွှယ်မုသည် ရှန်ရှန့်ကျုံဂိုဏ်းအား ပြဿနာကြီးတစ်ခု ပေးအပ်ချင်ခဲ့သည်။ သို့ဖြင့် ဂိုဏ်းကြီးလေးဂိုဏ်းမှ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အမြင်ဆိုးရွားသွားစေမည်ဖြစ်သည်။ သူ၏ထိုအစီအစဉ်သည် ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်သည့်အရာလည်း ဖြစ်၏။

“ဟမ်? အကြီးအကဲရွှယ် အဲဒါအမှန်ပဲလား?”

ရွှယ်မု၏စကားအဆုံးတွင် လက်ဆောင်ပဏ္ဏာပေးအပ်တော့မည့် ယုဖုန်းနှင့်အခြားအကြီးအကဲများသည် ရပ်တန့်သွားရကာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ ထို့နောက် ရွှယ်မုအား မေးမြန်းကြလေသည်။

ရုတ်တရက်ပေါ်ထွက်လာခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းနှင့် နှိုင်းစာလျှင် ယုဖုန်းတို့အကြီးအကဲများသည် ရွှယ်မု၏ပြောစကားကို ပိုမိုယုံကြည်လို၏။ ခြံငုံလိုက်ပါလျှင် ထျန်းလျန်မြောက်ပိုင်းဒေသ၏ အကြီးဆုံးဂိုဏ်းတော်ကြီးမှာ အစွန်းရောက်ဆီးနှင်းမြို့ပင် မဟုတ်ပါလော။

အစွန်းရောက်ဆီးနှင်းမြို့၏ အင်အားသည် မှန်းဆရန်နက်နဲ၏။ သူတို့အားလုံးသည် လက်ရှိအချိန်ထိ အစွန်းရောက်ဆီးနှင်းမြို့၌ အဘယ်သို့သောအင်အားမျိုးရှိနေသည်ကို မရှာဖွေနိုင်သေးပါချေ။ ထို့ကြောင့် ဂိုဏ်းကြီးများသည် ထျနး်လန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနေရာတွင် တည်မြဲခိုင်မာမှုရှိစေရန် ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ အစွန်းရောက်ဆီးနှင်းမြို့အား လိုက်နာမှုရှိကြသည်။

“ငါအကြီးအကဲက ဘယ်လိုလုပ်ပြီးလိမ်ပြောမှာလဲ? ဒီအကြီးအကဲက ရှန်ရှန့်ကျုံဂိုဏ်းချုပ်ကို သနားကြင်နာတတ်မှုနဲ့ သူ့ရဲ့ဂိုဏ်းတပည့်တွေကို ထိန်းသိမ်းဖို့အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရှန်ရှန့်ကျုံဂိုဏ်းချုပ်ကို လှောင်ရယ်စေပြီး စိတ်ပျက်စေမိလိမ့်မယ်လို့ ဒီအကြီးအကဲလည်း မတွေးမိဘူးလေ”

“ဒီရှန်ရှန့်ကျုံဂိုဏ်းက ရက်ကွန်းခွေးကြီးလိုပဲ။ ဂိုဏ်းတပည့်တွေ ရိုင်းစိုင်းရုံတင်မဟုတ်ဘူး ဂိုဏ်းချုပ်ကလည်း ရိုင်းစိုင်းသေးတယ်။ အဲ့လိုဂိုဏ်းမျိုးက ဘယ်လိုလုပ်ပြီး ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းဝင် ဖြစ်လာနိုင်မှာတဲ့လဲ?”

ရွှယ်မုသည် ယု‌ဖုန်းတို့အား တည်ကြည်လေးနက်စွာဖြင့်ပြော၏။

စုချင်းသည်လည်း ထိုစကားများကို ကြားရလေရာ ‌ရွှယ်မုအား တစ်ချက်လှမ်းကြည့်၍ ခေါင်းအသာအယာခါယမ်းမိ၏။ ယခုအချိန်အထိ စုချင်းမှာ ရွှယ်မု၏အစီအစဉ်ကို မမှန်းဆနိုင်ဘဲ ရှိနေပေသည်။

သူမအပေါ် ဝမ်ဖုန်း၏ဆက်ဆံသည့် အကျင့်စရိုက်ဖြင့်ဆုံးဖြတ်လျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် ရွှယ်မုပြောသည်ကဲ့သို့ ရိုင်းစိုင်းမောက်မာခြင်း မရှိသည်မှာသေချာပါ၏။ ဤကိစ္စတွင် အထင်လွဲမှားမှုအချို့ ရှိပေလိမ့်မည်။ သို့သော် သေချာပေါက် ဤမျှအထိ ကြီးမားသည့်ကိစ္စရပ်ကြီး မဖြစ်နိုင်ပေ။

ကြည့်ရသည်မှာ အကြီးအကဲရွှယ်သည် ဤအခွင့်အရေးကိုအသုံးချ၍ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို စူးစမ်းစစ်ဆေးလိုခြင်းဖြစ်ပေမည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ အင်အားကြီးမားပါလျှင် ကိစ္စမရှိပေ။ သို့သော် အင်အားလုံလောက်မှု မရှိလျှင်မူ ရှန်ရှန့်ကျုံဂိုဏ်းမှာ ထိုဆာလောင်နေသည့်ကျားများ၏ အစာဖြစ်သွားချေရော့မည်။

ထိုသို့တွေးတောမိသည်တွင် စုချင်းမှ ပြောလိုက်၏။

“အကြီးအကဲရွှယ် ဒီကိစ္စမှာ အထင်လွဲမှားမှုတစ်ခုခု ရှိပါလိမ့်မယ်။ ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်တာပဲဟာ ဘာလို့ ဒေါသနဲ့တုံ့ပြန်မှာပါလဲ”

ဝမ်ဖုန်းမှ သူမကို ယဉ်ကျေးစွာဆက်ဆံသည်ဖြစ်ရာ သူမအနေဖြင့် ဝမ်ဖုန်းအတွက် စကားအချို့ပြောပေးရန် တွန့်တိုမနေပါချေ။

တစ်ဖက်တွင်တော့ ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် ထိုမြင်ကွင်းအား ရောင်ခြည်တန်းပေါ်တွင် ခုန်ပေါက်နေကြသည့် လူပြက်တစ်အုပ်ကို ကြည့်နေသည့်အလား ပြက်ရယ်ပြုဟန်တို့ဖြင့် ကြည့်နေကြလေသည်။

အကြီးအကဲများ၏နောက်ရှိ ကုချိုးတို့ညီအစ်ကိုနှစ်ဦးသည်တော့ မျက်နှာထက်တွင် မိမိကိုယ်ကိုယ်အပြစ်ရှိသည့်အမူအရာတို့ ထင်ဟပ်နေခဲ့သည်။ သူတို့သည် ပြဿနာမှာ ဤမျှထိကြီးထွားသွားမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပါချေ။

“အစ်ကို နောက်ဆို ဂိုဏ်းချုပ်ရဲ့စကားကို နားထောင်ရအောင်.. နောက်ထပ် ဘယ်သူ့ကိုမှ ဓားပြမတိုက်တော့ဘူး”

ကုချိုးမှ ကုကန်းချိုးအား တီးတိုးပြော၏။

“ကောင်းပြီ ငါတို့နှစ်ယောက် ဒီတစ်ကြိမ်မှာ ဂိုဏ်းချုပ်အတွက် ဒုက္ခများစေမိခဲ့ပြီ။ နောက်ဆို ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ စိတ်ကျေနပ်စေဖို့အတွက် မျောက်ကြီးလိုခုန်ဆွခုန်ဆွနဲ့ အဲဒီ့အကြီးအကဲရွှယ်ဆိုတဲ့လူကြီးလိုလူမျိုးကို အဓိကထားရမယ်”

ကုကန်းချိုးမှ ခေါင်းညိတ်၍ ရွှယ်မုအား တစ်ချက်ကြည့်လျက် ခက်ထန်စွာပြော၏။

“ကောင်းပြီ အဲဒီ့အစွန်းရောက်ဆီးနှင်းမြို့ကို ဓားပြတိုက်ဖို့ အစီအစဉ်ဆွဲပြီး ဂိုဏ်းချုပ်ကို အံ့အားသင့်ဖွယ်လက်ဆောင်လေးပေးရအောင်”

ကုချိုးမှ လေးနက်စွာပြော၏။

အရူးညီအစ်ကိုနှစ်ယောက်သည် ဤတစ်ကြိမ်တွင်တော့ မကြုံစဖူး ဆုံးဖြတ်ချက်ပြတ်သားနေကြလေသည်။ သူတို့သည် ဤတစ်ကြိမ်တွင် က‌မ္ဘာလောကကို တုန်လှုပ်စေမည့် ဓားပြတိုက်လုယက်မှုကြီးကို လုပ်‌ဆောင်လိုခြင်းဖြစ်၏။

“အကြီးအကဲစု မင်းမှားနေပြီ။ ဒီအကြီးအကဲက ဒေါသနဲ့တုံ့ပြန်တယ်တဲ့လား? မဟုတ်မှ ငါအကြီးအကဲက စော်ကားခံသင့်တာလား? အကြီးအကဲစု စကားကိုဆင်‌ခြင်ပေးစေလိုပါတယ်”

ရွှယ်မုသည် စုချင်းအားကြည့်၍ အေးစက်စွာပြော၏။

“အကြီးအကဲရွှယ် ပြောတာမှန်တယ်။ အကြီးအကဲတစ်ဦးအနေနဲ့ စော်ကားမှုကို သည်းခံမနေသင့်ဘူး။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေက ပြစ်မှုကျူးလွန်ခဲ့တယ်။ ရှန်ရှန့်ကျုံဂိုဏ်းဘက်က လျော်ကန်တဲ့ရှင်းပြချက်မပေးရင် ‌အနာဂတ်မှာ လူတိုင်းက အကြီးအကဲတွေကို မလေးစားဘဲပြုမူကြမှာပေါ့။ အဲ့လိုဆို ကျင့်ဝတ်ထုံးတမ်းတွေ ဘယ်လိုဖြစ်သွားမလဲ?”

အကြီးအကဲယုဖုန်းမှ ကြားဝင်ပြော၏။

ကျန်ဂိုဏ်းကြီးသုံးဂိုဏ်း၏ အကြီးအကဲများသည် စကားမဆိုကြသော်ငြား ရွှယ်မု၏နောက်တွင် ခိုင်ကြည်စွာရပ်နေကြပေသည်။

စုချင်းသည်လည်း စကားမဆိုတော့ပေ။ စုချင်းမှ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ပြောဆိုပေးခဲ့ခြင်းမှာ အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။ သူမအနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအတွက်နှင့် အစွန်းရောက်ဆီးနှင်းမြို့၏ အကြီးအကဲရွှယ်မုပါဝင်နေသည့် ဂိုဏ်းကြီးငါးဂိုဏ်းကို ဆန့်ကျင်ရန်မှာ မဖြစ်နိုင်ပေ။

သူမ၏ယဲ့ရှန်းစံအိမ်တော်နှင့် ရှန်ရှန့်ကျုံဂိုဏ်း၏ ဆက်ဆံရေးသည် ထိုမျှအထိ ကောင်းမွန်နေသည်လည်း မဟုတ်ပါချေ။

“ဒီအကြီးအကဲက မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို အရှက်မရစေချင်ပါဘူး။ မင်းတို့တစ္ဆေဂိုဏ်းကို သိမ်းပိုက်ပြီးတော့ ရလာတဲ့ရတနာတွေကို ငါတို့ကိုလွှဲပေးရင် ဒီအကြီးအကဲက ဒီကိစ္စကို ကျော်သွားပေးမယ်”

“ဂုဏ်သရေကြီးမြတ်တဲ့ အစွန်းရောက်ဆီးနှင်းမြို့ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါ့ရဲ့အဆင့်အတန်းက သူမတူထူးခြားမြင့်မားတယ်။ ရှန်ရှန့်ကျုံဂိုဏ်းက ငါ့ကိုစော်ကားခဲ့တဲ့အတွက် လျော်ကြေးပြန်ယူသင့်တာပေါ့။ ငါ့အထင် ဒီလျော်ကြေးက အရမ်းမများလှပါဘူး ဟုတ်တယ်မလား”

နောက်ဆုံးတော့ ရွှယ်မုမှ ခြေတစ်လှမ်းနောက်ဆုတ်လာခဲ့၏။ ရွှယ်မုသည် ဝမ်ဖုန်းကိုကြည့်လျက် နှာခေါင်းပေါက်များ အပေါ်လန်သည်အထိ အားရပါးရပြောဆိုလေသည်။

စုချင်းမှ စကားဆိုလာသည်ကြောင့် မဟုတ်ပါလျှင် ရွှယ်မုသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဖျက်ဆီးမည့်အစီအစဉ်ကို တကယ်ကြီး အကောင်အထည်ဖော်မည်ဖြစ်သည်။ သို့သော် စုချင်း၏စိတ်သဘောထားသည် ရွှယ်မုကို တွေဝေသွားစေခဲ့၏။

ယဲ့ရှန်းစံအိမ်တော်၏အကြီးအကဲဖြစ်လေရာ စုချင်း၏အင်အားသည်လည်း ရွှယ်မုကဲ့သို့ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သည်။ စုချင်းမှ ကြားဝင်လာပါလျှင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးမည့်အစီအစဉ်မှာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။ ခြုံငုံကြည့်ပါလျှင် တစ္ဆဂိုဏ်းအား ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း အင်အားနည်းလိမ့်မည်မဟုတ်ချေ။

ယုဖုန်းနှင့်အခြားသူများသည်လည်း တာ့အိုဘိုးဘေးအထွတ်အထိပ်နှင့် နှောင်းပိုင်းအဆင့်များဖြစ်ကြ၏။ သူတို့ချည်းပဲဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအား ဖျက်ဆီးရန်မှာ အနည်းငယ်ခက်ခဲနိုင်ပေသည်။ ကနဦး၌ ရွှယ်မုသည် စုချင်းအား သိမ်းသွင်းလိုခဲ့သည်။ သူ၏ဒေါသကိုဖျေဖျောက်ရန်အတွက် ရှန်ရှန့်ကျုံဂိုဏ်းအား လျော်ကြေးကြီးကြီး ပေးဆပ်စေလိုခဲ့သည်။

ယခုအချိန်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်လိုသောအချိန်ဖြစ်ပြီး ၎င်းမှာ မလွယ်ကူပေ။ သူ၏အစီအစဉ်ဖြင့် သူတို့အတွက် အကျိုးအမြတ်ရနိုင်ရုံသာမက ဂိုဏ်းကြီးတစ်ဂိုဏ်း တိုးတက်လာခြင်းကိုလည်း အဟန့်ဖြစ်စေနိုင်သေး၏။ သို့သော် စုချင်းမှာ အကျိုးအမြတ်ကို မြင်နိုင်စွမ်းမရှိဘဲ မပူးပေါင်းသည်မှာ နှမြောဖွယ်ကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ ဂိုဏ်းကြီးငါးဂိုဏ်း၏အင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအား ဦးညွှတ်လာစေရန်မူ လုပ်ဆောင်နိုင်သေးပေသည်။

All Chapters