← Chapters

ဒီအရှင်က အကောင်ကြီးကြီး အမြီးရှည်ရှည်ပဲ!

Vol. 17 Ch. 231

ဒီအရှင်က အကောင်ကြီးကြီး အမြီးရှည်ရှည်ပဲ!

Vol. 17 Ch. 231

စုချင်းသည် မတုံးအပါပေ။ ယခုသူမသည် ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားမှာ သူမမျှော်မှန်းထားသည်ထက် သာလွန်ကြောင်းကို ရှာတွေ့သွားပြီဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းက အကြောက်တရားကင်းမဲ့ပြီး အဓိကဂိုဏ်းကြီးလေးဂိုဏ်းအား တိုက်ခိုက်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတွင် အဆုံးအစမဲ့သောယုံကြည်မှုများရှိကြောင်း တွေ့မြင်နိုင်သည် ။

ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်မောက်မာရဲပါ့မလဲ ။

သူမရောက်လာသောအခါ အိမ်တော်သခင်ကလည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့လိုကြောင်း သူမကိုရှင်းပြခဲ့သေးသည် ။ ရှန်ရှန့်ကျုံဂိုဏ်းမှာ အလွန်အမင်း စွမ်းအားကြီးမားလာသည်ဖြစ်ရာ မဟာမိတ်ဖွဲ့သည်က ပုံမှန်ကိစ္စပဲဖြစ်သည် ။

" အို ! ကြင်နာမှုအတွက် အကြီးအကဲစုကို ကျေးဇူးတင်ပါတယ်။ ဒါက ဂိုဏ်းလေးတစ်ချို့ပါပဲလေ ။ အကြီးအကဲစုရဲ့ဂိုဏ်း ပါဝင်လှုပ်ရှားပေးဖို့မလိုအပ်ပါဘူး ။ " ဝမ်ဖုန်းသည် စုချင်းကိုကြည့်၍ ယုံကြည်မှုရှိစွာ ပြုံးလျက်ပြောလိုက်သည်။

ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ စုချင်းမှာ နောက်တစ်ကြိမ်ထိတ်လန့်သွားရပြန်သည် ။ အဓိကဂိုဏ်းကြီးလေးဂိုဏ်းသည် ထျန်းလန်မြောက်ပိုင်းဒေသတွင် ကျော်ကြားသောအကျော်ဇေယျ ဂိုဏ်းကြီးလေးဂိုဏ်းပဲဖြစ်သည် ။ ဂိုဏ်းချုပ်ဝမ်ရဲ့ မျက်စိထဲမှာတော့ ဂိုဏ်းလေးတစ်ချို့တဲ့လား ။

" ဘုန်းတော်ကြီးဝူရှန်း ၊ မင်းကရှန်ရှန့်ကျုံဂိုဏ်းထဲမှာ နေခဲ့ပါလေ။ ချီကျွမ်းရှင်းနဲ့ရှောင်ဖုန်းကတော့ ဒီဂိုဏ်းချုပ်နဲ့အတူလိုက်ခဲ့ပြီး အစွန်းရောက်ဆီးနှင်းမြို့တော်ကို သွားဖျက်ဆီးကြမယ်။ " ဝမ်ဖုန်းသည် ဘုန်းတော်ကြီးဝူရှန်းနှင့် အခြားသူများကို ဝေ့ဝဲကြည့်ပြီး ပြောဆိုလိုက်သည် ။

" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ! " ဘုန်းတော်ကြီးဝူရှန်း ၊ချီကျွမ်းရှင်းနှင့်အခြားသူများသည် အလျင်အမြန်ခေါင်းညိတ်ပြီး ပြောဆိုလိုက်ကြသည် ။

" ဝမ် ... ဂိုဏ်းချုပ်ဝမ် ၊ ရှင် ... ရှင်တကယ်ပဲ ဆီးနှင်းမြို့တော်ကို သွားဖျက်ဆီးချင်နေတုန်းလား ။ " တဖက်မှာတော့ စုချင်း၏မျက်လုံးများသည် ပြူးကျယ်သွားကာ ဝမ်ဖုန်းကိုမယုံကြည်နိုင်စွာကြည့်လိုက်ပြီး မေးမြန်းလိုက်သည် ။

" အင်း ၊ ဘာများမှားလို့လဲ ။ " ဝမ်ဖုန်းသည် စုချင်းကို အံ့အားတသင့်စိုက်ကြည့်ကာ မေးမြန်းလိုက်သည် ။

ဘာ .... ဘာများမှားလို့လဲ ဟုတ်လား ။

ထိုစကားလုံးများက စုချင်း၏စိတ်အာရုံအတွင်း ထပ်ခါထပ်ခါ မြည်ဟည်းပဲ့တင်ထပ်နေခဲ့သည်။

အစွန်းရောက်ဆီးနှင်းမြို့တော်သည် ထျန်းလန်မြောက်ပိုင်းဒေသတွင် စွမ်းအားအကြီးဆုံး ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည် ။ ရှင်ကအဲ့ဒီ့ဂိုဏ်းကို လူနှစ်ယောက်ထဲနဲ့သွားပြီး ဖျက်ဆီးချင်နေတာလား ။ ပြီးတော့ဘာများဖြစ်လို့လဲ ။ ဟုတ်သလား ။

စုချင်းသည် ဘာပြောရမှန်းမသိအောင်ကို ထိတ်လန့်ကြောင်အသွားသည် ။ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းကိုသန်မာလွန်းလို့ပဲ ယုံကြည်ချက်မြင့်မားနေတာလား ။ ဒါမှမဟုတ် မောက်မာလွန်းနေတာလား ။

သူမသည် ကျန်းစန်ဖုန်း၏ခွန်အားကိုသာ တွေ့မြင်ထားဖူးပြီး ရှန်ရှန့်ကျုံဂိုဏ်းမည်မျှသန်မာကြောင်းကိုတော့ အတိအကျသိထားခြင်းမရှိပေ။

" အကြီးအကဲစုကရော ကျုပ်တို့နဲ့အတူ လိုက်ချင်လို့လား ။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်တိုက်ပွဲက အရမ်းကိုမြန်မြန်ပြီးသွားမှာ ။ ဒါကြောင့်မလို့ စိတ်လှုပ်ရှားစရာဘာမှမရှိဘူး ။ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဖျက်ဆီးရုံလေးပဲမဟုတ်လား ။ " ဝမ်ဖုန်းသည် စုချင်းကိုကြည့်လိုက်ပြီး ထပ်မံပြောဆိုလိုက်သည် ။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ စုချင်းတစ်ယောက် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည် ။ အစွန်းရောက်ဆီးနှင်းမြို့တော်လေးကို ဖျက်ဆီးရုံပဲ ဟုတ်လား ။ အဲ့ဒါက ထျန်းလန်မြောက်ပိုင်းဒေသရဲ့ အကြီးမားဆုံးဂိုဏ်းကြီးတစ်ဂိုဏ်းလေ ။ ဂိုဏ်းချုပ်ဝမ်ကတော့ ပုရွတ်ဆိတ်လေးတစ်ကောင်လိုပဲ ပြောနေပါလား ။ ပြီးတော့ လွယ်လွယ်ကူကူပဲ ဖျက်ဆီးပစ်မယ် ဟုတ်လား ။

" ကောင်းပြီ ။ ကျွန်မလည်းမြင်ချင်တယ် ။ ရှန်ရှန့်ကျုံဂိုဏ်း စွမ်းအားရှင်တွေရဲ့ တိုက်ကွက်ကိုလည်း ကြည့်ရတာပေါ့ ။ " စုချင်းသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး အလေးအနက်ပြောဆိုလိုက်သည် ။

အစက စုချင်းသည် ယဲ့ရှန်းအိမ်တော်ကိုပြန်ပြီး ရှန်ရှန့်ကျုံဂိုဏ်းနှင့်ပက်သက်သည့် အရေးကြီးအကြောင်းအရာများကို အိမ်တော်သခင် ယဲ့ဟွမ်ကို သတင်းပေးချင်ခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်းက အစွန်းရောက်ဆီးနှင်းမြို့တော်ကို သွားရောက်ဖျက်ဆီးချင်လိမ့်မည်ဟုတော့ သူမထင်မထားခဲ့ပေ ။ ဒီလိုအဖြစ်အပျက်ကြီးကို သူမအဘယ်မှာ လက်လွှတ်ခံနိုင်မည်နည်း ။

သူမသည် ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားက ဝမ်ဖုန်းပြောထားသလို တကယ်ပဲ ကြောက်မယ်ဖွယ်ကောင်းရဲ့လားဆိုတာကို ကြည့်ရှုချင်နေမိသည် ။

" ကောင်းပြီ ။ ဒါဆိုလဲ သွားကြရအောင် ။ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဘယ်လိုသွားရမလဲဆိုတာ ကျုပ်မသိဘူး ။ အကြီးအကဲစု လမ်းပြပေးနိုင်မလား ။ " ဝမ်ဖုန်းသည် ခေါင်းညိမ့်ကာ မေးမြန်းလိုက်သည် ။

ထိုစကားများကြောင့် စုချင်းတစ်ယောက် မျက်လုံးလှိမ့်လိုက်မိသည် ။ အစွန်းရောက်ဆီးနှင်းမြို့က ဘယ်မှာလဲဆိုတာတောင် ရှင်မသိပဲ ရှင်ကဖျက်ဆီးချင်နေသေးတာလား ။

စုချင်းသည် နှလုံးသားထဲတွင် တိတ်တဆိတ်မာန်မဲလိုက်သည် ။ သို့ပါသော်လည်းသူမဟာ ဖြေးညှင်းစွာလှုပ်ရှားလိုက်ပြီး လမ်းပြခေါ်ဆောင်သွားခဲ့သည် ။ သူမသွားနေသောအရပ်မှာ အစွန်းရောက်ဆီးနှင်းမြို့တော်သို့ ဖြစ်သည် ။ ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းနှင့်အခြားသူများကလည်း နောက်ကောက်ကျမနေတော့ပဲ စုချင်းနောက်လိုက်ပါသွားကြတော့သည် ။

.......

ဘုန်းတော်ကြီးဝူရှန်းနှင့် အခြားသူများ၏အနောက်ဘက်တွင် ရှိနေကြသော ကုချိုးနှင့်ကုကန်းချိုးတို့ညီနောင်နှစ်ယောက်သည် ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ တစ်ယောက်မျက်နှာတစ်ယောက် စူးစိုက်ကြည့်မိလိုက်ကြသည် ။

" အစ်ကိုကြီး အစွန်းရောက်ဆီးနှင်းမြို့တော်ကို ကျွန်တော်တို့လုယက်လို့ မရပြန်ဘူးလား ။ ကျွန်တော်တို့မှာတော့ အစီအစဉ်တွေကို ခက်ခက်ခဲခဲတွေးထားလိုက်ရတာ ။ အဆုံးမှာတော့ ဘာမှလည်း လုပ်မရပြန်ဘူး ။ " ကုချိုးသည် တုံးအအ အမူအယာလေးဖြင့် ပြောဆိုလိုက်သည် ။

" မင်းဘာတွေကို တွေးပူနေတာလဲ ။ ကမ္ဘာကြီးက အကြီးကြီးပါကွ ။ အစွန်းရောက်ဆီးနှင်းမြို့ကို မလုယက်ရလည်း ကျန်တဲ့ဂိုဏ်းတွေကို လုယက်ရမှာပေါ့ ။ ဂိုဏ်းချုပ်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းမှာ ရန်သူတွေ နောက်ထပ်အများကြီးရလာဦးမှာ ။မလုယက်ရမှာနဲ့ပက်သက်ပြီး တွေးပူမနေစမ်းပါနဲ့။ " ကုကန်းချိုးသည် ကုချိုးကိုစိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည် ။

" ဒါနဲ့အစ်ကိုကြီး ဒီတစ်ခေါက်ကိစ္စက ကျွန်တော်တို့ကြောင့် ဖြစ်လာတာနဲ့တူတယ်နော် ။ " ကုချိုးသည် ခေါင်းကိုကုတ်လိုက်ကာ တီးတိုးပြောဆိုလိုက်သည် ။

" ဟင့်အင်း ၊ မင်းမှားနေပြီ ။ ဂိုဏ်းချုပ်က အရင်ထဲက အစီအစဉ်ရှိပြီးသား ။ ငါတို့က တွန်းပို့လိုက်ရုံပါ ။ "

" အစ်ကိုကြီး ဘယ်လိုလုပ်သိတာလဲ ။ "

" ငါဘယ်လိုလုပ်သိတာလဲ ဟုတ်လား ။ ခန့်မှန်းလိုက်တာကွ ငါခန့်မှန်းလိုက်တာ !"

........

တစ်ချိန်တည်းမှာပဲ အစွန်းရောက်ဆီးနှင်းမြို့တော်နှင့် မိုင်ထောင်ချီကွာဝေးသော တောင်ထိပ်တစ်ခုတွင် အနက်ရောင်ဝတ်ထားသော လူငါးယောက်ရှိနေကြသည် ။ သူတို့ဟာ အစွန်းရောက်ဆီးနှင်းမြို့တော် တည်ရှိနေ‌သည့်အရပ်ကို စိုက်ကြည့်နေခဲ့ကြသည် ။

" ဂိုဏ်းတူအစ်ကိုကြီးယွမ်ဖုန်း ၊ ဒီဂိုဏ်းတွေက အရမ်းကို အရှက်မဲ့လွန်းတယ် ။ ကျုပ်တို့လင်းယွင်ဂိုဏ်းရဲ့တောင်းဆိုမှုကိုတောင် ပယ်ချရဲတယ် ။ သူတို့ကို ဖျက်ဆီးပစ်ရမယ် ။ " အနက်‌ရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည် ။

''ဂိုဏ်းတူညီငယ်လေး ၊မင်းက အကြီးအကဲတွေရဲ့သဘောထားကို နားမလည်ဘူးပဲကွ။ဒီတစ်ကြိမ်မှာ ဂိုဏ်းကြီးတွေကို အညံ့ခံစေပြီး ငါတို့အတွက်အမြှောက်စာ ဖြစ်လာပေးစေရုံပဲမဟုတ်ဘူး။ ငါတို့ရဲ့အရည်အချင်းကိုလည်း ပြသရမှာကွ!''ယွမ်ဖုန်းသည် ဂိုဏ်းတူညီလေးကို စိုက်ကြည့်ပြီးပြောလိုက်သည်။

''ဒါပေမယ့် ကျုပ်တို့နဲ့အဲ့ဒီဂိုဏ်းတွေက မတိုးသာမဆုတ်သာအခြေအနေမှာရှိနေ.....'' ဂိုဏ်းတူညီငယ်က မလိုလားသော အမူအရာဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

''မတိုးသာမဆုတ်သာ ဟုတ်လား!? သူတို့နဲ့တန်လို့လား? ဒီတစ်ကြိမ် ဒီအကိုကြီးမင်းတို့ကို ခေါ်လိုက်ရတာက ထျန်းလန်မြောက်ပိုင်းရဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းကို အရင်ဆုံးသိမ်းသွင်းပြဖို့ပဲ။ အစွန်းရောက်ဆီးနှင်းမြို့တော်သာ ငါတို့လက်အောက်ရောက်သွားရင် ကျန်တဲ့ဂိုဏ်းတွေက ဘာလုပ်ရဲဦးမှာလဲ?'' ယွမ်ဖုန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။

''ဒါနဲ့ ဖုန်းလန် ဘာလို့ရောက်မလာသေးတာလဲ? ကံကြမ္မာသားတော်ကို စောင့်ရှောက်နေတဲ့ဂိုဏ်းတူအကိုတွေဆီကရော ဘာသတင်းကြားသေးလဲ?'' ယွမ်ဖုန်းက သူ့နောက်ရှိဂိုဏ်းတူညီငယ် လေးယောက်ကို ဝေ့ကြည့်ပြီးမေးလိုက်သည်။

''ဖုန်းလန်ကို သတင်းပေးပြီးပေမယ့် အကြောင်းပြန်စာ မရသေးဘူး။ဒီအတောအတွင်းမှာ မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ရှန်ရှန့်ကျုံဂိုဏ်းက ဖျက်စီးလိုက်ပြီကြားတယ်။ ကြည့်ရတာ ဖုန်းလန်က ရှန်ရှန်ကျုံဂိုဏ်းနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်ထင်တယ်''

''စီနီယာအကိုကြီးတွေဆီကတော့ ဘာသတင်းမှ မရသေးဘူး!''

လင်းယွင်ဂိုဏ်းသားတစ်ယောက်က ပြောလိုက်သည်။

''တောကြိုအုံကြားက တောကြိုအုံကြားပါပဲကွာ။ ဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းကများ ရှန်ရှန့်ကျုံ(အင်မော်တယ်)ဆိုတဲ့ နာမည်ကိုသုံးရဲတယ်။ ဟာသပဲ!'' ဒါကိုကြားတော့ လင်းယွင်ဂိုဏ်းသားက အထင်အမြင်သေးစွာ ပြောလိုက်သည်။

''ဖုန်းလန်ကို မစောင့်နဲ့တော့။ အစွန်းရောက်ဆီးနှင်းမြို့ကို အရင်သွားကြမယ်။ အစွန်းရောက်ဆီးနှင်းမြို့ကသာ အခြေနေကို နားမလည်ဘူးဆိုရင် ဖျက်စီးပစ်ကြမယ်။ဒါဆို တခြားဂိုဏ်းတွေကို ခြောက်လှန့်ပြီးဖြစ်သွားလိမ့်မယ်။ ဒီလိုဆိုရင် သူတို့ငါတို့ လင်းယွင်ဂိုဏ်းကိုနာနာခံခံ အညံ့ခံပြီး အမြှောက်စာတွေဖြစ်လာတော့မှာပေါ့ကွာ!''

ယွမ်ဖုန်းသည် လက်ဝှေ့ရမ်းပြောလိုက်ကာ အစွန်းရောက်ဆီးနှင်းမြို့ဆီ ပျံသန်းသွားလိုက်သည်။သူ့လူများကလည်း နောက်ကောက်ကျ မကျန်ရစ်ခဲ့ပေ။

......

တစ်ချိန်တည်းမှာပဲ ရှင်းယောင်တောင်တန်း၊ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ နန်းတော်ကြီးထဲတွင် လေထုဟာ တုန်ခါလာပြီး လူနှစ်ယောက် ထွက်လာခဲ့သည်။

ဦးဆောင်လာသူမှာ အနီရောင်ဝတ်ရုံကို ဝတ်ထားသည်။ သူ့ထံမှ ကြောက်လန့်ဖွယ် ဖိအားများ ထွက်ပေါ်နေပြီး သေသေချာချာကြည့်ရှုပါက သူ့အရေပြားပေါ်တွင် ကျောက်စိမ်းသင်္ကေတများ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

သူသည် မည်သည့်ကျင့်ကြံရေး အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်းမရှိသော်လည်း သူ့မျက်လုံးများမှာ လင်းလက်တောက်ပလွန်းပြီး စိုက်ကြည့်မိသူကို ထိတ်လန့်သွားစေနိုင်သည်။ ထိုသူမှာ ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းဂိုဏ်း၏ အထွေထွေစီမံအုပ်ချုပ်သူ မဟာနတ်ဆိုးရွှမ်ရှသာတည်း။

သူ့ဘေးက လူကတော့ ရှောင်းယွင်ဖုန်းဖြစ်သည်။

''ဒီတစ်ကြိမ်မှာ ငါတို့ဆုံးရှုံးသွားတဲ့မျက်နှာကို ပြန်အဖတ်ဆယ်ဖို့ သခင်မက ဒီအကြီးအကဲကို မင်းနဲ့ပူးပေါင်းခိုင်းလိုက်တယ် ။ မကြောက်ပါနဲ့ကွ ။ ဒီအကြီးအကဲက မင်းရဲ့နောက်မှာ ရှိနေမှာပါကွာ ။ "

မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ဘေးတွင်ရှိနေသော ရှောင်းယွင်ဖုန်း၏ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီး ပြောဆိုလိုက်သည် ။

" ဟုတ်ကဲ့ပါ အကြီးအကဲရွှမ်ရှ ။ စိတ်မပူပါနဲ့ ။ ယွင်ဖုန်းက ဂိုဏ်းချုပ်နဲ့အကြီးအကဲကို စိတ်ပျက်စေမှာမဟုတ်ပါဘူး ။ " ရှောင်းယွင်ဖုန်း၏မျက်လုံးများတွင် ပြတ်သားသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည် ။

သို့ပါသော်လည်း ထိုစကားများဆုံးသွားသည့်အခါ ရှောင်းယွင်ဖုန်း၏ပုခုံးထက်၌ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည် ။ မဟာနတ်ဆိုးရွှမ်ရှသည် သန်မာသောခွန်အားဖြင့် သူ၏ပုခုံးကို ဖျစ်ညစ်လိုက်ခြင်းဖြစ်သည် ။ သူဟာ မဟာနတ်ဆိုးရွှမ်ရှကို သံသယဝင်စွာ မော့ကြည့်လိုက်သည်။

" ယွင်ဖုန်း ၊ အနာဂတ်မှာ ငါ့ကို အကြီးအကဲလို့မခေါ်နဲ့ ။အထွေထွေစီမံအုပ်ချုပ်သူ အကြီးအကဲလို့ခေါ်ကွ ကြားလား ။ " မဟာနတ်ဆိုးရွှမ်ရှသည် ရှောင်းယွင်ဖုန်း၏ပုခုံးကိုဖျစ်ညှစ်ရင်း အပြုံးတစ်ပွင့်ဖြင့်ပြောဆိုလိုက်သည် ။

" ဟုတ်ကဲ့ပါ ။ အထွေထွေစီမံအုပ်ချုပ်သူ အကြီးအကဲ ။ " ရှောင်းယွင်ဖုန်းသည် နာကျင်မှုကိုအံတုရင်း အလျင်အမြန်ပြောဆိုလိုက်သည် ။

" သင်လွယ် တတ်လွယ်သားပဲ ။ "

မဟာနတ်ဆိုးရွှမ်ရှသည် သူ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြောဆိုလိုက်သည် ။ သူဟာ ရှောင်းယွင်ဖုန်း၏ပုခုံးကို နောက်တစ်ကြိမ်ထိတွေ့လိုက်သည့်အခါ ရှောင်းယွင်ဖုန်းသည် နာကျင်မှုများရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည် ။ သူက မဟာနတ်ဆိုးရွှမ်ရှကို လှမ်းကြည့်ရင်း သူ၏မျက်လုံးများအတွင်း၌ နက်‌ရှိုင်းသောအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။

ဂိုဏ်းချုပ်ထွက်ခွာသွားပြီးနောက် ဂိုဏ်းချုပ်ကတော်သည် ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံး၏ အကြွင်းမဲ့သခင် ဖြစ်လာခဲ့သည် ။ ရှန်ရှန့်ကျုံဂိုဏ်းကြီးအတွင်း၌ အပြောင်းအလဲများစွာလည်း ဖြစ်ပျက်လာခဲ့သည် ။ လူတိုင်း၏ခွန်အားများကလည်း အလျင်အမြန် မြင့်တက်လာခဲ့ကြသည်။

ကြည့်ရတာ အရာအားလုံးက အမှန်ဖြစ်ပုံပဲ ။ သခင်မသည် အ‌ထွေထွေစီမံအုပ်ချုပ်သူအကြီးအကဲကို သူ့နောက်လိုက်စေရန် ညွှန်ကြားခဲ့သည် ။ ဒါ့အပြင်သူမသည် အထွေထွေစီမံအုပ်ချုပ်သူအကြီးအကဲ၏အရှိန်အဝါကို ကိုယ်တိုင်ကိုယ်ကျ ချိတ်ပိတ်လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းသာ ချန်ရစ်ခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် အ‌ထွေထွေစီမံအုပ်ချုပ်သူအကြီးအကဲ၏ အရှိန်အဝါများ ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းကမ္ဘာကြီးကတောင် လက်မခံနိုင်ဘဲ ပြိုကျသွားမှာကို စိုးရိမ်သောကြောင့်ဖြစ်သည် ။

All Chapters