မြို့တော်ကို တိုက်ကွက်တစ်ကွက်ဖြင့် ဖျက်စီးခြင်း
Vol. 17 Ch. 232
အစွန်းရောက် ဆီးနှင်းမြို့တော်......
အဓိကခန်းမကြီးထဲတွင် မြို့သခင် ရွှယ်ယွီထျန်းသည် တင်ပလွေချိတ်ထိုင်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များသည် လှည့်ပတ်နေကြပြီး မြင့်မြတ်သောတာအိုနိယာမများကလည်း ခန်းမအတွင်းသိပ်သည်းစွာ တည်ရှိနေခဲ့သည်။
" မြို့အရှင်၊ တစ်ခုခုဖြစ်သွားပါပြီ။ "
ထိုအချိန်မှာပဲ ဒုတိယအကြီးအကဲ ရွှယ်လင်းဖုန်းသည် ခန်းမကြီးအတွင်းသို့ အပြေးဝင်လာပြီး အမောတကော အော်ဟစ်ပြောဆိုလိုက်သည်။
" ဘာဖြစ်တာလဲ။ "
ရွှယ်ယွီထျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်ကာ တည်ငြိမ်စွာပြောဆိုလိုက်သည်။
" မဟာအကြီးအကဲရဲ့ ဝိညာဥ်ချပ်ပြား ကျိုးပျက်သွားပါပြီ။ "
ရွှယ်လင်းဖုန်းသည် အလွန်အမင်း ထိတ်လန့်နေကာ ဦးခေါင်းကို ငုံ့လျက် တုန်တုန်ယင်ယင် လေသံဖြင့် ပြောဆိုလိုက်သည်။
ထိုစကားများဆုံးသွားသည့်အခါ ရွှယ်လင်းဖုန်းတစ်ယောက် ခန်းမကြီးအတွင်း၌ ရုတ်ချည်း ထွက်ပေါ်လာသော ကြောက်လန့်ဖွယ် ဖိအားကြီးကို ခံစားလိုက်ရသည်။ ထိုဖိအားကြီးသည် သူ့ကို အသက်ရှုမဝဖြစ်လာစေသည်။ ၎င်းမှာ ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးနှင့် အလားသဏ္ဍာန်တူပြီး လူများကို ကြောက်ရွံ့လာစေသည်။
" ရှန်ရှန့်ကျုံဂိုဏ်း၊ ရဲတင်းလိုက်လေ။ "
ရွှယ်ယွီထျန်း၏ ပါးစပ်မှ အေးစက်သော အော်ဟစ်သံကြီးတစ်သံထွက်ပေါ်လာသည်။ ခန်းမကြီးအတွင်း၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ ရုတ်ချည်းပြည့်လျှံလာပြီး ရွှယ်လင်းဖုန်း၏ ခန္ဓာကိုယ်ဟာလည်း အဆက်မပြတ် တုန်ယင်လာတော့သည်။
" ငါရဲ့ အစွန်းရောက်ဆီးနှင်းမြို့တော်က အချိန်အကြာကြီး ငြိမ်ကုတ်နေခဲ့တာဆိုတော့ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ အစစ်အမှန် အာဏာရှင်က အစွန်းရောက်ဆီးနှင်းမြို့တော်ဆိုတာကို လူတွေမေ့ကုန်ကြပြီ ထင်တယ်။ "
" အမိန့်ချမယ်။ အစွန်းရောက် ဆီးနှင်းမြို့တော်က အကြီးအကဲတွေအပြင် တာအိုနန်းတော်အဆင့်အထက်က ဂ်ိုဏ်းသားတွေအားလုံး စုရုံးပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးကြရမယ်။ "
ရွှယ်ယွီထျန်းသည် ဒုတိယအကြီးအကဲကို စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏လေသံတွင် အနည်းငယ်သော စိတ်ခံစားမှုမျှ မပါဝင်နေဘဲ ပြိုင်ဘက်ကင်း အရှိန်အဝါများသာ ကိန်းဝပ်နေလေသည်။
သူ၏ အစွန်းရောက်ဆီးနှင်းမြို့တော်ကို လာရောက်ထိပါးပါက ဘယ်သူပဲဖြစ်ဖြစ်ကျိန်းသေပေါက်သေရမည်ဖြစ်သည်။
" ဟုတ်ကဲ့! "
ဒုတိယအကြီးအကဲသည် လျစ်လျူရှု့ မနေဝံ့ဘဲ အလျင်အမြန်တုံ့ပြန်ပြောဆိုကာ ခန်းမကြီးအတွင်းမှ လှည့်ထွက်သွားခဲ့သည်။ သူက အစွန်းရောက်ဆီးနှင်းမြို့တော်ရှိ စွမ်းအားရှင်များကို ဆင့်ခေါ်ရန် ထွက်သွားခြင်းဖြစ်သည်။ ဒုတိယအကြီးအကဲ ထွက်ခွာသွားပြီးသည့်နောက် ရွှယ်ယွီထျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာကြီးတစ်ခုလုံးက မဲမှောင်သွားခဲ့သည်။ သူသည် ခန်းမအတွင်းထဲရှိ ထောင့်တစ်နေရာကို စူးစ်ိုက်ကြည့်ပြီး နက်ရှိုင်းသောလေသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
" ထွက်ခဲ့စမ်း! "
သူ၏ လေသံထဲတွင် တာအိုဘုရင်အစောပိုင်းအဆင့် စွမ်းအားများ ကိန်းဝပ်လျက်ရှိသည်။
" ဒီအရှင်သခင်ကို ဒီလိုပြောဆိုပြီး အသက်ဆက်ရှင်နိုင်သေးတာ မင်းက ပထမဆုံးတစ်ယောက်ပဲ။ မင်းသာ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဦးဆောင်ပြီး ဒီအရှင်သခင်ဆီ အညံ့ခံမယ်ဆိုလျှင် ဒီအရှင်သခင်က မင်းရဲ့မရည်ရွယ်တဲ့အမှားကို ခွင့်လွှတ်ပေးမယ်။ "
နန်းတော်ကြီးအတွင်း၌ လူငါးယောက် တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါ လူငါးယောက်မှာ လင်းယွင် ဂိုဏ်းသားများဖြစ်ကြပြီး ဦးဆောင်လာသူမှာ ယွမ်ဖုန်း ဖြစ်သည်။
သူသည် ရွှယ်ယွီထျန်းကို ရွှတ်နောက်နောက်မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများအတွင်း၌ အထင်အမြင်သေးမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
ရွှယ်ယွီထျန်း၏ အရှိန်အဝါက သူ့အပေါ် အနည်းငယ်မျှသော သက်ရောက်မှုကိုမှ မဖြစ်စေခဲ့ပေ။
" တာအိုဘုရင်နှောင်းပိုင်းအဆင့် !"
ယွမ်ဖုန်းကို တွေ့မြင်လိုက်ရသည့်အခါ ရွှယ်ယွီထျန်း၏ အမူအရာများသည် အဆုံးစွန်တိုင်ထိတ်လန့်သွားပြီး အံ့အားသင့်ပြောဆိုလိုက်မိသည်။
ဒီလူတွေက ဘယ်သူတွေလဲ။ တာအိုဘုရင် ငါးယောက်လား။ သူတို့ရဲ့ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဘယ်ကနေဘယ်လို ရောက်လာကြတာလဲ။
" မင်းကို စဥ်းစားဖို့ ၁၅မိနစ်အချိန်ပေးမယ်။ အရှုံးပေးရင်ပေး မပေးရင် သေလိုက်တော့။ ငါတို့ငါးယောက်ရဲ့ အစွမ်းအစနဲ့ဆိုရင် အစွန်းရောက်ဆီးနှင်းမြို့တော်တစ်ခုလုံးက စွမ်းအားရှင်တွေ အကုန်ပေါင်းတိုက်တောင် မင်းတို့ နိုင်စရာအကြောင်းမရှိဘူး။ "
ယွမ်ဖုန်းသည် ရွှယ်ယွီထျန်းကို လက်ပိုက်စိုက်ကြည့်ကာ ထူးမခြားဟန်အမူအရာဖြင့် ပြောဆိုလိုက်သည်။
ယွမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ရွှယ်ယွီထျန်းတစ်ယောက် တိတ်ဆိတ်ငြိမ်သက်ကျသွားသည်။ တာအိုဘုရင်ငါးယောက်သည် သူ့ကိုသာမက အစွန်းရောက်ဆီးနှင်းမြို့တော်ကိုပါ စိတ်ပျက်အားလျော့သွားစေဖို့ လုံလောက်ပေသည်။ သူအရာအားလုံးထုတ်သုံးပြီး ကြိုးစားလျှင်တောင်မှ တာအိုဘုရင်စွမ်းအားရှင် ငါးယောက်ကိုတော့ ရင်ဆိုင်နိုင်မှာ မဟုတ်ပေ။
သူဟာ တာအိုဘုရင်အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး တာအိုဘုရင်အလယ်အလတ်အဆင့် စွမ်းအားရှင်များကိုတောင် ရင်ဆိုင်တိုက်နိုင်စွမ်းရှိသည်။ သို့ပါသော်လည်း ရောက်လာကြသူ ငါးယောက်မှာ တာအိုဘုရင်အလယ်အလတ်အဆင့် နှင့် အထက်များဖြစ်သည်။ ဒါကသူ့ကို ထိတ်လန့်သွားစေခဲ့သည်။
ရွှယ်ယွီထျန်း၏ နှဖူးပေါ်၌ ချွေးအေးများထွက်လာခဲ့သည်။ သူက အံကိုတင်းတင်းကြိတ်လျက် တည်ငြိမ်စွာပြောဆိုလိုက်သည်။
" ဒီဂိုဏ်းချုပ် ကတိပေးတယ်။ ဒါပေမဲ့ ဒီဂိုဏ်းချုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ကျုပ်တို့ ဂိုဏ်းရဲ့ မဟာအကြီးအကဲအတွက် လက်စားချေတဲ့အနေနဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပါရစေဦး။ လက်စားချေပြီးမှသာ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ခေါ်ဆောင်လာပြီး မင်းတို့ဆီ အညံ့ခံပါ့မယ်။ "
ထိုသို့သော စွမ်းအားကြီးတစ်ခုနှင့် ရင်ဆိုင်တွေ့ရသည့်အခါ သူ့တွင် ဒူးထောက်အရှုံးပေးရန်သာ ရှိတော့သည်။ သို့ပါသော်လည်း သူဟာ အရှုံးမပေးသေးခင်တွင် အစွမ်းရောက်ဆီးနှင်း မြို့တော်၏ မဟာအကြီးအကဲကို သတ်ဖြတ်ရဲသည့် ရှန်ရှန့်ကျုံဂိုဏ်းကိုတော့ ဖျက်စီးပစ်ချင်သေးသည်။
........
တချိန်တည်းမှာပဲ အစွန်းရောက်ဆီးနှင်းမြို့တော်တို့၏ အပြင်ဘက်တွင် ဝမ်ဖုန်းသည် ကြီးမားသော မြို့တော်ကြီးကို ငေးစ်ိုက်ကြည့်လျက် သူ၏မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
" ဂိုဏ်းချုပ်ဝမ် ဒါက အစွန်းရောက်ဆီးနှင်းမြို့တော်ပဲ။ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ စွမ်းအားအကြီးဆုံးဂိုဏ်းကြီးပေါ့။ "
စုချင်းသည် နှင်းများဖုံးအုပ်နေသော မြို့တော်ကြီးကို ညွှန်ပြလျက် ပြောဆိုလိုက်သည်။ ရှင်းမပြနိုင်အောင် တောက်ပသော အလင်းတန်းတစ်ခုသည် သူမ၏ မျက်လုံးလေးများအတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ သူမသည် ရှန်ရှန့်ကျုံဂိုဏ်းး ဂိုဏ်းချုပ်မှ ဘယ်လိုနည်းလမ်းမျာကို အသုံးပြုပြီး အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဖျက်စီးမလဲဆိုတာကို စောင့်ကြည့်ချင်သေးသည်။
" အစွန်းရောက် ဆီးနှင်းမြို့တော်မှာ တာအိုဘုရင်အဆင့် ၆ယောက်တောင်ရှိတာလား။ "
ဝမ်ဖုန်းသည် အစွန်းရောက်ဆီးနှင်းမြို့တော်ကြီးကို ငေးကြည့်နေရင်းနဲ့မှ အံ့အားတသင့်မေးမြန်းလိုက်သည်။
" မဖြစ်နိုင်ဘူး။ အစွန်းရောက်ဆီးနှင်းမြို့တော်မှာသာ အဲလောက်စွမ်းအားရှိရင် ထျန်းလန်မြောက်ပိုင်းတစ်ခုလုံးကို အကြွင်းမဲ့အုပ်စိုးထားနိုင်တာ ကြာလှပြီပေါ့။ "
စုချင်းသည် ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်သည်။
" ရှောင်ဖုန်း လှုပ်ရှားလိုက်တော့ "
ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီး သူ့ဘေးကရှောင်ဖုန်းကို စိုက်ကြည့်လျက် ထူးမခြားနားစွာ ပြောဆိုလိုက်သည်။
" ဒါနဲ့ အကြီးအကဲ စုချင်းက မင်းရဲ့ စွမ်းအားကို တွေ့မြင်လိုတယ်။ ဒါကြောင့်မလို့ ကောင်းကောင်းအစွမ်းပြခဲ့ချေ။"
ဝမ်ဖုန်း၏ စကားသံကို ကြားလိုက်ရသည့်အခါ ရှောင်ဖုန်းသည် နားလည်သဘောပေါက်ဟန် ခေါင်းငြိမ့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အား တစ်ချက်လှုပ်ရှားလိုက်ပြီး အစွန်းရောက်ဆီးနှင်းမြို့တော်၏ အပေါ်ဘက်သို့ ပျံသန်းသွားခဲ့သည်။ သူက အောက်ဘက်ကမြို့တော်ကြီးကို ထူးမခြားနားမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ စုချင်း၏ မျက်လုံးများအတွင်း၌ သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဂိုဏ်းချုပ်ဝမ်က အစွန်းရောက်ဆီးနှင်းမြို့တော်ကြီး တစ်ခုလုံးကို ဒီလူ တစ်ယောက်တည်းအားနှင့် ဖျက်စီးခိုင်းလိုက်တာလား။
" နဂါးလက်ဝါး၁၈ချက် !!!"
အစွန်းရောက်ဆီးနှင်းမြို့တော်ကြီး အတွင်း၌ ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာခဲ့သည်။ ရွှယ်ယွီထျန်း ၊ ယွမ်ဖုန်းနှင့် လင်းယွင်ဂိုဏ်းမှတပည့်များသည် အဆိုပါ အသံကြီးကို ကြားလိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားပြီး ခန်းမကြီးအတွင်းမှ ချက်ချင်းပဲ ထွက်လာခဲ့ကြသည်။
သို့ပါသော်လည်း အစွန်းရောက်ဆီးနှင်းမြို့တော်၏ ကောင်းကင်ယံထက်၌ မြင်ကွင်းကို တွေ့မြင် လိုက်ရသည့်အခါ သူတို့အားလုံး၏ ခန္ဓာကိုယ်များသည် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံးခဲတောင့်သွားကြသည်။ ယွမ်ဖုန်း နှင့် လင်းယွင်ဂိုဏ်းသားများသာမက ရွှယ်ရွီထျန်း၏ မျက်နှာတစ်ခုလုံးသည်လည်း အကြောက်တရားများဖြင့် ဖြူဖျော့သွားလေသည်။
သူတို့အားလုံး၏ ဦးခေါင်းအထက်တွင် ကောင်းကင်နှင့် နေမင်းကို ဖုံးကာထားသော အရာဝတ္ထုကြီးတစ်ခု ရှိနေလေသည်။ ယင်းမှာ ရွှေရောင်တလက်လက် တောက်ပနေသော နဂါးကြီးပဲဖြစ်သည်။ ထိုနဂါးကြီး၏ ကြီးမားသော မျက်ဝန်းများက သူတို့ကို စူးစိုက်ကြည့်နေခဲ့သည်။
ဤအချိန်တွင် ရွှယ်ယွီထျန်း ၊ ယွမ်ဖုန်းနှင့် အခြားသူများသည် မူးဝေမှုကိုခံစားလိုက်ကြရပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း ခဲတောင့်နေကြကာ မလှုပ်ရှားနိုင်တော့ပေ။
" ဘုရားရေ ၊ ဒါ.. ဒါက နဂါးတစ်ကောင်လား။ "
" အားလုံးပြီးသွားပြီ "
" မြတ်စွာဘုရား ဘာတွေဖြစ်နေတာလဲ။ "
အစွန်းရောက်ဆီးနှင်းမြို့တော်အတွင်းရှိ လူတိုင်းသည် ကောင်းကင်ယံပေါ်မှ ဧရာမရွှေရောင်နဂါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ ထိတ်လန့်မှုကြောင့် မြေပြင်ပေါ်ပြိုလဲသွားကြပြီး အချို့သောသူများသည် ထွက်ပြေးလွတ်မြောက်ရန် တွေးတောဝံ့ခြင်းတောင် မရှိတော့ပေ။
" ဒါ.. ဒါက။ "
စုချင်းသည် အစွန်းရောက်ဆီးနှင်းမြို့တော်ကြီးတစ်ခုလုံးကို အုပ်မိုးထားသော ရွှေရောင်နဂါးကြီးကို စူးစိုက်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းချုပ်မရ တုန်ယင်လာခဲ့သည်။ သူမ၏ ရင်ဘက်ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ တစ်စုံတစ်ခုကို ထုတ်ဖော်ပြောဆိုလိုခဲ့သော်လည်း အဆုံးမှာတော့ ဘာကိုမှမပြောနိုင်ခဲ့ပေ။ သူမ၏ နှလုံးသားတစ်ခုလုံး၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။
" သွားစမ်း "
ရှောင်ဖုန်းသည် အစွန်းရောက်ဆီးနှင်းမြို့တော်ကို ငုံ့မိုးကြည့်ရှုကာ အော်ဟစ်ပြောဆိုလိုက်သည်။
" ဝေါင်း "
နားကွဲလုမတက်ကျယ်လောင်သော နဂါးဟိန်းသံကြီးတစ်သံသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ ယင်းနောက် ရွှယ်ယွီထျန်း နှင့် အခြားသူများ၏ ထိတ်လန့်နေသော မျက်ဝန်းများအောက်တွင် နဂါးကြီးသည် ပါးစပ်ကြီးကို ဖြဲဟလျက် အလွန်လျင်မြန်သော နှုန်းဖြင့် သက်ဆင်းလာခဲ့သည်။
ရွှယ်ယွီထျန်းနှင့် အခြားသူများ မတုံ့ပြန်နိုင်ခင် တဒင်္ဂအတွင်းမှာတင် ဧရာမနဂါးကြီးသည် သူတို့အားလုံးကို တိုက်ရိုက်ဝါးမြိုသွားခဲ့သည်။ တာအိုဘုရင်ခြောက်ယောက်စလုံးသည် ဧရာမနဂါးကြီးကို တခဏတောင် မတားဆီးနိုင်ခဲ့ပါပေ။
အုန်း..
နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ အသံကြီးနှင့်အတူ စွမ်းအင်မုန်တိုင်းကြီးတစ်ခုသည်လည်း ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ စွမ်းအင်မုန်တိုင်းကြီး ဖြတ်သန်းသွားသည့်အခါ အရာအာလုံး ပျက်စီးသွားကြရလေသည်။
အစွန်းရောက်ဆီးနှင်းမြို့တော်တည်ရှိသောနေရာမှ မိုင်တစ်သိန်းပတ်ပတ်လည်ရှိ မြေပြင်သည် ဧရာမနဂါးကြီးတစ်ကောင် လူးလိမ့်လိုက်သလိုမျိုး အဆက်မပြတ်တုန်ခါသွားခဲ့သည်။
မူလကရှိနေသော အစွန်းရောက်ဆီးနှင်းမြို့တော် ကြီးတစ်ခုလုံးသည် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်၌ ဧရာမတွင်းနက်ကြီး တစ်ခုသာ ရှိနေတော့သည်။