ပြန်လည်ဝင်စားခြင်း၏ဆိုးကျိုး။
Vol. 17 Ch. 235
ရှန်ရှန့်ကျုံဂိုဏ်း.....
ထျန်းလန်ဒေသတွင် ပထမဆုံး ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ကျင်းပမည်ဖြစ်ရာ ဝမ်ဖုန်းအနေဖြင့်ဂုဏ်သရေရှိအောင် ပြုမူဆောင်ရွက်ရပေမည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ကွင်းပြင်အလယ်တွင် ကြီးမားသောစင်မြင့်ကြီးတစ်ခုကို တည်ဆောက်ပြီးပြီဖြစ်သည်။
မြင့်မားသောစင်မြင့်ကြီး၏ အထက်တွင် ရှန်ရှန့်ကျုံ ဂိုဏ်း၏ စတုတ္ထအကြိမ်မြောက်ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံဟူ၍ဆန်းကြယ်သောချီစွမ်းအင်များဖြင့်စကားလုံးရေးထွင်းထားသည်။မှိန်ဖျော့ဖျော့အလင်းရောင်များက စင်မြင့်ကြီးတစ်ခုလုံးကို ဖြန့်ကျက်လျက်ရှိပြီး စင်မြင့်ကြီးပေါ်ရှိ လေထုကို လျှို့ဝှက်ဆန်းပြား လာစေသည်။
ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်ကိုတော့ ချုပ်နှောင်ထားပြီး တူနတ်ဘုရားလီယွမ်ပက သူတို့နှစ်ယောက်ကိုကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်နေသည်။ ကုချိုးတို့ညီနောင်နှစ်ယောက်သည် ထို့အတွက်ကြောင့် ကြောက်လန့်တုန်လှုပ်နေကြပြီး အခန်းထဲတွင် ရိုးရိုးသားသား လေ့ကျင့်နေရုံသာ တက်နိုင်ကြသည်။
" အကိုကြီးရေ ကျုပ်တော့ဆက်လေ့မကျင့်နိုင်တော့ဘူး။ မခိုးရမဝှက်ရဘူးဆိုတော့ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာခံစားနေရတယ်ဗျာ။ "
ကုချိုးသည် အခန်းအတွင်းက ကုကန်းချိုးကို လှည့်ကြည့်လိုက်ပြီး နာကျင်ခံစားနေရသော အမူအရာဖြင့်ပြောဆိုလိုက်သည်။
" ညီလေး ဂိုဏ်းချုပ်ရဲ့ ဆိုလိုရင်းကို မင်းတကယ်တော့ နားမလည်သေးပါဘူးကွာ။ "
ကုကန်းချိုးက သက်ပြင်းချကာ ပြောဆိုလိုက်သည်။
" ဘာကိုလဲ "
" ဂိုဏ်းချုပ်က ငါတို့ညီအစ်ကို နှစ်ယောက်ကို ဘာလို့ချုပ်နှောင်ထားတာလဲ၊ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ဓားပြတိုက်တဲ့အစီအစဥ်တွေက လုံလောက်အောင် မရင့်ကျက်သေးလို့ပဲကွ။ ငါတို့ရဲ့ ဓားပြတိုက်တဲ့အရည်အသွေးတွေက အလွန့်ကိုနိမ့်ကျလွန်းတာကြောင့် ဂိုဏ်းချုပ်က မနှစ်မြို့တာဖြစ်မယ်။ ဒါကြောင့် ငါတို့ကို ဓားပြတိုက်ခြင်း အကြောင်းကို သေချာစွာ စဥ်းစားဆင်ခြင်စေတာပဲ။ "
ကုကန်းချိုးသည် အလွန်အင်မတန် ဉာဏ်ပညာကြီးမားသော အသွင်အပြင်ကိုဆောင်လျက် ပြောဆိုလိုက်သည်။
" ဒါဆို ဒီလိုကိုး။ ဒါဖြင့် ဂိုဏ်းချုပ်ကို ကျုပ်တို့စိတ်ပျက်အောင်လုပ်လို့ မဖြစ်ဘူးပဲ။ "
ကုချိုးသည် ရုတ်တရက်ခေါင်းငြိမ့်လိုက်ပြီး အလေးအနက်ပြောဆိုလိုက်သည်။
" ဟုတ်တာပေါ့ ညီလေးရာ။ အစ်ကိုကြီးမှာ အကြံဉာဏ်တစ်ခုရှိတယ်။ "
" အို...ဘယ်လို အကြံဉာဏ်မျိုးပါလိမ့်။ ကျွန်တော် နားထောင်ပါရစေဦး.. "
ကုချိုးသည် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
" ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းမှာ မိန်းကလေးနည်းနည်းပဲ ရှိတာကို မင်းသတိထားမိလား။ "
ကုချိုးသည် ခေါင်းကိုအနည်းငယ်ငဲ့စောင်းလိုက်ပြီးမှ သဘောတူညီသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
" ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်တဲ့ ဂိုဏ်းချုပ်ဝမ်မှာတောင် အစေခံတွေတစ်ယောက်မှ မရှိဘူး။ ဒါက သူအပြင်ထွက်တဲ့အခါ ဂုဏ်ငယ်စေတယ်မလား။ ဂိုဏ်းချုပ်မှာ အစောကြီးထဲက ဇနီးမယားတစ်ယောက် ရှိပြီးပြီလို့ ကြားတယ်။ ဒါပေမယ့်လဲ အစေခံအနည်းငယ်လောက်ရှိတာ ပြသာနာမဟုတ်လောက်ဘူးထင်တယ်။ "
" ပြသာနာမဟုတ်လောက်ပါဘူး။ ခြေထောက်တွေဆေးကြောသန့်စင်ပေးဖို့ အစေခံအချို့ရှိတာက ဘာများဖြစ်မှာမို့လို့လဲ။ "
" ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ငါတို့ ရှန်ရှန့်ကျုံဂိုဏ်း ဖျက်စီးတာ မခံရသေးတာဆိုလို့ ယဲ့ရှန်းအိမ်တော်ပဲရှိတော့တယ်။ ပြီးတော့ ယဲ့ရှန်းအိမ်တော် တစ်ခုလုံးကို အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာကွ။ ငါတို့သာ ယဲ့ရှန်းအိမ်တော်ကို ဓားပြတိုက်မယ်ဆ်ိုရင် ဂိုဏ်းချုပ်က ငါတို့ကို လေးစားအားမကျဘဲ ဘယ်မှာ နေနိုင်မှာလဲ။ "
" အံ့အားသင့်စရာပဲ "
ကုချိုးနှင့် ကုကန်ချိုးတို့ တီးတိုးပြောဆိုနေကြစဥ်တွင် အခန်းအပြင်ဘက်ရှိ လီယွမ်ပက တူကြီးကို အကြိမ်ကြိမ်အခါခါ လွှဲရမ်းနေတာကိုတော့ သူတို့နှစ်ယောက်မသိလိုက်ကြပေ။ သူ၏ မျက်နှာတစ်ခုလုံးက မဲမှောင်နေသည်။ ဂိုဏ်းချုပ်က ဒီအရူးနှစ်ကောင်ကို စောင့်ကြည့်ခိုင်းထားတာ သူတကယ်သည်းမခံနိုင်တော့ဘူး။ သူ့လိုတည်ငြိမ်တဲ့ လူတစ်ယောက်ကတောင် ဒီနှစ်ကောင်ကို သေတဲ့အထိ တူနဲ့ထုသတ်ချင်နေပြီဖြစ်သည်။ ဂိုဏ်းချုပ်အနေနှင့် ဒီနေ့အချိန်ထိသည်းခံနိုင်တာဟာ တကယ့်ကို အံ့ဖွယ်ကောင်းလှပေသည်။
.......
" ဟေး "
"အစ်ကိုကြီးတို့ ဘာတွေအလျင်လိုနေကြတာလဲ။"
ဝမ်ကျန်းတောင်တန်းများ၏ အစွန်အဖျားတစ်နေရာတွင်
အပြာရောင်ဂါဝန်ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်သည် ဧရာမသစ်ပင်ကြီး၏ အနောက်မှ ခုန်ထွက်လာခဲ့ပြီး လူငယ်လေးတစ်စု၏ အရှေ့၌ လမ်းပိတ်ရပ်ကာမေးမြန်းလိုက်သည်။
ထိုမိန်းကလေးသည် ငယ်ရွယ်နုနယ်ပြီး ချစ်စရာကောင်းလှသည်။ သူမ၏ မျက်လုံးလေးများမှာလည်း အရောင်လဲ့နေပြီး ပါးပြင်ကလေးနှစ်ဖက်ပေါ်တွင်လည်း ပါးချိုင့်ကလေးနှစ်ခုရှိနေသည်။ သူမဟာလှပသော နတ်သမီးလေးတစ်ပါးအလားပင်။
" ကလေးမလေး မင်းဒီမှာ ဘာလုပ်နေတာလဲ။ ဝမ်ကျန်းတောင်တန်းတွေက အလွန့်ကို အန္တရာယ်များတယ်နော်။ အမြန်ထွက်သွားလိုက်တော့။ "
ဦးဆောင်လာသောလူငယ်က မိန်းမငယ်လေးကို တွေ့မြင်လိုက်ရသည့်အခါ ညင်သာစွာပြုံးပြီး တိုးဖွစွာပြောဆိုလိုက်သည်။
" အကိုကြီး ကျွန်မကို အရင်ပြောပြပါဦး။ ဘာတွေများအလျင်လိုနေတာလဲ။ ပြောပြီးရင် ကျွန်မထွက်သွားပါ့မယ်။ "
မိန်းမငယ်လေးသည် ရယ်ကာမောကာဖြင့် ထပ်မံပြောဆိုလိုက်သည်။
" ငါတို့က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို သွားမလို့ပဲ။ "
လူငယ်လေးသည် စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် ပြောဆိုလိုက်သည်။
လူငယ်လေး၏ စကားများကို ကြားလိုက်ရသည့်အခါ အနောက်ဘက်ရှိ လူငယ်ကလေးများအားလုံးကလည်း ရှန်ရှန့်ကျုံဂိုဏ်း ရှိရာနေရာဘက်သို့ စိတ်အားထက်သန်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်မိလိုက်သည်။
" ရှန်ရှန့်ကျုံဂိုဏ်းလား။ တစ်ခါမှတောင်မကြားဖူးဘူး။ "
မိန်းမငယ်လေး၏ စကားကို ကြားလိုက်ရသည့်အခါ လူငယ်လေးက ပေါ့ပေါ့ပါးပါးပြုံးကာ ထပ်မံပြောဆိုလိုက်သည်။
"ရှန်ရှန့်ကျုံဂိုဏ်း ဆိုတာ သိပ်မကြာခင်ကမှ နာမည်ကြီးလာတဲ့ ဂိုဏ်းတစ်ဂိုဏ်းလေ။ အဲတာက ထျန်းလန်မြောက်ပိုင်းဒေသမှာပဲ ကျော်ကြားတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ။ မင်းမသိတာ အံ့သြစရာတော့မဟုတ်ပါဘူး။ "
" ကောင်းပြီ။ ဒါဆိုကျွန်မသွားလိုက်ပါအုံးမယ် အကိုကြီးတို့ကို နှုတ်ဆက်ပါတယ်။ "
" နှုတ်ဆက်ပါတယ် ကလေးမ "
လူငယ်လေးသည် ထွက်ခွာသွားသော မိန်းမငယ်လေးကို လှမ်းကြည့်ရင်း ခေါင်းခါရမ်းလိုက်ကာ ရှန်ရှန့်ကျုံဂိုဏ်း ရှိရာဘက်သို့ ဆက်လက်ခရီးနှင်လာခဲ့သည်။
လူငယ်လေးများ ထွက်ခွာသွားပြီးသည့် နောက်တွင် မိန်းမငယ်လေး၏ ပုံရိပ်က နောက်တစ်ခါပြန်ပေါ်လာခဲ့သည်။
ဤအချိန်တွင် သူမ၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အရှိန်အဝါများမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ မိန်းမငယ်လေးထံတွင် မြင့်မြတ်ပြီး ကောင်းကင်ဘုံကိုးလွှာမှ နတ်သမီးတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါသည့်အရှိန်အဝါများက အစားထိုးဝင်ရောက်လာကာ လူတိုင်းကို မော့မကြည့်ရဲလောက်သည့် ခံစားချက်မျိုးပေးစွမ်းနေသည်။ သူမ၏မျက်ဝန်းများဟာ ဆောင်းဦးရေစင်အလား ကြည်လင်လှပေသည်။
" ပြန်လည်ဝင်စားခြင်းရဲ့ ကပ်ဘေးကနီးသထက်နီးလာပြီ။ ရှန်ရှန့်ကျုံဂိုဏ်း ကလည်း ဂိုဏ်းသားတွေစုဆောင်းနေတာဆိုတော့ ရှန်ရှန့်ကျုံဂိုဏ်းကို အရင်ဝင်ပြီး ပြန်လည်ဝင်စားခြင်းရဲ့ကပ်ဘေးကနေ လွတ်မြောက်အောင် ပုန်းအောင်းနေရမယ်။ အဲဒီကောင် ကွေ့ဝူက ဒီဧကရီရဲ့ ကပ်ဘေးဒုက္ခကို အခွင့်ကောင်းယူပြီး ပုန်ကန်ရဲတယ်။ ဒီဧကရီကို စောင့်နေလိုက်စမ်းပါ။ ပြန်လည်ဝင်စားခြင်းရဲ့ ကပ်ဘေးကို ဖြတ်ကျော်ပြီးရင် မင်းရဲ့ အရေပြားတွေကို ခွာထုတ်ပြီး မင်းရဲ့အရိုးတွေကို တစစီပိုင်းဖြတ်ပစ်မယ်! "
အေးစက်ပြီး ခက်ထန်သော အသံတစ်သံက မိန်းမငယ်လေး၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ကြယ်ရောင်လိုတောက်ပသော မျက်ဝန်းလေးများအတွင်း၌ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်လာခဲ့သည်။
နောက်တဒင်္ဂအကြာမှာပဲ မိန်းမငယ်လေးထံမှ အရှိန်အဝါများအားလုံးသည် ပျောက်ကွယ်သွားပြီး မူလကကဲ့သို့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အသွင်အပြင်လေးအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ သူမသည် ရှန်ရှန့်ကျုံဂိုဏ်းရှိရာဘက်သို့ ခုန်ပေါက်ပြီးထွက်ခွာလာခဲ့တော့သည်။
သို့ပါသော်လည်း မိန်းမငယ်လေး ဖြတ်သန်းသွားသည့်အခါတိုင်းတွင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများအားလုံးမှာ မြေပြင်ပေါ်တွင် ဝပ်လျက် တုန်လှုပ်နေကြရသည်။ အသက် ၁၃၊ ၁၄နှစ်ခန့်သာရှိသော မိန်းမငယ်လေးသည် နတ်ဆိုးသားရဲများအားလုံးကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။ ဤမြင်ကွင်းမှာ အံ့ဖွယ်ကောင်းလှပေးသည်။ ဤအကြောင်းအရာသာ သတင်းပျံ့နှံ့သွားပါက ကမ္ဘာကိုတုန်လှုပ်သွားစေမှာပဲဖြစ်သည်။
.......
ယဲ့ရှန်းအိမ်တော်၏ အဓိက ခန်းမကြီးထဲတွင် ယဲ့ဟွမ် သည် အမြင့်မားဆုံးနေရာ၌ထိုင်နေပြီး အောက်ခြေရှိ ယဲ့ရှန်းအိမ်တော်အကြီးအကဲခုနှစ်ယောက်ကို ငုံ့မိုးကြည့်ရှုနေသည်။ ပထမအကြီးအကဲစုချင်းက ပြောဆိုလိုက်သည်။
" အိမ်တော်အရှင် ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ကျင်းပနေပါပြီ။ ရှန်ရှန့်ကျုံဂိုဏ်းက်ို ဂုဏ်ပြုဖို့အတွက် ယဲ့ရှန်းအိမ်တော်က လူတွေကို စေလွှတ်သင့်သလား။ "
စုချင်း၏ စကားဆုံးသွားသည့်အခါ အကြီးအကဲခြောက်ယောက်စလုံးသည် ယဲ့ဟွမ်ကိုမော့ကြည့်လိုက်ကြသည်။
ယဲ့ဟွမ်၏ လှပသော မျက်ဝန်းလေးများမှာ ကျဥ်းမြောင်းသွားပြီး သူမ၏ နှုတ်ခမ်းကို ခပ်ဟဟဖွင့်လျက် ပြောဆိုလိုက်သည်။
" ဒီတစ်ကြိမ်မှာ ဒီအိမ်တော်အရှင်ကိုယ်တိုင် သွားရောက်ပြီး ဂုဏ်ပြုမယ်။ ဒုတိယအကြီးအကဲ မင်းကတော့ အိမ်တော်မှာ နေခဲ့ပါ။ ကျန်တဲ့အကြီးအကဲတွေအားလုံးကတော့ ရှန်ရှန့်ကျုံဂိုဏ်းကို သွားရောက်ဂုဏ်ပြုဖို့ ငါနဲ့လိုက်ခဲ့ရမယ်။ "
" ကောင်းပါပြီ အိမ်တော်အရှင် "
စုချင်းနှင့် အခြားအကြီးအကဲများသည် အလျင်အမြန်ဦးညွှတ်ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်ကြသည်။
အောက်ဘက်က အကြီးအကဲ ၇ယောက်ကို စူးစိုက်ကြည့်နေသော ယဲ့ဟွမ်၏ မျက်လုံးများအတွင်း၌ နားမလည်နိုင်သော အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတောအတွင်းတွင် သူမသည် ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံသင့်သလားကို စဥ်းစားဝေခွဲမရဖြစ်နေခဲ့သည်။ ယခုအချိန်တွင် သူမမှာ ရှန်ရှန့်ကျုံဂိုဏ်း မည်မျှသန်မာကြောင်းကို သွားရောက်ကြည့်ရှုရန် အခွင့်အရေးရလာခဲ့ပြီဖြစ်သည်။
ဤကမ္ဘာပေါ်တွင် တချို့သောသူများကတော့ မိမိမျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရသေးမှီ အကြားစကားများဖြင့် ယုံကြည်လေ့မရှိပါပေ။
ထျန်းလန်မြောက်ပိုင်းဒေသတွင် ကျော်ကြားသော ယဲ့ရှန်းအိမ်တော်တစ်ခုလုံးကို တစ်ယောက်တည်းအားဖြင့် တည်ထောင်နိုင်ခဲ့သော ယဲ့ဟွမ်အနေဖြင့် သူမ၏ နှလုံးသားမှာ မာနကြီးလှပေသည်။ သူမသည် ယဲ့ရှန်းအိမ်တော်ကို သွေးနှင့်ချွေးနှင့် ရင်း၍ တည်ထောင်ခဲ့ရသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းကို အဘယ်မှာလျှင် လွယ်လင့်တကူအညံ့ခံနိုင်မည်နည်း။
တချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်း တည်ရှိရာနေရာနှင့် မိုင်ပေါင်းထောင်ချီအကွာအဝေးရှိ ဝမ်ကျန်းတောင်တန်းတစ်နေရာတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည်လေထု အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသားမှာ ရှောင်းမျိုးနွယ်မှ အမျိုးသားပဲဖြစ်သည်။
သူဟာ တောင်ခြေမှ ရှန်ရှန့်ကျုံဂိုဏ်း ရှိရာဘက်သို့ အလျင်စလို လာရောက်နေကြသော လူငယ်လေးများကို ငုံ့ကြည့်လိုက်ပြီး ယင်းနောက် သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်အခါ လူငယ်လေးများ၏ ရှေ့သို့ရုတ်ချည်းရောက်ရှိသွားလေသည်။
" ဂိုဏ်းသားစုဆောင်းခြင်းညီလာခံလား.. "
လူငယ်လေးများ၏ မှတ်ဉာဏ်များကို စုပ်ယူလိုက်ပြီးသည့်နောက် သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာထက်၌ ထူးဆန်းသောအပြုံး ဖြစ်ပေါ်လာပြီး တီးတ်ိုးရေရွတ်လိုက်သည်။
"ကောင်းပြီ။ ရှန်ရှန့်ကျုံဂိုဏ်းကို အထွတ်အထိပ်အခြေအနေမှာ စိတ်ပျက်အားလျော့မှုကို ခံစားလိုက်စေတာပေါ့ကွာ။ "
" ရှောင်းမျိုးနွယ်ရဲ့ မိသားစုအခွဲကလေးက အရေးမပါတဲ့ မိသားစုအခွဲလေးဆိုပေမယ့် မင်းတို့လို ဂိုဏ်းသေးသေးလေး ထိပါးနိုင်တဲ့အရာ မဟုတ်ဘူးကွ။ "
" ငါတို့ရှောင်းမိသားစုကို ထိပါးဝံ့သူမှန်သမျှ သေရမယ်!"