ရည်မှန်းချက်မရှိ။
Vol. 17 Ch. 236
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းသည် အောက်ဘက်ရှိ ကျန်းစန်ဖုန်းကိုစိုက်ကြည့်ကာ ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည် ။
" စန်ဖုန်း ၊ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းရေးညီလာခံကို ထျန်းလန်မြောက်ပိုင်းက လူငယ်မျိုးဆက် ဘယ်လောက်များများ တက်ရောက်လာသလဲကွ ။ "
" ဂိုဏ်းချုပ်ကိုအစီအရင်ခံပါတယ် ။ လက်ရှိလူပေါင်း ငါးထောင့်လေးရာရှစ်ဆယ့်သုံးယောက် တက်ရောက်လာပြီး ဆက်လက်လည်း တက်ရောက်လာနေဆဲပါ ။ " ကျန်းစန်ဖုန်းသည် လျင်မြန်စွာပြောဆိုလိုက်သည် ။
" ကောင်းပြီ ။ အရာအားလုံးကိုသေချာစွာ စီစစ်ထားပါလေ။ ပြဿနာဖြစ်လာမှာကိုကာကွယ်ဖို့ အကြီးအကဲတွေကလည်း ကွင်းပြင်ကြီးထဲမှာ စောင့်ကြပ်နေကြတယ် ။ " ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်ကာ သူ၏မျက်ဝန်းများမှာကျဉ်းမြောင်းသွားပြီး တည်ငြိမ်စွာပြောဆိုလိုက်သည် ။
" ဟုတ်ကဲ့ ။ ဒီငယ်သားက အရာအားလုံးကို စီစဉ်ပြီးပါပြီ ။ ညီလာခံစတင်ဖို့ပဲ ကျန်ပါတော့တယ် ။ " ကျန်းစန်ဖုန်းသည် လေးစားစွာပြောဆိုလိုက်သည် ။
ဝမ်ဖုန်းဟာခေါင်းညိတ်လိုက်ပြီး သူဟာ တစ်စုံတစ်ရာကို ဆက်လက်ပြောဆိုတော့မည့်အချိန်မှာ သူ၏မျက်လုံးများဟာ လှုပ်ရှားသွားပြီး ခန်းမအပြင်ဘက်တစ်နေရာကို စူးစိုက်ကြည့်လိုက်သည် ။ သူ့မျက်လုံးမျာဟာ အတားအဆီးများကိုဖြတ်ကျော်၍ လှပသောအမျိုးသမီးတစ်စုကို တွေ့မြင်လိုက်ရပုံပေါ်သည် ။ ကျန်းစန်ဖုန်းနှင့် အခြားသောအကြီးအကဲများကလည်း တူညီသောနေရာကို စူးစိုက်ကြည့်လိုက်သည် ။
" ယဲ့ရှန်းအိမ်တော်သခင် ယဲ့ဟွမ်နဲ့ အကြီးအကဲခြောက်ယောက်တို့က ရှန်ရှန့်ကျုံ့ဂိုဏ်း၊ ဂိုဏ်းသားစုဆောင်းရေးညီလာခံကို ဂုဏ်ပြုဖို့ရောက်လာပါတယ် ။ "
နွေဦး၏လေပြေလေးကဲ့သို့သော ကြည်လင်အေးမြသည့်အသံလေးတစ်သံသည် ထွက်ပေါ်လာခဲ့သည် ။
ထိုအသံထွက်ပေါ်လာခြင်းနှင့်အတူ လှပသောအမျိုးသမီးငယ်ခုနှစ်ယောက်သည် ရှန်ရှန့်ကျုံ့ဂိုဏ်းကွင်းပြင်ထဲ၌ ရုတ်တရက်ထွက်ပေါ်လာကြသည် ။ ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းသားစုစည်းခြင်းညီလာခံကို လာရောက်ဆင်နွှဲကြသော ထျန်းလန်မြောက်ပိုင်းဒေသရှိ လူငယ်မျိုးဆက်အားလုံးမှာ အံ့အားသင့်သွားကြသည် ။
" ဒါက ဒီနေ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားပဲ ! "
" ဟုတ်တယ် ။ ယဲ့ရှန်းအိမ်တော်သခင် ယဲ့ဟွမ်ကိုယ်တိုင် အကြီးအကဲတွေကိုဦးဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်ပြုရတာကွ ။ ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ခွင့်ရရင် ငါ့အတွက်တော့ ကံကောင်းပြီဟေ့ ။ "
" ငါ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်အလှလေးကို မျက်မြင်တွေ့လိုက်ရပြီ ။ ငါ့ဘဝမှာနောင်တမရှိတော့ဘူး ။ "
" ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်မြောက်ပိုင်းဒေသက ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုတောင် ဖျက်ဆီးပြီးပြီးလေ ။ ထျန်းလန်မြောက်ပိုင်းဒေသ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းထဲမှာ ယဲ့ရှန်းအိမ်တော်ပဲကျန်တော့တာ ။ ယဲ့ရှန်းအိမ်တော်က ဘယ်လိုလုပ် ဆက်လက်ထိုင်နေရဲဦးမှာလဲ ။ "
" ရှန်ရှန့်ကျုံဂိုဏ်းက ယဲ့ရှန်းအိမ်တော်ကို ဘယ်လိုသဘောထားနေတာလဲ မသိဘူးနော် ။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ခွန်အားနဲ့ ယဲ့ရှန်းအိမ်တော်ကို ဖြုတ်ချဖို့တာ အလွယ်လေးပဲဟာ ။ "
ထျန်းလန်မြောက်ပိုင်းဒေသရှိ လူငယ်ပါရမီရှင်လေးများအားလုံးသည် လှပသောအမျိုးသမီးခုနှစ်ယောက်ကို စူးစိုက်ကြည့်လျက် ပြောဆိုဆွေးနွေးနေကြသည် ။
ထိုလူငယ်လေးများအကြားတွင် သိမ်မွေ့နုနယ်သော ပုံရိပ်လေးတစ်ခု ရှိနေသည် ။ သူမဟာ ခေါင်းမော့ပြီး အမျိုးသမီးခုနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိလိုက်သလိုမျိုး ထူးဆန်းသောအပြုံးတစ်ခု သူမ၏မျက်နှာထပ်၌ ထွက်ပေါ်လာခဲ့သည် ။
သူမက ယဲ့ဟွမ်ကို တခဏကြာအောင် စူးစိုက်ကြည့်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည် ။ " ဇာမဏီမျိုးနွယ်စုရဲ့ မင်းသမီးဟောင်းက ဒီလောက်အခြေအနေထိ နိမ့်ကျသွားမယ်လို့ ငါထင်မထားခဲ့ဘူး ။ တကယ့်ကို အံ့ဩစရာပဲ ။ "
" ဇာမဏီမျိုးနွယ်စုက သူမရဲ့သွေးမျိုးဆက်ကိုဖယ်ရှားဖို့ တစ်ယောက်ယောက်ကိုစေလွှတ်လိုက်ပြီးပြီ ။ သူမခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်လေ ။ ဒီဧကရီက ပြန်လည်ဝင်စားခြင်းဘေးဒုက္ခကို ဖြတ်သန်းနေရပြီး အခက်အခဲတွေအမျာကြီး ရှိနေလို့သာမဟုတ်ရင် ဇာမနီမျိုးနွယ်အစေခံတစ်ယောက်ကို လက်ခံလိုပါသေးရဲ့... ။ "
မိန်းမငယ်လေးသည် ခေါင်းခါရမ်းလိုက်ကာ ယဲ့ဟွမ်ကို ဆက်လက်စောင့်ကြည့်နေခြင်း မရှိတော့ပေ။ ထိုအစား သူမသည် ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမဘက်ကို လှမ်းကြည့်လိုက်ပြီး နားမလည်နိုင်သော အရိပ်အယောင်တစ်ခု သူမ၏မျက်ဝန်းများအတွင်း၌ ဖြစ်ပေါ်လာခဲ့သည် ။
" ရှန်ရှန့်ကျုံဂိုဏ်းကို ဂိုဏ်းလေးတစ်ဂိုဏ်းလို့ ငါထင်ထားခဲ့တာ ။ တာအိုအုပ်စိုးသူအဆင့် စွမ်းအားရှင်ဒါဇင်ကျော်လောက် ရှိနေလိမ့်မယ်လို့ထင်မထားဘူး ။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့နောက်ခံက တကယ့်ကိုသာမန်မဟုတ်ဘူးပဲ ။ "
" ဒါပေမယ့်လည်း ရှန်ရှန့်ကျုံဂိုဏ်းကို လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့က ဖြစ်နိုင်သေးတယ် ။ ဒီဧကရီသာ ပြန်လည်ဝင်စားခြင်းဘေးဒုက္ခကို ဖြတ်ကျော်ပြီးရင် ကွေ့ဝူကိုကောင်းကောင်းကြီး ခံစားစေရမယ် ။ "
မိန်းမငယ်လေးသည် ညင်သာစွာတီးတိုးပြောဆိုလိုက်သည် ။ သူမဟာ မြောက်များစွာသော လူငယ်ပါရမီရှင်လေးများကြားတွင် မတ်တပ်ရပ်နေသော်လည်း လူအများကြားတွင် ကွဲထွက်နေပုံရသည် ။ သူမ၏လှပနုနယ်သော ခန္ဓာကိုယ်လေး၏ ဘေးနားတွင် ခက်ထန်သောအရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည် ။
" အိမ်တော်သခင်ယဲ့ဟွမ်ကို ရှန်ရှန့်ကျုံဂိုဏ်းက ကြိုဆိုပါတယ်ဗျာ ။ ဂိုဏ်းခန်းမထဲကိုလာပြီး စကားပြောကြရအောင် ။ "
ဝမ်ဖုန်း၏အသံသည် ရှန်ရှန့်ကျုံဂိုဏ်း ကွင်းပြင်အလယ်၌ ပဲ့တင်ထပ်သွားသည် ။ ထိုစကားကိုကြားလိုက်ရသည့်အခါ ယဲ့ဟွမ်တို့အုပ်စုကလည်း တုံ့ဆိုင်းနေခြင်းမရှိပဲ ဂိုဏ်းခန်းမအတွင်းကို တန်းပြီးဝင်သွားတော့သည် ။
သူတို့အားလုံး ဂိုဏ်းချုပ်ခန်းမထဲကို ဝင်ရောက်လာသည်နှင့်တပြိုင်နက် ယဲ့ဟွမ်နှင့်အခြားသောသူများသည် ပုလ္လင်ပေါ်၌ထိုင်နေသော ဝမ်ဖုန်းနှင့် ခန်းမအတွင်းရှိနေသော ကျန်းစန်ဖုန်းတို့ကို တွေ့မြင်လိုက်ရသည် ။ ဝမ်ဖုန်းကိုတွေ့မြင်လိုက်ရသည့်အခါ ယဲ့ရှန်းအိမ်တော်သခင်ယဲ့ဟွမ်နှင့် အကြီးအကဲများအားလုံးသည် အံ့အာသင့်သွားကြပြီး သူမတို့၏နှလုံးသားများကလည်း တုန်ယင်သွားကြသည် ။
ဤအချိန်တွင် ဝမ်ဖုန်း၏နက်မှောင်တောက်ပသောဆံပင်များကို ခပ်မြင့်မြင့်စီးနှောင်ထားသည် ။ ဓားသွားကဲ့သို့ ချွန်မြဖြောင့်တန်းသောမျက်ခုံးများ ၊ အမှောင်ယံအတွင်းရှိ လင်းယုန်ငှက်ကဲ့သို့ နက်မှောင်တောက်ပသော မျက်ဝန်းများနှင့်အတူ အေးစက်၍မာနကြီးသောအရှိန်အဝါများ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေလျက်ရှိသည် ။ သူဟာ ခန်းမကြီးထဲတွင် အမြင့်ဆုံးနေရာ၌ထိုင်နေပြီး ကမ္ဘာလောကကို စိတ်ပျက်အားလျော့သွားစေနိုင်သည်အထိ စွမ်းဆောင်နိုင်သော မြင့်မြတ်ခက်ထန်သည့် အရှိန်အဝါမိုးကို သယ်ဆောင်ထားသည် ။
အကြည့်တစ်ချက်ဖြင့်ပင် ယဲ့ရှန်းအိမ်တော်သခင်နှင့် အကြီးအကဲများအားလုံးသည် ထိတ်လန့်သွားကြသည် ။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသောနာမနှင့် တကယ့်ကိုထိုက်တန်ပါ၏ ။ ယဲ့ရှန်းအိမ်တော်၏ အိမ်တော်သခင်ဖြစ်သော ယဲ့ဟွမ်ကိုယ်တိုင်တောင်မှ ဝမ်ဖုန်းကိုတွေ့မြင်လိုက်ရသည့်တစ်ခဏတွင် ထိတ်လန့်သွားခဲ့သည် ။
" အိမ်တော်သခင် ယဲ့ဟွမ် ၊ ကျေးဇူးပြုပြီးထိုင်ပါဦး ။ "
ဝမ်ထုန်းသည် ခပ်ဖွဖွပြုံးလိုက်ပြီး လက်ဆန့်ထုတ်ကာ ဖိတ်ခေါ်သည့်အမူအယာပြုလျက် ပြောလိုက်သည် ။
" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ် ။ "
ယဲ့ဟွမ်သည် လက်သီးဆုပ်ကာ ဂါဝရပြုလိုက်ပြီး အကြီးအကဲများနှင့်အတူ သင့်လျော်ရာနေရာထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည် ။
" ဂိုဏ်းချုပ်ဝမ်က အသက်ငယ်ရွယ်သေးတာတောင် ဒီကြီးမားတဲ့ ရှန်ရှန့်ကျုံဂိုဏ်းကြီးကို ဦးဆောင်နိုင်နေပြီပဲ ။ ယဲ့ဟွမ်က အားကျမိပါတယ်လေ ။ " ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ယဲ့ဟွမ်သည် ဝမ်ဖုန်းကိုမော့ကြည့်ကာ ခပ်ဖွဖွပြုံးလျက် ပြောဆိုလိုက်သည် ။
" အိမ်တော်သခင်ယဲ့ဟွမ် ၊ ဒီလိုမျိုးမပြောပါနဲ့ ။ ငါကရှန့်ရှန့်ကျုံဂိုဏ်းကြီးရဲ့ ဂိုဏ်းချုပ်ဆိုပေမယ့်လည်း အမြဲတမ်းဆိုသလို အရှက်ရနေတာပါကွာ ။ " ဝမ်ဖုန်းသည် လက်ကိုထပ်ခါထပ်ခါ ဝှေ့ယမ်းကာ ပြောဆိုလိုက်သည် ။
" ဂိုဏ်းချုပ်ဝမ်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ သူမတူတဲ့စွမ်းအားရှင်တွေကိုဦးဆောင်ပြီး ထျန်းလန်မြောက်ပိုင်းဒေသက အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းကိုတောင် ဖျက်ဆီးပစ်ခဲ့တာ ။ အဲ့ဒီ့နောက်မှာ ထျန်းလန်မြောက်ပိုင်းဒေသ၏ တစ်ဦးတည်းသောအာဏာရှင် ဖြစ်လာပြီလေ ။ ဘာကိုများ ရှက်ရွံနေရတာတုန်း ။ "
ဝမ်ဖုန်း၏စကားများ ကြားလိုက်ရသည့်အခါ ယဲ့ဟွမ်၏လှပသောမျက်နှာလေးပေါ်တွင် အံ့အားသင့်သော အမူအယာတစ်ခု ဖြစ်ပေါ်လာကာ မေးမြန်းလိုက်သည် ။ မြောက်များစွာသော ယဲ့ရှန်းအိမ်တော်၏ အကြီးအကဲများကလည်း ဝမ်ဖုန်းကို ပဟေဠိဖြစ်နေသော အမူအယာများဖြင့် မော့ကြည့်လိုက်ကြသည် ။
တစ်ချိန်တည်းမှာပဲ ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော်ရှိ အကြီးအကဲများ၏မျက်လုံးထဲတွင် ဝမ်ဖုန်းအပေါ် အမြင်များပြောင်းလဲသွားပြီဖြစ်သည် ။
သာမန်လူတစ်ယောက်သာ ဝမ်ဖုန်းလို အောင်မြင်မှုကြီးကြီးမားမားရရှိလျှင် ကောင်းကင်ကို နှဖူးနှင့်တက်တိုက်တော့မတတ် မောက်မာထောင်လွှားနေမှာပဲဖြစ်သည် ။
အခြားတစ်ဖက်မှာတော့ဝမ်ဖုန်းသည် မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိပေ ။ ထိုကဲ့သို့သောစိတ်ထားမျိုးက တကယ့်ကို လေးစားထိုက်ပေသည် ။
" ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အရင့်အရင်ဂိုဏ်းချုပ်တွေအားလုံးက ထူးချွန်တဲ့လူတွေပဲလေ ။ သူတို့အားလုံးက ကောင်းကင်နဲ့မြေပြင်ကိုတောင် ပြဿနာတစ်စုံတစ်ရာမရှိပဲ ဖိနှိပ်နိုင်ခဲ့တာ ။ အရည်အချင်းအညံ့ဆုံး ပဉ္စမမြောက်ဂိုဏ်းချုပ် တုန်ထျန်းဆိုရင်တောင် မိုးကောင်းကင်ကို အံတုဖက်ပြိုင်နိုင်ခဲ့တာ ။ ဒီဂိုဏ်းချုပ်ကတော့ ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုတည်းကိုပဲ အုပ်စိုးနိုင်ခဲ့တာလေ ။ ဒီဂိုဏ်းချုပ်က ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးတွေကို အရှက်ရစေမိပါပြီ ။ "
" ဒီနေ့ ဒီဂိုဏ်းချုပ်ဦးဆောင်လာတဲ့ ရှန်ရှန့်ကျုံဂိုဏ်ရဲ့ခွန်အားက အရင်မျိုးဆက်ဟောင်း ဂိုဏ်းချုပ်တွေဦးဆောင်ထားတဲ့ ရှန်ရှန့်ကျုံဂိုဏ်းခွန်အားရဲ့ တစ်သန်းပုံတစ်ပုံတောင် မရှိသေးပါဘူး။ ဒီဂိုဏ်းချုပ်ဘယ်မှာ အရှက်မရဘဲနေမှာလဲ ။ "
ဝမ်ဖုန်းသည် သက်ပြင်းဖွဖွချလိုက်ကာ အထီးကျန်နေသောအမူအယာဖြင့် ပြောဆိုလိုက်သည် ။
???
ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ ခန်းမကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော်ရှိအကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ကြလိုက်ပြီး သူတို့၏နှုတ်ခမ်းထောင့်များသည် တုန်ယင်လာကြသည် ။ သူတို့မျက်နှာများထက်တွင်လည်း ပုံမှန်မဟုတ်သောအမူအယာများ ဖြစ်ပေါ်လာသည် ။
" အဟမ်း အဟမ်း၊ ဂိုဏ်းချုပ်ဝမ်ရဲ့အစီအစဉ်က ဘာများလဲမသိဘူး ။ " ယဲ့ဟွမ်သည် ခပ်ဖွဖွချောင်းဟမ့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည် ။ သူမသာ ဝမ်ဖုန်း၏စကားများကို ဆက်လက်နားထောင်နေမည်ဆိုပါက သည်းမခံနိုင်မှာကို ကြောက်ရွံ့မိသည် ။
" ဟင်း ၊ ပြောရတာ အရှက်ရစရာတော့ကောင်းပါတယ် ။ ကျုပ်မှာ ရည်မှန်းချက်မရှိပါဘူး ။ ကျုပ်က အရင်ရှန်ရှန့်ကျုံဂိုဏ်းရဲ့စွမ်းဆောင်ရည်ကို ပြန်လည်ရရှိအောင်လုပ်ဆောင်ချင်ရုံပါပဲ ။ ဖြစ်နိုင်ရင်တော့ အတိတ်ကာလက ရှန်ရှန့်ကျုံဂိုဏ်းထက် ပိုမိုတောက်ပြောင်တဲ့ဂိုဏ်းကြီး ဖြစ်စေချင်တယ်ဗျာ ။ ဒီလိုဆိုရင်တော့ကျုပ်ဘဝမှာ ပျော်ရွှင်နိုင်ပြီပေါ့ ။ "
????
သူထပ်ပြီး သရုပ်ဆောင်နေပြန်ပြီလား ! ။
ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော်၏အကြီးအကဲများသည် နှလုံးသားအတွင်း၌ ဆူပူမာန်မဲမိလိုက်ကြသည် ။ ရှင်က မိုးကောင်းကင်နဲ့မြေပြင်ကို ဖိနှိပ်ချုပ်ချယ်ချင်တယ်လည်းပြောသေးတယ် ။ ရည်မှန်းချက်မရှိဘူးလည်းပြောသေးတယ် ။ ဒါဆို ဘယ်လိုမျိုးကိုမှ ရည်မှန်းချက်ရှိတယ်လို့ခေါ်မှာလဲ ။ ကမ္ဘာကြီးကိုဖျက်ဆီးပြီး ပြန်လည်တည်ဆောက်မှ ရှင့်ရဲ့ရည်မှန်းချက်လို့ခေါ်မှာလား ။
ယဲ့ဟွမ်၏နှလုံးသားအတွင်း၌ လှိုင်းထန်နေပြီဖြစ်သော်လည်း သူမဟာ တိတ်ဆိတ်ငြိမ်သက်ဖို့သာ ရွေးချယ်လိုက်သည်။
ယဲ့ဟွမ်သည် ဘယ်စကားကိုမှ ဆက်လက်ပြောဆိုခြင်းမရှိပါပေ ။ ဘာပဲဖြစ်ဖြစ် ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလျန်မြောက်ပိုင်းဒေသ၏ အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သည်မဟုတ်ပါလော ။
" ဂိုဏ်းချုပ် ၊ ပါရမီရှင်တွေ အတော်များများ ရောက်နှင့်နေပါပြီ ။ ကျုပ်တို့အစီအစဉ် စလို့ရပါပြီ ။ " ဒီအချိန်မှာပဲ ကျန်းစန်ဖုန်း၏အမူအယာသည် ပြောင်းလဲသွားပြီး ဝမ်ဖုန်းကို လေးလေးစားစားဂါဝရပြုကာ ပြောဆိုလိုက်သည် ။
ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး ယဲ့ဟွမ်ကိုကြည့်ကာ ပြောဆိုလိုက်သည် ။ " အိမ်တော်သခင်ယဲ့ဟွမ် ၊ ကျေးဇူးပြုပြီး ! "
" ဂိုဏ်းချုပ်ဝမ် ၊ ကျေးဇူးပြုပြီး ! "
ယဲ့ဟွမ်သည် သူမ၏ကျောက်စိမ်းသားလိုလက်ကလေးဖြင့် လက်သီးဆုပ်ဂါဝရပြုကာပြောလိုက်သည် ။
ယင်းနောက် ဝမ်ဖုန်းကဦးဆောင်၍ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည် ။ သူ၏နောက်တွင် ယဲ့ဟွမ် ၊ ကျန်းစန်ဖုန်းနှင့် အခြားသောသူများ လိုက်ပါလာကြသည် ။ ဝမ်ဖုန်းနှင့်သူတို့အားလုံးသည် မြင့်မားသော ရှန်ရှန့်ကျုံဂိုဏ်း၏ စင်မြင့်ထက်သို့ တက်လှမ်းသွားခဲ့ကြလေသည် ။