ဂိုဏ်းသားစုဆောင်းခြင်းညီလာခံစတင်ခြင်း ၊ ဇာမဏီမျိုးနွယ်စုရောက်လာခြင်း။
Vol. 17 Ch. 237
"အဲ့ဒီလူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား?"
"ဟုတ်တယ်... သူ့မျက်နှာကို ငါသေသေချာချာမမြင်ရပေမယ့် သူကကြီးကျယ်ခမ်းနားပြီး ပညာရှိတဲ့လူပဲဆိုတာ သေချာတယ်"
"ဒီလိုလည်းမဟုတ်သေးဘူးကွ... ပြောကြတာတော့ ရှန်ရှန့်ကျုံဂိုဏ်းချုပ်က အရမ်းကိုချောမောတယ်ဆိုပဲ ၊ သူသာ အသွင်အပြင်အသစ်အမှန်ကို ထုတ်ဖော်ပြသလိုက်ရင် အမျိုးသမီးတွေ မထိန်းချုပ်နိုင်ဖြစ်သွားမှာကို စိုးရိမ်လို့ မျက်နှာကိုဝေဝါးအောင် ကာကွယ်ထားရတာ"
စကားစမြည်ပြောဆိုနေကြသော လူငယ်ပါရမီရှင်လေးများသည် အဆိုပါစကားကို ပြောဆိုလိုက်သည့် လူငယ်အား လှည့်ကြည့်လိုက်ကြသည်။ သူတို့ဟာ ထိုလူငယ်လေးကို တိတ်တဆိတ်လက်မထောင်ပြလိုက်မိသည်။ ကပ်ဖားယပ်ဖား ပြောဆိုတဲ့နေရာမှာတော့ မင်းက တကယ့်ကိုဆရာကြီးပဲနော်။
စင်မြင့်ပေါ်တွင်ရှိနေသော ဝမ်ဖုန်းနှင့် အခြားသူများ၏ ကျင့်ကြံဆင့်ဖြင့်ဆိုပါက လူငယ်မျိုးဆက်လေးများ အားလုံး၏အသံကို ကြားနိုင်ပေသည်။ ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော် အကြီးအကဲများသည် ခပ်ပါးပါးပြုံးလိုက်ကြပြီး ဝမ်ဖုန်းကို စိတ်ဝင်စားနေသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။ သို့ပါသော်လည်း သူတို့မျှော်လင့်မထားခဲ့ပေ။ ဂိုဏ်းချုပ်ဝမ်သည် အနည်းငယ်သော အမူအရာပြောင်းလဲမှုမှမရှိဘဲ တိုင်တောင်ကြီးအလား ခိုင်ခိုင်မာမာမတ်တပ်ရပ်နေဆဲပင်။
ယဲ့ဟွမ်နှင့် အခြားသူများ အကြည့်လွှဲသွားသည့်အခါမှသာ ဝမ်ဖုန်းသည် မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး ထိုစကားပြောဆိုလိုက်သည့် လူငယ်ကို စိုက်ကြည့်လိုက်သည်။ ဒီကလေးက မဆိုးဘူးလို့ သူခံစားနေရသည်။
"မင်းတို့အားလုံးကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကနေ ကြိုဆိုလိုက်ပါတယ်..."
ဝမ်ဖုန်း၏ အချက်ပြမှုကြောင့် ကျန်းစန်ဖုန်းသည် ကောင်းကင်ပေါ်တွင် မတ်တက်ရပ်ပြီး လူငယ်မျိုးဆက်လေးများကို ဝေ့ဝဲကြည့်ရှုကာ ကျယ်လောင်သော လေသံဖြင့် ပြောဆိုလိုက်သည်။ အဆိုပါအသံဟာ ရှန်ရှန့်ကျုံဂိုဏ်း ကွင်းပြင်တစ်ခွင်ကို လွှမ်းခြုံသွားလေသည်။
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ ကွင်းပြင်ကျယ်တွင် ထျန်းလန်မြောက်ပိုင်းဒေသရှိ လူငယ်ပါရမီရှင် အယောက် ခုနှစ်ထောင်ကျော်ရှိနေကြသည်။ ဒါတောင်မှ အချို့သောလူများက အချိန်မမှီလိုက်ကြ၍ ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် လူများပိုမို များပြားနေဦးမှာ ဖြစ်သည်။
"ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို စမ်းသပ်မှု သုံးခုဖြင့် ခွဲခြားထားတယ်... ဇွဲလုံ့လ ၊ နားလည်သဘောပေါက်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုပြီးတော့ပေါ့။ မင်းတို့သာ ဒီစမ်းသပ်မှုသုံးခုကို ဖြတ်ကျော်နိုင်တယ်ဆိုရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသား ဖြစ်လာလိမ့်မယ်..."
ရှန်ရှန့်ကျုံဂိုဏ်းက အမှန်တကယ် ရုပ်ခန္ဓာ ၊ ကျင့်ကြံမှု ၊ ပါရမီစသည်တို့ကို မစစ်ဆေးကြောင်းကြားသိလိုက်ရသည့်အခါ လူငယ်ပါရမီရှင်လေးများစွာသည် တိတ်တဆိတ်ပျော်ရွှင်သွားကြသည်။ ယုံကြည်မှုများလည်း ပိုမိုမြင့်တက်လာကြသည်။
အစက လူငယ်လေးများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စစ်ဆေးပွဲများမှာ အလွန်အမင်းခက်ခဲနေမှာကို စိုးရိမ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ရှန်ရှန့်ကျုံဂိုဏ်းသည် လက်ရှိထျန်းလန်မြောက်ပိုင်းဒေသ၏ အာဏာရှင်ကြီးပင် မဟုတ်ပါလော။ ဘယ်လိုလုပ်များသူတို့ ရှန်ရှန့်ကျုံဂိုဏ်းကို အလွယ်တကူဝင်ခွင့်ရဖို့ မျှော်လင့်ရဲပါ့မလဲ။
သို့ပါသော်လည်း မျှော်လင့်မထားစွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသည် ပါရမီကို အဓိကထား စစ်ဆေးခြင်းမပြုခဲ့ပေ။ ဆိုလိုသည်က သူတို့သာ ဇွဲလုံ့လ ၊ နားလည်သဘောပေါက်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုသည့် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်နိုင်ပြီဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်နိုင်မှာ ဖြစ်သည်။
လူငယ်ပါရမီရှင်လေးများအတွက်တော့ အဆိုပါ စစ်ဆေးမှုသုံးခုဟာ အလွန်အမင်းခက်ခဲမှု မရှိပါပေ။
စင်မြင့်ထက်ရှိ ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော်ရှိ စွမ်းအားရှင်များသည် အံ့အားသင့်သွားကြသည်။ ယဲ့ဟွမ်သည် ပေါ့ပါးသွက်လက်သော အမူအရာဖြင့် မတ်တပ်ရပ်နေသော ဝမ်ဖုန်းကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားကြောင့်လား?။ တပည့်တွေရဲ့ ပါရမီစွမ်းရည်ကို ဂရုမစိုက်သည်ထိအောင် ဘယ်လိုများယုံကြည်မှုတွေ မြင့်မားနေရတာလဲ?။
"ပထမဆုံး စစ်ဆေးမှုက ဇွဲလုံ့လစစ်ဆေးမှုပဲ.. ဒီအကြီးအကဲရဲ့ အရှိန်အဝါဖိအားအောက်မှာ မင်းတို့သာ ၁၅ မိနစ်ကြာအောင် တောင့်ခံနိုင်ရင် စမ်းသပ်မှုကို အောင်မြင်ပြီ"
ကျန်းစန်ဖုန်းသည် ကွင်းပြင်ထဲရှိ လူငယ်မျိုးဆက်လေးများကို ဝေ့ဝဲကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။ ကျန်းစန်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ လူငယ်မျိုးဆက်လေးများ၏ နှလုံးသားသည် တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာအမူအရာများကလည်း တည်ကြည်လေးနက်သွားကြသည်။ ကျရောက်လာတော့မည့် ဖိအားကြီးကို ရင်ဆိုင်ရန် အစွမ်းကုန် ပြင်ဆင်ထားလိုက်ကြသည်။ ဤသည်မှာ ထျန်းလန်မြောက်ပိုင်းဒေသရှိ ဂိုဏ်းကြီးများကို ဖျက်စီးခဲ့သော ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်တစ်ယောက်၏ ဖိအားဖြစ်သည်။ ထိုဖိအားမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
"ဘုံး..."
လူငယ်မျိုးဆက်လေးများ အဆင့်သင့်ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည့်အခါ ကျန်းစန်ဖုန်းသည် အချိန်ဆွဲခြင်းမရှိတော့ဘဲ အရှိန်အဝါများကို ရုတ်ချည်းထုတ်လွှတ်လိုက်သည်။ စွမ်းအားကြီးသော ခွန်အားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရှန်ရှန့်ကျုံဂိုဏ်း ကွင်းပြင်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။
အဆိုပါ စွမ်းအင်ဖိအား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှိနေကြသော လူငယ်မျိုးဆက်လေးများ၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။ သို့ပါသော်လည်း လူငယ်လေးများသည် အံကိုတင်းတင်းကြိတ်၍ သည်းခံနေကြသည်။ လူငယ်ကလေး အနည်းငယ်ကသာ သက်တောင့်သက်သာ အမူအရာဖြင့် ရှိနေကြသည်။
အဆိုပါလူငယ်လေးများထဲတွင် အသန်မာဆုံးလူမှာ တာအိုနန်းတော် အစောပိုင်းအဆင့်၌သာရှိသေးသည်။ ထို့ကြောင့် ကျန်းစန်ဖုန်းသည် အလွန်အမင်းသန်မာသော အရှိန်အဝါများကို ထုတ်လွှတ်ခြင်းမရှိခဲ့ဘဲ တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်နှင့်ညီမျှသော စွမ်းအင်ဖိအားကိုသာ ထုတ်လွှတ်ခဲ့သည်။
တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ လူငယ်လေးအယောက်နှစ်ထောင်ခန့်သည် ကျန်းစန်ဖုန်း၏ ဖိအားကို တောင့်မခံနိုင်တော့ဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
အဆိုပါ လူငယ်လေးအများစုသည် တာအိုဝိညာဥ်အဆင့် စွမ်းအားရှင်များ ဖြစ်ကြသည်။ သူတို့၏ မျက်နှာများမှာ မဲမှောင်နေပြီး ရှန်ရှန့်ကျုံဂိုဏ်းဆီမှ လေးပင်သောအမူအရာများဖြင့် ထွက်ခွာသွားကြသည်။
လူငယ်လေးများ ထွက်ခွာသွားသည်ကို တွေ့မြင်ရသော်လည်း ကျန်းစန်ဖုန်း၏ မျက်နှာထက်၌ မည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။ သူဟာ တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်ရှိ စွမ်းအင်ဖိအားကိုသာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်မှာ သန်မာသော စိတ်ဓာတ်ခွန်အား ရှိနေသေးသရွေ့ သည်းခံနိုင်မှာ ဖြစ်သည်။ ထွက်ခွာသွားသည့် လူငယ်လေးများသည် စိတ်ဓာတ်မကြံ့ခိုင်သူများသာ ဖြစ်သည်။
"ဒုတိယစစ်ဆေးမှုက နားလည်သဘောပေါက်မှုပဲ... ဒါက တာအိုဘိုးဘေးအဆင့် ကျမ်းစာ။မင်းတို့သာ ဒီကျမ်းစာကို တစ်နာရီအတွင်း နားလည်နိုင်မယ်ဆိုရင် စစ်ဆေးမှုကို အောင်မြင်ပြီ"
ကျန်းစန်ဖုန်းသည် ကျန်ရှိနေသေးသော လူငယ်လေး အယောက်လေးထောင်ခန့်ကို စိုက်ကြည့်ကာ ကျယ်လောင်သော အသံဖြင့်ပြောဆိုလိုက်သည်။ သူသည် လက်ကိုဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်သည့်အခါ မြောက်များစွာသော ကျောက်စိမ်းပေလွှာများသည် လူငယ်လေးများ၏ အရှေ့၌ ထွက်ပေါ်လာကြသည်။
ထိုလူငယ်လေးများသည် ဆက်လက်ကြန့်ကြာအောင် အချိန်ဆွဲရဲခြင်းမရှိတော့ဘဲ နေရာမှာတင် တင်ပလ္လင်ချိတ်ထိုင်လိုက်ပြီး သူတို့အရှေ့ရှိ ကျောက်စိမ်းပေလွှာများကို ဆွဲယူကာ နားလည်အောင်အပြင်းအထန် ကြိုးစားကြတော့သည်။
လူငယ်လေးများအနက် အသန်မာဆုံး ပုဂ္ဂိုလ်များမှာ တာအိုနန်းတော် အစောပိုင်းအဆင့်၌သာရှိသေးသည်။ တာအိုဘိုးဘေးအဆင့် ကျမ်းစာကိုနားလည်ဖို့ဆိုပါက သူတို့ဟာ အချိန်လုကြိုးစားရမှာပင်။
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ယဲ့ဟွမ်နှင့် ယဲ့ရှန်းအိမ်တော်မှ အကြီးအကဲများသည် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြကာ သူတို့မျက်လုံးများအတွင်းရှိ ထိတ်လန့်မှုများကို ဖုံးကွယ်လိုက်ကြသည်။ ဒီလူတွေ နားလည်သဘော ပေါက်နိုင်စွမ်းကို စစ်ဆေးဖို့အတွက် တာအိုဘိုးဘေးအဆင့်ရှိတဲ့ ကျမ်းစာတွေကိုတောင် အလွယ်တကူထုတ်ယူလိုက်တာလား?။
ရှန်ရှန့်ကျုံဂိုဏ်း၏ နောက်ခံအင်အားမှာ တစ်ကယ့်ကို နားမလည်နိုင်စရာကောင်းလှသည်။
ယဲ့ရှန်းအိမ်တော်သည် ထျန်းလန်မြောက်ပိုင်းဒေသတွင် ဒုတိယအကြီးဆုံး ဂိုဏ်းဖြစ်ပြီး ယဲ့ရှန်းအိမ်တော်၏ သခင်ကလည်း တာအိုဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူတို့ဟာ တာအိုဘိုးဘေးအဆင့် ကျမ်းစာများကို တစ်ပါးသူများအား အလွယ်တကူ ထုတ်ပေးနိုင်စွမ်းမရှိပါပေ။
ဤအချိန်တွင် အိမ်တော်သခင် ယဲ့ဟွမ်သည် မဟာအကြီးအကဲစုချင်း၏ စကားများကို ပြန်လည်ကြားယောင်လိုက်မိသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ခြင်းက ယဲရှန်းအိမ်တော်အတွက် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်လေ။
ငါ... ရှန်ရှန့်ကျုံဂိုဏ်းကို အနိုင်မတိုက်နိုင်သလို သေလည်းမသေချင်ဘူး။ ခုချိန်ကမျက်ရည်တွေကို ထိန်းထားပြီး အရှုံးပေးရမယ့်အချိန်ပဲ။
သူမမှာ ထိုသို့သော အတွေးမျိုးရှိနေသော်လည်း ယဲ့ဟွမ်သည် ဒဲ့တိုးပြောဆိုခြင်းတော့ မရှိပါပေ။ အကယ်၍များ ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းမိုးဖို့ အကြံအစည်မရှိဘဲ သူတို့ယဲ့ရှန်းအိမ်တော်ကလည်း ဆက်လက်ရပ်တည်နေနိုင်ခဲ့ရင်ရော?။
လူတိုင်းလူတိုင်းဟာ ကံကောင်းနိုင်ကြပေသည်။ အကယ်၍များ ထီတစ်စောင်ထိုးလိုက်က ထီပေါက်နိုင်ချေရှိပေသည်။ သို့ပါသော်လည်း လူအများစုသည် သက်တမ်းတစ်လျှောက်လုံးတွင် ထီပေါက်ဖူးခြင်းမရှိကြပေ။
တစ်နာရီတိတိကြာမြင့်သွားသည်။ အဆုံးတွင် လူငယ်အယောက်နှစ်ထောင်ခန့်ကသာ တာအိုဘိုးဘေးအဆင့် ကျမ်းစာကို သိမြင်နိုင်လည်နိုင်ခဲ့ပေသည်။ ကျန်သော လူငယ်များမှာ ကျမ်းစာကို နားလည်နိုင်ခြင်းမရှိဘဲ စင်မြင့်ထက်မှ စောစီးစွာ ထွက်ခွာသွားကြရသည်။
"တတိယစမ်းသပ်မှုက ကိုယ်ကျင့်တရားပဲ.. ဒီအကြီးအကဲက မင်းတို့ကို ပုံရိပ်ယောင်ကမ္ဘာထဲ သွတ်သွင်းလိုက်မယ် ၊ မင်းတို့သာ ပုံရိပ်ယောင်ကမ္ဘာထဲက ထွက်ခွာလာနိုင်သရွေ့ ဒီစမ်းသပ်မှုကိုအောင်မြင်လိမ့်မယ်... ဒါပေါ့ မင်းတို့ပုံရိပ်ယောင်ကို မဖြတ်ကျော်နိုင်ဘူးဆိုရင်လည်း အသက်အန္တရာယ်မရှိတဲ့အတွက် စိတ်အေးအေးထားကြပါ"
ကျန်းစန်ဖုန်းသည် ကျန်ရှိနေသေးသော လူငယ်မျိုးဆက်လေးများကို စိုက်ကြည့်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။
ကျန်းစန်ဖုန်း၏ စကားဆုံးသွားသည့်အခါ လူငယ်လေးများ၏ အမူအရာများက တည်ကြည်လေးနက်လာပြီး သတိလက်လွတ်မပြုမူရဲတော့ပေ။ သူတို့ဟာ ပိုမိုအောင်မြင်လိုကြလေလေ သတိလက်လွတ်ဖြစ်နေမှုများဟာ ပိုမိုလျော့ပါးလာလေလေပင်။
ဤအချိန်တွင် ယဲ့ရှန်းအိမ်တော်အကြီးအကဲစုချင်း၏ မျက်နှာထက်တွင် ထိတ်ထိတ်ပြာပြာဖြစ်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမဟာ သူမ ၏စိတ်ဝိညာဥ်ကို သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းလိုက်ပြီး လှုပ်ခါနေသော ကျောက်စိမ်းပေလွှာ လေးကို စစ်ဆေးလိုက်သည်။
ကျောက်စိမ်းပေလွှာလေးထဲမှ သတင်းကို လက်ခံရရှိလိုက်သည့်အခါ စုချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါသွားပြီး မျက်နှာအမူအရာမှာလည်း အကြီး အကျယ်ပြောင်းလဲသွားသည်။
တတိယစစ်ဆေးပွဲကို သတိထား စောင့်ကြည့်နေသော ယဲ့ဟွမ်သည် စုချင်း၏ ပြောင်းလဲမှုကို အာရုံစိုက်မိသွားပြီး အလျှင်အမြန်မေးမြန်းလိုက်သည် "စုချင်း... ဘာဖြစ်လို့လဲ?"
ဝမ်ဖုန်းနှင့် အခြားသူများကလည်း စုချင်းကို အတူ တကွလှည့်ကြည့်လိုက်ကြသည်။ ဝမ်ဖုန်းသည် ဒဲ့တိုးဘဲ မေးမြန်းလိုက်သည် "အကြီးအကဲစု နေမကောင်းလို့များလား?"
"အိမ်တော်သခင်... အိမ်တော်သခင်ရဲ့ မျိုးနွယ်ကလူတွေ ယဲ့ရှန်းအိမ်တော်က်ို ရောက်လာပြီး အကြီးအကဲ ဖုန်းဝမ်ကို ခြိမ်းခြောက်ထားတယ် ၊ သူတို့က ရှင့်ကို အချိန်တစ်နာရီပေးပြီး အချိန်ပြည့်လို့မှ ရှင်ပြန်မရောက်သေးဘူးဆိုရင် ယဲ့ရှန်းအိမ်တော်ရဲ့ တပည့်တွေကို တစ်ယောက်ချင်း သတ်ပစ်မယ်တဲ့!''
စုချင်းသည် ဝမ်ဖုန်း၏ အမေးကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ ယဲ့ဟွမ်ကိုသာ အသံကူးပြောင်းခြင်းစွမ်းရည်ကို အသုံးပြုလျက်ပြောပြလိုက်သည်။
ဘုံး...
စုချင်း၏ စကားဆုံးသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော တာအိုဘုရင်အစောပိုင်းအဆင့် စွမ်းအားများသည် ယဲ့ဟွမ်၏ ခမ္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ သူမသည် ဝမ်ဖုန်းကို နှုတ်ဆက်ရန်တောင် အချိန်မရှိတော့ပါဘဲ သူမ၏ခန္ဓာကိုယ်က ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။ အေးစက်စက်အသံတစ်ခုကသာ စုချင်း၏ နားစည်များအတွင်း ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေသည်။
"မင်း... ရှန်ရှန့်ကျုံဂိုဏ်းမှာ နေရစ်ခဲ့... ဒီအိမ်တော်အရှင်က ပြန်သွားလိုက်ဦးမယ် ၊ မှတ်ထားပါ... တစ်ခုခုဖြစ်လာရင် အိမ်တော်ကို မပြန်ခဲ့နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကိုပဲ ဝင်ရောက်လိုက်ပါ... ဒါက ဒီအိမ်တော်အရှင်ရဲ့ အမိန့်ပဲ''
ဝမ်ဖုန်း၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားပြီး စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည် "အကြီးအကဲစု... အိမ်တော်သခင်ယဲ့ဟွမ် သူမ..."
ဝမ်ဖုန်းသည် ယဲ့ဟွမ်ကို အပြစ်တင်ခြင်းမရှိပါပေ။ ကြီးမားသောကိစ္စဖြစ်ပွားခဲ့၍သာ မဟုတ်ပါက ယဲ့ဟွမ်သည် ဤမျှလောက်အထိ အရိုအသေမဲ့မှာမဟုတ်ပါချေ။
"တောင်းပန်ပါတယ်ဂိုဏ်းချုပ်ဝမ်... အိမ်တော်သခင်မှာ လုပ်စရာတစ်ခုပေါ်လာလို့ပါ ၊ ဒါကြောင့်မလို့ ဂိုဏ်းချုပ်ဝမ်ကို မနှုတ်ဆက်နိုင်ခဲ့တာ။ ဂိုဏ်းချုပ်ဝမ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" စုချင်းသည် သူမ၏ စိတ်ကို အတင်းအကြပ်တည်ငြိမ်အောင် ဖိနှိပ်လိုက်ပြီး ဝမ်ဖုန်းကိုကြည့်ကာ အပြုံးတစ်ပွင့် ဖျစ်ညစ်ပြုံးကာပြောပြလိုက်သည်။
"ကောင်းပါပြီ..."
ဝမ်ဖုန်းသည် လက်ဝှေ့ယမ်းကာ စုချင်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ ဒီလူတွေက မပြောချင်မှတော့ သူကလည်း ဖိအားပေးပြောခိုင်းမှာ မဟုတ်ပါပေ။
"အိမ်တော်သခင် ယဲ့ဟွမ်ဘာဖြစ်သွားတာလဲ?... ရှန်ရှန့်ကျုံဂိုဏ်းချုပ်နဲ့ ရန်ဖြစ်သွားတာလား?"
"ဘယ်လိုလုပ်ဖြစ်နိူင်မှာလဲ?... အိမ်တော်သခင်ယဲ့ဟွမ် ဘယ်လောက်တုံးတုံး ရှန်ရှန့်ကျုံဂိုဏ်းကိုတော့ ရန်စရဲမှာ မဟုတ်ဘူးကွ..."
"ဒါဆို.. ဒါက..."
ယဲ့ဟွမ်ထံမှာ အစောက ထုတ်လွတ်လာခဲ့သော သန်မာသည့် ဖိအားများကြောင့် ကွင်းပြင်အတွင်းရှိ လူငယ်မျိုးဆက်လေးများသည် ရေခဲဂူကြီးအတွင်းသို့ ပြုတ်ကျသွားသလိုခံစားလိုက်ကြရသည်။ သူတို့ဟာ ကြောင်တောင်တောင် အမူအရာများဖြင့် ဆွေးနွေးပြောဆိုမိလိုက်ကြသည်။
"လူတိုင်းပဲ... အိမ်တော်သခင်ယဲ့ဟွမ်က ကိစ္စလေးရှိလို့ ခဏထွက်သွားတယ် ၊ စမ်းသပ်စစ်ဆေးမှုကို စတင်မယ်"
ကျန်းစန်ဖုန်းသည် လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူ၏အသံသည် ရှန်ရှန့်ကျုံဂိုဏ်း ကွင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွားသည်။ လူငယ်မျိုးဆက်လေးများဟာ တဖြည်းဖြည်းပြန်လည် တည်ငြိမ်လာကြသည်။
ဤသည်ကိုမြင်တော့ ကျန်းစန်ဖုန်းသည် အချိန်ဆွဲခြင်းမရှိတော့ဘဲ သူ့အနောက်ရှိ ယောင်ယွဲ့ကို လှည့်ကြည့်လိုက်သည်။ ယောင်ယွဲ့သည် ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပဲ လူငယ်လေးအယောက်နှစ်ထောင်ကို ဖုံးလွှမ်းသွားစေမည့် ပုံရိပ်ယောင်တစ်ခုကို ပြုလုပ်လိုက်တော့သည်။