နဝမတောင်ထွတ်မှအတော်ဆုံးတပည့်
Vol. 6 Ch. 75
အခန်း (၇၅) နဝမတောင်ထွတ်မှအတော်ဆုံးတပည့်
"ကျင့်ကြံနေရင်းနဲ့ အချိန်တွေတောင် အတော်ကုန်သွားပြီပဲ…"
ငရဲတံခါးမှ ပေါက်ကွဲထွက်နေသည့် မရဏအငွေ့အသက်များကိုလှမ်းကြည့်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
ထို့နောက်… သက်ပြင်းတစ်ချက်ချလိုက်မိ၏။
သူသာ မရဏလောကသို့ သွားရောက်ကျင့်ကြံနိုင်မည်ဆိုလျှင် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကျင့်ကြံခြင်း လျှင်မြန်လာမည် ဖြစ်သည်။
သို့သော်… မရဏလောကသို့ လွယ်လွယ်နှင့်သွားရောက်နိုင်မည်ဆိုလျှင်တောင် ကျန်းလန်က သွားရောက်ကျင့်ကြံရန် စိတ်ကူး မရှိပေ။
အဘယ်ကြောင့်ဆိုသော်… မရဏအငွေ့အသက်များ၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခံစားရမည် ဖြစ်သောကြောင့်ပင်…။
သူ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုမိုများပြားသွားနိုင်သလို သူလျှောက်လှမ်းချင်သည့် အင်မော်တယ်လမ်းစဉ်ကိုလည်း များစွာ ထိခိုက်သွားနိုင်သည်။
ထို့နောက်… ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး မရဏဂူအပြင်ဘက်သို့ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
မရဏအငွေ့အသက်များက ပြင်းထန်စွာ ပေါက်ကွဲထွက်နေသောကြောင့် သူ့အနေဖြင့် မရဏဂူထဲတွင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့ပေ။
အခန့်မသင့်လျှင် ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်လာနိုင်သည်။
ထို့ကြောင့်… မရဏဂူအဝင်ဝတွင်သာ အိမ်တစ်လုံးဆောက်ပြီး နေထိုင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည့် ဖြစ်စဉ်က တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ကြာမြင့်ဦးမည် ဖြစ်သည်။
ထို့ပြင်… မရဏလောကမှ မရဏသားရဲများ ငရဲတံခါးမှ ထွက်လာလေဦးမည်လားဟု ကျန်းလန် သိချင်နေမိသည်။ ထို့ကြောင့်… သူက မရဏဂူအဝင်ဝတွင်နေထိုင်ရင်း အခြေအနေကို စောင့်ကြည့်ချင်နေမိသည်။
သို့သော်… ကျန်းလန် နေရာမှ ထလိုက်သည်နှင့် မရဏဂူထဲသို့ လူတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
အခြားသူ မဟုတ်ပေ…။
သူ့ဆရာ မော့ကျန်းသုန့် ဖြစ်လေ၏။
မော့ကျန်းသုန့်က မရဏဂူထဲသို့ လမ်းလျှောက်ဝင်လာသည်။
သူက ဂူထဲရောက်ရောက်ချင်း ကျန်းလန်၏ အခြေအနေကို တစ်ချက်အကဲခတ် ကြည့်လိုက်သည်။
ငရဲတံးခါးမှ မရဏအငွေ့အသက်များက အမြင့်ဆုံးအဆင့် ပေါက်ကွဲထွက်နေလေရာ ကျန်းလန် မရဏဂူထဲတွင် တစ်ယောက်တည်းပိတ်မိနေမည်ကို မော့ကျန်းသုန့် စိုးရိမ်မိသည်။
ထို့ကြောင့်… သူက တပည့်ဖြစ်သူကို တကူးတက လာရောက်ကြည့်ရှုရခြင်း ဖြစ်၏။
သို့သော်… ကျန်းလန်ကိုကြည့်ရသည်မှာ အေးအေးဆေးဆေးပင်ရှိနေသောကြောင့် စိတ်အပူလွန်သွားသည်ဟုသာ မော့ကျန်းသုန့် တွေးလိုက်သည်။
ကျန်းလန်ကို ကြည့်ရသည်မှာလည်း မရဏဂူထဲမှ ထွက်ခွာရန် ဟန်ပြင်နေဟန် ရှိသည်။
သူက မော့ကျန်းသုန့်ကိုတွေ့သည်နှင့် ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဆရာ…"
ဟု နှုတ်ဆက်စကားဆိုလိုက်၏။
မော့ကျန်းသုန့်က…
"မရဏအငွေ့အသက်တွေ ပေါက်ကွဲတာ အမြင့်ဆုံးအဆင့်ရောက်နေပြီ… အခု… မင်း ဘယ်လိုခံစားရလဲ…"
ကျန်းလန်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"မရဏအငွေ့အသက်တွေ အရမ်းများတော့ နည်းနည်း အန္တရယ်များတယ် ထင်တယ်…"
အမှန်တကယ်လည်း အန္တရယ်များလေသည်။
မဟုတ်ပါက ကျန်းလန် ဤနေရာမှ ထွက်ခွာသွားရန် ရွေးခြယ်မည် မဟုတ်ပေ။
မော့ကျန်းသုန့် ခေါင်းညိတ်လိုက်၏။
သူ့တပည့်လေးက အကန့်အသတ်ကို နားလည်သူ ဖြစ်သည်။
ထို့နောက်… သူက မည်သည့်စကားမှ မပြောတော့ဘဲ ငရဲတံခါးတွင်းနက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းလန်ကတော့ နေရာတွင်ပင် မတ်တတ်ရပ်ကျန်ရစ်ခဲ့ပြီး ဆရာဖြစ်သူနောက်သို့ လိုက်ပါသွားခြင်း မရှိပေ။
သူက ငရဲတံခါးအကြောင်း စိတ်ဝင်စားသော်လည်း လက်ရှိတွင် ထိုတွင်းနက်ကြီးကို ကြည့်မြင်နိုင်စွမ်း မရှိသေးပေ။
တန်ခိုးစွမ်းအား အလုံအလောက်ရှိမည်ဆိုလျှင်တော့ သူလည်း ငရဲတံခါးကို ကြည့်ချင်မိသည်။ သို့သော်… ငရဲတံခါးကို ကြည့်ရှုနိုင်ရန် အင်မော်တယ်အရင်ဖြစ်အောင် ကြိုးစားရပေလိမ့်မည်။
ကျန်းလန်အတွက် အင်မော်တယ်ဖြစ်လာရန်မှာ အတော်လေး အလှမ်းဝေးသေးသည်။ သို့သော်… အရင်ကထက်တော့ နီးစပ်လာပြီ ဖြစ်၏။
ငရဲတံခါးတွင်းနက်ကြီးရှေ့တွင် ရပ်နေသည့် ဆရာဖြစ်သူကို ကျန်းလန် လှမ်းကြည့်လိုက်သည်။
သူ့နေရာမှကြည့်လျှင် ဆရာဖြစ်သူ၏ ဘေးတိုက်မျက်နှာအနေအထားကို တွေ့မြင်ရသည်။
ဆရာဖြစ်သူ၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေ၏။
တွင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာသည့် မရဏအငွေ့အသက်များက မော့ကျန်းသုန့် မျှော်လင့်ထားသည်ထက် မကျော်လွန်ပေ။ ထို့ကြောင့်… အနည်းငယ် စိတ်အေးသွားဟန် ရှိသည်။
ထို့နောက်… မော့ကျန်းသုန့်က တွင်းနက်ကြီးနံဘေးမှ လှည့်ထွက်လာသည်။
"ကဲ… အပြင်ကိုသွားကြစို့… ၊ ကြည့်ရတာ ဒီတစ်ခါတော့ ငရဲတံခါးထဲက ဘာမှထွက်မလာလောက်ဘူး ထင်တယ်…"
မော့ကျန်းသုန့်က ကျန်းလန်အနား လမ်းလျှောက်လာရင် းပြောလိုက်သည်။
ကျန်းလန်ကလည်း ခေါင်းညိတ်ပြလိုက်ရင်း မော့ကျန်းသုန့်နောက်မှ လိုက်ပါသွား၏။
သူ့ဆရာက အဘယ့်ကြောင့် ထိုမျှ တိတိကျကျ ပြောဆိုနိုင်ရသည်ကို နားမလည်သော်ငြား ဆရာဖြစ်သူ၏ စကားကို ကျန်းလန် ယုံကြည်လေသည်။
"မင်း မရဏဂူအဝင်ဝမှာ ဆက်ပြီး ကျင့်ကြံချင်တာ သေချာလား…"
"ဟုတ်ကဲ့… ဆရာ…"
မရဏဂူအဝင်ဝသို့ ရောက်သည်နှင့် မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"မင်းက နဝမတောင်ထွတ်က အတော်ဆုံးတပည့်ပါ… ၊ မရဏဂူအဝင်ဝမှာ ဂူစောင့်လုပ်နေစရာ မလိုပါဘူး…"
"……………"
ဆရာဖြစ်သူ၏ စကားကြောင့် ကျန်းလန် တိတ်ဆိတ်သွားသည်။
သူက မရဏဂူကို စောင့်နေခြင်းမဟုတ်ပေ။ သူက ဤနေရာတွင် အမှန်တကယ် ကျင့်ကြံလိုခြင်း ဖြစ်၏။
ထို့ပြင်… ဆရာဖြစ်သူက သူ့ကို "နဝမတောင်ထွတ်က အတော်ဆုံးတပည့်" ဟု ပြောလိုက်လေရာ သူ့ထက်တော်သည့်တပည့် နဝမတောင်ထွတ်တွင် မရှိသည်မှာ ထင်ရှားသည်။
ကျန်းလန်က ငြိမ်သက်နေသောကြောင့် မော့ကျန်းသုန့်က တစ်ချက်ပြုံးလိုက်သည်။
"ကောင်းပြီလေ… ၊ မင်း မရဏဂူကို စောင့်ချင်လည်း စောင့်နေပေါ့… ၊ ဒါပေမဲ့… စည်းကမ်းက အရင်အတိုင်းပဲနော်… ၊ မင်း ဆရာ့ဆီ (၁)လ တစ်ခေါက်လာပြီး ကိုယ်တွင်းမိစ္ဆာရှိမရှိ စစ်ဆေးခံရမယ်…"
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်လိုက်ရင်း…
"ကျေးဇူးအများကြီးတင်ပါတယ် … ဆရာ…"
မော့ကျန်းသုန့် မရဏဂူမှ ပြန်လည်ထွက်ခွာသွားသည်။
မရဏအငွေ့အသက်များပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျန်းလန်က သူ့ကိုယ်သူ အတော်လေး စိုးရိမ်ခဲ့သည်။
ဤသည်က သူတစ်ခါမှ မကြုံဘူးသည့် အခြေအနေဖြစ်၏။
တစ်စုံတစ်ခု မှားယွင်းသွားပါက ဆရာဖြစ်သူက မြန်နိုင်သမျှမြန်မြန် ချက်ချင်းသိရှိမည် ဖြစ်သည်။
ထို့နောက်… ကျန်းလန်က မရဏဂူအဝင်ဝတွင် သစ်သားတဲလေးတစ်လုံး ဆောက်လုပ်လိုက်၏။
တဲအတွင်းထိုင်ပြီး ကျင့်ကြံခြင်းကို ဆက်လက်အာရုံစူးစိုက်လိုက်သည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည့် အချိန်များတွင်တော့ နဝမတောင်ထွတ်သို့ ကျန်းလန် လတိုင်းသွားရောက် အစစ်ဆေးခံရမည် ဖြစ်သည်။
ထိုသို့ဖြင့်…
(၁)လတစ်ကြိမ် ဆရာဖြစ်သူထံ သွားရောက် အစစ်ဆေးခံလိုက် ၊ နဝမတောင်ထွတ် ခန်းမဆောင်နှင့် ခန်းမဆောင်သို့ သွားရာလမ်းကို သန့်ရှင်းရေးလုပ်လိုက် ၊ သူ၏ ဝိညာဉ်သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်နှင့် ကျန်းလန် သံသရာလည်လျှက် ရှိသည်။
သားရဲဥလေးကတော့ မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်လာခြင်း မရှိပေ။
အကောင်မပေါက်သည့် သစ်ဥလေးအတိုင်းသာ ငြိမ်သက်နေဆဲ ဖြစ်သည်။
သို့သော်… ကျန်းလန်၏ ကျင့်ကြံခြင်းကတော့ အထွတ်ထိပ်အဆင့်ထိရောက်အောင် စဉ်ဆက်မပြတ် တိုးတက်လျှက် ရှိလေတော့သည်။
……………
ထိုသို့ဖြင့်…
နောက်ထပ် အချိန် (၃)နှစ်ကြာသွားခဲ့လေသည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေခြင်းမှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။
ကျန်းလန်လည်း သူ၏ သားရဲဥလေးကို ခေါ်ဆောင်ကာ မရဏဂူထဲ ပြန်လည်ရွှေ့ပြောင်းနေထိုင်နေပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ မူလဝိညာဉ်အဆင့် နောက်ဆုံးအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။
ယခုအချိန်များအတွင်… ကျန်းလန်က ငရဲတံခါး အနီးအနားတွင် စနစ်မှတ်ပုံတင်လေ့ ရှိသည်။
လောလောလတ်လတ် မရဏအငွေ့အသက်များက ပေါက်ကွဲထွက်ထားလေရာ ငရဲတံခါးနားတွင် မှတ်ပုံတင်ခြင်းဖြင့် သူ့အတွက် ကောင်းမွန်သည့် ပစ္စည်းများ ရရှိနိုင်သည်ဟု ကျန်းလန်က တွေးထားသည်။
သူ့အတွေး မှန်ကန်ခဲ့ပါလေ၏။
စနစ်မှ သူရရှိသည့် ပြဒါးဆေးလုံးများ ၊ မှော်ဝင်ပစ္စည်းများ ၊ ကျင့်စဉ်များနှင့် မန္တန်များ… အရာအားလုံးက အရင်ကထက် ပိုမိုကောင်းမွန်လာလေသည်။
ဤသည်က ကျန်းလန်၏ ကျင့်ကြံခြင်းကို လျှင်မြန်စွာ တိုးတက်လာစေသည်။
ဤကာလအတွင်း ကျန်းလန်က နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာခဲ့ပေ။
နဝမတောင်ထွတ်မှ ကုတ်နှင့်ကော်ထုတ်မည်ဆိုလျှင်တောင် သူက ထွက်ခွာသွားမည့်သူမဟုတ်ပေ။
………….
ထိုသို့ဖြင့် နှစ်ပေါင်း (၂၀) ကြာမြင့်ခဲ့လေသည်…။
သူ့ကို လုန်ယွိပေးခဲ့သည့် ရေပုလဲမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့ပြီ ဖြစ်သည်။
ရေပုလဲအတွင်းမှ အနှစ်သာရစွမ်းအားများအားလုံးကို ကျန်းလန် စုပ်ယူကျင့်ကြံနိုင်ခဲ့ပြီး မူလဝိညာဉ်အဆင့် နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်… ရေပုလဲက တစ်စစီကွဲအက်သွားခဲ့ပြီ ဖြစ်သောကြောင့် ကျန်းလန်၏ ကျင့်ကြံခြင်းလည်း ခေတ္တမျှရပ်တန့်သွားသည်။
ထို့ကြောင့်… အနားယူရင်း ကျန်းလန် သူ၏သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။
အနည်းငယ် စိတ်လက်ပေါ့ပါးစေရန်အတွက် မရဏဂူမှ နဝမတောင်ထွတ်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
စာကြည့်တိုက်သို့သွားကာ စာအုပ်အနည်းငယ်ဖတ်ပြီး အစီအရင်ပညာအချို့ကို လေ့လာလိုက်သည်။
နဝမတောင်ထွတ်ပြင်ပတွင် မည်သည့်အကြောင်းအရာများဖြစ်ပျက်နေသည်ကို ကျန်းလန် သိပ်ပြီး မသိရှိပေ။
သို့သော်… အခြားတောင်ထွတ်မှ တပည့်များ အလွန်ကြိုးစားကျင့်ကြံနေကြသည်ဆိုသည့်သတင်းကိုတော့ ဆရာဖြစ်သူက သူ့ကို မကြာခဏ ပြောပြလေ့ရှိသည်။
ကြည့်ရသည်မှာ အခြားတောင်ထွတ်မှ တပည့်များကတော့ စုဝေးပွဲများ ၊ ယှဉ်ပြိုင်ပွဲများတွင် တက်ကြွစွာပါဝင်ပြီး ကျင့်ကြံနေကြဟန်တူသည်။
ဆရာဖြစ်သူက ထိုစကားများကို ပြောသည့်အခါ ကျန်းလန် အနည်းငယ် စိတ်ပူသွားမိသည်။
ဆရာဖြစ်သူသာ သူ့ကို ထိုတပည့်များကဲ့သို့ စုဝေးပွဲများ ၊ ယှဉ်ပြိုင်ပွဲများတွင် ပါဝင်ခိုင်းနေလျှင် သူ့အတွက်တော့ အခက်ကြီး ခက်ရပေတော့မည်။
ဆရာဖြစ်သူက သူ့ကို နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်ဟု သတ်မှတ်ထားသည် မဟုတ်ပါလား။ တစ်ခါတစ်လေတော့လည်း ပွဲထုတ်ချင်ပေလိမ့်မည်။
ထို့နောက်… နဝမတောင်ထွတ်၏ ခန်းမဆောင်နှင့် ခန်းမဆောင်သို့သွားရာလမ်းကို သန့်ရှင်းရေးပြုလုပ်ပြီး ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့လေသည်။
"ဂိုဏ်းတူအစ်မလုန်ယွိပေးတဲ့ ရေပုလဲကတော့ အသုံးပြုပြီးသွားပြီ...၊ အခုဆို နှစ်တွေတောင် အရမ်းကြာသွားပြီပဲ… ၊ အဲဒီ ရေပုလဲအကြောင်း ဘယ်သူမှတောင် စဉ်းစားမိကြတော့မယ် မထင်ဘူး…"
အပြာရောင်ရေပုလဲက သူ့ကို များစွာ အကျိုးပြုခဲ့လေသည်။
ယခုအဆိုလျှင်… သူက အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်သည်။
အမှန်တော့… သူက ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့်မျှသာ ဖြစ်ချင်ခဲ့သည်။
သို့သော်… ရေပုလဲဖြင့် ကျင့်ကြံရင်း အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က တဖြည်းဖြည်း မြင့်တက်သွားလေရာ ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်မှာလည်း လိုက်လံ မြင့်တက်သွားခြင်း ဖြစ်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကြီးမားစွာ မြင့်တက်မလာလျှင် ထိုသို့ ဖြစ်လာမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ… ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့်ဆိုသည်က အများအမြင်တွင် အမြင်လှလေ၏။ ထို့ကြောင့် … ကျန်းလန် သိပ်ပြီး အတွေးများ မနေတော့ပေ။
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"နောက်ပိုင်းဆက်ကျင့်ကြံရင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို သုံးလို့ရသေးတာပဲ… ၊ အခုဆိုရင် နှစ်တွေလည်းအတော်ကြာပြီဆိုတော့ ပန်းချီကားထဲမှာလည်း ကျောက်စိမ်းရေကန်ရဲ့ အနှစ်သာရစွမ်းအားတွေ ထွက်ပေါ်နေလောက်ပြီ…"
ကျန်းလန် တွေးလိုက်မိသည်။
ထို့နောက်… သူ၏ စိတ်အာရုံထဲမှ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။
ပန်းချီကားကို အသုံးပြုပြီး ကျင့်ကြံရန် ကျန်းလန် စဉ်းစားလိုက်သည်။
သို့သော်… ပန်းချီကားကို ဖွင့်လိုက်သည့်အချိန်တွင် ရေကန်နံဘေးတွင် ရှိနေသည့် အဖြူရောင်နဂါးလေး မရှိတော့ကြောင်း တွေ့လိုက်ရသည်။
ကျန်းလန် ပန်းချီကားထဲတွင ်ပြူးပြဲရှာဖွေလိုက်သည်။ သို့သော်… ကျောက်စိမ်းရေကန်တွင် မည်သူမှ ရှိမနေခဲ့ပေ။
ပြောရမည်ဆိုလျှင် လုန်ယွိကို မည်သည့်နေရာမှာမှ မတွေ့ရတော့ပေ။
"သူ ဘယ်ရောက်သွားတာလဲ…"
ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်မိလေတော့၏။