ကြမ္မာအခွင့်အလမ်း
Vol. 47 Ch. 691
သူတို့နှစ်ယောက်၏ လေသံအရဆို.. သူတို့က တစ်ယောက်ကိုတစ်ယောက် သိထားကြသည်မှာ ကြာပြီဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိကြ၏။ ထိုသို့နှင့် လူတိုင်း၏ အမူအယာက တဖြည်းဖြည်း ပြေလျော့သွားကြလေသည်။
လေထဲရှိ တင်းအားကလည်း ရှင်းလင်းသွားလေသည်။
“ဒါဆို.. ခင်ဗျားက ပဟေဠိနန်းတော်က တာအိုရောင်းရင်းပေါ့.. အဲ့ဒါကြောင့်လဲ ခင်ဗျားက အဲ့လောက် စွမ်းနေတာကိုး”
မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲမှ တစ်ခုဖြစ်သော အုတ်ဂူဂိုဏ်း၏ တပည့်တစ်ယောက်အနေနှင့် ဖက်တီးလေးကလည်း ပဟေဠိနန်းတော်၏ ကျော်ကြားမှုဂုဏ်သတင်းကို ကြားဖူးထားလေသည်။
အဲ့ဒါက ရှေးဟောင်းခေတ်က ပညာရှင် နတ်မိမယ်လင်းလောင် ဖန်းတီးခဲ့သော မဟာဂိုဏ်းတော်တစ်ခု ဖြစ်ပြီး သမိုင်းကြောင်းအရှည်ကြာဆုံးနှင့် အလွန်ခိုင်မာသော အုတ်မြစ်ရှိလေသည်။ ပဟေဠိနန်းတော်က မျိုးဆက်တိုင်း၏ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲ၏ အိမ်ရှင်ဖြစ်လေသည်။
ပဟေဠိနန်းတော်မှာ တပည့်များစွာ မထားပေ။ မျိုးဆက်တိုင်းမှာ အမွေခံတပည့်တစ်ယောက်သာ ရှိပြီး ထိုသူက လောကီရေးရာဘုံလောကမှာ ကျင်လည်ကျက်စားလျှောက်သွားရလေသည်။
လောကီရေးရာဘုံလောကမှာ ကျင်လည်သော ပဟေဠိနန်းတော်၏ တပည့်များက အလျှို့ဝှက်အဆန်းကြယ်ဆုံးဖြစ်ပြီး သူတို့ဘယ်လောက်သန်မာသလဲဆိုတာ သိသည့်သူက မရှိသလောက် ဖြစ်လေသည်။
သို့သော်လည်း ဤနေရာ၏ တည်နေရာကို ရှာဖွေဖို့အတွက် အုတ်ဂူဂိုဏ်း၏ အရိုက်အရာဆက်ခံသူများမှလွဲလျှင် ထိပ်သီးဂိုဏ်းကြီးများအကြား ပဟေဠိနန်းတော်၏ အရိုက်အရာဆက်ခံသူသာလျှင် ထိုသို့ ပြုလုပ်နိုသည့် အရည်အချင်း ရှိနိုင်လေသည်။
ဆူဇီမိုက လင်းရွှမ်ကျီ၏ အစွမ်းအစများကို သိထားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ဟိုးအရင်ကတည်းက ဤပုဂ္ဂိုလ်သည် နဂါးအရိုးတောင်ကြားသို့ တိတ်တဆိတ် ခိုးဝင်လာပြီး သူ့ကိုပါ အတူခေါ်ကာ အသက်ရှင်လျက် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့၏။
လင်းရွှမ်ကျီက သူ့လက်ထဲက သံပေတံကို ပြန်သိမ်း၍ သူကိုင်နေကျ ခေါက်ယပ်တောင်ကို ဆွဲထုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့ ရောက်လာတာ တော်တော် မြန်တာပဲ.. ကျုပ်မှာ ဘာတစ်ခုမှ ယူဖို့တောင် အချိန်မရလိုက်ဘူး”
ဆူဇီမိုက ပြုံးလိုက်၏။
“ယူဖို့လဲ စဉ်းစားမနေနဲ့.. ဒါက အုတ်ဂူဂိုဏ်းပိုင်တဲ့ အုတ်ဂူပဲ”
ဖက်တီးလေးက လက်ကာပြလိုက်၏။
“ဘာမှ မဖြစ်ပါဘူး.. ခင်ဗျားက နောင်ကြီးရဲ့ မိတ်ဆွေဆိုမှတော့ ဒီနေရာမှာ ခင်ဗျားသဘောကျတဲ့ တစ်ခုခုရှိရင် ယူလို့ ရပါတယ်.. ကျုပ်တို့ဂိုဏ်းရဲ့ အဆုံးစွန်ရတနာက လွဲရင်ပေါ့”
ထိုစကားကို ကြားသောအခါ လင်းရွှမ်ကျီ၏ မျက်လုံးများက ဝင်းလဲ့သွား၏။
တစ်ခုခု လွဲမှားနေတာကို ဆူဇီမိုက သတိထားမိလိုက်၏။
အဲ့ဒါက လင်းရွှမ်ကျီ ရယ်မောလိုက်ချိန်မှာဖြစ်၏။
“တာအိုရောင်းရင်းက တစ်ကယ်ကို သဘောမနော ကောင်းတဲ့သူပဲ.. ဒါပေမယ့်လို့ ကျုပ်ကလဲ လောဘကြီးတဲ့သူ မဟုတ်တဲ့အတွက်.. ဒီအုတ်ဂူထဲမှာရှိတဲ့ ဘယ်ရတနာကိုမှ မယူပါဘူးဗျာ”
“ဟမ့်”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“တော်စမ်းပါကွာ.. မင်းအကျင့်စရိုက်ကို ငါ ကောင်းကောင်း သိပါတယ်”
ယခင်က.. လင်းရွှမ်ကျီသည် ညဝိညာဉ်၏ တစ်မူထူးခြားသော မျိုးဆက်သွေးကို သတိထားမိပြီးနောက် ညဝိညာဉ်ကို လုယူဖို့ ကြိုးစားခဲ့သေး၏။ ယခု ဒီနေရာမှာ ဒီလောက် ရတနာတွေ အများကြီးရှိနေတာကို သူက လက်ဗလာနှင့် ပြန်မည့်သူမျိုး မဟုတ်ပေ။
လင်းရွှမ်ကျီ၏ နှုတ်ခမ်းက ခဏတာ တဆတ်ဆတ်လှုပ်သွားပြီးနောက် ဆူဇီမိုကို လျစ်လျူရှုကာ သူက ဆက်ပြောလိုက်၏။
“ဒီနေရာကို ကျုပ်ရောက်လာတယ်ဆိုတာ.. အုတ်ဂူထဲက ရတနာတွေအတွက် မဟုတ်ဘူးဗျ.. အဲ့ဒါက ဒီနေရာက နဂါးကြောကြောင့်ပဲ”
“မင်းက နဂါးကြောကို လိုချင်တာပေါ့လေ” ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“ဟုတ်ပါတယ်”
လင်းရွှမ်ကျီက ဖက်တီးဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ဒီမှာရှိတဲ့ နဂါးကြောက လူလုပ်ထားတာပဲ.. အဲ့ဒါကို အုတ်ဂူသခင်က မင်းအတွက် ပြင်ဆင်ပေးထားခဲ့တာ ဆိုပေမယ့်လဲ.. မင်းရဲ့ လက်ရှိခွန်အားအရဆို မင်းက အုတ်ဂူဂိုဏ်းရဲ့ အဆုံးစွန်ရတနာကို လက်ခံယူထားပြီးရင်တောင် အဲ့ဒါရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုပဲ လက်ခံယူနိုင်လိမ့်မယ်”
“ကြမ္မာအခွင့်အလမ်းတွေကို မင်းအများကြီး လက်ခံယူမယ်ဆိုရင် မင်းအဲ့ဒါတွေကို အပြည့်အဝ ချေဖျက်နိုင်မှာ မဟုတ်ဘူး.. အဲ့လိုအရာမျိုးက လွန်ကဲသွားရင် တန်ပြန်သက်ရောက်မှု ရှိတယ်.. အဲ့အချိန်ကျရင် မင်းဆီကို ကံဆိုးမိုးမှောင်နဲ့ ကပ်ဘေးတွေက ကျရောက်လာလိမ့်မယ်”
ဖက်တီးလေးက အသံတိတ်နေ၏။
လင်းရွှမ်ကျီက သက်သက် အပိုလျှောက်ပြောနေခြင်း မဟုတ်သည်ကို သူသိလေသည်။
နဂါးကြောက ကြမ္မာအခွင့်အလမ်းကို ကိုယ်စားပြု၏။
အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ကြယ်တာရာနဂါးခံတွင်းကို ခင်းကျင်း၍ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပြီး ရှေးဟောင်းတိုက်ပွဲမြေထဲရှိ ကြမ္မာအခွင့်အလမ်းများကို စုဆောင်းကာ ဤနဂါးကြောကို ဖန်တီးထားခဲ့၏။ အဲ့ဒါသည် သည်ဘက်ခေတ်မှာ အပြည့်အဝ ဖြစ်တည်လာဖို့အတွက် နှစ်ပေါင်းသောင်းချီ၍ အချိန်ယူခဲ့ရ၏။
ကြမ္မာအခွင့်အလမ်းက ဆုပ်ကိုင်၍ ပြမရဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေသည်။
နတ်မိမယ်လင်းလုံက ဧကရာဇ် မဟုတ်ခဲ့သော်လည်း ရှေးဟောင်းခေတ်တုန်းက သူမ၏ အဆင့်အတန်းက တစ်မူထူးခြားခဲ့၏။
သူမသည် လူသားဧကရာဇ်၏ ကြင်ယာတော် ဖြစ်ခဲ့တာကြောင့်သာ မဟုတ်ပေ။ အဲ့ဒါထက် သူမက အရာရာတိုင်းကို ဗေဒင်ပညာဖြင့် တွက်ချက်နိုင်ပြီး ကောင်းချီးအခါတော်နှင့် ကပ်ဘေးကျရောက်မည့် အချိန်များကို ကြိုတင်ခန့်မှန်းနိုင်ခြင်းအပြင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကိုပင် တိတ်တဆိတ် ခိုးယူနိုင်သော.. ဒဏ္ဍာရီလာ မဟာကြမ္မာကို ထိန်းချုပ်နိုင်သူတစ်ယောက် ဖြစ်သောကြောင့်ပင်။
ထိုကဲ့သို့သော သူမ၏ အစွမ်းအစများကြောင့်သာ လူသားမျိုးနွယ်က ရှေးဟောင်းခေတ်မှာ အပြီးသတ် ရှင်းလင်းခံရမည့် ကပ်ဘေးများကို အကြိမ်ကြိမ် ရှောင်ရှားနိုင်ကာ နောက်ဆုံး အထက်စီးကနေ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ကမ္ဘာမျိုးနွယ်ကိုးစုက သူမကို အသွေးထဲ အသားထဲ အရိုးထဲထိတိုင်အောင် မုန်းတီးလေသည်။
ရှေးဟောင်းခေတ်က ဒဏ္ဍာရီအရဆို.. ကမ္ဘာဦးမျိုးနွယ်ကိုးစုသည် အသာစီး ပြန်ရနိုင်ဖို့အတွက် သူတို့၏ မျိုးနွယ်များမှ မရေမတွက်နိုင်သော ပညာရှင်များကို စေလွှတ်ကာ နတ်မိမယ်လင်းလုံကို ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ကြ၏။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့ကြလေသည်။
ကြမ္မာအခွင့်အလမ်းက အကောင်အထည် မရှိသော်လည်း အမှန်တစ်ကယ် တည်ရှိလေသည်။
မဟာကြမ္မာမအခွင့်အလမ်းကို ပိုင်ဆိုင်ထားသူများက ကပ်ဘေးများကို ကောင်းချီးများအဖြစ် ပြောင်းလဲနိုင်ပြီး ပိုကောင်းသောအခွင့်အလမ်းများစွာနှင့်ပင် ကြုံတွေ့နိုင်လေသည်။
ကြမ္မာအခွင့်အလမ်းက ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားကို တိုက်ရိုက် မမြှင်တင်ပေးနိုင်သော်လည်း၊ သိသာထင်ရှားသည့် အပြောင်းအလဲကို တိုက်ရိုက်မယူဆောင်ပေးနိုင်သော်လည်း.. အဲ့ဒါက ကျင့်ကြံသူ၏ အနာဂတ်အတွက် အရမ်းကိုမှ အရေးပါလေသည်။
စွမ်းအားကြီးပုဂ္ဂိုလ် သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်အဆင့်သို့ ကျင့်ကြံနိုင်သော ပညာရှင်တိုင်းက ကံကြမ္မာ၏ ကောင်းချီးပေးခံရသူများ ဖြစ်ကြလေသည်။
သူတို့ကိုသာ ကံဆိုးမှုများက ဝန်းရံထားမည်ဆိုလျှင် သူတို့သည် ချီစုဖွဲ့အဆင့် သို့မဟုတ် အခြေတည်အဆင့်မှာကတည်းက သေဆုံးခဲ့ကြပေလိမ့်မည်။
လင်းရွှမ်ကျီက ပြောလိုက်၏။
“မင်းက နဂါးကြောရဲ့ ၅၀ ရာခိုင်နှုန်းကို စုပ်ယူနိုင်မယ်ဆို ကျန်တဲ့တစ်ဝက်က ဒီတိုင်းပျက်ပြယ်ပြီး ကမ္ဘာမြေဆီ ပြန်ရောက်သွားလိမ့်မယ်.. အဲ့တိုင်း လက်လွှတ်လိုက်ရမှာထက်စာရင် ကျန်တဲ့ဟာ ကျုပ်ကို ယူခွင့်ပေးလိုက်တာက ပိုကောင်းမယ့်မဟုတ်လား”
စိတ်ဝိညာဉ်ကျားက မျက်လုံးစွေကြည့်ပြီး မေးလိုက်၏။
“မင်းပြောတဲ့စကားအရဆို.. ငါတို့ ညီကို ခုနှစ်ယောက်ကလည်း နဂါးကြောကို စုပ်ယူလို့ ရတာပဲ.. ဘယ်လို့ မင်းတစ်ယောက်ထဲကိုပဲ ပေးရမှာလဲ”
“ဟုတ်တာပေါ့ဟ”
ရွှေခြင်္သေ့ကလည်း ခေါင်းညိတ်လိုက်၏။
သည်တစ်ကြိမ်တွင်တော့ ရှားရှားပါးပါး ချင်ချင်ကလည်း စိတ်ဝိညာဉ်ကျား၏ စကားကို ကန့်ကွက်ခြင်း မရှိပေ။
လင်းရွှမ်ကျီက ဟန်လုပ်ပြုံးလိုက်၏။
“ရတာပေါ့.. ခင်ဗျားက နဂါးကြောကို ယူသွားနိုင်တယ်ဆို ယူသွားလိုက်လေ.. ကျုပ်ကို ဘာမှ ဂရုစိုက်နေစရာ မလိုဘူး”
“မင်းစကားကိုမင်း မှတ်ထားနော်.. နောက်မှ နောင်တ မရနဲ့” စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
လင်းရွှမ်ကျီကလည်း ရိုးသားစွာပင် ကတိပေးလိုက်၏။
“စိတ်ချ လုံးဝ နောင်တ မရဘူး”
“ဟုတ်ပြီလေ”
စိတ်ဝိညာဉ်ကျားက ထပ်ပြော၏။
“အရင်ဆုံး.. အဲ့ဒီနဂါးကြောကို ဘယ်လိုစုပ်ယူရမလဲ.. ငါတို့ကို ပြောပြပေး”
လင်းရွှမ်ကျီက သူ့မျက်လုံးကို စွေကြည့်လိုက်၏။
ဆူဇီမိုလည်း ပြောစရာစကားမဲ့သွားပြီး ရယ်ချလိုက်လေသည်။
“ဘာမှ ထပ်မေးမနေနဲ့တော့.. နဂါးကြောကို စုပ်ယူရမယ့်နည်းလမ်းက သေချာပေါက် ပဟေဠိနန်းတော်ရဲ့ လျှို့ဝှက်ပညာရပ် ဖြစ်လိမ့်မယ်.. သူက ဘယ်လိုနည်းနဲ့မှ အပြင်လူတွေကို သင်ပေးနိုင်မှာ မဟုတ်ဘူး”
စိတ်ဝိညာဉ်ကျားက သူ့ခေါင်းကို ကုတ်လိုက်၏။
“အဲ့ဒါဆို ငါတို့က ဘေးကနေပဲ ဒီတိုင်း ထိုင်ကြည့်နေရမှာလား”
“ဖက်တီးလေးက ပြောထားပြီးသား ဆိုတော့.. ဒီနန်းတော်ထဲမှာ ရတနာတွေ ဒီလောက်များနေတာကို မင်းတို့ တစ်ခုစီ ယူကြပေါ့” ဆူဇီမိုက ပြုံး၍ ပြောလိုက်၏။
“အာ ဟုတ်သားပဲ”
စိတ်ဝိညာဉ်ကျားက သွားဖြီးလိုက်၏။
သူ့အကြည့်က အုတ်ဂူထဲရှိ ရတနာများစွာအပေါ်သို့ ရောက်နေသည်မှာ ကြာခဲ့လေပြီ။ ဆူဇီမို ထိုသို့ ပြောမှာကိုသာ သူက စောင့်ဆိုင်းနေခြင်း ဖြစ်၏ဩ။
အဲ့ဒီမှာ ကျောက်သားစင်နှစ်ခုကို နန်းတော်၏ တစ်ဖက်တစ်ချက်စီမှာ တည်ထားပြီး အဲ့ဒါက ပေထောင်ပေါင်း အတော်များများထိ ဖြန့်ကျက်ဆင်းသွားလေသည်။
ဘယ်ဘက်ခြမ်းရှိ စင်ပေါ်မှာ လက်နက်များ၊ ရှားပါးသတ္တရိုင်းများနှင့် ပစ္စည်းထည်များကို ခင်းကျင်းထားလေသည်။
ညာဘက်ခြမ်းရှိ စင်ပေါ်မှာတော့ လျှို့ဝှက်ကျင့်ကြံရေးနည်းစနစ်များနှင့် ပညာရပ်အမျိုးအစားများ စုံလင်စွာ ရှိလေသည်။
ဒီတိုင်းတစ်ချက်ကြည့်လိုက်ရုံနှင့် ဆူဇီမိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာ ထိပ်သီးဂိုဏ်းများမှ လျှို့ဝှက်ပညာရပ်များစွာကို မြင်လိုက်ရ၏။
“တစ်ကယ့် အံ့မခန်းပဲ”
ဆူဇီမိုသည် တိတ်တဆိတ် လက်ဖျားခါသွား၏။
အဲ့ဒါတွေက အုတ်ဂူဂိုဏ်းစွမ်းအားကြီးပုဂ္ဂိုလ်၏ တစ်သက်တာ စုဆောင်းထားသမျှ ဖြစ်လေသည်။
မျောက်နှင့် အခြားသူများသည် လူသားများအတွက်ဖြစ်သော ကျင့်ကြံရေးနည်းစနစ်များကို စိတ်မဝင်စားပေ။
သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ဖွဲ့တည်ပြီးလျှင် သူတို့၏ မျိုးဆက်သွေး အနက်ပိုင်းထဲမှာ ပုန်းကွယ်နေသော သူတို့မျိုးနွယ်၏ မွေးရာပါမှတ်ဉာဏ်အချို့က ပွင့်သွားပြီး အဲ့ဒါကို အမွေဆက်ခံလာနိုင်ပေလိမ့်မည်။ အဲ့ဒါက သူတို့အတွက် ကိုက်ညီသင့်လျော်သော သားရဲနည်းစနစ်များ ဖြစ်ပေလိမ့်မည်။
သူတို့သည် ဘယ်ဘက်ခြမ်းရှိ ကျောက်သားစင်ဆီသို့ လျှောက်သွားကြ၏။
သူတို့လို သားရဲများအတွက် သူတို့အတွက် သင့်လျော်သော လက်နက်တစ်ခုစီကို ကိုင်ဆောင်ရဖို့က ရှားရှားပါးပါး ဖြစ်လေသည်။
အဲ့ဒါက တစ်ကယ့်ကို ရှားရှားပါးပါး အခွင့်အရေး ဖြစ်လေသည်။
ဆူဇီမိုကလည်း မြေခွေးလေးအတွက် ရတနာတစ်ခုကို ရှာဖွေကြည့်နေ၏။
ယခင်က သူမက သူ့ကို ကယ်ဖို့ ကြိုးစားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူမ၏ မီးပိတ်ဆို့ခြင်းတောင်းက တာအိုသက်ရှိရွှမ်ယု၏ ယူဆောင်သွားခြင်းကို ခံခဲ့ရမှာ မဟုတ်ပေ။
အဲ့ဒါက မြေခွေးလေးအတွက် သူမအမေ ချန်ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမွေပစ္စည်းဖြစ်လေသည်။
မျောက်နှင့် အခြားသူများသည် ကျောက်သားစင်တစ်လျှောက် ကွေ့ပတ်၍ ဆင်းချသွားကြ၏။
ကြားထဲမှာ သူတို့သည် များစွာသော ထိပ်တန်းအဆင့်လက်နက်များကို မြင်တွေ့ခဲ့ရပြီး ဓမ္မအင်းကွက်ငါးခုနှင့် ပကတိဓမ္မလက်နက်အချို့ကိုပင် မြင်တွေ့ခဲ့ရသေး၏။ သို့သော်လည်း သူတို့က အဲ့ဒါတွေထဲ တစ်ခုကိုမှ မယူခဲ့ကြပေ။
သူတို့က တစ်ခုကိုသာ ရွေးချယ်နိုင်မည် ဖြစ်သောကြောင့် တော်တော်လေး ဂရုတစိုက် ရွေးချယ်ရပေမည်။
ရုတ်တရက် မျောက်က သူ့ခြေလှမ်းကို ရပ်တန့်ပြီး ချေးတက်နေသော တုတ်ရှည်တစ်ချောင်းကို စိုက်ကြည့်လိုက်၏။
မျောက်က ထိုတုတ်ရှည်ကို မ,ယူပြီး သေချာ စေ့စပ်စွာ စစ်ဆေးကြည့်ရှုလိုက်၏။
တုတ်ရှည်က အရမ်းထူးခြားနေတာ ဘာမှ မရှိပေ။ တစ်ကယ်ဆို ၎င်းပေါ်မှာ မည်သည့်ဓမ္မအင်းကွက်မှကို ရှိမနေဘဲ တုတ်တစ်ချောင်းလုံးက သံချေးတက်နေ၏။ တစ်ခုတည်းသော ထူးခြားသည့်အရာမှာ ၎င်းကို လှုပ်ရှားလိုက်သည့်အခါ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းက လက်လက်သွားခြင်းပင်။
အဲ့ဒါက ဓမ္မလက်နက်တစ်ခု မဟုတ်ပေ။
သို့သော်လည်း မျောက်က ထိုသံတုတ်ကို ကောက်ယူလိုက်သည့်အချိန်မှာ.. လင်းရွှမ်ကျီ၏ မျက်လုံးထောင့်က ခဏလေး တွန့်သွားတာကို ဆူဇီမိုက မြင်လိုက်လေသည်။