အဝါရောင်ငရဲမြစ်ကားချပ်
Vol. 47 Ch. 693
ထိုလျှပ်စစ်ရေကန်ထဲတွင် ခရမ်းရောင်လျှပ်စီးများက တဖျပ်ဖျပ်လက်နေပြီး လျှပ်စစ်မြွေများက ကူးလူးသွားလာနေကြ၏။ အဲ့ဒါက သက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်အလား အလွန်တရာ မြောက်မက်ဖွယ်ကောင်းသည့် အော်ရာကို ထုတ်ပေးနေ၏။
အဲ့ဒါက ဘယ်လို စွမ်းအားမျိုးတွေပါလိမ့်...
ကောင်းကင်ဘုံကိုးလွှာက နတ်ဘုရားမိုးကြိုးများကို တစ်နေရာထဲမှာ စုစည်းထားတာများလား..
မိုးကြိုုးက စကြာဝဠာတွင် အမာကြောဆုံးနှင့် သမာသမတ်အကျဆုံး စွမ်းအင်အမျိုးအစားဖြစ်ပြီး ထိန်းချုပ်ဖို့လည်း အခက်ခဲဆုံး ဖြစ်လေသည်။
မိုးကြိုးနှင့် ပတ်သတ်သော ကျင့်ကြံရေးနည်းစနစ်များကလည်း အန္တရာယ်အများဆုံးဖြစ်ပြီး တစ်ချက်ကလေး မှားယွင်းသွားသည်နှင့် သူတို့၏ အသက်ကို နုတ်ယူသွားနိုင်၏။
ဒဏ္ဍာရီအရ မဟာယာနအဆင့်ပြီးလျှင်.. ကောင်းကင်ဘုံကပ်ဘေးတစ်ခု ဆင်းသက်လာသော ကပ်ဘေးဖြတ်ကျော်အဆင့်ဆိုတာ ရှိလေသည်။
ထိုကောင်းကင်ဘုံကပ်ဘေးကို မိုးကြိုးဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အလွန်တရာ စွမ်အားကြီးမားလေသည်။ ကမ္ဘာပေါ်ရှိ အသန်မာဆုံး ပညာရှင်များနှင့် ရှေးဟောင်းဧကရာဇ်များတောင်မှ အဲ့ဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ကောင်းပေမည်။
သူတို့က အဲ့ဒါကို မကျော်ဖြတ်နိုင်တော့ဘူးဆို.. မျိုးနွယ်စုခေါင်းဆောင်ကြီးများ သို့မဟုတ် သွေးကနေ ပြန်လည်မွေးဖွားလာသော နတ်ဘုရားစွမ်းအားနှင့် ဧကရာဇ်များတောင်မှ ပြာဖြစ်သည့်အထိ ဖျက်ဆီးချေမှုန်းခံရနိုင်လေသည်။
ကောင်းကင်ဘုံကပ်ဘေးများက မိုးကြိုးစွမ်းအားများ၏ စံနမူနာ ဖြစ်လေသည်။
ဆူဇီမိုက စဉ်းစားတွေးတောနေစဉ်မှာပင် ဖက်တီးလေးက အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ရှေ့သို့ တက်လှမ်းသွားပြီ ဖြစ်လေသည်။
သူက အရိုးစုတစ်ခုကို ရင်ဆိုင်နေရသော်လည်း ဖက်တီးလေး၏ မျက်နှာပေါ်မှာ မထီမဲ့မြင့်နှင့် မခန့်လေးစား တစ်စွန်းတစ်စမှ ရှိမနေပေ။
သူက ဒူးထောက်ချလိုက်ပြီး အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ကို ရိုသေလေးစားစွာဖြင့် ဦးသုံးကြိမ်ချလိုက်၏။
“စီနီယာ.. ကျုပ်က ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်အောက်ကနေ အပလောကဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ အုတ်ဂူဂိုဏ်းရဲ့ အဆုံးစွန်ရတနာကို ပြန်ယူဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ.. ကျုပ်ရဲ့ အပြုအမူက စီနီယာကို ဆန့်ကျင်သလို တစ်နည်းတစ်ဖုံ ဖြစ်သွာခဲ့ရင် ခွင့်လွှတ်ပေးပါဗျ”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။
အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က တင်ပျဉ်ခွေထိုင်နေပြီး သူ့လက်တစ်ဖက်ကို ဒူးပေါ်မှာ တင်ထား၏။ သူ၏ ကျန်လက်တစ်ဖက်ကတော့ သူ့ရှေ့ရှိ ပိတ်ထားသော ကားချပ်လိပ်တစ်ခုကို လက်ညိုးထိုးပြနေ၏။
လင်းရွှမ်ကျီ၏ အကြည့်က တောက်ပသွားပြီး သူ့လက်ထဲရှိ ခေါက်ယပ်တောင်ကို ဝေ့ရမ်းကာ ညင်သာစွာ ပြောလိုက်၏။
“ကျုပ်ထင်တာ မမှားဘူးဆို.. အဲ့ဒါက အတိတ်ကာလတုန်းက ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အဝါရောင်ငရဲမြစ်ကားချပ် ဖြစ်လိမ့်မယ်.. အဲ့ဒါက သက်ရှိအားလုံးနဲ့ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို မြှုပ်နှံပစ်နိုင်စွမ်းရှိတဲ့ မဟာသတ်ဖြတ်လက်နက်တစ်ခုပဲ”
“ကံဆိုးစွာနဲ့ အပလောကဧကရာဇ်က သူ့ရဲ့ ကပ်ဘေးကို ဖြတ်ကျော်နေရင်း အထွတ်အထိပ်အချိန်မှာ.. အဝါရောင်ငရဲမြစ်ကားချပ်က ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားကို ခုခံပေးပြီးတဲ့နောက် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရတယ်.. အဲ့ဒါကြောင့်ပဲ အဲ့ဒီဟာက ဓမ္မလက်နက်တစ်ခုရဲ့ အဆင့်ထိ လျှောကျသွားခဲ့ရတာပဲ”
“အာ”
ဆူဇီမိုသည် အံ့အားသင့်သွား၏။
ထိုကားချပ်လိပ်က ဤမျှထိ ကြီးမြတ်သည့် ဇာစ်မြစ်နောက်ခံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
လင်းရွှမ်ကျီက ဆက်ပြော၏။
“ဒါပေမယ့် အဲ့လိုဆိုရင်တောင်.. အဲ့ဒါက အပလောကဧကရာဇ်ရဲ့ ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့ဖူးတာပဲ.. သူက ဆိုးဆိုးရွားရွား ပျက်စီးပြီး ဒီအဆင့်သို့ လျှောကျခဲ့ပေမယ့်လို့ သာမန်လက်နက်တွေ နှိုင်းယှဉ်နိုင်တဲ့အရာတော့ မဟုတ်ပြန်ဘူး”
“ဧကရာဇ်လက်နက်လား”
ဆူဇီမိုက ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ဓမ္မလက်နက်များပြီးလျှင် ဓမ္မရတနာများ လာသည်ဆိုတာကိုတော့ သူသိထား၏။
ဒါဆို.. ဧကရာဇ်လက်နက်တွေဆိုတာကရော ဘယ်ကနေ လာတာလဲ။
“ရှင်းရှင်းပြောရရင်တော့.. ဧကရာဇ်လက်နက်ဆိုတာ ဧကရာဇ်တွေရဲ့ မူပိုင်ဓမ္မရတနာပါပဲ.. ဧကရာဇ်တွေက အဲ့ဒီလက်နက်တွေကို သူတို့နဲ့ အတူ သယ်ဆောင်ထားတဲ့အတွက် ဧကရာဇ်တွေရဲ့ ခွန်အား၊ အော်ရာနဲ့ ကြမ္မာက သူတို့နဲ့အတူ ပေါင်းစပ်သွားပြီးတော့ သူတို့က ပိုပြီးတော့ ကြောက်စရာကောင်းလာခဲ့တာပဲ”
လင်းရွှမ်ကျီက အတိုချုံးပြီး ပြောပြလိုက်၏။
ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွားရလေသည်။
ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားက ဧကရာဇ်လက်နက်တစ်ခုကိုတောင် ဒီအဆင့်သို့ လျှောချပစ်နိုင်သည်ဆိုတော့ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ။
ရိုသေလေးစားသော အမူအယာဖြင့် ဖက်တီးလေးက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အဝါရောင်ငရဲမြစ်ကားချပ်ကို မ,ယူကာ ဖြည်းဖြည်းချင်း ဖွင့်ချလိုက်၏။
ဝေါ...
အဝါရောင်ငရဲမြစ်ကားချပ်ထဲမှ မြစ်ရေစီးသံများက တဝေါဝေါ ထွက်ပေါ်လာ၏။
လူတိုင်းသည် လှည့်ကြည့်လိုက်ကြ၏။
အဝါမြစ်ငရဲမြစ်ကားချပ်အတွင်းတွင် အဝါရောင်ငရဲမြစ်က အမှန်တစ်ကယ်ကို စီးဆင်းနေလေသည်။
အဝါရောင်ငရဲမြစ်ကားချပ်ကို မြူခိုးတစ်လွှာက လွှမ်းခြုံလာပြီး ကြောက်စရာကောင်းသည့် အဝါရောင်တောက်တောက်ကို ထုတ်ပေးကာ နန်းတော်တစ်ခုလုံးကို ဆွဲယူသွင်းချင်သည့်အလား ရောင်ပြန်ဟပ်၍ လင်းထိန်လာလေသည်။
လူတိုင်းသည် မွန်းကျပ်သလို ခံစားလာရ၏။
အဲ့ဒါက စိတ်ကူးယဉ်စဉ်းစားနေခြင်း မဟုတ်ပေ။
ဆူဇီမို၏ စွမ်းအားကြီးသော ကိုယ်ကာယနှင့်ပင်လျှင် သူက မသက်မသာ ခံစားလာရ၏။
“မိုက်လိုက်တာ”
လင်းရွှမ်ကျီပင်လျှင် အံ့ဩဘနန်း ဖြစ်သွားရ၏။
“ဒဏ္ဍာရီအရဆို.. အဝါရောင်ငရဲမြစ် ဆင်းသက်လာရင် အဲ့ဒါက ကမ္ဘာပေါ်မှာရှိတဲ့ လက်နက်အားလုံးကို တိုက်စား(ရေစီးအားဖြင့်) ပစ်နိုင်တယ်တဲ့.. အဲ့ဒီလက်နက်တွေက အကုန် သတ္တုပျက်တွေ ဖြစ်ကုန်လိမ့်မယ်.. မူလအဆင့် လက်နက်တွေပဲ မပျက်မစီး ကျန်နိုင်လိမ့်မယ်”
ဆူဇီမိုသည်လည်း ရေရွတ်လိုက်မိ၏။
“အဝါရောင်ငရဲမြစ်က နှစ်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဒီအဆင့်ထိ လျှောကျသွားတာတောင် သူက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့အော်ရာကို ထုတ်ပေးနိုင်နေသေးတယ်ဆိုတော့”
အဝါရောင်ငရဲမြစ်ကားချပ်က ဖက်တီးလေး၏ ဦးခေါင်းထက်မှာ ရစ်ဝဲလာ၏။
ဖက်တီးလေး၏ မျက်လုံးများက တင်းကျပ်စွာ ပိတ်ထားပြီး တသိမ့်သိမ့် တုန်ယင်နေ၏။ မကြာမကြာဆိုသလို သူ့ခန္ဓာကိုယ်က အဝါရောင်အလင်းဖြင့် တောက်လာတတ်၏။ သူသည် အဝါရောင်ငရဲမြစ်ကားချပ်မှ ဆေးကြောသန့်စင်ခြင်းကို ခံယူနေခြင်း ဖြစ်၏။
အနံ့ဆိုးများနှင့် မဲညစ်ညစ်အလွှာများက ဖက်တီးလေး၏ အရေပြားပေါ်မှာ တဖြည်းဖြည်း ပေါ်လာကြ၏။
အဲ့ဒါတွေက သူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများပင် ဖြစ်လေသည်။
အဝါရောင်ငရဲမြစ်ကားချပ်ကနေ ထုတ်ပေးသော မြူခိုးများက ဖက်တီးလေး၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူ့ကို ကူညီသန့်စင်ပေးကာ အညစ်အကြေးများက ထုတ်ရသလောက် များများ ထုတ်ပေးနေလေသည်။
အဲ့ဒါက ဖက်တီးလေးအတွက် အခွင့်အလမ်းပင်။
အပြင်လူများက အဲ့ဒါကို သူ့ဆီကနေ လုယူသွားဖို့ အခွင့်အရေး ရမှာ မဟုတ်ပေ။
လင်းရွှမ်းကျီက မနာလိုအားကျစွာဖြင့် နှုတ်ခမ်းထော်လိုက်၏။
“အဝါရောင်ငရဲမြစ်ရေ.. ကောင်းလိုက်တဲ့ ပစ္စည်း”
“မင်းပြောချင်တာက.. ဖက်တီးလေးကို လွှမ်းခြုံထားတဲ့ အဝါရောင်မြူခိုးတွေက အဝါရောင်ငရဲမြစ်ရေလား” ဆူဇီမိုက မယုံကြည်နိုင်စွာ မျက်လုံးပြူး၍ မေးလိုက်၏။
တစ်ကယ့်အစစ်အမှန် အဝါရောင်ငရဲမြစ်က ဟိုးမြေအောင် အနက်ပိုင်းထဲမှာရှိပြီး.. လူတစ်ယောက်က အဲ့ဒါကို တွေ့ချင်လျှင် မရဏဂိတ်တံခါးနှင့် ပြန်လမ်းမဲ့တံတားကို ဖြတ်ကျော်ရပေမည်။
တစ်နည်းအားဖြင့် သေသွားသည့်လူများသာလျှင် အဝါရောင်ငရဲမြစ်ကို မြင်နိုင်လေသည်။
အသက်ရှင်နေသေးသောလူများက ဘယ်လိုလုပ်ပြီး အဝါရောင်ငရဲမြစ်ရေနှင့် ထိတွေ့နိုင်ပါမည်နည်း။
“အဲ့ဒါက ရေနဲ့ ပြန်ပွားထားတဲ့ ငရဲမြစ်ရေလို့ပဲ ပြောလို့ရမယ်.. အဲ့ဒီအဝါရောင်ငရဲမြစ်မြူခိုးတွေမှာ ပါတဲ့ စွမ်းအားက အဝါရောင်ငရဲမြစ်ရေ စွမ်းအားရဲ့ အပုံသန်းတစ်ရာပုံတစ်ပုံလောက်ပဲ ပါလိမ့်မယ်”
လင်းရွှမ်ကျီက သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်၏။
“တစ်ကယ့်အစစ်အမှန် အဝါရောင်ငရဲမြစ်က ရေတစ်စက်သာဆိုရင်.. ဒီဝတုတ်ရဲ့ ခန္ဓာကိုယ်က သန့်စင်ခံရရုံတင် မကဘူး.. ချင်ချင်း အရည်ပါပျော်ကျသွားလိမ့်မယ်”
ခဏ ရပ်နားပြီးနောက် လင်းရွှမ်ကျီက ဆက်ပြော၏။
“ဒါပေမယ့်လို့.. အစစ်အမှန် အဝါရောင်ငရဲမြစ်ရေက အဲ့ဒီကားချပ်အတွင်းထဲမှာ ရှိနေတယ်”
“ဟမ်”
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
“ပဟေဠိနန်းတော်က ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ထားတာက.. အဝါရောင်ငရဲမြစ်ကားချပ်က အစစ်အမှန် ဧကရာဇ်လက်နက်တစ်ခု ဖြစ်လာရတဲ့ အကြောင်းရင်းက.. အပလောကဧကရာဇ်က သူ့ရဲ့ နတ်ဘုရားစွမ်းအားတွေကို ထုတ်လွှတ်လိုက်တဲ့ အတွက်ကြောင့်တဲ့.. သူ့ရဲ့ ရဲရင့်မှု၊ အကြောက်အလန့် ကင်းမဲ့မှု၊ ပြတ်သားမှုတွေနဲ့ သူက မရဏဂိတ်တံခါးကို ဖြတ်ကျော်၊ ပြန်လမ်းမဲ့တံတားကို ကူးဖြတ်ပြီးတဲ့နောက် အဝါရောင်ငရဲမြစ်ရဲ့ တစ်စွန်းတစ်စကို ထုတ်ယူပြီး အဲ့ဒီကားချပ်ထဲမှာ ချိတ်ပိတ်ထားလိုက်ရာကနေ အဲ့ဒါက ဧကရာဇ်လက်နက်တစ်ခု ဖြစ်လာခဲ့တာတဲ့”
လင်းရွှမ်ကျီက အနည်းငယ် နှမြောတသဟန်ဖြင့် မှတ်ချက်ပြုလိုက်၏။
“တစ်ကယ်တော့.. ဝတုတ်ရဲ့လက်ရှိအစွမ်းအစနဲ့ဆို.. သူက ကားချပ်ကို အသုံးချနိုင်ဦးမှာ မဟုတ်သေးဘူး”
ဒီအဆင့်ထိ ကျလာပြီးတာတောင် ငရဲမြစ်ကားချပ်က ဓမ္မလက်နက်တစ်ခု ဖြစ်နေတုန်းပင်။
ဖက်တီးလေးက အဝါရောင်ငရဲမြစ်ကားချပ်ကို အသုံးချချင်သည်ဆိုလျှင် သူက အရင်ဆုံး နိုးထဝိညာဉ်ကို တက်လှမ်းနိုင်ဖို့ လိုလေသည်။
လူတိုင်းသည် သူတို့ရောက်နေရာမှာ ရပ်တန့်၍ တိတ်တဆိတ် စောင့်ကြည့်နေကြ၏။
ဖက်တီးလေး၏ အခွင့်အလမ်း လက်ခံရယူနေခြင်းကို နှောင့်ယှက်မိမည်စိုးသောကြောင့် မည်သူကမှ အရမ်းကာရော မလှုပ်ရှားကြပေ။
ခြောက်နာရီတိတိ ကြာသွားခဲ့၏။
နောက်ဆုံးမှာတော့ ဖက်တီးလေး၏ သန့်စင်ဆေးကြောခြင်းက အဆုံးသတ်သွားခဲ့၏။
သန့်စင်ဆေးကြောခံရပြီးနောက် ဖက်တီးလေးက အတော်လေး ပိန်ကျသွား၏။
အမွေအနှစ်လက်ခံယူခြင်းက မပြီးဆုံးသေးပေ။
ဝေါ..
ရုတ်တရက်.. ဖက်တီးလေး၏ နောက်မှာ ရွှေအမြုတေနယ်မြေတစ်ခုက ပေါ်လာ၏။
မြူများဆိုင်းနေသော အဝါရောင်မြစ်တစ်စင်းက လှိုင်းဂယက်များနှင့်အတူ စီးဆင်းလာပြီး ၎င်းထဲမှာ များစွာသော အလောင်းများက လွင့်မျောနေကာ နတ်ဆိုးဆန်သောအော်ရာကို အတောမသတ် ထုတ်ပေးနေ၏။
အဝါရောင်ငရဲမြစ်အမြုတေနယ်မြေက အဝါရောင်ငရဲမြစ်ကားချပ်နှင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်နေပုံရ၏။
အမြုတေနယ်မြေ၏ စွမ်းအားက လျှင်မြန်စွာ မြင့်တက်လာနေ၏။
ဆူဇီမိုသည် ရုတ်တရက် အလင်းရောင်ကို မြင်လိုက်ရ၏။
ဖက်တီးလေးသည် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်ကို သူမြင်ခဲ့စဉ်က ဖက်တီးလေးသည် အဝါရောင်ငရဲမြစ်အမြုတေနယ်မြေ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိသေးဟု သူခံစားခဲ့မိပြီးဖြစ်၏။
အဝါရောင်ငရဲမြစ်က အမြုတေနယ်မြေသတ်မှတ်ချက်မှာ အနည်းဆုံး အဆင့် ၂၀ ဝင်နိုင်လေသည်။
အဲ့ဒါကို ဖက်တီးလေး၏ အလားအလာက ကန့်သတ်ထားသောကြောင့် မဟုတ်ဘူးဆိုတာ ယခုမှ ဆူဇီမို နားလည်သဘောပေါက်လာ၏။ အကြောင်းရင်းမှာ အုတ်ဂူဂိုဏ်း၏ အဆုံးစွန်ရတနာဖြစ်သည့် အဝါရောင်ငရဲမြစ်ကားချပ်က ဒီနေရာမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သောကြောင့် ဖြစ်လေသည်။
အဝါရောင်ငရဲမြစ်ကားချပ်ထဲမှာ အစစ်အမှန်အဝါရောင် ပါဝင်လေသည်။
အစစ်အမှန်အဝါရောင်ငရဲမြစ်၏ အော်ရာကို တွေ့ကြုံခံစားပြီးမှသာ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။
အဝါရောင်ငရဲမြစ်ကားချပ်ကို ရရှိပြီးနောက်.. ဖက်တီးလေး၏ ခန္ဓာကိုယ်ကသာ ပိုမိုသန်မာလာသည် မဟုတ်ပေ။ သူ၏ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေကပါ ပိုမိုသန်မာလာပြီး အတိတ်ကာလက ဂုဏ်ကျက်သရေကိုပင် ပြန်လည်ရရှိလာနိုင်တော့မည် ဖြစ်လေသည်။
ဤဖြစ်စဉ်က နောက်ထပ်ရှည်ကြာသော ကာလတစ်ခုကို ဖြတ်သန်းခဲ့၏။
အမွေအနှစ်လက်ခံရယူခြင်းဖြစ်စဉ်က အဆုံးသတ်ဖို့ တစ်ရက်လုံးလုံး အချိန်ယူခဲ့လေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
ရုတ်တရက်.. နန်းတော်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာ၏။
မြေအောက်အနက်ပိုင်းထဲကနေ အလွန်တရာ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာက နိုးထလာပြီး တကြွဖို့ ကြိုးစားလာသည့်အတိုင်းပင်။
လင်းရွှမ်ကျီ၏ မျက်လုံးများက ဝင်းလက်သွား၏။
“နဂါးကြောက မွေးဖွားလာပြီ!”