နဂါးကြော
Vol. 47 Ch. 694
နဂါးကြောက ကြမ္မာအခွင့်အလမ်းကို ကိုယ်စားပြုလေသည်။
ကြမ္မာအခွင့်အလမ်းက အကောင်အထည် မရှိသော်လည်း နဂါးကြောကတော့ မြင်နိုင်လေသည်။
“ဂါး”
နဂါးဟိန်းသံက ထွက်ပေါ်လာ၏။
ကြမ်းကြုတ်သော နတ်နဂါးတစ်ကောင်က မြေကြီးထဲကနေ ရုန်းထွက်လာပြီး သူ့ခေါင်းကို မြှောက်ကာ ရစ်ခွေနေ၏။ သူက နန်းတော်ထဲသို့ ရောက်လာပြီးနောက် သူ့ခေါင်းကို နောက်လှန်ကာ ကျောက်သားများနှင့် သတ္တုများကိုပင် ကြေမွသွားလောက်အောင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
အဲ့ဒါက တစ်ကယ့် အစစ်အမှန်နဂါးတစ်ကောင် မဟုတ်သည့်အပြင် နဂါးတစ်ကောင်၏ အကြွင်းအကျန်ပုံရိပ်ဟုပင် မခေါ်နိုင်ပေ။
၎င်းက လေစီးကြောင်းများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်ပြီး နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ကိုသာ ဖော်ဆောင်ထားနိုင်လေသည်။
နဂါးကြောက ဤနေရာ၏ အောက်မှာပင်။
အဝါရောင်ငရဲမြစ်ကားချပ်က ထိုနဂါးကြောကို ဖိနှိမ်ထားသောကြောင့်သာ ၎င်းက ပေါ်ထွက်မလာခဲ့ခြင်း ဖြစ်လေသည်။
ယခု အဝါရောင်ငရဲမြစ်ကားချပ်ကို ဖက်တီးက ယူလိုက်သောအခါ နဂါးကြောက နောက်ဆုံးမှာ အချုပ်အနှောင်ကနေ လွတ်မြောက်သွားလေပြီ။
နဂါးကြောက တစ်ကယ့် သက်ရှိတစ်ကောင် မဟုတ်ပေ။ အဲ့ဒါက ကမ္ဘာလောက၏ ကြမ္မာအခွင့်အလမ်းများကို စုစည်းခြင်းဖြင့် ဖြစ်ပေါ်လာခြင်းမျှသာ ဖြစ်လေသည်။ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီးနောက် သူ၏ ပန်းတိုင်မှာ ဤအုတ်ဂူထဲကနေ ထွက်ပြေးပြီး ကမ္ဘာလောကဆီသို့ ပြန်သွားဖို့သာ ဖြစ်လေသည်။
နဂါးကြောက အုတ်ဂူထဲကနေ ထွက်သွားသည့် နောက်ခဏမှာပင် ပျက်ပြယ်သွားပေလိမ့်မည်။
ထိုအခါ ကြမ္မာအခွင့်အလမ်းများက လောကဆီသို့ ပြန်လည်ဖြန့်ကျက်သွားမည်ဖြစ်ပြီး ဤနေရာတစ်ဝိုက်ရှိ မည်သည့်ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကမှ နဂါးကြောမှ ကြမ္မာအခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ကြတော့မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို..
အဝါရောင်ငရဲမြစ်ကားချပ်က လင်းလက်တောက်ပလာပြီး လေထဲမှာ တဖျပ်ဖျပ် လွင့်လာ၏။ ၎င်းအတွင်းမှ မြူဆိုင်းနေသော အဝါရောင်လှိုင်းတစ်လုံးက ရုန်းထွက်လာလေသည်။ ထိုလှိုင်းလုံးက အရမ်းကြီးမားပြီး နဂါးကြောဆီသို့ ပြေးဝင်သွားကာ ၎င်းကို အဝါရောင်ငရဲမြစ်ကားချပ်ထဲသို့ ဆွဲယူသွင်းဖို့ ကြိုးစားနေ၏။
“ဂါး.. ဂါး.. ဂါး..”
နဂါးကြောက လေထဲမှာ အဆက်မပြတ် ဟိန်းဟောက်ပြီး ထပ်တလဲလဲ ရုန်းကန်ကာ အဝါရောင်ငရဲမြစ်၏ စုပ်ယူခြင်းကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားနေလေသည်။
မတူညီသော စွမ်းအားနှစ်မျိုးက တစ်ခုနှင့်တစ်ခု အသည်းအသန် ယှဉ်ပြိုင်နေကြ၏။
ခဏနေပြီးနောက် အဝါရောင်ငရဲမြစ်ကားချပ်သည် နဂါးကြောတစ်ခုလုံးကို ဝါးမျိုဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သဘောပေါက်သွားပုံရ၏။
အဝါရောင်မြစ်ရေများက တိကျသော နေရာတစ်ခုမှာ စုစည်းသွားကြပြီး နဂါးကြောကို အပိုင်းပိုင်းကြေမွသွားစေရန် ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
နဂါးကြောက ချဲထွက်သွားပြီး နဂါးပုံစံ လေစီးကြောင်းမြောက်များစွာအဖြစ် ပြိုကွဲကာ လေထဲမှာ အရူးအမူး ပြေးလွှားလိုက်ကြ၏။
ရွှစ်..
ထို့နောက် ချက်ချင်းပင်.. အဝါရောင်ငရဲမြစ်ထဲမှ နောက်တစ်ဖန် ကြီးမားသည့် လှိုင်းများက မြင့်တက်လာပြီး နဂါးကြောမှ အစိတ်အပိုင်းထက်ဝက်လောက်ကို အဝါရောင်ငရဲမြစ်ကားချပ်ထဲသို့ ဆွဲယူသွင်းလိုက်၏။ ထို့နောက် ၎င်းက အဲ့ဒါကို ဖက်တီးလေး၏ ခန္ဓာကိုယ်ထဲသို့ လမ်းကြောင်းပြောင်းထည့်ပေးလိုက်လေသည်။
အဲ့ဒါက လင်းရွှမ်ကျီ ကြိုတင်ခန့်မှန်းထားခဲ့သည့်အတိုင်း အတိအကျပင်။
အဝါရောင်ငရဲမြစ်ကားချပ်၏ အကူအညီနှင့်တောင် ဖက်တီးလေးက နဂါးကြော၏ ထက်ဝက်ကိုသာ စုပ်ယူနိုင်စွမ်း ရှိလေသည်။
လင်းရွှမ်ကျီက မတ်တပ်ရပ်ပြီး ယုံကြည်မှုရှိရှိ ပြုံး၍ ကြေညာလိုက်၏။
“အားလုံးပဲ.. ကျုပ်ကတော့ တဟန်တပန်တွေ လုပ်မနေတော့ဘူးနော်”
လင်းရွှမ်ကျီက ခေါက်ယပ်တောင်ကို သူ့ခါးမှာ ဒီတိုင်းချိတ်၍ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ့ရွှေအမြုတေကို လှည့်ပတ်ပြီး ရှုပ်ထွေးပွေလီ၍ တဝှီးဝှီးထနေသော စိတ်ဝိညာဉ်ပညာရပ်များကို သူက ဆက်တိုက်လှုပ်ရှားပုံဖော်လိုက်လေသည်။
စိတ်ဝိညာဉ်အတတ်က ပုံပေါ်လာပြီးနောက်.. အနက်နှင့်အဖြူရောင် စစ်တုရင်ကောင်များ ပြည့်နေသော အလွန်ကြီးမားသည့် စစ်တုရင်ခုံတစ်လုံးက လင်းရွှမ်ကျီနောက်မှာ ပေါ်လာပြီး ရူးသွပ်စွာ လည်ပတ်လာလေသည်။
ထိုစစ်တုရင်ခုံက စကြာဝဠာ၏ လျှို့ဝှက်ချက်များနှင့် သက်ရှိအားလုံးကို ဘဝများကို တွက်ချက်နိုင်သည့်အလားပင်။
“သွား”
လင်းရွှမ်ကျီက ရှေ့သို့ လက်ညိုးထိုးလိုက်၏။
စစ်တုရင်ခုံက ထပ်တလဲလဲ ပြန့်ကားကြီးမားလာပြီး နန်းတော်အပေါ်ကနေ လွှမ်းခြုံလာ၏။
တဖြည်းဖြည်း ချာလပတ်လည်ရင်း ၎င်းက လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်မျိုးကို ထုတ်ပေးလာ၏။
နဂါးကြောလေစီးကြောင်းများက လေထဲမှာ ရူးသွပ်စွာ ပြေးလွှားနေကြ၏။ သို့သော် ထွက်ပေါက်အားလုံးကို စစ်တုရင်ခုံက ပိတ်ဆို့ထားလေပြီ။
“ဟီးဟီး.. အပင်ပန်းခံပြီး ထွက်ပြေးမနေကြပါနဲ့ကွာ”
လင်းရွှမ်ကျီက တောက်ပစွာပြုံးကာ သူ၏ သတိစိတ်ကို ထုတ်လွှတ်လိုက်၍ သူ့လက်ချောင်းထိပ်များမှ စိတ်ဝိညာဉ်အလင်းတန်းများက စစ်တုရင်ခုံသို့ ပစ်လွင့်သွားလေသည်။
နဂါးကြောလေစီးကြောင်းအချို့က စစ်တုရင်ခုံဆီသို့ စတင် စီးဝင်လာပြီးနောက် ထိုမှတစ်ဆင့် လင်းရွှမ်ကျီ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားကြ၏။
နဂါးကြောလေစီးကြောင်းအများစုက ဦးခေါင်းမပါသော ယင်ကောင်များကဲ့သို့ နန်းတော်ပတ်လည်မှာ လျှောက်ပြေးနေကြပြီး အချို့က မျောက်နှင့် အခြားသူများဘေးကနေတောင် ဖြတ်သန်းသွားကြ၏။
“ဟ”
စိတ်ဝိညာဉ်ကျားက သူ၏ ကြီးမားသော လက်ဖဝါးနှစ်ဖက်ဖြင့် နဂါးကြောလေစီးကြောင်းတစ်ခုကို ဖမ်းဆွဲပြီး အော်လိုက်၏။
“မင်း ဘယ်ကို ပြေးမှာလဲ”
သူ့လက်ထဲ ရောက်ရောက်ချင်းမှာပင် နဂါးကြောလေစီးကြောင်းက ချက်ချင်း ပျက်ပြယ်သွားလေသည်။
ဒါ့အပြင် ကြမ္မာအခွင့်အလမ်းကလည်း သူ့ထံသို့ တိုးဝင်လာခြင်း မရှိပေ။
မျောက်၊ ရွှေခြင်္သေ့၊ ချင်ချင်နှင့် မြေခွေးလေးတို့ အားလုံးကလည်း ကြိုးစားကြည့်ကြ၏။ သို့သော် မည်သူမှ နဂါးကြောကို ဖမ်းဆုပ်မိနိုင်ခြင်း မရှိကြပေ။
“ပေါကြောင်ကြောင်နဲ့ အဲ့ဒါတွေကို လျှောက်ဖမ်းတော့ရော ဘာလုပ်လို့ ရမှာမို့လဲ”
စိတ်ဝိညာဉ်ကျားက နဂါးကြောကို ဖမ်းယူနေသော လင်းရွှမ်ကျီကို မကျေမနပ်ဖြင့် မနာလိုအားကျမှု ရောစွက်ကာ စိုက်ကြည့်လိုက်၏။
လင်းရွှမ်ကျီက အူမြူးအားရစွာနှင့် စစ်တုရင်ခုံကို ထိန်းချုပ်နေ၏။
“ညီကိုကျား.. ကြမ္မာအခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့ဆိုတာ အဲ့ဒီလူရဲ့ စိတ်နေစရိုက်ကလဲ အရေးကြီးတယ်ဗျ.. ခင်ဗျားရဲ့ စရိုက်နဲ့ အဲ့ဒါက မကိုက်ညီဘူးထင်ပါရဲ့ဗျာ.. ဟဟဟား”
တစ်ကယ်တမ်းမှာတော့ နဂါးကြောကို ဖမ်းယူဖို့အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုကို လိုအပ်လေသည်။
အစကတည်းက ပဟေဠိနန်းတော်ကို တည်ထောင်သူ နတ်မိမယ်လင်းလုံက မဟာကြမ္မာပညာရှင်တစ်ပါး ဖြစ်၏။ သည်ကမ္ဘာမှာ နဂါးကြောတစ်ခုကို ဘယ်လိုဖမ်းဆီးရမလဲ သူမက ကောင်းကောင်းသိမှာ သေချာပေါက်ပင်။
မျောက်နှင့်အခြားသူများက သားရဲတောကောင်းများသာ ဖြစ်ကြ၏။ ထိုကဲ့သို့သော အရာမျိုးကို သူတို့က နားလည်သဘောပေါက်နိုင်စရာ အကြောင်းမရှိပေ။
“ဘော...ကွာ”
လင်းရွှမ်ကျီ၏ အူမြူးအားရနေသော မျက်နှာကိုကြည့်ပြီး စိတ်ဝိညာဉ်ကျားက ဒေါသအိုးပေါက်ကွဲလာ၏။
စိတ်ဝိညာဉ်ကျားက မချင့်မရဲနှင့် မျောက်ကို လှည့်ကြည့်ပြီး အံကြိတ်ကာ မေးလိုက်၏။
“အစ်ကိုမျောက်.. အဲ့ကောင်ကို ကျုပ် ဆော်ထည့်လိုက်လို့ ရလား”
“ရတာပေါ့”
မျောက်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
“ဒါပေမယ့်.... မင်း သူ့ကို နိုင်လိမ့်မယ်လို့ ငါမထင်ဘူး”
စိတ်ဝိညာဉ်ကျား “.......”
“ဂါးးး”
ရုတ်တရက် တုန်လှုပ်ချောက်ချားစရာ ဟိန်းဟောက်သံတစ်သံက နန်းတော်ထဲမှာ ဟိန်းထွက်လာ၏။
ဤဟိန်းဟောက်သံက စောစောက နဂါးဟိန်းသံနှင့် အတော်လေး ဆင်တူ၏။ သို့သော် ယခုအသံက များစွာပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
ခမ်းနားထည်ဝါပြီး လောကဓံကို ကြံ့ကြံ့ခံလာသလိုမျိုး..
ဤဟိန်းဟောက်သံနှင့်ယှဉ်လျှင် စောစောက နဂါးကြောမှ ထွက်လာသော ဟိန်းဟောက်သံက နဂါးကလေးငယ်တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဖြစ်သွားလေသည်။
လူတိုင်းသည် အသံလာရာဆီသို့ အလိုလို လှည့်ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းတွင်.. ဆူဇီမိုက မလှုပ်မယှက် ရပ်နေ၏။ သို့သော် အဲ့ဒီမှာ ပေပေါင်းများစွာ ရှည်လျားသော နတ်နဂါးတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေ၏။ ၎င်းက အစစ်အမှန် အသွေးအသားများကို ပိုင်ဆိုင်ပြီး အေးစက်စက်နှင့် တလက်လက်တောက်နေသော အကြေးခွံများက အစီအရီ ထပ်နေ၏။
နတ်နဂါး၏ ကျောရိုးမှ ထက်ရှသော ဆူးချွန်များက အတန်းလိုက် ပြူထွက်နေပြီး ထက်ရှသော လက်သည်းများနှင့် ခံ့ညားသောဦးချိုတို့ကိုလည်း ပိုင်ဆိုင်ထား၏။
၎င်း၏ မျက်လုံးများက အေးစက်နေပြီး အာဏာစက်ရှိကာ တစ်လောကလုံးကို အထင်သေးစွာ ကြည့်ရှုနေ၏။
ဆူဇီမိုက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရစ်ခွေနေသော နဂါးအတွင်း လေထဲမှာ လွင့်မျောကာ ရပ်နေ၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး မျက်လုံးများက နက်ရှိုင်းကာ ကမ္ဘာကို အုပ်စိုးမည့် နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ သူ့အော်ရာက အတောမသတ် မြင့်တက်လာနေ၏။
နတ်နဂါးကြီးက သူ၏ အချစ်တော်လက်ရုံးတစ်ယောက်လိုပင်။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများသည် ဤနည်းစနစ်အား ဆူဇီမိုထုတ်ဖော်သည်ကို ရှေးဟောင်းမြို့တော်တိုက်ပွဲမှာ မြင်ဖူးထားသည့်အတွက် အတော်လေး ဣန္ဒြေရနေ၏။
သို့သော်လည်း ဖက်တီးလေးနှင့် ရှစ်ကျန့်ကတော့ ကြက်သေသေသွားကြလေသည်။
လင်းရွှမ်ကျီပင်လျှင် နေရာမှာတင် ကြောင်အနေပြီး သူ၏ စိတ်ဝိညာဉ်ပညာရပ်ကိုပါ ထုတ်ဖော်ဖို့ မေ့လျော့နေ၏။
ခဏနေပြီးနောက် သူက ရေရွတ်လိုက်၏။
“ဒါက လူသားဧကရာဇ်ရဲ့ လျှို့ဝှက်ပညာရပ်.. ရှေးဟောင်းနဂါးအသွင်းပြောင်းခြင်းပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ပဟေဠိနန်းတော်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး လူသားဧကရာဇ်နဲ့ ပတ်သတ်ဆက်နွယ်မှု ရှိနေသည်မှာ အံ့ဩစရာ မရှိတော့ပေ။
တူညီသော မျိုးဆက်များထဲမှာဆို.. လင်းရွှမ်ကျီတစ်ယောက်သာလျှင် ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို တန်းပြီး မှတ်မိနိုင်လေသည်။
“ဂါး” “ဂါး” “ဂါး”
ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က ထွက်ပေါ်လာပြီးနောက် အစက ကစင်ကလျားဖြစ်နေသော နန်းတော်ထဲရှိ နဂါးကြောလေစီးကြောင်းများသည် သူတို့ခိုနားရာအိမ်ကို တွေ့ရှိသွားသည့်အလား ဆူဇီမို၏ ကိုယ်ထဲသို့ ပြေးဝင်ချလာကြ၏။
ထိုမြင်ကွင်းသည် ရာပေါင်းများစွာသော မြစ်များက ပင်လယ်သမုဒ္ဒရာထဲသို့ စီးဝင်ကြပုံနှင့် ဆင်တူနေလေသည်။
“လခွမ်းထဲမှ...”
လင်းရွှမ်ကျီက မနာလိုအားကျမှုဖြင့် နိုးထလာ၏။
သူသည် နဂါးကြောအတွက်နှင့် မည်သည့်ရတနာကိုမှတောင် မယူဘဲ.. မြောက်များလှစွာသော ထောင်ချောက်များ၊ ဝင်္ကပါများကို ဖြတ်ကျော်ပြီး ပင်းပန်းဆင်းရဲဒုက္ခခံစားကာ ဤနေရာထိ အရောက်လာခဲ့ရ၏။
အဆုံးသတ်ဒီနေ့မှာ အကျိုးအမြတ်ကို ရိတ်သိမ်းတော့မည့်သူက ဆူဇီမိုပင် ဖြစ်နေပြန်၏။
“ဆူဇီမို.. ငါ မင်းနဲ့ ပြိုင်တိုက်မယ်ကွ”
လင်းရွှမ်ကျီက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့ရွှေအမြုတေကို အစွမ်းကုန် လှည့်ပတ်လိုက်၏။ ချိတ်စည်းများကို ဖွဲ့တည်နေသော သူ့လက်နှစ်ဖက်က ပို၍ မြန်ဆန်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များကလည်း တဝုန်းဝုန်းထလာ၏။
နန်းတော်၏ အထက် စစ်တုရင်ခုံမှ စုပ်ယူစွမ်းအားက ပို၍ အားကောင်းလာ၏။
သို့သော်လည်း ထိုစုပ်ယူအားက ပိုကောင်းလာလေလေ.. နဂါးကြောလေစီးကြောင်းများက ဆူဇီမိုထံသို့ ပြေးဝင်နေသော အမြန်နှုန်းကလည်း ပို၍မြန်ဆန်လာလေဖြစ်၏။
ဆယ်မိနစ်မကြာခင်မှာပင်.. အဝါရောင်ငရဲမြစ်ကားချပ်၏ စုပ်ယူခြင်းမှ ကျန်ရှိသော နဂါးကြောထက်ဝက်၏ ၈၀% ကို ဆူဇီမိုက ကြားဖြတ်လုယူသွား၏။ လင်းရွှမ်ကျီအတွက်က ၂၀% သာ ကျန်ရစ်ခဲ့လေသည်။
“ဟဟဟား.. အဲ့ဒါ မင်းရဲ့ လောဘရမ္မက်ကြောင့်ပဲ”
လင်းရွှမ်ကျီ၏ မချင့်မရဲဖြစ်နေသော မျက်နှာကို ကြည့်ပြီး စိတ်ဝိညာဉ်ကျားက ဟားတိုက်ရယ်လိုက်၏။
“ကောင်းလိုက်တာ ပထမရာ.. သူ့ကို သေအောင် ကြိတ်ထည့်လိုက်စမ်းပါ”
မြေခွေးလေးက တောက်ပစွာ ပြုံး၍ ချက်ကျလက်ကျ လှမ်းပြောလိုက်၏။
“ဆရာလင်း.. ရှင့်ရဲ့စရိုက်ကလဲ အဲ့ဒါနဲ့ မကိုက်ညီဘူးနဲ့ တူတယ်နော်”
တစ်ကယ်တော့ အဲ့ဒါက ဆူဇီမိုသည် ရုတ်တရက် ဉာဏ်ကွန့်မြူးသွားပြီး သူ၏ ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်ကို ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်လေသည်။
ထိုလျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်ပြီးနောက် လင်းရွှမ်ကျီ၏ ဝေစုထဲမှ ကျန်ရှိနေသော နဂါးကြော၏ ၈၀% ကို လုယူနိုင်လိမ့်မည်ဟု သူတစ်ကယ် မထင်ခဲ့မိပေ။
အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ နဂါးကြောလေစီးကြောင်းများက ရှေးဟောင်းနဂါးအသွင်းပြောင်း၏ အော်ရာနှင့် ရင်းနှီးသော ဆက်စပ်မှုတစ်ခု ရှိသောကြောင့်ပင်။
နောက်ထပ် အကြောင်းပြချက်မှာ အဲ့ဒါက ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ချက်များကို သုံး၍ ဖန်တီးထားသော လူသားဧကရာဇ်၏ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် အဲ့ဒါက လင်းရွှမ်ကျီလက်ထဲမှ ကြမ္မာအခွင့်အလမ်းများကို ဖြတ်တောက်လုယူနိုင်ခြင်းမှာ သိပ်ပြီး အံ့အားသင့်စရာတော့ မဟုတ်ပေ။