နောက်ဆုံးနှုတ်ဆက်ခြင်း
Vol. 47 Ch. 696
မသိသာသည်ဟု ထင်ရသော ထိုအပြုအမူက အသိအမှတ်ပြုလိုက်သည့် သင်္ကေတပင်။
အဲ့ဒါထက်.. အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က သူ၏ ကျေးဇူးတင်ရှိမှုကို ဆူဇီမိုအား ပြသလိုက်ခြင်းနှင့် တူလေသည်။
“ဒီရတနာက နှစ်ပေါင်း တစ်သောင်းကျော်ကြာအောင် ငါ့နောက်ကို လိုက်ခဲ့ပြီးပြီ.. နောက်ဆုံးတော့လဲ သူက ဒီအခြေအနေ ဒီအဆင့်ထိတောင် လျှောကျသွားပြီလား”
အရိုးစုက သူ့လက်ဝါးကို ပြန်ရုတ်ပြီး ဖက်တီးလေးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီအဝါရောင်ငရဲမြစ်ကားချပ်ကို ကောင်းကောင်းသိမ်းထား.. နိုးထဝိညာဉ်အဆင့်ကို မင်းရောက်တာနဲ့ အဲ့ဒါကို မင်းရဲ့ မူပိုင်ဓမ္မလက်နက်အဖြစ် သုံးရမယ်”
“အဲ့ဒါက အတိတ်ကာလက သူ့ရဲ့ ဂုဏ်ကျက်သရေကို ပြန်မရနိုင်သေးဘူးဆိုရင်တောင် မင်းအဲ့ဒါကို ဓမ္မရတနာတစ်ခု အဆင့်ရောက်တဲ့ထိ ပြုပြင်သွားလို့ရတယ်”
အဝါရောင်ငရဲမြစ်ပန်းချီကားချပ်ကို ဓမ္မရတနာတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ မဖြစ်မနေ လိုအပ်သည်ကား ဖက်တီးလေးအနေနှင့် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ဖို့ ဖြစ်လေသည်။
သို့သော်လည်း အဲ့ဒါကို လုပ်နိုင်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်ပါမည်နည်း။
ယခုသူတို့ရှေ့ရှိ တစ်ခါက အုတ်ဂူဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသူ ဤပြိုင်စံရှားတောင်မှ ထိုအဆင့်ထိ ရောက်အောင် မလျှောက်လှမ်းနိုင်ခဲ့ပေ။
“စိတ်ချပါ စီနီယာ.. ကျတော် အကောင်းဆုံး ကြိုးစားပါ့မယ်”
ဖက်တီးလေးက ကပျာကယာ ခေါင်းညိတ်ပြပြီး အဝါရောင်ငရဲမြစ်ကားချပ်ကို အသက်လောက်ထိ အရေးပါဟန်ဖြင့် သိမ်းဆည်းလိုက်၏။
အရိုးစုက သူ့ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး အကြောအချင်များ တောင့်တင်းနေသော စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် အခြားသူများကို ကြည့်လိုက်၏။
“ဘာမှ ကြောက်နေစရာ မရှိပါဘူး.. ငါက ဟိုး အချိန်အတော်ကြာကထဲက သေနှင့်ပြီးပြီ.. ငါ့ရဲ့ အရိုးစုထဲမှာ ကျန်နေခဲ့တာက ငါ့ရဲ့ အသိစိတ်အာရုံ အကြွင်းအကျန်လေး တစ်ခုပါပဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀ က .. ငါက မဟာယာနအဆင့်ကို တက်လှမ်းရာမှာ ကျရှုံးခဲ့ပြီးတော့ ငါ့ဘဝရဲ့ သက်တမ်းကလည်း ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့တယ်.. အဲ့ဒါနဲ့ ငါက ဒီကြယ်တာရာနဂါးခံတွင်းကို ခင်းကျင်းပြီးတော့ အနာဂတ်မျိုးဆက်သစ်တစ်ယောက်ကို စောင့်ဆိုင်းနေခဲ့တာပဲ”
လူတိုင်း တွေဝေရှုပ်ထွေးသွားကြ၏။
သူက သေနှင့်ပြီးပြီဆို.. သူ့ရဲ့ အသိစိတ်က ဘာလို့ အခုအချိန်ထိ ရှင်သန်နေသေးတာလဲ။
အရိုးစုက လူတိုင်း၏ တွေဝေရှုပ်ထွေးမှုကို နားလည်ပုံရပြီး ဆက်ရှင်းပြလိုက်၏။
“ဒီအုတ်ဂူကို အသုံးချပြီးတော့ ငါ့ရဲ့ အကြွင်းအကျန် အသိစိတ်က နဂါးကြောနဲ့ ပေါင်းစပ်သွားပြီးတော့ ဒီကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်ခဲ့တယ်.. အဲ့ဒါက ငါအခု ဒီနေရာမှာ ရှိနေရတဲ့ အကြောင်းရင်းပဲ.. အခု နဂါးကြောက စုပ်ယူခံရပြီးပြီဆိုတော့ ငါလဲပဲ ပျက်ပြယ်သွားရတော့မယ်”
လူတိုင်း နားလည်သဘောပေါက်လာကြ၏။
အရိုးစုက ဆက်ပြော၏။
“ငါ့ရဲ့ အကြွင်းအကျန် အသိစိတ်ကို ချန်ထားခဲ့ရတဲ့ အကြောင်းရင်းကလဲ.. အဝါရောင်ငရဲမြစ်ကားချပ်ကို အပြင်လူတွေလက်ထဲ မကျရောက်အောင် ကာကွယ်ဖို့ပဲ.. ဒီအုတ်ဂူရဲ့ နောက်ဆုံးစမ်းသပ်ချက်က ငါပဲ”
ထိုသည်ကို ကြားသောအခါ လူတိုင်းသည် တွေဝေမိန်းမောစွာနှင့် ရင်ထဲမှာ တလျှပ်လျှပ် ခံစားလိုက်ရ၏။
အရိုးစုက တစ်ခုခုကို သွယ်ဝိုက်ပြီး ပြောနေတာ သိသာလေသည်။
သူတို့အုပ်စုထဲမှ တစ်ယောက်ယောက်ကသာ အဝါရောင်ငရဲမြစ်ကားချပ်အပေါ် ရယူလိုစိတ် သို့မဟုတ် အုတ်ဂူဂိုဏ်းနှင့် ဖက်တီးလေးအပေါ် မကောင်းသည့် ရည်ရွယ်ချက်တစ်ခုခုကို ထုတ်ပြလာခဲ့လျှင် သူတို့က အခုလောက်ဆို အသတ်ခံနေရပြီးလောက်လေပြီ။
အဲ့ဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ အကြွင်းအကျန် အသိစိတ်တစ်စသာ ဖြစ်သော်လည်း အဲ့ဒါက လက်ရှိသူတို့ထဲမှ မည်သူကိုမဆို သတ်ဖြတ်ပစ်ဖို့ လုံလောက်အောင် သန်မာလေသည်။
ဆူဇီမို၏ နှုတ်ခမ်းက တွန့်သွား၏။
ဤစွမ်းအားကြီးပုဂ္ဂိုလ်၏ အတွေးများက သတိကြီးသည်ဆိုသော အဆင့်ထက်ကို ကျော်လွန်နေလေပြီ။
သူက ဖောက်လွဲဖောက်ပြန်ဖြစ်လောက်အောင်ကို သတိကြီးလွန်းသည်နှင့် တူနေလေသည်။
အမျိုးမျိုးသော ထောင်ချောက်များနှင့် ဝင်္ကပါများကို သူတို့အဆင့်ဆင့် ဖြတ်ကျော်ပြီး အဝါရောင်ငရဲမြစ်ကားချပ်ကို လက်ခံယူပြီးတာတောင် နောက်ဆုံးစမ်းသပ်ချက်က ရှိနေဦးမည်ဟု မည်သူက ထင်ပါမည်နည်း။
တစ်ချိန်တည်းမှာပင် အဲ့ဒါက ကြောက်စရာအကောင်းဆုံးနှင့် သေစေနိုင်စွမ်းအမြင့်ဆုံး စမ်းသပ်ချက် ဖြစ်နေပြန်၏။
ဆူဇီမိုက ရင်တစ်ချက် ထိတ်သွားပြီး ဘေးဘက်ရှိ လင်းရွှမ်ကျီကို လှည့်ကြည့်လိုက်၏။
လင်းရွှမ်ကျီက အဲ့ဒါကို ကြိုတင်ခန့်မှန်းမိထားပြီး ဖြစ်သည့်အလား သူ့မျက်လုံးများထဲမှာ အံ့အားသင့်မှုကို မမြင်ရပေ။
“တစ်ကယ့်ကောင်ပဲ”
ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
“တော်တော် ဉာဏ်များတဲ့လူ”
သူတို့ ဒီနေရာကို ပထမဆုံး ဝင်လာတုန်းက နန်းတော်ထဲမှာ မည်သည့် ပစ္စည်းကိုမှ ထိတွေ့ထားခြင်း မရှိသည်ကို မြင်သောအခါ ဆူဇီမိုစိတ်ထဲမှာ သံသယတစ်ခုက ဝင်လာခဲ့သေး၏။ လင်းရွှမ်ကျီက ဒီလောက်ထိ စာနာထောက်ထားတတ်ပါ့မလားပေါ့။
ယခုအခါမှသာ နောက်ဆုံး သူနားလည်သွားခဲ့၏။
လင်းရွှမ်ကျီက ဤသို့ ဖြစ်လာမည်ကို နဂိုကတည်းက ကြိုတင်မျှော်လင့်ထားပြီးသားပင်။
အရိုးစုက ဆူဇီမိုထံသို့ လျှောက်လှမ်းလာ၏။
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မတူကွဲပြားတဲ့ အော်ရာလေးမျိုး ရှိနေတယ်”
အရိုးစုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့ဒါတွေက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက အော်ရာ.... ပြီးတော့ သားရဲချီလဲ ပါတယ်”
“ဟုတ်ပါတယ်”
ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။
သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်များက ပေါင်းစည်းခန္ဓာအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှေ့မှာ ဖုံးကွယ်ထားလို့ ရလိမ့်မည် မဟုတ်ပေ။
“ကောင်းတယ်ကွာ ကောင်းတယ်.. အရမ်းကောင်းတယ်”
အရိုးစုက စိတ်ကျေနပ် အားရသွားသည့်အလား အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။
အရိုးစုက ဘေးဘက်ရှိ ကျောက်သားစင်မှ ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို လှမ်းဆွဲလိုက်ပြီး ဖုန်မှုန်များကို ခါချကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။
“ဒီစာအုပ်ကို မင်းယူသွား.. မင်းသာ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်.. မင်းက လူထုအများစုအတွက် ကောင်းချီးမင်္ဂလာကို ဆောင်ကျဉ်းပေးနိုင်လိမ့််မယ်”
ဆူဇီမိုက ရှေးဟောင်းစာအုပ်ကို လက်ခံယူပြီး ညင်သာစွာ လှန်ကြည့်လိုက်၏။ ဖျတ်ကနဲ တစ်ချက်ကြည့်ပြီးနောက် သူ့အမူအယာက ပြောင်းလဲသွားလေသည်။
ရှေးဟောင်းစာအုပ်ထဲမှာ.. မော်တယ်များက သူတို့မှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးဆိုလျှင် မည်သို့မည်ပုံကျင့်ကြံပြီး ရွှေအမြုတေကို ဘယ်လိုဖွဲ့တည်ရမလဲဆိုတာကို စမ်းသပ်ထားသည့် နည်းလမ်းများကို မှတ်တမ်းတင်ထား၏။
တစ်ကယ်တော့.. ထိုနည်းလမ်းများအားလုံးက အဆုံးသတ်မှာ ကျရှုံးခဲ့သည်ချည်းသာ။
သို့သော်လည်း ထိုနည်းလမ်းများ၏ နောက်ကွယ်က အတွေးအကြံများနှင့် ကောက်ချက်ချမှု များစွာကိုလည်း ဖော်ပြထားလေသည်။
ဆူဟုန်က သူ့ဘဝသက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး.. ယန်တိုင်းပြည်တွင် အလောင်းများက တောင်ပုံယာပုံထပ်၍ ရင်နင့်ဖွယ်ရာ သေဆုံးနေကြသည်ကို ဆူဇီမိုသည် ကိုယ်တိုင် မြင်တွေ့ခဲ့ရသောအခါ.. သူသည် တာအိုတစ်ခုကို တည်ထောင်ပြီး အများလူထု၏ ကံကြမ္မာကို ပြောင်းလဲပေးမည်ဟု သစ္စာကျိန်ဆိုခဲ့၏။
အခြားသူများအတွက်တော့.. ဤရှေးဟောင်းစာအုပ်က အမှိုက်တစ်ခုနှင့် တူနေပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုအတွက်တော့ အဲ့ဒါက အရမ်းကိုမှ အရေးပါလေသည်။
ထိုကျရှုံးခဲ့သော ကြိုးပမ်းမှုများနှင့် နည်းလမ်းများက အလျင်လူများ ချန်ထားရစ်ခဲ့သော အဖိုးတန်လွန်းသည့် အတွေ့အကြုံများ ဖြစ်ကြလေသည်။
အဲ့ဒါက သူ့အတွက် အချိန်နှင့် အားစိုက်မှု အတော်များများကို သက်သာစေလိမ့်ပေမည်။
အရိုးစုက ပြော၏။
“ငါက နှစ်ပေါင်း နှစ်သောင်းကျော်ထိ အသက်ရှင်ခဲ့ပြီးတော့ ငါ့ရဲ့ အချိန်အများစုကို အဲ့ဒီအလုပ်ပေါ်မှာ ကုန်ဆုံးစေခဲ့တယ်.. စိတ်မကောင်းစရာပဲ.. ငါက နောက်ထပ်လမ်းကြောင်းတစ်ခုကို မရှာနိုင်ခဲ့ဘူး”
“မင်းမှာသာ အဲ့ဒါကို လုပ်ချင်တဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင်.. ဒီလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်ဖို့အတွက် ငါ့ရဲ့ မျှော်လင့်ချက်တွေကို မင်းဆီမှာပဲ ပုံအပ်ရတော့မှာပဲ.. မင်းလိုမျိုးလူတောင် အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင်တော့.. ငါစိုးရိမ်မိတယ်.. အဲ့ဒါက လမ်းသေတစ်ခု ဖြစ်ကောင်းဖြစ်နေ....”
ဆူဇီမိုက အင်မော်တယ်၊ သားရဲ၊ မိစ္ဆာနှင့် ဗုဒ္ဓလမ်းစဉ်များကို ကျင့်ကြံလျှောက်လှမ်းသူတစ်ယောက် ဖြစ်လေသည်။
သူကမှ တာအိုလမ်းကြောင်းအသစ်တစ်ခုကို မဖော်ဆောင်နိုင်ဘူးဆို.. ဒီကမ္ဘာမှာ အဲ့ဒါကို လုပ်နိုင်ဖို့ မည်သူမှ အဆင့်မမီတော့တာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
တစ်ကယ်တော့ ဆူဇီမို၏ ကျင့်ကြံမှုအဆင့်၊ အတွေ့အကြုံနှင့် အသိပညာအရ.. သူက တာအိုတစ်ခုကို တည်ထောင်နိုင်ဖို့နှင့် အဝေးကြီးမှာ ရှိနေသေးလေသည်။
ဆူဇီမိုက အရိုးစုကို အလေးအနက် ဦးညွှတ်ပြီး တည်ကြည်စွာဖြင့် ထုတ်ဖော်ပြောလိုက်၏။
“ကျုပ် တစ်ကယ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်မိပါတယ် စီနီယာ.. ဒီစာအုပ်က ကျုပ်အတွက်တော့ နှိုင်းစရာမဲ့လောက်အောင်ကို အဖိုးတန်လွန်းပါတယ်”
“ကောင်းတာပေါ့”
အရိုးစုက ခေါင်းညိတ်ပြီး သူ့နဖူးပေါ်ရှိ အလင်းစက်က စတင်၍ ဖျော့တော့လာပြီဖြစ်၏။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် သူက တစ်ဖက်သို့ လှည့်ကာ ခရမ်းရောင်တဖျပ်ဖျပ်လက်နေသော အနောက်ဘက်ရှိ လျှပ်စီးကန်ကို လက်ညိုးထိုးပြလိုက်၏။
“ဒါကတော့ ခရမ်းရောင်လျှပ်စီးကန်ပဲ.. လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ လက်နက်တွေကို သန့်စင်ဆေးကြောဖို့အတွက် အဲ့ဒါကို အသုံးပြုနိုင်တယ်”
“အဲ့ဒီလျှပ်စီးကန်ရဲ့ အလယ်မှာ ရှေးဟောင်းကျမ်းတစ်ခု ရှိတယ်.. အဲ့ဒါက ခရမ်းရောင်မိုးကြိုးကျမ်းလို့ ကျော်ကြားတဲ့ ဗလာနယ်မိုးကြိုးပညာရပ်ထဲမှာပါတဲ့ နည်းစနစ်တွေထဲက တစ်ခုပဲ.. အဲ့ဒါက ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခု.. အဲ့ထဲမှာ နည်းစနစ်ပေါင်း မြောက်များစွာပါတယ်.. အဲ့ဒီမှာ မနောပညာရပ်တွေအပြင် ဓမ္မပညာရပ်တွေလဲ ပါတယ်.. အဲ့ဒါကိုလဲ မင်းယူသွားလိုက်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် ကျေနပ်နှစ်ခြိုက်သွား၏။
ကျင့်ကြံရေးနည်းစနစ်များမှာ ကောင်းကင်၊ ကမ္ဘာမြေ၊ အမှောင်နှင့် အလင်းဟူ၍ အဆင့် လေးဆင့် ရှိ၏။
ဆန်းကြယ်တောင်ထွတ်မှာဆို အမှောင်အဆင့် ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် ဓမ္မပညာရပ် တစ်ခုမှတောင် ရှိမနေပေ။
ရှေးတော်ဝင်မိသားစုများနှင့် အဆင့်မြင့်ဂိုဏ်းများကသာ အမှောင်အဆင့် ကျင့်ကြံရေးနည်းစနစ်များနှင့် ဓမ္မပညာရပ်များကို ပိုင်ဆိုင်နိုင်ကြလေသည်။
ကမ္ဘာမြေအဆင့် ကျင့်ကြံရေးနည်းစနစ်များနှင့် ဓမ္မပညာရပ်များကလည်း ထိပ်သီးဂိုဏ်းကြီးအတွက် အကန့်အသတ်ရှိပြီး အပြင်လူများသို့ သင်ကြားပေးတာ သို့မဟုတ် ပေါက်ကြားသွားတာမျိုး အဖြစ်မခံကြပေ။
ကျောက်သားစင်ပေါ်တွင် ကျင့်ကြံရေးနည်းစနစ်များနှင့် ဓမ္မပညာရပ်များစွာ ရှိသော်လည်း သူတို့ထဲမှ အများစုက အလင်းအဆင့်များသာ ဖြစ်ကြ၏။ အဲ့ဒီမှာ အမှောင်အဆင့်များ ရှိလျှင်တောင် သူတို့က တစ်ပိုင်းတစ်စနှင့် မပြည့်မစုံသော ပညာရပ်များသာ ဖြစ်လေသည်။
သို့သော် ယခုအခါ ကောင်းကင်အဆင့်ကျင့်ကြံရေးနည်းစနစ်တစ်ခုက ဆူဇီမို၏ ရှေ့မှောက်ကို ရောက်လာ၏။ ဒါက တစ်ကယ့်ကို နတ်မသည့် အခွင့်အရေးပင် ဖြစ်လေသည်။
ဒါ့အပြင် ဒါက ဗလာနယ်မိုးကြိုးအတတ်၏ အပိုင်းတစ်ပိုင်းလည်း ဖြစ်နေ၏။
ဆူဇီမို၏ ခန္ဓာကိုယ်သည် အစကတည်းက မိုးကြိုးစွမ်းအားများကို ပိုင်ဆိုင်ထား၏။ ထိုသို့ဖြင့် အဲ့ဒါကို ကျင့်ကြံဖို့က သူ့အတွက် ပိုမို လွယ်ကူနေပေလိမ့်မည်။
ယခု အားလုံးက နေသားတကျ အဆင်ပြေသွားလေပြီ။ ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းသည်နှင့် ကျင့်ကြံဖို့ရာ ခရမ်းရောင်မိုးကြိုးကျမ်း ရှိသွားလေပြီ။
လင်းရွှမ်ကျီက နောက်တစ်ဖန် မနာလိုအားကျစွာ လှမ်းကြည့်လိုက်၏။
“အဲ့ဒါက သေချာပေါက် နဂါးကြောရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ ဖြစ်ရမယ်”
လင်းရွှမ်ကျီက မျက်ရည်များပင်ဝဲ၍ စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
“မဟုတ်ရင်.. ဒီအခွင့်အရေးက ငါ့အတွက် ဖြစ်လာမှာ မဟုတ်ဘူးလား”
အရိုးစုက နောက်ပြန်လှည့်၍ စင်ပေါ်သို့ ပြန်ရောက်သွား၏။ သူက စိတ်သက်သာရာ ရသွားသော အမူအယာဖြင့် ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်၏။
“အခုတော့ ငါအေးအေးချမ်းချမ်းနဲ့ ထွက်သွားလို့ ရပြီ.. မင်းတို့အားလုံး ကောင်းကြပါတယ်.. အရမ်းကောင်းကြတယ်”
ထိုသို့ဖြင့် အရိုးစု၏ နဖူးပေါ်မှ အလင်းစက်က လုံးဝ မှိန်ကျသွားလေသည်။
စွမ်းအားကြီးပုဂ္ဂို၏ ထောက်ပံ့မှု မရှိတော့သည့်အခါ အရိုးစုက ပြိုလဲကျသွားပြီး ဖုန်မှုန်အဖြစ် ပြောင်းလဲသွားလေသည်။
ဆူဇီမိုသည် ညင်သာစွာ သက်ပြင်းချ၍ စိတ်ခံစားချက် မြင့်တက်လာ၏။
ဒဏ္ဍာရီအရဆို.. ပေါင်းစည်းခန္ဓာအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်ပေါင်း နှစ်သောင်းကျော် ဖြစ်လေသည်။
သို့သော်လည်း အုတ်ဂူဂိုဏ်း၏ ဤစွမ်းအားကြီးပုဂ္ဂိုလ်က သူ့သက်တမ်းကို နှစ်ပေါင်း ငါးသောင်းထိ ဆွဲဆန့်ခဲ့ပြီး နတ်ဘုရားဆန်သောစွမ်းပကားကို ပြသကာ.. သူတို့က အဲ့ဒါကို မျက်မြင်ကိုယ်တွေ့ခွင့် ရခဲ့ကြ၏။
ယခုအခါမှာတော့ သူ၏ နောက်ဆုံးလက်ကျန် တည်ရှိမှု တစ်စွန်းတစ်စက ဤကမ္ဘာပေါ်ကနေ အပြီးသတ် နှုတ်ဆက်ထွက်ခွာသွားလေပြီ။
စကားတစ်လုံးမှ မဆိုကြဘဲ.. လူတိုင်းသည် ဖုန်မှုန့်အပုံစုကို တစ်ပြိုင်နက်တည်း လေးနက်စွာ ဦးညွှတ်လိုက်ကြ၏။
အဲ့ဒါက သူတို့၏ လေးစားသမှုကို ပြသပေးခြင်းပင်။
တစ်ချိန်တည်းမှာပင် နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုက်ကြခြင်းလည်း ဖြစ်လေသည်။