← Chapters

ဓါးဝင်္ကပါကို ဆေးကြောသန့်စင်ခြင်း

Vol. 47 Ch. 697

ဓါးဝင်္ကပါကို ဆေးကြောသန့်စင်ခြင်း

Vol. 47 Ch. 697

ခရမ်းရောင်လျှပ်စီးရေကန်က တဖြောက်ဖြောက်မြည်၍ အလွန်တရာကြောက်စရာကောင်းသော အော်ရာနှင့် တဖျတ်ဖျတ် လက်နေ၏။

ဆူဇီမိုက ပြောလိုက်၏။

“ဒီလျှပ်စီးကန်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် သုံးလို့ ရတယ်နော်.. အဲ့ဒါကို ခံနိုင်ရည်ရှိတဲ့သူတွေက ငါတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ အားလုံးအတူတူ ဝင်ကြမယ်.. ဒါပေမယ့်လို့ မင်းတို့မှတ်ထားရမှာက မိုးကြိုးစွမ်းအားက အန္တရာယ်အများဆုံးပဲ.. မင်းတို့ အဆင်မပြေဘူးလို့ ခံစားမိတယ်ဆိုရင် ချက်ချင်းထွက်နော်.. မင်းတို့ကိုယ်မင်းတို့ အတင့်သိပ်မရဲကြနဲ့”

“ဟေး.. ငါကလဲ မင်း အဲ့လို ပြောမှာကို စောင့်နေတာ”

လင်းရွှမ်ကျီက ခပ်ကြောင်ကြောင် ရယ်မောလိုက်၏။

သူက ဤခရီးစဉ်မှာ နဂါးကြော၏ ၁၀% ကိုသာ ဖမ်းမိနိုင်ခဲ့သည့်အတွက် လျော်ကြေးတစ်ခုခုကို ပြန်လိုချင်နေသည်မှာ သေချာပေါက်ပင်။

မြေခွေးလေးက ဆူဇီမို၏ ရင်ခွင်ထဲကနေ ကပျာကယာ ခုန်ထွက်လိုက်ပြီး သူမ၏ နှုတ်ခမ်းကိုစူကာ ခေါင်းကို သွင်သွင်ခါလိုက်၏။

သားရဲအများစုက ရုပ်ပိုင်းဆိုင်ရာ သန်မာကြသော်လည်း အဲ့ဒီမှာ ခြွင်းချက်အချို့တော့ ရှိလေသည်။

မြေခွေးမျိုးနွယ်၏ ကျင့်ကြံမှုက သူတို့၏ ကိုယ်ကာယကြံ့ခိုင်မှုအပေါ်မှာ မမှီခိုပေ။

ဆူဇီမိုက ခေါင်းညိတ်ပြီး ရှေ့သို့ လျှောက်သွားလိုက်၏။ ဤကဲ့သို့သော ကိစ္စမျိုးက အတင်းဖိအားပေးလို့ မရပေ။

မော်တယ်လောကမှာဆို လျှပ်စီးကန်တစ်ခုနားကို မည်သူ့မှ မကပ်ရဲကြပေ။ သူတို့အတွက်တော့ လျှပ်စီးကန်က အန္တရာယ်ကို ကိုယ်စားပြုပြီး ဖျက်ဆီးအား အပြင်းထန်ဆုံး ဖြစ်လေသည်။

ဆူဇီမိုသည် ခရမ်းရောင်လျှပ်စီးကန်ထဲသို့ ဝင်ရောက်လိုက်ပြီးနောက် တသိမ့်သိမ့် တုန်ယင်သွား၏။

လျှပ်စီးကန်က စူးစူးရှရှလျှပ်စီးကြောင်းများနှင့်အတူ ဝင်းလက်တောက်ပ၍ တဖျတ်ဖျတ်တလက်လက် ဖြစ်နေ၏။ ခရမ်းရောင်လျှပ်စီးကြောင်းများက ဆူဇီမို၏ ဘေးပတ်လည်မှာ တစ်ခုပြီးတစ်ခု ရစ်ခွေ၍ သူ့ခန္ဓာကိုယ်ပေါ်သို့ ရူးသွပ်စွာ နွယ်တက်လာကြ၏။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခရမ်းရောင်လျှပ်စီးကန်၏ အနက်ပိုင်းထဲသို့ တက်လှမ်းသွားလိုက်၏။

လင်းရွှမ်ကျီကလည်း သူ့နောက်ကနေ ချက်ချင်းကပ်ပါလာ၏။

လျှပ်စီးကန်ထဲသို့ ဝင်ရောက်ရောက်ချင်းမှာပင် သူ့မျက်လုံးများက နာကျင်မှုကို ထုတ်ပြလာလေသည်။

သို့သော်လည်း ချက်ချင်းပင် သူက အဲ့ဒါကို တောင့်ခံလိုက်နိုင်၏။

လျှပ်စီးကန်အတွင်းတွင် နာကျင်မှုကို တောင့်ခံနိုင်လေလေ.. သူတို့၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာလာအောင် သန့်စင်နိုင်လေ ဖြစ်ပေမည်။

လျှပ်စီးကန်၏ အပြင်ဘက်အစပ်ပိုင်းရှိ စွမ်းအားက တည်ငြိမ်နေသေးသည်ဟု ပြောလို့ရလေသည်။

အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လာလေလေ.. မိုးကြိုးစွမ်းအားက ပိုမိုရိုင်းစိုင်းကြမ်းကြုတ်လာလေဖြစ်၏။ ၎င်းက အရာရာတိုင်းကို ဆွဲယူနစ်မြှုပ်ချေမှုန်းပစ်ချင်သည့်အား မိုးကြိုးလျှပ်စီးကြောင်းများက တဝုန်းဝုန်း ထကြွလာ၏။

လျှပ်စီးကန်၏ အလယ်ဗဟိုသို့ ရောက်မှသာ ထိုသူက မိုးကြိုးအမျက်ဒေါမာန်၏ အဓိပ္ပါယ်ကို အမှန်တစ်ကယ် တွေ့ကြုံခံစားနိုင်ပေလိမ့်မည်။

မျောက်၊ စိတ်ဝိညာဉ်ကျား၊ ရွှေခြင်္သေ့နှင့် ချင်ချင်တို့က လင်းရွှမ်ကျီနောက်ကနေ လိုက်လာကြ၏။

သူတို့လေးယောက်က သားရဲမျိုးနွယ်ဝင်များ ဖြစ်ကြပြီး ကိုယ်ကာယကြံ့ခိုင်မှုကို အသားပေးကြလေသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူတို့က ဘယ်လိုမှ လက်လွတ်ခံကြလိမ့်မည် မဟုတ်ပေ။

အစကတော့ ဖက်တီးလေးနှင့် ရှစ်ကျန့်သည် ဝင်ရောက်ဖို့ စိတ်ကူး မရှိကြပေ။

သို့သော် လင်းရွှမ်ကျီအပါအဝင် လူတိုင်း ပြေးဝင်သွားကြသည်ကို မြင်သောအခါ လျှပ်စီးကန်က ထင်သလောက် ကြောက်စရာကောင်းပုံမရဘဲ သူတို့သည် စိတ်ပါလာကြ၏။

“ငါတို့လဲ လျှပ်စီးကန်ရဲ့ အပြင်ဘက် အစပ်နားကို ခဏလောက် ဆင်းကြည့်ကြရင် ကောင်းမလား” ရှစ်ကျန့်က အကြံပြုလိုက်၏။

“အေး စမ်းကြည့်ရအောင်”

ဖက်တီးလေး၏ မျက်လုံးက တဖျပ်ဖျပ်လက်သွားပြီး ပြောလိုက်၏။

“အဲ့ဒါက အဆင်ပြေလောက်ပါတယ်.. ငါတို့ လျှပ်စီးကန်ရဲ့ အနက်ပိုင်းထဲကို ဆင်းမသွားသရွေ့တော့ အန္တရာယ် မရှိလောက်ပါဘူး”

“သွားရအောင်”

သူတို့နှစ်ယောက်သည်လည်း လျှပ်စီးကန်ထဲသို့ ဝင်ရောက်လိုက်ကြ၏။

“အ” “အ” “အားးး”

သူတို့ ဝင်ရောက်ရောက်ချင်းမှာပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။

ရှစ်ကျန့်က အဆိုးဆုံးဖြစ်၏။ သူ့အသားက ကွဲထွက်သွားပြီး ခေါင်းမွေးများ ထောင်ထကာ သူ၏ ဒွာရခုနှစ်ပေါက်မှ မီးခိုးများက အူထွက်လာ၏။

အစကတည်းက ရုပ်သေးဂိုဏ်းသည် ခန္ဓာမီးဆေးခြင်းကို လုံးဝ ဂရုမစိုက်ပေ။

ရှစ်ကျန့်က ဓါတ်လိုက်၍ သတိမလစ်ခင်မှာပင် ကပျာကယာ ပြန်ခုန်ထွက်ပြီး သူ့မျက်နှာက အလွန်တရာ ပေစုတ်ကာ ညိုမည်းနေ၏။

မြေခွေးလေးက နှာခေါင်းရှုံ့၍ တွေဝေစွာနှင့် ပြောလိုက်၏။

“ထူးဆန်းတယ်.. ဒီလောက် အရသာရှိမယ့် အသားကင်နံ့က ဘယ်ကနေ ရောက်လာတာ...”

ထိုစကားကို ကြားသောအခါ ရှစ်ကျန့်သည် သွေးအန်လုနီးပါး ဖြစ်သွားရ၏။

ဖက်တီးလေးက ရှစ်ကျန့်ထက်တော့ အနည်းငယ်ပို၍ အခြေအနေကောင်း၏။

ဘာပဲပြောပြော.. သူက အဝါရောင်ငရဲမြစ်ကားချပ်ကနေ ထုတ်ပေးသော မြူခိုးများကြောင့် အခုလေးတင် ခန္ဓာကိုယ်အသွင်ပြောင်းခြင်းကို တွေ့ကြုံခံစားခဲ့ရသူဖြစ်၏။ ထိုသို့ဖြင့် လျှပ်စစ်က သူ့အသားကို ထိခိုက်ဒဏ်ရာ မရစေနိုင်ပေ။

ထိုသို့ဆိုလျှင်တောင် ဖက်တီးလေးသည် အလွန်နာကျင်နေပြီး သူ့ခန္ဓာကိုယ်က ထပ်တလဲလဲ တွန့်လှုပ်နေ၏။

“ဒါက ဘာမဟုတ်တာအတွက် သက်သက် ဒုက္ခခံနေရတာ မဟုတ်ဘူးလား”

ဖက်တီးလေးက စိတ်ထဲကနေ ညည်းတွားလိုက်၏။

“ငါ့ဘဝမှာ ကောင်းကောင်းစားရတယ်၊ ကောင်းကောင်းအိပ်ရတယ်.. ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ် ပြည့်ပြည့်လုံးလုံးကိုလဲ ပိုင်ဆိုင်ထားရတယ်.. ငါ့ကိုယ်ငါ ဘာလို့ ဒီလို နှိပ်စက်ညှင်းပန်းနေရမှာလဲ”

သိပ်မကြာမီ သူက ပြန်ထွက်လာခဲ့၏။

အခုဆို လျှပ်စီးကန်ထဲမှာ လူခြောက်ယောက်သာ ကျန်ခဲ့လေသည်။ ဆူဇီမို၊ လင်းရွှမ်ကျီ၊ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ရွှေခြင်္သေ့နှင့် ချင်ချင်တို့ ဖြစ်ကြလေသည်။

သူတို့အားလုံးသည် လျှပ်စီးကန်ထဲမှာ ရှိကြသော်လည်း သူတို့ယူထားသည့် နေရာများကတော့ အမျိုးမျိုး ကွဲပြားကြလေသည်။

သူတို့ခြောက်ယောက်အကြား အကွာအဝေးက ပိုလို့တောင် ရှင်းလင်းနေသေး၏။

ဆူဇီမိုက လျှပ်စီးကန်၏ အလယ်ဗဟိုမှာ ရောက်နေပြီး တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်တက်လာနေပြီး ထကြွသောင်းကျန်းနေသော မိုးကြိုးစွမ်းအားများကို စုပ်ယူရင်း သူ့ခန္ဓာကိုယ်ကို သန့်စင်နေ၏။

မထင်မှတ်ထားစွာနှင့်.. လင်းရွှမ်ကျီက လျှပ်စီးကန်၏ အလယ်ဗဟိုနှင့် အနီးဆုံးမှာ ရှိနေလေသည်။

သူက ပဟေဠိနန်းတော်မှ ဒီဘက်ခေတ်မျိုးဆက်၏ အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ သူ့မှာ မကုန်ခမ်းနိုင်သော နည်းလမ်းပေါင်းများစွာရှိပြီး သူ့ခွန်အားကို ကြိုတင်တွက်ဆထားလို့ မရကာ သူ၏ ကိုယ်ကာယကတောင် ဤမျှအထိ ကြောက်စရာကောင်းနေ၏။

မျောက်က လင်းရွှမ်ကျီနောက်မှာ အနည်းငယ်သာ ကွာလေသည်။

မျောက်၏ နောက်မှာတော့ စိတ်ဝိညာဉ်ကျားရှိ၏။

တစ်ကယ်တော့.. စိတ်ဝိညာဉ်ကျား၏ မျိုးဆက်သွေးက သူတို့အားလုံးထဲတွင် အတော်သာမန်သာ ဖြစ်လေသည်။

ကံကောင်းထောက်မစွာနှင့် သူက အန္တိသားရဲနတ်ဆိုးကျင့်စဉ်မှ ခြင်ဆီရှင်းလင်းခြင်းအပိုင်းကို ကျင့်ကြံခဲ့ရပြီး သူ့သွေးများကို ခြင်ဆီသွေးဖြင့် ဖလှယ်နိုင်ခဲ့၏။ သိပ်မကြာခင်ကလည်း အမှတ်တမဲ့နှင့် ဇာစ်မြစ်မသိရသော လက်သည်းလေးခုကိုလည်း သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ခဲ့၏။

စိတ်ဝိညာဉ်ကျား၏ ခန္ဓာကိုယ်က မသိလိုက်မသိဘာသာနှင့်ပင် အသွင်ပြောင်းလဲလာခဲ့လေပြီ။

စိတ်ဝိညာဉ်၏ နောက်မှာ ရွှေခြင်္သေ့ရှိပြီး သူ့နောက်မှာတော့ ချင်ချင် ဖြစ်လေသည်။

သူတို့ခြောက်ယောက်က သူတို့အတွက် အကန့်အသတ် ဖြစ်သည့်နေရာကို ရှာဖွေတွေ့ရှိသွားပြီး ထိုနေရာမှာ အသီးသီး ထိုင်ချကာ မိုးကြိုးစွမ်းအားကို ခံယူ၍ ကျင့်ကြံလိုက်ကြ၏။

လျှပ်စီးကန်၏ အလယ်မှာ တောကောင်သားရဲတစ်မျိုးဖြင့် ပြုလုပ်ထားသော စာလိပ်တစ်ခုက ဝဲခိုနေ၏။

ဆူဇီမိုက ထိုသားရေလိပ်ကို လှမ်းဆွဲယူပြီး ဖြန့်ကြည့်လိုက်၏။

တောကောင်သားရေ၏ အပေါ်ထိပ်ထောင့်နားမှာ စာလုံးသုံးလုံး ရှိနေ၏။

‘ခရမ်းရောင် မိုးကြိုး ကျမ်း’

အဲ့ဒါက မိုးကြိုးဧကရာဇ် ဖန်တီးခဲ့သော ဗလာနယ်မိုးကြိုးအတတ်မှ အပိုင်းတစ်ပိုင်းဖြစ်ပြီး ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုလည်း ဖြစ်လေသည်။

လူတစ်ယောက်က နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီး ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက ကြောက်စရာကောင်းလာမည်သာမက.. သူတို့၏ အမြုတေစိတ်ဝိညာဉ်များကလည်း အလင်းအဆင့်ကျင့်ကြံရေးနည်းစနစ်ကိုသာ ကျင့်ကြံရသော အမြုတေစိတ်ဝိညာဉ်များထက် အပြတ်အသတ် များစွာပို၍ သန်မာလာမည် ဖြစ်လေသည်။

အဲ့ဒါသည် ကောင်းကင်ဘုံနှင့် မြေပြင်အကြားက ကွာဟမှုလိုပင်။

စွမ်းအားကြီးမားသော အမြုတေစိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ရခြင်းက ပိုမိုများပြားသော ဓမ္မစွမ်းအားများကို ကိုင်တွယ်ထိန်းချုပ်လာနိုင်ပြီး ပို၍ သန်မာလာမည်ဟု ဆိုလိုလေသည်။

ဆူဇီမိုသည် ခပ်မြန်မြန် တစ်ချက်ကြည့်ပြီးနောက် ခရမ်းရောင်မိုးကြိုးကျမ်းကို သူ့သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။

နိုးထဝိညာဉ်အဆင့်သို့ သူတက်လှမ်းပြီးနောက် ဤကျင့်ကြံရေးနည်းစနစ်က သူ၏ အင်မော်တယ်ကျင့်ကြံမှုအတွက် အသန်မာဆုံး ထောက်တိုင်တစ်ခု ဖြစ်လာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ယင်စိတ်ဝိညာဉ်အပိုင်းကို အတော်လေး သိချင်စိတ် ပြင်းပြနေ၏။

ယင်စိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံနိုင်ခြင်း မရှိသေးဘဲနှင့်.. ဆူဇီမိုသည် ယင်စိတ်ဝိညာဉ်အပိုင်းမှ ကျင့်ကြံရေးနည်းစနစ်များကို မမြင်နိုင်သေးပေ။

တျဲယွဲ့သူ့ကို သင်ကြားပေးခဲ့သော ယင်စိတ်ဝိညာဉ်အပိုင်းက ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခု ဖြစ်ရမည်ဆိုတာကိုတော့ ဆူဇီမို သေချာသိထားလေသည်။

၎င်းက အကန့်အသတ်က ဘယ်လောက်ထိ ခြေဆန့်မလဲဆိုတာကိုတော့ အတိအကျ သူ မသိသေးပေ။

ဒါ့အပြင် တျဲယွဲ့က သူ့ကို မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို သင်ကြားပေးခဲ့ခြင်းဖြစ်၏။ အခုအချိန်ထိတော့ သူသည် သားရဲဘုရင် ခုနှစ်ပါးကိုသာ ဆင့်ခေါ်နိုင်သေးပြီး အခုထိ ပေါ်မလာသေးသော သားရဲဘုရင်ငါးပါး ရှိနေသေး၏။

ယင်စိတ်ဝိညာဉ်အပိုင်းကို သူကျင့်ကြံနိုင်ချိန်တွင် နောက်ထပ် သားရဲဘုရင်တစ်ပါး ပေါ်လာမလားဟု ဆူဇီမို မျှော်လင့်နေလေသည်။

မိုးကြိုး၏ ရုန်းကန်ပေါက်ကွဲစွမ်းအားကို တွေ့ကြုံခံစားနေရင်း.. သူ့စိတ်ထဲမှာ အတွေးတစ်ခုက ပေါ်လာပြီး သူ့သိုလှောင်အိတ်ထဲမှ ထိပ်တန်းအဆင့် ဓါးပျံ ၂၇ လက်ကို ထုတ်ယူလိုက်၏။

အဲ့ဒါက မီးပဒေသာဓါးဝင်္ကပါကို ပုံဖော်ဖို့အတွက် လိုအပ်သော ဓါးပျံတစ်စုံစာ ဖြစ်လေသည်။

ထိုဓါးပျံများကို ဘယ်လိုများ အဆင့်မြှင်တင်ရမလဲဆိုတာ မကြာခဏ သူစဉ်းစားတွေးတောမိ၏။

ယခု.. လျှပ်စီးကန်၏ အကူအညီဖြင့် သူက ဓါးပျံ ၂၇လက်ကို နောက်တစ်ဖန် ပြန်လည် သန့်စင်နိုင်ပေတော့မည်။

သူက ဤဓါးပျံများ၏ ပကတိအဆင့်သို့ မြှင့်တင်နိုင်မည် မဟုတ်သော်လည်း မိုးကြိုးစွမ်းအားဖြင့် ဆေးကြောသန့်စင်၍ သူတို့၏ စွမ်းအားကို တိုးမြှင်နိုင်မည် ဖြစ်လေသည်။

ဓါးပျံတစ်လက်ခြင်းမှာ မသိသာသော်လည်း ဓါးပျံ ၂၇ လက်ကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ သူတို့၏ တိုးပွားလာသော စွမ်းအားက သိသာထင်ရှားလာပေလိမ့်မည်။

သူတို့ကို မီးပဒေသာဓါးဝင်္ကပါအဖြစ် ထုတ်ဖော်သည့်အခါ တိုးလာသော စွမ်းအားက ပိုလို့တောင် သိသာထင်ရှားလာပေလိမ့်မည်။

ဆူဇီမိုသည် ဓါးပျံ ၂၇ လက်ကို သူ့ဘေးမှာ ဖြန့်ချလိုက်၏။ သူတို့၏ ဓါးသွားများပေါ်မှာ လျှပ်စီးလျှပ်ပန်းများက တောက်ပ၍ နွယ်တက်လာလေသည်။

ဤအုတ်ဂူထဲသို့ ဝင်ရောက်လာကြသော လူတိုင်းသည် သူတို့ကိုယ်ပိုင် အခွင့်အလမ်းများကို အသီးသီး ရရှိလိုက်ကြ၏။

နောက်ခဏ၌ အုတ်ဂူ၏ အထက်မှာ ကျင့်ကြံသူတစ်အုပ်စုက ရောက်ရှိလာကြ၏။ အဲ့ဒီမှာ သူတို့က လူထောင်ပေါင်းများစွာ ပါရှိလေသည်။

သူတို့၏ ခေါင်းဆောင်က ပိန်ပိန်လှီလှီ အမျိုးသားတစ်ယောက်ဖြစ်ပြီး သူပုံစံက ဝါးခြမ်းပြားတစ်ခုကို ထောင်ထားသည်နှင့် တူနေလေသည်။ သူသည် လေထဲမှာ အေးစက်စက် အမူအယာဖြင့် ရပ်နေပြီး အောက်သို့ငုံ့ကြည့်ရင်း သူ့မျက်လုံးများက တဖျပ်ဖျပ်လက်သွား၏။

All Chapters