တင်းမာလာသော အခြေအနေ
Vol. 47 Ch. 700
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
အနီးနားကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည်လည်း အံ့အားတသင့် ရေရွတ်ကုန်ကြ၏။
“ဟာ.. အဲ့ဒါ သူပဲ”
“ဆူဇိမိုလား.. နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားကို ပြောတာလား”
“ငါကြားတာ သူက ရှေးဟောင်းတိုက်ပွဲမြေက ဖန်သားနန်းတော် စခန်းချတဲ့ ရှေးဟောင်းမြို့တော်ကို တောကောင်အုပ်ကြီးတစ်အုပ်နဲ့အတူ ရောက်လာပြီးတော့ ဖျက်ဆီးချေမှုန်းပစ်ခဲ့တယ်တဲ့.. ဖန်သားနန်းတော်က အကုန်အမြစ်ပြတ် သတ်ဖြတ်ခံရပြီးတော့ တခြားကျင့်ကြံသူ အနည်းအကျဉ်းလောက်ပဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်တဲ့”
“အာ”
ငါ့နာမည်က ဆူဇီမို...
သူက အဲ့ဒါကို သာမန်ကာလျှံကာသာ ပြောလိုက်ခြင်းပင်။
သူ့လေသံမှာ အထက်စီးဆန်တာတွေ၊ မောက်မာတာတွေ ဘာတစ်ခုမှ မပါပေ။
သို့သော်လည်း အဲ့ဒါက လက်ရှိလူတိုင်းကို တုန်လှုပ်သွားစေ၏။
ဆူဇီမိုဆိုသော နာမည်ကပင် အကြီးမားဆုံး ရိုက်ခတ်မှု ရှိလေသည်။
အနည်းဆုံးတော့ ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ထိုနာမည်က မည်သည့်ထိပ်သီးဂိုဏ်းထက်မဆို ပိုကြောက်စရာကောင်းလေသည်။
ထိုနာမည်ကို ကြားလိုက်ရချိန်တွင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စစ်ထူရှစ်နှင့် ကစင်ကလျားအမြုတေဂိုဏ်းမှ နီဟောက်တို့၏ အမူအယာများပင်လျှင် အနည်းငယ် ပြောင်းလဲသွားကြ၏။ သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူတို့၏ မျက်နှာများက သုန်မှုန်လာကြ၏။
လမ့်မင်သည်လည်း အေးစက်စက်အကြည့်နှင့်အတူ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်၏။
ဆူဇီမိုကသာ အညတရဆိုလျှင် အခြားလူတိုင်းက အမှိုက်သာ ဖြစ်ပေတော့မည်။
ယခင်က ထူးမခြားနားပုံစံနှင့် ကောင်းကင်ကိုသာ မော့ကြည့်နေသော မိုးကြိုးလေပြေနန်းတော်မှ ရှုချန်ပင်လျှင် အောက်သို့ပြန်ငုံ့လိုက်ပြီး ဆူဇီမိုကို မျက်လုံးမှေးကျဉ်း၍ စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများထဲမှာ လျှပ်စီးကြောင်းများက တဖျပ်ဖျပ်လက်သွား၏။
“ဆူဇီမို.. နှစ်ထပ်ကွမ်းအမြုတေနယ်မြေနဲ့လူလား”
ရှုချန်၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်က ပေါ်လာ၏။
အစကတော့ ဖက်တီးလေးတို့ အုပ်စုသည် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ ဝန်းရံခြင်း ခံထားရပြီး အချိန်မရွေး နစ်မြှုပ်သေဆုံးသွားနိုင်သည့် အနေအထားပင်။
သို့သော်လည်း ဆူဇီမို စကားတစ်ခွန်းပြောလိုက်ပြီးနောက်.. သူတို့၏ အော်ရာက တစ်ဟုန်ထိုး မြင့်တက်လာပြီး ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူ ထောင်ချီကို အရေးနိမ့်ခြင်းမရှိ ယှဉ်ပြိုင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာ၏။
ရှေးဟောင်းတိုက်ပွဲမြေတွင် ဆူဇီမို၏ နာမည်ဂုဏ်သတင်း အဆင့်အတန်းက သီယင်းအောက် တစ်ဆင့်သာ နိမ့်လေသည်။
“စီနီယာအစ်ကို.. ခင်ဗျားက တော်တော်မောက်မာတာပဲ.. သူကတော့ ခင်ဗျားရည်ညွှန်းတဲ့ အညတရပေါ့လေ”
အခြေအနေက အလှည့်အပြောင်း ဖြစ်သွားသည်ကို တွေ့ရသောအခါ ဖက်တီးလေးက သွားဖြီး၍ အလိုက်သင့် စီးမျောလိုက်၏။
လမ့်မင်၏ အမူအယာက သုန်မှုန်နေပြီး ဖက်တီးလေးကို လျစ်လျူရှုကာ ဆူဇီမိုဘက်သို့ လှည့်လိုက်၏။ သူက လက်သီးနှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကာ ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ.. ခင်ဗျားရဲ့ ဂုဏ်သတင်းကို ကျုပ်ကြားဖူးထားခဲ့တာ အတော်ကြာခဲ့ပါပြီ.. တစ်ကယ်တမ်း အပြင်မှာ တွေ့ရတဲ့အခါ ခင်ဗျားရဲ့ ဂုဏ်သတင်းက ပြောကြတာထက်တောင် သာလွန်နေပါသေးတယ်”
ဆူဇီမိုက မှင်သေသေနှင့်ပင် သူ့ကို အရေးလုပ်မနေပေ။
လမ့်မင်၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်က ထကြွလာသော်လည်း သူက ဟန်ဆောင်ပန်ဆောင် ရယ်မောပြီး ပြောလိုက်၏။
“တာအိုရောင်းရင်ဆူ.. ဒါက အုတ်ဂူဂိုဏ်းရဲ့ တပည့်တွေကြားက တိုက်ပွဲပါ.. ခင်ဗျားသာ ဒီကိစ္စမှာ ဝင်မပါဘဲ ဘေးထွက်ရပ်ကြည့်နေပေးမယ်ဆို.. ကျုပ်က အဲ့ဒါအတွက် ထိုက်တန်တဲ့ လျော်ကြေးကို သေချာပေါက် ပြန်ပေးပါ့မယ်”
“အို့”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
“ငါက အဝါရောင်ငရဲမြစ်ကားချပ်ကို လိုချင်တယ်.. အဲ့ဒါ မင်း ငါ့ကို ပေးမှာလား”
“ဟဟဟားဟားးး”
သည်တစ်ကြိမ်တွင်တော့ ဖက်တီးလေးတို့အုပ်စုက ဟားတိုက်ရယ်မောလိုက်ကြ၏။
လမ့်မင်က သူ့ရင်ထဲကနေ တလိပ်လိပ်တက်လာနေသော ဒေါသကို ဖိနှိမ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့ကိုယ်သူ ထိန်းချုပ်၍ အပြုံးတစ်ခုကို လုပ်ယူလိုက်၏။
“ခင်ဗျားက လာနောက်နေတာပဲ တာအိုရောင်းရင်းရဲ့.. အဝါရောင်ငရဲမြစ်ကားချပ်က အုတ်ဂူဂိုဏ်းရဲ့ အဆုံးစွန်ရတနာလေ.. ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် ပေးလို့ ရပါ့မလဲ.. အဲ့ဒါကလွဲရင် ခင်ဗျားကြိုက်တာ တောင်းဆိုလို့ ရပါတယ်”
“အဲ့လိုလုပ်လို့ မရဘူး”
ဆူဇီမိုက မပြောရသေးခင်မှာပင်.. ရှုချန်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အေးစက်စွာ ဖြတ်ပြောလိုက်၏။
“အုတ်ဂူထဲက ခရမ်းရောင်မိုးကြိုးကျမ်းက ငါ့ဟာပဲ”
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။
“မိုးကြိုးလေပြေနန်းတော်က မိုးကြိုးဧကရာဇ်ရဲ့ အမွေအနှစ် တချို့တဝက်ကို ပိုင်ဆိုင်ထားတယ်.. တစ်ကယ်တော့ မိုးကြိုးလေပြေနန်းတော်ကို တည်ထောင်ခဲ့တာက မိုးကြိုးဧကရာဇ်တော့ မဟုတ်ဘူးပေါ့.. ဒါပေမယ့် သူ့တပည့်ပဲ.. ခရမ်းရောင်မိုးကြိုးကျမ်းက မိုးကြိုးလေပြေနန်းတော်မှာ လစ်ဟာနေတဲ့ နည်းစနစ်တစ်စိတ်တစ်ပိုင်းပဲ”
လင်းရွှမ်ကျီက လျှို့ဝှက်အသံပို့လွှတ်ခြင်းနည်းစနစ်ဖြင့် ဆူဇီမို၏ စိတ်အာရုံထဲသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလေသည်။
ရှုချန်က ဆူဇီမိုတို့ အုပ်စုကို ကြည့်ပြီး ရုတ်တရက် အော်ပြောလိုက်၏။
“အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကို ယူထားတဲ့ ဘယ်သူပဲဖြစ်ဖြစ်.. မင်းတို့ အဲ့ဒါကို ထုတ်ပေးတာနဲ့ ငါ ဒီတိုက်ပွဲကနေ နှုတ်ထွက်သွားပေးမယ်”
“အစ်ကိုရှု.. ခင်ဗျား....”
လမ့်မင်၏ အမူအယာက ပြောင်းလဲသွားပြီး စကားပြောလိုက်စဉ်မှာပင် ရှုချန်က လက်ကာပြပြီး သူ့ကို ဖြတ်ပြောလိုက်၏။
“ငါက ခရမ်းရောင်းမိုးကြိုးကျမ်းတစ်ခုပဲ လိုချင်တာ.. တခြားဘာမှ စိတ်မဝင်စားဘူး”
လမ့်မင်က ဘယ်လိုပင် အကွက်ချထားပါစေ.. ထိုအခိုက်တွင် သူ့စိတ်ခံစားချက်ကိုသူ မဖုံးကွယ်ထားနိုင်ပေ။
ဖက်တီးလေးက လှောင်ရယ်မောလိုက်၏။
“ဪ စီနီယာအစ်ကိုရယ်.. ဒါက ခင်ဗျားရဲ့ နက်ရှိုင်းလေးနက်တဲ့ အဆက်အသွယ်တွေပေါ့လေ.. တစ်ကယ်ပဲ ကျုပ်ကတော့ ဒီနေ့ အမြင်ကျယ်သွားပြီဗျိုး.. အထင်ကြီးလောက်ပါပေရဲ့ အထင်ကြီးလောက်ပါပေရဲ့”
“ခရမ်းရောင်မိုးကြိုးကျမ်းကို ဘယ်သူမှ ထုတ်မပေးကြတော့ဘူးလား”
ခဏကြာပြီး မည်သူမှ ပြန်မဖြေကြသောအခါ ရှုချန်၏ မျက်လုံးများက လျှပ်စီးကြောင်းများဖြင့် တဖြောက်ဖြောက် မြည်လာပြီး သူ၏ သတ်ဖြတ်လိုစိတ်က ထကြွလာလေသည်။
သူက အေးစက်စွာ ပြောလိုက်၏။
“ဘယ်သူမှ အဲ့ဒါကို ထုတ်မပေးဘူးဆို.. အဲ့ဒီလူက မိုးကြိုးလေပြေနန်းတော်ရဲ့ ပျောက်ဆုံးနေတဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို သူ့ကိုယ်ကျိုးအတွက် မထီမဲ့မြင် ပမာမခန်နဲ့ သိမ်းထားတာလို့ပဲ ငါယူဆရတော့မယ်”
“ခရမ်းရောင်မိုးကြိုးကျမ်းက ငါ့ဆီမှာ.. မင်း အဲ့ဒါကို လိုချင်တယ်ဆိုရင်တော့....”
ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“လာယူလိုက်ပေါ့”
သူပြောလိုက်သည့်စကားက ရိုးရှင်းသော်လည်း အဲ့ဒါက အနီးနားတွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ သွေးကို စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာစေ၏။
“သူတို့ တည်တော့မယ်ဟ”
“အဲ့ဒီ ပြိုင်စံရှားနှစ်ယောက်သာ တိုက်ခိုက်ကြရင်တော့ ကမ္ဘာတုန်လောက်တဲ့တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ.. အဲ့ဒါကို အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် အကြိုတိုက်ပွဲလို့တောင် ပြောလို့ရမလား”
ထိုသည်ကို ကြည့်ပြီး လမ့်မင်က ကျေနပ်နှစ်ခြိုက်သွား၏။
အခြေအနေက သူ့ဘက်ကို ပြန်ပါလာလေပြီ။
ဆူဇီမိုကသာ ခရမ်းရောင်မိုးကြိုးကျမ်းကို အသာတကြည် ထုတ်ပေးလိုက်လျှင် လက်ရှိအခြေအနေအရ ဘယ်သူအနိုင်ရမလဲ ပြောရခက်သွားပေမည်။
သို့သော် ယခုအခါမှာတော့ ရှုချန်သည် သူ့ဘက်ကနေ ပြန်ရပ်တည်ရပေတော့မည်။
ယခု ခရမ်းရောင်မိုးကြိုးကျမ်းက ဆူဇီမို၏ လက်ထဲမှာဟု လူတိုင်းက သိရှိသွားချိန်တွင် ရှုချန်ကလည်း စကားလွန်ထားပြီးဖြစ်တာကြောင့် သူက မဖြစ်မနေ တိုက်ခိုက်ရပေတော့မည်။
“ကောင်းတယ်ကွာ ကောင်းတယ်”
ရှုချန်က ခေါင်းတဆတ်ဆတ်ညိတ်၍ တိုက်ခိုက်လိုစိတ် တဖွားဖွားဖြင့် ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ သူ့အော်ရာက ဆက်တိုက် မြင့်တက်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ အစတုန်းကတော့ အခုနေ မင်းကို ချမ်းသာပေးပြီး အသင်္ချေနယ်မြေမြို့တော်ကို ရောက်မှပဲ မင်းနဲ့ တိုက်မလို့”
“ဒါပေယ့် အခုကထဲက မင်းက သေချင်နေမှတော့.. ငါကလဲ ဖြည့်ဆည်းပေးရတော့မှာပေါ့”
အခြေအနေ တင်းမာမှုက မြင့်တက်လာပြီး သူတို့သည် သဘောထားမတိုက်ဆိုင်မှုတစ်ခု အတွက်ကြောင့် ကြီးမားသည့် တိုက်ပွဲတစ်ခုဆီသို့ ဦးတည်ကြပေတော့မည်။
“အို့ ငါ့နဲ့မှပဲ”
လူအုပ်ကြီးထဲမှ ရွှတ်နောက်နောက် အာမေဋိတ်သံတုတစ်ခုက ပေါ်လာ၏။
“ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲဟ.. ငါ့လဲ ခေါ်ကြပါဦး”
ထိုအသံထွက်လာပြီးနောက် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၊ ကစင်ကလျားအမြုတေဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ ကျင့်ကြံသူများသည် ကပျာကယာ နောက်ဆုတ်၍ လမ်းကြောင်းတစ်ခုကို ဖယ်ပေးလိုက်ကြ၏။ သူတို့က ကူးစက်လွယ်သော ကပ်ဘေးရောဂါတစ်ခုကို တွေ့လိုက်ရသလိုပင်။
ကျင့်ကြံသူတစ်အုပ်စုက ဖျတ်လတ်စွာ လျှောက်ဝင်လာကြ၏။
ထိုကျင့်ကြံသူများက နက်ပြာရောင်ကို ဝတ်ဆင်ထားကြပြီး သူတို့၏ ခေါင်းဆောင်က လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူက မထီမဲ့မြင်ပုံစံနှင့် လျှောက်လာပြီး သူ၏ မသတီစရာလျှာကို သပ်လိုက်၏။
အဲ့ဒါကတော့ မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲမှ တစ်ခုဖြစ်သော အဆိပ်ဂိုဏ်းပင်။
အဆိပ်ဂိုဏ်းတွင်.. ကျင့်ကြံသူတစ်ယောက်ချင်းက သူတို့၏ ခန္ဓာကိုယ်မှာ အဆိပ်ပေါင်းမြောက်များစွာကို သယ်ဆောင်ထားပြီး သူတို့နှင့် ထိတွေ့မိသည့် မည်သူမဆို ချက်ချင်းအဆိပ်တက်၍ သေဆုံးသွားနိုင်၏။
အဆိပ်ဂိုဏ်း၏ မရဏခုနှစ်ဖော်က ပိုလို့တောင် ဆိုးယုတ်ပြီး ကြောက်စရာကောင်းသေး၏။
သူတို့၏ ကျင့်ကြံမှုက ဘယ်အဆင့်ပင် ရောက်နေပါစေ.. မရဏခုနှစ်ဖော်နှင့် ထိတွေ့မိပါက သေဆုံးရဖို့ များလေသည်။
အဲ့ဒီမှာ အဆိပ်ဂိုဏ်းသားကျင့်ကြံသူများက အယောက်တစ်ရာစွန်းစွန်းသာ ရှိကြသော်လည်း အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၊ ကစင်ကလျားအမြုတေဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ ကျင့်ကြံသူများအားလုံးကို ဖရိုဖရဲသို့ နောက်သို့ ဆုတ်သွားကြစေ၏။
ရှုချန်က ထိုလူစုအား ဦးဆောင်လာသူ လူငယ်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“တူရန်.. မင်းက ဘယ်ဘက်ကလဲ”
လင်းရွှမ်ကျီက တစ်ခုခုကို အမှတ်ရသွားပုံရပြီး ပီတိဖြစ်နေသော အမူအယာဖြင့် ဆူဇီမိုကို တိုးတိုးကပ်ပြောလိုက်၏။
“ငါထင်တာတော့ သူတို့က မင်းကို လက်စားချေဖို့ ရောက်လာကြတာထင်တယ်နော်”
ဆူဇီမိုက အံ့အားသင့်မသွားပေ။
လွန်ခဲ့သည့် အနှစ် ၂၀.. အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ရှောင်းနင်သည် အဆိပ်မိပြီး သေလုနီးပါး ဖြစ်ခဲ့ရ၏။ ဆူဇီမိုက အမျက်ထွက်၍ ထိုရှေးဟောင်းတိုက်ပွဲမြေရှိ အဆိပ်ဂိုဏ်းအဖွဲ့အစည်းတစ်ခုလုံးကို သတ်ဖြတ်ချေမှုန်းပစ်ခဲ့၏။
တူရန်က သူ့မေးကိုပွတ်၍ ဟန်လုပ်ကာ မေးလိုက်၏။
“တာအိုရောင်းရင်း လမ့်မင်.. ကျုပ်ကြားတာ ခင်ဗျားတို့တွေ ပြဿနာတက်နေကြတယ်ဆို”
“အမှန်ပေါ့ဗျာ” လမ့်မင်က တူရန်၏ စိတ်ဆန္ဒကို အရေးလုပ်ပြီး ခန့်မှန်းမနေတော့ပေ။
တူရန်က ရယ်မောလိုက်၏။
“ငါ မင်းကို ကူညီပေးလို့ရတယ်.. ဒါပေမယ့် အုတ်ဂူထဲက ရတနာတွေထဲက ဝေစုတစ်ပုံ ငါလိုချင်တယ်”
“ရတာပေါ့”
လမ့်မင်က သဘောကျသွားပြီး ခပ်မြန်မြန် ပြောလိုက်၏။
“အဲ့ဒါက ရတယ်လေ.. ခင်ဗျားသာ ကျုပ်ဘက်မှာ ရပ်တည်ပေး.. ခင်ဗျားအတွက် ဝေစုတစ်ခု သေချာပေါက် ရစေရမယ်”
တူရန်က ဆူဇီမိုဘက်သို့ ဖြည်းဖြည်းချင်းလှည့်ပြီး အငြိုးအတေးကြီးစွာကြည့်ကာ လှောင်ရယ်လိုက်၏။
“ဆူဇီမို.. လွန်ခဲ့တဲ့ အနှစ် ၂၀ က အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာ မင်းသတ်ခဲ့တဲ့ တူခိုင်ဆိုတဲ့ အဆိပ်ဂိုဏ်းက ကျင့်ကြံသူကို မှတ်မိသေးလား”
“ငါက သူ့ရဲ့ အစ်ကိုပဲ.. ဒီနေ့.. မင်းအသက်ကို ပြန်ယူဖို့ ငါရောက်လာတာပဲ”
တူခိုင်၏ အပြုံးက မကျေမချမ်း ဖြစ်နေပြီး ငရဲမှ တက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့် တူနေလေသည်။
ဆူဇီမိုက တည်ငြိမ်သော အမူအယာဖြင့်ပင် သွေးသောက်သူကို ဆွဲထုတ်ကာ ခေါင်းညိတ်လိုက်၏။
“မင်းရောက်လာတာ အတော်ပဲ.. ငါ မင်းတို့ကောင်တွေ အကုန်လုံးကို တစ်စုတစ်စည်းထဲ သတ်လို့ ရသွားတာပေါ့”