မဟာတိုက်ပွဲ
Vol. 47 Ch. 701
“ငါအထင် ဆူဇီမိုတို့အုပ်စုတော့ သွားပြီထင်တယ်”
“အမှန်ပေါ့.. အဆိပ်ဂိုဏ်းမပါရင်တောင် သူတို့ကိုးယောက်က လူပေါင်းထောင်ချီနဲ့ ရင်ဆိုင်ရမှာ.. အဲ့ဒီအင်အားက ရှေးဟောင်းတိုက်ပွဲမြေမှာ အကုန်လုံးကို ဖိနှိမ်ခြယ်လှယ်လို့ရတယ်.. အခု အဆိပ်ဂိုဏ်းကပါ ထပ်တိုးလာပြီဆိုတော့.. သူတို့ကိုးယောက်မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး”
“အဲ့လို ကျိန်းသေပေါက်တော့ ပြော မရဘူးဟ”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ဝင်ရောက်၍ မှတ်ချက်ပေးလိုက်၏။
“ရှေးဟောင်းမြိုတော်မှာတုန်းက ဖန်သားနန်းတော်က ကျင့်ကြံသူတွေက ထောင်ချီရှိကြတာပဲလေ.. ဒါပေမယ့် သူတို့လဲ အကုန်လုံး ချေမှုန်းသုတ်သင်ခံရတာပဲ မဟုတ်လား”
“အခုက မတူတော့ဘူးလေ.. အဲ့တုန်းက ဆူဇီမိုမှာ တောကောင်အုပ်ကြီးရဲ့ အကူအညီရှိတယ်မလား.. နောက်ပြီး မိုးကြိုးလေပြေနန်းတော်က ရှုချန်နဲ့တင် ဆူဇီမိုကို လှဲချလို့ ရနေပြီကို.. ကျန်တဲ့သူတွေက အဲ့လောက်လဲ ခြိမ်းခြောက်နိုင်စွမ်း မရှိပါဘူး”
ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက စတင်၍ အသည်းအသန် ဆွေးနွေးလိုက်ကြ၏။
အဆိပ်ဂိုဏ်း ပါဝင်လာသောအခါ လမ့်မင်သည် ဤတိုက်ပွဲမှာ သူအနိုင်ရမည်ဟု သေချာပေါက် ယုံကြည်လာ၏။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စစ်ထူရှစ်က ရုပ်သေးဂိုဏ်း၏ ရှန်ကျန့်ကို ရင်ဆိုင်နိုင်၏။
ကစင်ကလျားအမြုတေဂိုဏ်းမှ နီဟောက်ကလည်း သံပေတံနှင့် သူ့ကိုယ်သူ အညတရတစ်ယောက်ဟုပြောသော မီးခိုးရောင်ဝတ်ကျင့်ကြံသူကို အလွယ်တကူ လှဲချနိုင်မည်သာ။
တစ်ဖက်အဖွဲ့တွင် ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်သော ဆူဇီမိုကိုတော့.. မိုးကြိုးလေပြေနန်းတော်၏ ရှုချန်နှင့် အဆိပ်ဂိုဏ်း၏ တူရန်က တာဝန်ယူပေလိမ့်မည်။
နောက်ဆုံးမှာတော့ သူ၏ ဂျူနီယာညီလေး...
လမ့်မင်က လှောင်ပြုံး ပြုံးလိုက်၏။
တည်နေရာနှင့် လမ်းကြောင်းရှာဖွေခြင်းတို့မှာ ဖက်တီးလေးက သူ့ထက် တစ်ကယ်ကိုပို၍ ပါရမီပါလှပေသည်။
သို့သော်လည်း ခွန်အားချင်းယှဉ်လျှင်တော့ သူက ဖက်တီးလေး အထက်မှာ အခိုင်အမာ ရပ်တည်နိုင်လေသည်။
ကျန်ရှိနေသော တောကောင်အချို့ကိုတော့.. သူတို့ဘက်မှ ရွှေအမြုတေခုနှစ်ထောင် ရှစ်ထောင်လောက်က ဝိုင်းပတ်၍ တစ်ယောက်တစ်ချက် တံတွေးနှင့် ဝိုင်းထွေးလျှင်တောင် သူတို့က နစ်မြှုပ်သွားပေလိမ့်မည်။
အဝါရောင်ငရဲမြစ်ကားချပ်က သူ့အပိုင်ဖြစ်လာဖို့ သေချာနေပေပြီ။
“ဝေါင်း”
“ဂါး”
ဆူဇီမိုက သွေးသောက်သူကို ဆွဲထုတ်လိုက်သည်ကို မြင်သောအခါ.. မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့သည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ကျောချမ်းဖွယ်ရာ အကြည့်များနှင့် အဆမတန်သော ကြမ်းကြုတ်ခက်ထန်မှုတို့ကို ထုတ်ပြလိုက်ကြ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး သူတို့သည် မဟာရန်သူများနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ကြရပြီး သူတို့၏ ဓါးပျံများနှင့် လက်နက်များကို အလိုလို ဆွဲထုတ်လိုက်မိကြ၏။
သူတို့သည် သားရဲတောကောင်အချို့ထံမှ အံ့မခန်း ဖိအားကို ခံစားလိုက်ကြရ၏။
မြေခွေးလေးက ဆူဇီမို၏ ရင်ခွင်ထဲကနေ ခုန်ထွက်ပြီး မြေပြင်ပေါ်မှာ ချာချာလည်အောင် လှည့်လိုက်၏။
မွှေးရနံ့က ပျံ့လွင့်လာပြီး အနှိုင်းမဲ့ ဆွဲဆောင်နိုင်သော သွင်ပြင်နှင့် မိန်းမပျိုလေးတစ်ယောက်က ပေါ်လာလေသည်။ သူမ၏ ဝိုင်းစက်လှပသော မျက်လုံးများက သူတို့၏ ဝိညာဉ်ကိုပင် ခိုးယူနိုင်သည့်အလား ဝင်းလဲ့၍ တလက်လက် တောက်ပနေ၏။
ကျင့်ကြံသူအချို့သည် အခုလေးတင် သူတို့၏ လက်နက်များကို ဆွဲထုတ်ထားရုံဖြစ်ပြီး ထိုမြင်ကွင်းကို မြင်သောအခါ လက်နက်များက တချွမ်းချွမ်းနှင့် မြေပြင်ပေါ်သို့ လွတ်ကျကုန်လေသည်။
ကျင့်ကြံသူထောင်ပေါင်းများစွာ ရှိသည့်အနက် အများစုမှာ ခေတ္တယာယီအားဖြင့် ငေးငိုင်ကုန်ကြ၏။
ရှုချန်၊ နီဟောက်နှင့် အခြားသော ကျင့်ကြံသူဆယ်ယောက်ကျော်လောက်သာ သူတို့၏ ဣန္ဒြေကို ထိန်းထားနိုင်ကြ၏။
မြေခွေးလေးက သူတို့ညီကိုမောင်နှမခုနှစ်ယောက်တွင် အားအနည်းဆုံးဟု ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ သူမ၏ အစွမ်းအစက ကြောက်စရာအကောင်းဆုံးနှင့် လှည့်ဖြားတတ်ဆုံးဖြစ်၏။
“နတ်ဆိုးမ.. ငါ့ရှေ့မှာ နင်ဘယ်လိုတောင် ပမာမခန့်နဲ့ ရဲတင်းနေရတာလဲ”
ရှုချန်က ဟိန်းဟောက်လိုက်၏။
သူ့အသံက ကြမ်းတမ်း၍ သန်မာ၏။ များစွာသော ကျင့်ကြံသူများ၏ နားထဲသို့ မိုးချုန်းသံကဲ့သို့ ဝင်ရောက်လာပြီး သူတို့ကို ငူငိုင်နေရာမှ နိုးထလာစေ၏။
အဲ့ဒါက မိုးကြိုးလေပြေနန်းတော်မှ သတ်ဖြတ်ကွက်.. အစိမ်းရောင်မိုးကြိုးတုန်ခါအားပင် ဖြစ်လေသည်။
ယခင်က ဆူဇီမိုသည် ဗလာနယ်မိုးကြိုးအတတ်မှ မပြည့်မစုံသော အသံသတ်ဖြတ်ကွက်တစ်ခုကို တွေ့ခဲ့ရပြီး သူက အဲ့ဒါကို အခြေခံ၍ သူ့ကိုယ်ပိုင်သတ်ဖြတ်ကွက်ဖြစ်သော မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ဖန်တီးခဲ့၏။
ထိုသတ်ဖြတ်ကွက်၏ ပြီးပြည့်စုံသောပုံစံက အခုလေးတင် ရှုချန် ထုတ်လွှတ်လိုက်သော အစိမ်းရောင်မိုးကြိုးတုန်ခါအားပင် ဖြစ်လေသည်။
မျောက်နှင့် အခြားသူများသည် သန်မာသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော မျိုးဆက်သွေးတို့ကို ပိုင်ဆိုင်ထားကြ၏။ ထိုသို့ဖြင့် သူတို့က အစိမ်းရောင်မိုးကြိုးတုန်ခါအားကို ခံနိုင်ရည်ရှိကြပြီး မျက်မှောင်သာ ကြုတ်လိုက်ကြ၏။
သို့သော်လည်း မြေခွေးလေးကတော့ တသိမ့်သိမ့်တုန်ယင်သွားပြီး သူမ၏ မျက်နှာက ဖြူလျော့လာလေသည်။
“တော်တော်နားငြီးတဲ့ကောင်ပဲ”
ဆူဇီမိုက လှောင်ရယ်၍ သူ့လက်ထဲက သွေးသောက်သူကို တဝီဝီမြည်အောင် ဝေ့ရမ်းလိုက်၏။
စိတ်ဝိညာဉ်အလင်းက လင်းလက်တောက်ပလာပြီး သွေးအလင်းတစ်ခုက ကန်ထွက်လာ၏။
ဆေဘာထံမှ တုန်လှုပ်ချောက်ချားစရာ သွေးရနံ့က ထွက်ပေါ်လာလေသည်။
ဝုန်း...
ဆူဇီမိုက ခုန်တက်လိုက်သောအခါ သူ့ခြေထောက်အောက်ရှိ ရွှံ့မြေက ကပြောင်းကပြန် ဖြစ်သွား၏။ သွေးသောက်သူကို ကိုင်စွဲရင်း သူက ရှုချန်ဆီသို့ ပြေးဝင်သွားလေပြီ။
“အချိန်ကိုက်ပဲ”
ရှုချန်ကလည်း အကြောက်အလန့်မရှိဘဲ သူ့သိုလှောင်အိတ်ကို သပ်လိုက်သောအခါ သူ့လက်ထဲမှာ ဆေဘာတစ်လက်က ပေါ်လာ၏။
ထိုဆေဘာက ကိုးပေရှည်ပြီး ငါးလက်မဗျက်ရှိကာ သူ့အရှည်က လှံရှည် သို့မဟုတ် လှံပုဆိန်တစ်လက်နှင့်ပင် နှိုင်းယှဉ်လို့ ရလေသည်။ ဆေဘာသွားကို တဇီဇီမြည်နေသော အစိမ်းရောင် လျှပ်စီးကြောင်းတစ်လွှာက သိုင်းခြုံထား၏။
“မင်းရဲ့ သွေးသောက်သူက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုလို့ ငါကြားတယ်”
ရှုချန်က အေးစက်စွာ ပြောလိုက်၏။
“ဒီကနေ့.. မင်းရဲ့ သွေးသောက်သူရဲ့ ထက်ရှမှုက ငါ့ရဲ့ အစိမ်းရောင်မိုးကြိုးဆေဘာကို ယှဉ်နိုင့်ပါ့မလား ကြည့်ရသေးတာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် အစိမ်းရောင်မိုးကြိုးဆေဘာက စိတ်ဝိညာဉ်အလင်းခြောက်ခုဖြင့် ဝင်းလက်တောက်ပလာလေသည်။
မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပင်။
မဟာကျိုးအင်ပါယာအတွင်းမှာ မူလစိတ်ဝိညာဉ်လက်နက်တစ်လက်ကိုတောင် မြင်တွေ့ရမည် မဟုတ်သော်လည်း.. ထိပ်သီးဂိုဏ်းကြီးများမှ အမွေခံတပည့်များအားလုံးလိုလိုတွင်တော့ သူတို့နှင့်အတူ အနည်းဆုံး မူလစိတ်ဝိညာဉ်လက်နက်တစ်လက်စီ ရှိကြလေသည်။
ရုတ်တရက်.. မယုံမရဲသောလေသံနှင့် တူရန်၏ အသံက ထွက်ပေါ်လာ၏။
“ရှုချန်.. အဲ့လူရဲ့ ခန္ဓာကိုယ်က နှိုုင်းယှဉ်လို့ မရလောက်အောင်ကို သန်မာတာနော်.. အနီးကပ်တိုက်ခိုက်ရည်မှာ သူက ပြိုင်ဘက်ကင်းသလောက်ပဲ.. မင်း ဂရုစိုက်ဦး”
တူရန်က ဆူဇီမိုနောက်ကနေ ပေါ့ပါးဖျတ်လတ်စွာ ရွေ့လျားနေ၏။ သူက တိုက်ခိုက်ခြင်း မရှိသေးဘဲ အခွင့်အရေးတစ်ခုကိုသာ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေလေသည်။
ထိုကဲ့သို့သော လူမျိုးက ပိုလို့တောင် ကြောက်စရာကောင်းသေး၏။
သူတို့က ပုန်းကွယ်နေသော အငြိုးအတေးကြီးသည့် မြွေပွေးတစ်ကောင်နှင့်တူ၏။ တစ်ချက်ကိုက်ပြီဆိုတာနှင့် တစ်ဖက်လူ၏ အသက်ကို နုတ်ယူတော့မည်သာ။
အခြားတစ်ဖက်တွင်တော့..
စစ်ထူရှစ်က ရှစ်ကျန့်ကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူ့လက်ကို ညင်သာစွာ ဝေ့ရမ်းလိုက်သောအခါ သူ့နောက်ရှိ ပေး ၃၀ မြင့်သော ဘီလူးက ရှေ့သို့ ပြေးတက်လာ၏။
“ဂါး”
ဘီလူးက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သောအခါ.. သူ့ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသော သားရေစက အပိုင်းပိုင်း စုတ်ပြဲထွက်သွားပြီး သူ၏ ခိုင်မာသော တည်ဆောက်ပုံနှင့် ညှီစို့ပုပ်အက်သောအနံ့က ဟောင်ထွက်လာ၏။
တိုက်ပွဲဝင်အလောင်းကောင်က နဖူးမှ ခြေဖျားထိ တစ်ကိုယ်လုံး ကြေညိုရောင်ဖြစ်၏။
သို့သော်လည်း ၎င်းပေါ်မှာ အဖြူရောင်သားမွေး ခပ်ပါးပါးတစ်လွှာက ပေါက်နေလေပြီ။
ထိုသည်ကို မြင်သောအခါ ရှစ်ကျန့်၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူ့အမူအယာက သုန်မှုန်လာ၏။
ထိုတိုက်ပွဲဝင်အလောင်းကောင်က ငွေအဆင့်အလောင်းကောင်ဖြစ်ဖို့ စတင်၍ ဆင့်ကဲပြောင်းလဲလာနေလေပြီ။
ငွေအလောင်းကောင်များက ကြောက်စရာကောင်းပြီး သူတို့က နိုးထဝိညာဉ်များနှင့်ပင် ယှဉ်တိုက်နိုင်လေသည်။
ရှစ်ကျန့်က သူ့သိုလှောင်အိတ်ကိုပုတ်ပြီး သူကျင့်ကြံထားသော ရုပ်သေးငါးရုပ်ကို ထုတ်လိုက်၏။ သူက ချီကို ကြိုးမျှင်အဖြစ် စုဖွဲ့၍ ရုပ်သေးရုပ်များကို ထိန်းချုပ်ကာ စစ်ထူရှစ်၏ တိုက်ပွဲဝင်အလောင်းကောင်ကို ဝိုင်းပတ်လိုက်၏။
စစ်ထူရှစ်၏ တိုက်ပွဲဝင်အလောင်းကောင်နှင့်ယှဉ်လျှင် ရှစ်ကျန့်၏ ရုပ်သေးရုပ်များက အရမ်းကို ပုတိုလွန်းလေသည်။
သို့သော်လည်း ရုပ်သေးရုပ်များမှာ ဒြပ်စင်ငါးမျိုး၏ စွမ်းအားများက ပါဝင်ပြီး သူတို့၏ လှုပ်ရှားမှုနှင့်အတူ ဝင်္ကပါတစ်ခုကို ဖွဲ့တည်၍ တစ်ရုပ်နှင့်တစ်ရုပ် အပြန်အလှန် ချိတ်ဆက်ကာ တိုက်ပွဲဝင်အလောင်းကောင်ကို နေရာကနေ ရှေ့မတက်နိုင်အောင် ချုုပ်နှောင်ထားလိုက်၏။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းမှ အရိုက်အရာဆက်ခံသူနှစ်ယောက်က ရှေးဟောင်းတိုက်ပွဲမြေမှာ မျှော်လင့်ထားသည်ထက် ပိုစောကာ တွေ့ဆုံနေကြလေပြီ။ ဤတိုက်ပွဲမှာ ဘယ်သူက နောက်ဆုံး အနိုင်ရရှိမလဲ ပြောဖို့ ခက်လေသည်။
မဟာတိုက်ပွဲက လုံးလုံးလျားလျား ပေါ်ထွက်လာလေပြီ။
လင်းရွှမ်ကျီက လှစ်ကနဲဆို.. မီးခိုးတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားပြီး ကသောင်းကနင်း အခြေအနေကို အမိဖမ်းကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားလိုက်၏။
ကံဆိုးစွာနှင့် ငွေဖြူရောင်အလင်းတန်းတစ်ခုက အလွန်တရာ ထက်ရှစွာဖြင့် ထိုးဆင်းလာပြီး ကြောက်မက်ဖွယ်ရာ အော်ရာနှင့်အတူ လေဟာနယ်ကို နှစ်ပိုင်းပြတ်လုနီးပါး ဖြတ်ကျလိုက်၏။
လင်းရွှမ်ကျီသည် သူ့ခြေလှမ်းကို ကမန်းကတန်း ရပ်တန့်လိုက်ရ၏။
ဘုန်း..
ငွေဖြူရောင်အလင်းတန်းကျဆင်းသွားပြီးနောက်.. မြေပြင်က အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။
လင်းရွှမ်ကျီသည် နောက်ထပ် ခြေလှမ်းဝက်လောက် ရှေ့တိုးခဲ့မိလျှင် ငွေဖြူရောင်အလင်းတန်းက သူကို ဖျက်ဆီးချေမှုန်းပစ်လိုက်ပေလိမ့်မည်။
“ငါ့လခွမ်း”
လင်းရွှမ်ကျီက နောက်ပြန်လှည့်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်လိုက်၏။
မလှမ်းမကမ်းတွင် ကစင်ကလျားအမြုတေဂိုဏ်းမှ နီဟောက်က သရော်တော်တော်အမူအယာဖြင့် ရှိနေပြီး သူ့လက်ထဲမှာ မြင်းမြီးကျာပွတ်တစ်ခုကို ကိုင်ထား၏။ အဲ့ဒါက ငွေဖြူရောင်အမြီးတစ်ခုဖြစ်ပြီး အခုလေးတင် ပြန်ရုတ်ထားခြင်းဖြစ်၍ ယိမ်းခါနေဆဲဖြစ်၏။
“ငါ့မျက်စိအောက်ကနေ မင်းက ထွက်ပြေးဖို့ စဉ်းစားနေသေးတယ်ပေါ့လေ” နီဟောက်က လှောင်ရယ်လိုက်၏။
လင်းရွှမ်ကျီသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်သော်လည်း သူ့မျက်မှာပေါ်မှာ အပြုံးတစ်ခုရလာအောင် ကြံဖန်ညှစ်ယူလိုက်၏။
“တာအိုရောင်းရင်း.. ကျုပ်က သာမန်အညတရတစ်ယောက်ပါ.. သူတို့နဲ့လဲ တစ်ကျိတ်ထဲတစ်ဉာဏ်ထဲ မဟုတ်ရပါဘူး.. ခင်ဗျားက ဘာလို့ ကျုပ်ကို သတ်ချင်နေရတာလဲဗျာ”
ပဟေဠိနန်းတော်က ရှေးဟောင်းတိုက်ပွဲမြေမှာ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို လက်ခံကျင်းပပေးရသော အိမ်ရှင်ဖြစ်၏။
ပဟေဠိနန်းတော်၏ လက်ရှိမျိုးဆက် အရိုက်အရာဆက်ခံသူတစ်ယောက်အနေဖြင့် လင်းရွှမ်ကျီက အခြားသော ပြိုင်စံရှားများနှင့် ရန်ငြိုးရန်စ ပွားများဖို့ မသင့်လျော်ပေ။
အဲ့ဒါကြောင့်လဲ သူက မျက်နှာဖုံးတစ်ခုကို တပ်ဆင်ပြီး သူ့သရုပ်မှန်ကို ဖုံးကွယ်နေရခြင်း ဖြစ်လေသည်။
“ငါက မင်းကို သတ်ချင်တယ်ဆိုတော့ရော.. မင်းက ဘာပြန်လုပ်နိုင်မှာမို့လဲ.. ဟဟဟား” နီဟောက်၍ လှောင်ပြောင်ရန်စ၍ အားပါးတရ ရယ်မောလိုက်၏။
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်လိုက်၏။
သူက ဤမျှထိ အောက်ကျို့၍ သည်းခံနေရခြင်းမှာ နီဟောက်ကို ကြောက်ဖို့ မဟုတ်ပေ။ အပြင်မှာ သူပြဿနာရှာပြီး ပြန်သွားလျှင် သူ၏ အကြီးအကဲက ဆူပူငေါက်ငမ်းမှာကို စိုးရိမ်သောကြောင့်သာ ဖြစ်လေသည်။
“ဟေး.. မင်းကို ငါ တစ်ခုတော့ ပြောပြလိုက်မယ်”
လင်းရွှမ်ကျီ၏ မျက်နှာက ညိုမည်းလာပြီး သူက အရမ်းကို တည်တံ့စွာဖြင့် ပြောလိုက်၏။
“မင်း ငါနဲ့ လာမရှုပ်တာ ပိုကောင်းလိမ့်မယ်နော်”