မင်း ငါနဲ့ လာရှုပ်ရင် ငါ မင်းကို ဆော်ပလော်တီးပေးလိုက်မယ်
Vol. 47 Ch. 702
“ဘာပြောတယ်”
နီဟောက်က ကြားရသည်ကိုပင် မယုံနိုင်ဘဲ သေလူတစ်ယောက်ကို ကြည့်နေသလို လင်းရွှမ်ကျီကို စိုက်ကြည့်ပြီး တစ်လုံးချင်း ငေါက်ငမ်းလိုက်၏။
“ငါ မင်းနဲ့ လာရှုပ်ချင်တယ်ကွာ.. မင်း ဘာလုပ်နိုင်မှာမို့လဲ”
“မင်း ငါနဲ့ လာရှုပ်ရင် ငါ မင်းကို ဆော်ပလော်တီးပေးလိုက်မယ်!”
လင်းရွှမ်ကျီက လေထဲသို့ ခုန်တက်ပြီး နီဟောက်ဆီသို့ ဦးတည်လိုက်၏။
“မင်းကတော့ သေချင်နေတဲ့ကောင်ပဲ”
နီဟောက်ကလည်း ဒေါသထွက်သွားပြီး သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်က တဖျတ်ဖျတ်တလက်လက်နှင့် တောက်ပလာ၏။
စိတ်ဝိညာဉ်အင်းကွက်ခြောက်ခု.. မူလစိတ်ဝိညာဉ်လက်နက်ပင်။
သူက သီယင်း၏ ဂုဏ်သတင်းအောက်မှာ လောင်းရိပ်မိနေသော်လည်း နီဟောက်က မူလစိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသေး၏။
ရွှေအမြုတေတစ်ယောက်အနေနှင့် ကစင်ကလျားအမြုတေဂိုဏ်းမှာ သူ၏ အဆင့်အတန်းက မနိမ့်ကျကြောင်း သိသာလေသည်။ သူက သီယင်းအောက် တစ်ဆင့်သာ နိမ့်လေသည်။
ရွှက်..
နီဟောက်က သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်ကို ဝေ့ရမ်းလိုက်သောအခါ ငွေဖြူရောင်ချည်မျှင်သုံးထောင်က ခမ်းနားကြီးကျယ်သော အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓါးတစ်လက်ကဲ့သို့ လင်းရွှမ်ကျီ၏ ခါးကို လှီးဖြတ်ဖို့ ဦးတည်သွားကြ၏။
ထိုအလင်းက ကျိန်းစပ်လောက်အောင်ဖြစ်ပြီး ချက်ချင်းနီးပါး အလွန်တရာမြန်ဆန်စွာ ရောက်ရှိသွား၏။
လင်းရွှမ်ကျီ၏ အမူအယာက ပြောင်းလဲမသွားပေ။ သူက အဲ့ဒါကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည့်အလား အောက်သို့ ကြိုတင်ငုံ့ချပြီး နီဟောက်၏ သတ်ဖြတ်ကွက်ကို လက်မတင်လေး ရှောင်တိမ်းလိုက်နိုင်၏။
ရွှစ် ရွှစ် ရွှစ်..
သူ့လက်ကို လက်ပြန် ဝေ့ရမ်းလိုက်သောအခါ ထိပ်တန်းအဆင့် ဓါးပျံသုံးလက်က လေထုကို ဖြတ်သန်းသွား၏။
ဓါးပျံသုံးလက်က လမ်းကြောင်းသုံးခုခွဲပြီး တစ်မူထူးခြားသော ရွေ့လျားပုံများနှင့် နီဟောက်၏ သေကွင်းသေကွက်များဆီသို့ ဦးတည်သွား၏။
သူ၏ ဓါးပျံထိန်းချုပ်ခြင်းအတတ်က အတော်လေးကို အဆင့်မြင့်သည်ဟု ပြောလို့ ရလေသည်။
တစ်ချိန်တည်းမှာပင် လင်းရွှမ်ကျီသည် ရှုပ်ထွေးပွေလီသော လက်ဟန်ချိတ်စည်းများကို ဆက်တိုက်ဆင့်ကဲ့ ထုတ်ဖော်လိုက်၏။
ကောင်းကင်ခြယ်လှယ်လက်ဝါး..
အရင်းမြစ်ထွက်ခွာလက်ညိုး..
နှင်းခဲလက်ဝါး..
တိမ်လွှာဂယက်ထလက်ဝါး..
ဇန်ချီပေါက်ကွဲခြင်း..
အစိမ်းရောင်ပုံရိပ်သုံးထပ်ဆေဘာ..
ရေခဲပန်းဆွဲဝင်္ကပါ..
. . .
ရှုပ်ထွေးပွေလီသော လက်ဟန်လှုပ်ရှားမှုများ အပြီး၌.. လင်းရွှမ်ကျီသည် စိတ်ဝိညာဉ်တိုက်ကွက် ၁၈ ခုကို ဆက်တိုက်ထုတ်ဖော်လိုက်ပြီး အားလုံးက နီဟောက်ထံသို့ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကဲ့သို့ တလိပ်လိပ်ဖြင့် ဝင်ချလာလေသည်။
တုန်လှုပ်ဖွယ်ရာ...
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း၏ စိတ်အာရုံထဲ ဝင်ရောက်လာသည်မှာ ထိုစကားလုံးသာ ဖြစ်လေသည်။
“ဒါက...”
“တော်တော် မိုက်တာပဲ”
“အဲ့လူရဲ့ နောက်ခံက ဘာလဲဟ”
“အဲ့ဒီစိတ်ဝိညာဉ်တိုက်ကွက် ၁၈ ခုက မတူညီတဲ့ ဂိုဏ်းတွေကပဲ.. သူဘယ်ဂိုဏ်းကလဲ ငါ ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ”
လူအုပ်ကြီးထဲမှ အုတ်အော်သောင်းတင်းအသံများက ထွက်ပေါ်လာ၏။
သူ၏ သရုပ်သကန်ကို ဖုံးကွယ်ထားဖို့ရာ.. လင်းရွှမ်ကျီသည် ပဟေဠိနန်းတော်၏ အဆင့်မြင့်လျှို့ဝှက်ပညာရပ်များကို ထုတ်သုံးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက ဗဟုသုတ ကြွယ်ဝပြီး အရာရာတိုင်းကို နည်းနည်းစီတော့ သိထားလေသည်။ သူ့ထံမှ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုကပင် တစ်ဖက်လူကို မွန်းကျပ်သွားစေနိုင်လေသည်။
နီဟောက်မပြောနှင့် ဆူဇီမိုတောင်မှ လင်းရွှမ်ကျီ၏ အစစ်အမှန်ခွန်အားကို မမှန်းဆနိုင်ပေ။
“ချီးပဲ... သေစမ်း”
နီဟောက်က လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
“ဒီလူက မသမာတဲ့နည်းနဲ့ လာကစားနေတာပဲဟ”
ဒီလိုလူက ဘယ်လိုလုပ် အညတရတစ်ယောက် ဖြစ်ပါမည်နည်း။
သူသည် မြင်းမြီးကျာပွတ်ကို အသည်းအသန် ဝေ့ရမ်း၍ ချည်မျှင်သုံးထောင်ကို အဘက်ဘက်သို့ ခွဲဖြာသွားစေပြီး ဝင်ရောက်လာသော ဓါးပျံများကို ခံယူလိုက်၏။
နောက်ခဏ၌ နီဟောက်သည် သူ၏ ရွှေအမြုတေကို ရူးသွပ်စွာ လှည့်ပတ်၍ သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော ကစင်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်လိုက်ရ၏။
နီဟောက်သည် ထိတ်ထိတ်ပျာပျာနှင့် ကစင်ကလျားအမြုတေလက်ဝါးကို ထပ်တလဲလဲ ထုတ်ဖော်လိုက်ရပြီး ဟောဟဲဆိုက်နေ၏။
လေထဲမှာ လက်ဝါးရာများက ဆက်တိုက်စုဖွဲ့လာပြီး ဝင်ရောက်လာသော စိတ်ဝိညာဉ်တိုက်ကွက် ၁၈ ခုနှင့် ဆန့်ကျင်ရိုက်ခတ်သွား၏။
ဘုန်း.. ဘုန်း.. ဘုန်း..
ထိတွေ့ရိုက်ခတ်ခြင်းများမှ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် တုန်ခါလှိုင်းများက ထွက်ပေါ်လာလေသည်။
နီဟောက်သည် ကြောက်လန့်တကြား ဖြူဆုတ်သွားသော မျက်နှာနှင့် လေထဲမှာ ရပ်နေ၏။ သူက လွင့်စင်ထွက်လုနီးပါးပင်။
သူသည် လျှို့ဝှက်ပညာရပ်ကို ဆက်တိုက်ထုတ်ဖော်လိုက်ရသည့်အတွက် သူ့ဒါန်ထျန်ထဲရှိ စိတ်ဝီညာဉ်စွမ်းအင်တစ်ဝက်နီးပါးက ကုန်ခမ်းသွားလေသည်။
“ဘယ်လို တဇောက်ကန်းလဲဟ”
နီဟောက်သည် ကျိန်ဆဲ၍ သိုလှောင်ထဲကနေ ဆေးလုံးအနည်းငယ်ကို ထုတ်ယူပြီး ကုန်ခမ်းသွားသော သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်ဖြည့်တင်းရန် အဆင်သင့်ပြင်လိုက်၏။
“ဆက်ဆွဲကြတာပေါ့”
ရုတ်တရက်..
နီဟောက်၏ နားထဲမှာ အသံတစ်သံက ပေါက်ကွဲထွက်လာပြီး သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။
မသိလိုက်မသိဘာသာနှင့်ပင် လင်းရွှမ်ကျီက သူ့ဘေးသို့ ရောက်ချလာပြီဖြစ်ပြီး ဆေးလုံးများဆုပ်ကိုင်ထားသော သူ့လက်ကောက်ဝတ်ကို သံပေတံဖြင့် လှမ်းတောက်လိုက်၏။
“အား”
နီဟောက်က စူးစူးဝါးဝါး အော်လိုက်ပြီး သူ့လက်ကောက်ဝတ်က ရောင်ရမ်းသွားကာ ဆေးလုံးများ ဆုပ်ကိုင်ထားသော လက်ကို လွှတ်ချမိသွား၏။
“မင်း ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”
နီဟောက်၏ မျက်လုံးများက နီရဲ၍ အံကိုကြိတ်လိုက်၏။ သူသည် လင်းရွှမ်ကျီကို စုတ်ဖြဲပစ်ချင်စိတ်ကလွဲပြီး ဘာကိုမှ မတွေးနိုင်တော့ပေ။
တစ်ကယ်တော့ ထိုတိုက်ခိုက်မှုဖြင့် လင်းရွှမ်ကျီက သူ၏ သနားညှာတာမှုကို ပြသခဲ့ပြီးဖြစ်၏။
သူသာ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့လျှင် နီဟောက်၍ လက်က ရောင်ရမ်းရုံတင်မဟုတ်ဘဲ ကျိုးပဲ့ထွက်သွားပေလိမ့်မည်။
တစ်နည်းအားဖြင့်.. ထိုသံပေတံက နီဟောက်၏ လက်ကောင်ဝတ်ကို မဟုတ်ဘဲ ဦးခေါင်းကိုသာ ချိန်ရွယ်ခဲ့လျှင်...
စိတ်တည်တည်ငြိမ်ငြိမ်နှင့် သေချာစဉ်းစားကြည့်လျှင် အဲ့ဒါကို နီဟောက်က သေချာပေါက် နားလည်ပေလိမ့်မည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့စိတ်က ဘာကိုမှ သေချာမစဉ်းစားနိုင်ပေ။ သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ လင်းရွှမ်ကျီကို ဘယ်လို သတ်ဖြတ်ရမလဲဆိုတာကိုပင်။ အဲ့ဒါမှသာ သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပေမည်။
“ငါနဲ့ လာမရှုပ်နဲ့လို့ မင်းကို ငါ ပြောခဲ့ပြီးသားလေ.. မင်းကမှ ငါ့အကြံကို လက်မခံတာလေ”
လင်းရွှမ်ကျီက နှုတ်ခမ်းစူပြီး တတွတ်တွတ် ပြောလိုက်၏။
“မင်းဦးနှောက်က အထဲမှာ အဆံချောင်နေတာလား.. ငါက အညတရ တစ်ယောက်ပါလို့ ပြောလိုက်တာနဲ့ မင်းက တစ်ကယ်ကြီး တန်းယုံလိုက်တာပဲလား.. မင်းက အရူးလား.. မင်းက နေ့တိုင်း သီယင်းရိုက်တာ ခံလာရလို့ ရူသွားတာလား ဟမ်”
“သေစမ်းကွာ”
နီဟောက်သည် ဒေါသထွက်လွန်း၍ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး ဒွာရခုနှစ်ပေါက်မှ မီးခိုးများ ထွက်လာ၏။
သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်က တုန်ခါသွားပြီး ချည်မျှင်ပေါင်း သုံးထောင်စလုံးက ရေတံခွန်တစ်ခုကဲ့သို့ လေထဲမှာ ပြန့်ကျဲပစ်လွင့်၍ အကျဉ်းထောင်တစ်ခုကဲ့သို့ လင်းရွှမ်ကျီကို လွှမ်းခြုံဖို့ ကြိုးစားလိုက်၏။
“ခွိခွိ..”
လင်းရွှမ်ကျီ၏ မျက်လုံးများထဲမှာ လှောင်ပြောင်သရော်ခြင်းက ဝင်ရောက်လာပြီး သူက အဝေးသို့ လှစ်ကနဲ ပြေးထွက်လိုက်၏။
သူက အသံကိုမြှင်၍ ကြေညာသွားလိုက်၏။
“ဟေး.. ငါ မင်းကို သတိမပေးထားဘူးလို့ အပြစ်မတင်နဲ့နော်.. မင်း ငါနဲ့ လာရှုပ်ရင် ငါ မင်းကို ဆော်ပလော်တီးလေးလိုက်မယ်”
“ဟဟဟားဟားဟား”
ခပ်လှမ်းလှမ်းရှိ လူအုပ်ကြီးထဲမှာ ရယ်မောသံများက ဆက်တိုက်ထွက်လာကြ၏။
နီဟောက်၏ မျက်နှာက နီရဲတက်သွားပြီး ဒေါသဖြင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာ၏။ သူ့ကိုယ်သူ ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကျိန်ဆဲလိုက်၏။
“ငါက မင်းအမေကို ဆော်ပလော်တီးမှာကွ”
ထိုသို့ ပြောရင်း နီဟောက်က နောက်တစ်ဖန် ရှေ့သို့ ထိုးတက်သွား၏။
တစ်ဖက်တွင်တော့..
လမ့်မင်နှင့် ဖက်တီးလေး၊ အုတ်ဂူဂိုဏ်း၏ အမွေခံတပည့်နှစ်ယောက်သည် ထိပ်တိုက်ရင်ဆိုင်နေကြပြီဖြစ်၏။
အဲ့ဒါက ဧကန်မုချ ကြုံတွေ့ရမည့် တိုက်ပွဲပင်။
အနိုင်ရရှိသူက အုတ်ဂူဂိုဏ်း၏ ဒီဘက်မျိုးဆက်မှာ အစစ်အမှန် အရိုက်အရာဆက်ခံသူ ဖြစ်လာပေမည်။
“ဂျူနီယာညီလေး.. အရှုံးကို ဝန်ခံလိုက်စမ်းပါကွာ”
လမ့်မင်က ခေါင်းခါရမ်းလိုက်၏။
“မင်း ဂိုဏ်းကို ဝင်လာပြီးကထဲက ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ငါတို့ အကြိမ် ၂၀ တောင် တိုက်ခိုက်ခဲ့ပြီးပြီ.. ဘယ်တုန်းကများ မင်း ငါ့ကို နိုင်ခဲ့ဖူးလို့လဲ”
“ဒီတစ်ခေါက် ခင်ဗျားကို ကျုပ်နိုင်တာနဲ့ အဲ့ဒါက လုံလောက်ပြီလေ” ဖက်တီးလေးက တည်တံ့စွာ ပြောလိုက်၏။
လမ့်မင်၏ အကြည့်က အေးစက်လာပြီး ခက်ထန်စွာ ပြောလိုက်၏။
“ဂျူနီယာညီလေး.. အဝါရောင်ငရဲမြစ်ကားချပ်ကို အခုနေ ထုတ်ပေးမယ်ဆို မင်းအသက်ကို ငါချမ်းသာပေးလိုက်မယ်.. မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ရက်စက်တယ်ဆိုပြီး ငါ့ကို မပြစ်မတင်နဲ့ပေါ့ကွာ”
“ခေါင်းမာနေတာက ခင်ဗျားပဲ.. ကျုပ် မဟုတ်ဘူး”
ဖက်တီးလေးက သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။
“ဘာစကားမှ ထပ်ပြောစရာ မရှိတော့ဘူး.. တိုက်ခိုက်ကြတာပေါ့”
“ဟုတ်ပြီလေ”
လမ့်မင်က အော်ဟစ်၍ သူ့ဓါးပျံကို ဆင့်ထုတ်ကာ ဖက်တီးလေးနှင့် တိုက်ခိုက်လိုက်၏။
ကျန်ရှိနေသော ကျင့်ကြံသူထောင်ချီက မတိုက်ခိုက်နိုင်သေးခင်မှာပင် မျောက်၊ စိတ်ဝိညာဉ်ကျား၊ ရွှေခြင်္သေ့နှင့် ချင်ချင်တို့က လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွားပြီး သတ်ဖြတ်မှုကို စတင်လိုက်ကြပြီဖြစ်၏။
သူတို့၏ ပြိုင်ဘက်များက အရေအတွက်အားဖြင့် အားသာနေ၏။ သူတို့သာ စောင့်ဆိုင်းနေမည်ဆို.. လူအုပ်ကြီးထဲမှ ဓါးပျံတစ်ယောက်တစ်လက်ကပင် မျောက်တို့အုပ်စုကို ဒဏ်ရာရသွားစေဖို့ လုံလောက်၏။
ယခုအခါ သူတို့က အုပ်စုလေးစုခွဲပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်ကာ ရူးသွပ်စွာ မွှေနှောက်တိုက်ခိုက်၍ အကုန်လုံးကို ဖရိုဖရဲ ဖြစ်စေကုန်၏။
ကျင့်ကြံသူများသည် သူတို့အတွက်သူတို့သာ ခုခံတိုက်ခိုက်နိုင်ကြလေတော့သည်။
မြေခွေးလေးက နေရာမှာပင် မလှုပ်မယှက်ရပ်ပြီး သူမ၏ မြေခွေးမျိုးနွယ်မှ ညှို့ငင်ဖမ်းစားသော နည်းစနစ်များကို ထုတ်ဖော်လိုက်၏။ သူမ၏ ပါးစပ်ကို အနည်းငယ် ဟလိုက်သောအခါ မွှေးရနံ့တစ်မျိုးက ထွက်လာ၍ ကျင့်ကြံသူများကို ယစ်မူးသွားစေပြီး သူတို့အချင်းချင်း စတင်၍ တိုက်ခိုက်ကြကုန်၏။
ချွမ်း..
သတ္တုချင်း ရိုက်ခတ်သံတစ်ချက်က ထွက်ပေါ်လာပြီး အနီးနားရှိ ကျင့်ကြံသူများ၏ နားစည်ကို ပြင်းထန်စွာ လှုပ်ခါသွားစေကာ သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။
အဲ့ဒါက ဆူဇီမိုနှင့် ရှုချန်တို့ ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ထွက်လာသော အသံပင်။
သွေးသောက်သူနှင့် အစိမ်းရောင်မိုးကြိုးဆေဘာက ရိုက်ခတ်လိုက်ကြခြင်းဖြစ်၏။
ဗျစ်.. ဗျစ်..
သွေးအလင်းတန်းနှင့် လျှပ်စီး.. မတူညီသော စွမ်းအားနှစ်ခုက လေထဲမှာ ယှက်ဖြာသွားပြီး တစ်ခုကိုတစ်ခု ဝါးမျိုလိုက်ကြ၏။
မျှခြေက အသက်တစ်ရှိုက်စာမျှသာ ကြာလိုက်၏။
ထို့နောက် ရှုချန်၏ ကိုယ်က ဆတ်ကနဲ တုန်ခါသွားပြီး သူ့အမူအယာက ပြောင်းလဲသွားကာ ဘေးဘက်သို့ ယိုင်လဲကျသွား၏။
မိုးကြိုးလေပြေနန်းတော်က မိုးကြိုးနည်းစနစ်များမှာ အထူးပြုပြီး ဗလာနယ်မိုးကြိုးအတတ်၏ အမွေအနှစ်မှာလည်း ခန္ဓာမီးဆေးနည်းလမ်းများစွာ ပါရှိလေသည်။
သူတို့က ဖန်သားနန်းတော်နှင့် ပဒေသရာဇ်နန်းတော်ကဲ့သို့သော ထိပ်တန်းခန္ဓာမီးဆေးဂိုဏ်းများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူတို့၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက လျှော့တွက်လို့ မရသည့်အထဲမှာ ပါလေသည်။
သို့သော်လည်း ရှုချန်သည် ဆူဇီမိုထံမှ ခုတ်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဟု သူ့ကိုယ်သူ မထင်ထားပေ။
ဆူဇီမိုက သူ့ခွန်အားအပြည့်ကို မသုံးခဲ့တာတောင်မှ သူက အဲ့ဒါကို မခုခံနိုင်ခဲ့ပေ။
အစိမ်းရောင်မိုးကြိုးဆေဘာပေါ်မှာ မိုးကြိုးစွမ်းအားက စိမ့်ဝင်ပြည့်ဝနေပြီး အဲ့ဒါက ဆူဇီမို၏ ကိုယ်ထဲသို့ တလိပ်လိပ်စီးဝင်သွားသော်လည်း အဲ့ဒါက ရွှံညွန်တောထဲကို ကျဆင်းသွားသည့်အလား ဝဲဂယက်တစ်ချက်ပင် ထမလာခဲ့ပေ။
သို့သော်လည်း သွေးသောက်သူထံမှ မျိုးဆက်သွေးစွမ်းအားက ရှုချန်၏ ကိုယ်ထဲသို့ စီးဝင်သွားသောအခါ သူ့သွေးချီများက ကသောင်းကနင်းဖြစ်ကုန်၏။ သူ့သွေးများက ကပြောင်းကပြန်တွေ လှည့်ပတ်စီးဆင်းကုန်ပြီး သူ့ခန္ဓာကိုယ်က နေရာမှာတင် စုတ်ပြဲလုနီးပါး ဖြစ်သွားရ၏။