ကစင်ကလျားအမြုတေဥမင်
Vol. 47 Ch. 704
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
အဆိပ်ဂိုဏ်းက ကျင့်ကြံသူ တစ်ရာကျော် ပါလာ၏။ သူတို့၏ အစစ်အမှန်ခွန်အားကို မထုတ်ဖော်ရသေးခင်မှာပင် ဆူဇီမို ဆင့်ခေါ်လိုက်သော နတ်နဂါးလက်ချက်ဖြင့် သူတို့ထဲမှ တစ်ဝက်ကျော်က သုတ်သင်ခံရလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
အဆိပ်ဂိုဏ်း၏ ပြိုင်စံရှားဖြစ်သူ တူရန်တောင်မှ အလောင်းတောင် မကျန်ခဲ့ဘဲ သေဆုံးခဲ့ရ၏။
အသက်ရှင်ကျန်ရစ်သော အဆိပ်ဂိုဏ်းသားများသည်လည်း တိုက်ပွဲမြေထဲမှာ ဆက်လက် မနေရဲကြတော့ဘဲ ဦးတည့်ရာသို့ ထွက်ပြေးကြကုန်၏။
“အင်မော်တယ်.. သူက သေချာပေါက် အင်မော်တယ်တစ်ပါး ပြန်ဝင်စားလာတာပဲ ဖြစ်ရမယ်”
“သူကသာ သာမန်ကျင့်ကြံသူတစ်ယောက်ဆို ဘယ်လိုလုပ်ပြီး နတ်နဂါးကြီးတစ်ကောင်က သူ့ကို စောင့်ရှောက်နေမှာလဲ”
အဆိပ်ဂိုဏ်းသားအချို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြပြီး ဗလုံးဗထွေးဖြင့် စတင်၍ တတွတ်တွတ်ရွတ်ကာ ထွက်ပြေးကြလေသည်။
ကြောက်ရွံ့မှုက ကူးစက်တတ်၏။
နဂါးကြီး၏ ချိုးနှိမ်ထားသော ဖိအားအောက်တွင် ကျင့်ကြံသူအများစုက သူတို့၏ ဣန္ဒြေကို ဆယ်နိုင်ဖို့ ခက်ခဲနေကြပြီးဖြစ်၏။
အဆိပ်ဂိုဏ်းသားများ၏ ဆိုးဆိုးရွားရွားအခြေအနေကို တွေ့မြင်လိုက်ရသောအခါ မိုးကြိုးလေပြေနန်းတော်၊ ကစင်ကလျားအမြုတေဂိုဏ်းနှင့် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းဟူသော ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် ဝရုန်းသုန်းကား ဆောက်တည်ရာမရ ဖြစ်ကုန်ကြ၏။
မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့ကလည်း ထိုအခွင့်အရေးကို အမိဖမ်း၍ အားကောင်းသော တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်ဖော်လိုက်ကြ၏။
မြေခွေးလေးကလည်း ကျင့်ကြံသူများ၏ တုန်လှုပ်နေမှုကို အခွင့်ကောင်းယူပြီး သူတို့၏ သတိစိတ်ခုခံမှုကို ထိုးဖောက်ကာ ပိုများသော ကျင့်ကြံသူများကို ထိန်းချုပ်ရင်း သူတို့အချင်းချင်း ပြန်၍ တိုက်ခိုက်ကြစေ၏။
ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းက အရေအတွက်အားဖြင့် အားသာသော်လည်း သူတို့သည် ဆုံးရှုံးမှု ကြီးမားကာ ထိုအခိုက်တွင် အခြေအနေကို ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပေ။
“မင်းတို့တွေက ဘာကို ကြောက်နေကြတာလဲ”
ရှုချန်က လွဲမှားသော အခြေအနေကို ချက်ချင်း အာရုံခံမိလိုက်ပြီး အော်ပြောလိုက်၏။ သူက လေထဲတွင် ရစ်ပတ်နေသာ နတ်နဂါးကို လက်ညိုးထိုးပြီး အော်ဟစ်လိုက်၏။
“မင်းတို့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ကြည့်ကြ.. အဲ့ဒါ အဲ့လူရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ဖန်တီးထားတဲ့ နဂါးအတုကွ”
ရှုချန်က မိုးကြိုးလေပြနန်းတော်၏ ပြိုင်စံရှားတစ်ယောက် ဖြစ်နေရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်၏ ဇာစ်မြစ်ကို သူ မသိသော်လည်း သူက ဣန္ဒြေကိုဆယ်၍ နတ်နဂါးက ဆူဇီမို၏ စိတ်ဝိညာဉ်စွမ်းအင်ကနေ ထွက်ပေါ်လာခြင်းဖြစ်သည်ကို သူကောက်ချက်ချနိုင်လိုက်၏။
ဆူဇီမိုက လှောင်ရယ်၍ ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
“မင်းကို ပြန်ပြီး ဧည့်မခံရင် ငါက ရိုင်းရာ ကျသွားမှာပေါ့.. ကဲ ငါ့ရဲ့ အသံသတ်ဖြတ်ကွက်ကိုလည်း ခံစားကြည့်လိုက်ဦး”
“ဟမ့်”
ရှုချန်၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့စိတ်ထဲသို့ ကြောက်ရွံ့မှုက ဝင်ရောက်လာ၏။
ဆူဇီမိုက အသက်ပြင်းပြင်းရှိုက်လိုက်သောအခါ သူ့ရင်အုပ်က လေအိတ်တစ်ခုကဲ့သို့ လျှင်မြန်စွာ ဖောင်းကြွလာလေသည်။
ပို၍ မလုံမလဲ ဖြစ်စေသော အရာမှာ လေထဲတွင် ရစ်ပတ်နေသော နတ်နဂါးကပါ အသက်ပြင်းပြင်းရှိုက်လိုက်ခြင်းဖြစ်၏။ သူ့ခန္ဓာကိုယ်က ပြန့်ကားလာပြီး သူ့ရင်အုပ်က လေစီးကြောင်းများဖြင့် ဖောင်းကြွလာကာ လေထဲမှာ ဆိုင်ကလုန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
လူနှင့် နဂါးက တစ်ပြိုင်နက်တည်း လှုပ်ရှားနေသည့်အတိုင်းပင်။
အဲ့ဒီမှာ ခဏတော့ ရပ်တန့်သွား၏။
ထို့နောက် သူတို့နှစ်ယောက်စလုံးက သူတို့၏ ပါးစပ်များကို တစ်ပြိုင်နက်တည်း ဖွင့်ထုတ်လိုက်ကြ၏။
“ဂါး!”
တိမ်လွှာများနှင့် သတ္တုများကို ဆုတ်ဖြဲလိုက်သော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာလေသည်။
ဆူဇီမိုထံမှလည်း နဂါးဟိန်းသံပင် ထွက်ပေါ်လာခြင်းဖြစ်၏။
ချက်ချင်းပင် လောကသည် ပြောင်းလဲသွားပြီး ဖုန်များက တဝုန်းဝုန်းထသွား၏။
တိုက်ပွဲမြေမှ သတ်ဖြတ်သံများ၊ အော်ဟစ်သံများ၊ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် လက်နက်များ၏ ထိခတ်သံများ အားလုံးက ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။
ထိုနေရာမှာ နဂါးဟိန်းသံတစ်ခုတည်းကသာ ကျန်ရစ်ခဲ့ပြီး အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။
ဆူဇီမိုနှင့် အနီးဆုံးမှာ ရှိနေသော ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူအချို့သည် သူတို့၏ ဒွာရများမှ သွေးများက ယိုစီးကျ၍ အကြည့်များ ငူငိုင်သွားကြ၏။ အဲ့ဒါကို ခံနိုင်ရည် မရှိတော့ဘဲ သူတို့၏ ဦးနှောက်များက ပြင်းထန်စွာ လှုပ်ခါ၍ နေရာမှာတင် ပျော်ကျကုန်၏။
ပုံရိပ်များက လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။
ဆူဇီမိုနှင့် တိုက်ရိုက်ရင်ဆိုင်နေရသော ရှုချန်အတွက်တော့ ရိုက်ခတ်မှုက ပိုလို့တောင် ကြောက်စရာကောင်းလေသည်။
နဂါးဟိန်းသံ၏ စွမ်းအားအများစုက သူ့ကို ပစ်မှတ်ထားလေသည်။
“အား”
ရှုချန်သည် ခပ်ထိုင်းထိုင်း ညည်းတွားအော်ဟစ်ပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရ၏။
သူ၏ ခြေလှမ်းတိုင်းမှာ မြေပြင်၌ နက်ရှိုင်းသော ခြေရာတစ်ခုစီက ကျန်ရစ်ခဲ့ပြီး အဲ့ဒါတွေက လျှပ်စီးကြောင်းများဖြင့် တဖျပ်ဖျပ်လက်နေ၏။
ရှုချန်သည် ခြေလှမ်းဆယ်လှမ်းကျော် လှမ်းပြီးမှ သူ့ကိုယ်သူ ရပ်တန့်သွားနိုင်ပြီး ထိုအချိန်မှာ သူ့မျက်နှာက အရမ်းကို သွေးဆုတ်နေပြီဖြစ်၏။
ရှုချန်၏ သွေးချီက လှိုက်တက်လာပြီး သူက အလျှင်အမြန် ပြန်မျိုချလိုက်၍ သူ့နှုတ်ခမ်းထောင့်မှ သွေးစတချို့က စီးကျလာ၏။
ထိုနဂါးဟိန်းသံက သူ့အသားကို ထိုးဖောက်၍ သူ့ကိုယ်တွင်းအင်္ဂါများကို ဒဏ်ရာရသွားစေ၏။
ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများသည် နဂါးဟိန်းသံကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားချိန် မျောက်နှင့် အခြားသူများက အတင်းတွန်း၍ တိုက်ခိုက်လိုက်ကြ၏။
ဒီရေက တဖြည်းဖြည်းနှင့် ပြန်ပြောင်းစီးဆင်းလာလေပြီ။
ရှုချန်သည် သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပစ်လိုက်ပြီး ဆေးလုံးလက်တစ်ဆုပ်ကို မျိုချလိုက်၏။ သူက သူ့ရွှေအမြုတေကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်တွင်းမှ ဖြာထွက်လာပြီး သူ့မျက်လုံးများက လျှပ်စီးဖြင့် တဖျတ်ဖျတ်လက်လာ၏။
ယခု အခြေအနေအရ သူတို့အတွက် အနိုင်ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ ပြိုင်ဘက်များကို တတ်နိုင်သမျှ မြန်မြန် သတ်ဖြတ်ပစ်ဖို့ပင်။
အချိန်ဆက်ဆွဲထားမိလို့ ဟိုသားရဲတောကောင်များက လွတ်ထွက်လာလျှင် သူတို့အားလုံးက ကိစ္စပြန်ပေတော့မည်။
“မင်းက တစ်ကယ့်ကို သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်”
ရှုချန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမယ့်လို့ အဲ့လောက်နဲ့ မင်းငါ့ကို နိုင်မယ်လို့ ထင်နေရင်တော့ မင်းစိတ်ကူးယဉ်နေတာပဲ ဖြစ်လိမ့်မယ်.. ဒီနေ့ မိုးကြိုးလေပြေနန်းတော်က ရွှေအမြုတေနယ်မြေရဲ့ အရသာကို မင်းသိသွားအောင် ငါပြပေးရတာပေါ့.. အဲ့ဒါမှ မင်းလဲ လုံးဝ လက်လျှော့သွားနိုင်လိမ့်မယ်”
ဝုန်း..
ရေပုံးလောက် တုတ်ခိုင်သော မိုးကြိုးတစ်စင်းက သူ့ဦးခေါင်းထက်က နတ်နဂါးကို ပစ်ချလိုက်၏။ အမြုတေနယ်မြေ၏ စွမ်းအားက ချက်ချင်းထွက်ပေါ်လာလေပြီ။
ဖြောက်.. ဖြောက်.. ဖြောက်..
နတ်နဂါး၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာလေသည်။
ဘာပဲပြောပြော ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က စိတ်ဝိညာဉ်ပညာရပ်တစ်ခုသာဖြစ်ပြီး ထိပ်တန်းအဆင့် ရွှေအမြုတေနယ်မြေများကိုတော့ ခုခံနိုင်ခြင်း မရှိပေ။
ဆူဇီမိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
ရှုချန်၏ ရွှေအမြုတေနယ်မြေက သူ့ထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေတာ ဖြစ်နိုင်လေသည်။
ရှုချန်က မိုးကြိုးလေပြေနန်းတော်အမွေအနှစ်၏ အသန်မာဆုံး အမြုတေနယ်မြေဖြစ်သော ကမ္ဘာဖျက်မိုးကြိုးငါးစင်းကို ကျင့်ကြံထားနိုင်သည်ဟု လင်းရွှမ်ကျီက သူ့ကို သတိပေးထားခဲ့သေး၏။
ဤအရာက ရှုချန်၏ မိုးကြိုးတစ်စင်းစွမ်းအားဆို.. သူ၏ မိုးကြိုးငါးစင်းစလုံးကို ထုတ်လွှတ်လိုက်မည်ဆိုပါက ကိစ္စများက သေချာပေါက် ကိုင်တွယ်ရ ခက်ခဲလာပေတော့မည်။
ထိုအချိန် တိုက်ပွဲ၏ အခြားတစ်ဖက်တွင်.. ကစင်ကလျားအမြုတေဂိုဏ်းမှ နီဟောက်၏ အခြေအနေက အတော်လေး ဆိုးရွားနေ၏။ သူသည် လင်းရွှမ်ကျီ၏ စိုးမိုးဗိုလ်ကျ ထုနှက်ခြင်းကို ခံနေရပြီး ပြန်လှန်တိုက်ခိုက်ဖို့ အခွင့်အရေးပင် လုံးဝ မရပေ။
လင်းရွှမ်ကျီက နည်းစနစ်အတော်များများကို သိထားပြီး သူ မသိတာ ဘာမှ မရှိတော့သည့်အတိုင်းပင်။
တိုက်ပွဲ၏ ဒီအခြေအနေကို ရောက်သည့်အထိ လင်းရွှမ်ကျီက မည်သည့်စိတ်ဝိညာဉ်ပညာရပ်ကိုမှ နှစ်ခါထပ်၍ မသုံးခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူက ကစင်ကလျားအမြုတေဂိုဏ်းမှ စိတ်ဝိညာဉ်တိုက်ကွက်အချို့ကိုပင် ထုတ်ပြခဲ့သေး၏။
“ဟေး.. အချိန်ကျပြီနော်.. မင်းအခုနေ မြန်မြန် ထွက်ပြေးရင်တော့ အသက်ရှင်နိုင်လိမ့်မယ်”
လင်းရွှမ်ကျီက စေတနာဖြင့် သတိပေးလိုက်၏။
“နောက်ခဏနေရင်တော့ မင်း ထွက်ပြေးချင်ရင်တောင် ရမှာ မဟုတ်တော့ဘူး”
လင်းရွှမ်ကျီသည် နီဟောက်၏ အသက်ကို နုတ်ယူဖို့ ဆယ်ကြိမ်ထက်မနည်း အခွင့်အရေးများ ရရှိခဲ့၏။ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။
သူ၏ စကားများက တစ်ကယ့်ကို စေတနာကောင်းဖြင့် သတိပေးနေခြင်းပင်။
သို့သော်လည်း နီဟောက်က နဖူးမှ ခြေဖျားထိ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပြီး လူပုံအလယ်မှာ အရှက်တကွဲ အထုအထောင်းခံနေရကာ သူက ရှက်ရွံ့မှုကလွဲပြီး တခြားဘာကိုမှ မသိတော့ပေ။ သူ၏ နှလုံးခုန်များက မြန်လာပြီးနောက် သွေးများက ဆူပွက်လာကာ ဘာကိုမှ မစဉ်းစားတော့ဘဲ တစ်ချက်အော်ဟစ်ကာ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။
တိုက်ပွဲတစ်ပွဲတွင် ရွှေအမြုတေအများစုက သူတို့၏ အမြုတေနယ်မြေများကို တော်တန်ရုံနှင့် မထုတ်ဖော်ကြပေ။
ရွှေအမြုတေနယ်မြေများက ရွှေအမြုတေအဆင့်မှာ အသန်မားဆုံးနည်းလမ်းများ ဖြစ်လေသည်။
အမြုတေနယ်မြေတစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် နှစ်ဦးနှစ်ဖက်က နောက်ပြန်လှည့်လို့ မရတော့ဟု ဆိုလိုလေသည်။
သူတို့က အသေအကြေ တိုက်ခိုက်ရပေတော့မည်။
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး ကျိန်ဆဲလိုက်၏။
“ဘယ်လို တဇောက်ကန်းလဲဟ.. ဘယ်အရာက ကိုယ့်အတွက် ကောင်းမလဲဆိုတာလဲ မတွေးတတ်ပါလား”
“ကဲ မင်းက မထွက်သွားချင်မှတော့.. ငါသွားမယ်ကွာ”
လင်းရွှမ်ကျီသည် ဆက်လက်၍ အချေအတင် ဖြစ်လိုစိတ် မရှိတော့ဘဲ လှည့်ထွက်လိုက်၏။
“မင်းက ဘယ်ကို သွားဦးမှာလဲ”
နီဟောက်၏ မျက်နှာက ရှုံ့မဲ့သွားပြီး သူ့အမူအယာက ကြောက်စရာကောင်းလာ၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး လင်းရွှမ်ကျီထံသို့ ပြေးတက်သွားကာ ဟိန်းဟောက်လိုက်၏။
“ကစင်ကလျားအမြုတေဥမင်”
စိတ်ဝိညာဉ်စွမ်းအင်များက မျက်စိဖြင့် မြင်နိုင်လောက်အောင် ချာချာလည်လာပြီး စီးကြောင်းများအဖြစ် ပွတ်တိုက်ကာ နောက်ဆုံး ကလိုင်ခတ်လာလေသည်။
နီဟောက်၏ နောက်တွင် အနက်ရောင်ဥမင်တစ်ခုက ပေါ်လာပြီး ဆိုးယုတ်လေများက တိုက်ခတ်နေ၏။
အစကတော့ ထိုဥမင်က ကျဉ်းကျုတ်ပြီး သေးငယ်၏။ သို့သော်လည်း နီဟောက်က သူ့ရွှေအမြုတေကို အရူးအမူး လှည့်ပတ်လိုက်သောအခါ ၎င်းက ကြီးမားပြန့်ကားလာပြီး အရာရာတိုင်းကို ဆွဲယူဝါးမျိုချင်သည့် တောကောင်ရိုင်းကြီး၏ ပါးစပ်ပေါက်တစ်ခုလို ဖြစ်လာ၏။
ကစင်ကလျားအမြုတေဥမင်.. ကစင်ကလျားအမြုတေဂိုဏ်း၏ အမွေအနှစ်အမြုတေနယ်မြေ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၈ ဝင်ခဲ့လေသည်။
အမြုတေချီများက ကူးလူးယှက်ဖြာ၍ ကစင်ကလျား ဖြစ်လာ၏။
တချို့ သတိလက်လွတ်ဖြစ်သွားသော ကျင့်ကြံသူများ၏ လက်နက်များက ကစင်ကလျားအမြုတေဥမင်ထဲသို့ စုပ်ယူသွင်းခြင်း ခံလိုက်ရလေသည်။
ဖျောက်.. ဖျောက်.. ဖြောင်း..
ကစင်ကလျားအမြုတေဥမင်၏ စုပ်ယူဝါးမျိုခြင်း ခံလိုက်ရသော ထိပ်တန်းအဆင့် လက်နက်များသည် ချက်ချင်းပင် အမှုန့်မှုန့်အညက်ညက် ကြေသွား၏။
အနက်ရောင်တွင်းပေါက်ဥမင်က စွမ်းအားကြီးသော စုပ်ယူအားနှင့်အတူ လင်းရွှမ်ကျီဘက်သို့ ရွေ့လျားလာ၏။
လင်းရွှမ်ကျီက တစ်ချိန်လုံး အလျှော့ပေးနေခဲ့သော်လည်း နီဟောက်က အတင့်ရဲ၍ ကမ်းတက်လာခဲ့လေပြီ။
ချက်ချင်းပင် လင်းရွှမ်ကျီ၏ မျက်နှာက ညိုမည်းလာပြီး သူ့မျက်လုံးများက အေးစက်မှုဖြင့် တဖျတ်ဖျတ်လက်လာ၏။ သူက တစ်ကယ်ကို ဒေါသထွက်လာခဲ့လေပြီ။