← Chapters

မဟာဖြန့်ကျက်ခြင်းမြူခိုး

Vol. 47 Ch. 705

မဟာဖြန့်ကျက်ခြင်းမြူခိုး

Vol. 47 Ch. 705

“ဟေး မြန်မြန် ကြည့်စမ်း.. သူတို့က ရွှေအမြုတေနယ်မြေတွေ ထုတ်သုံးလာကြပြီကွ”

“ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တုန်းက အဆင့် ၂၈ ဝင်ခဲ့တဲ့ ရှေးဟောင်းအမြုတေနယ်မြေ ကစင်ကလျားအမြုတေဥမင်က တစ်ကယ်ကို ကြောက်ဖို့ ကောင်းတာပဲဟ”

“မီးခိုးရောင်ဝတ်လူက ပညာရပ်မျိုးစုံ တတ်တယ်ဆိုပေမယ့်လဲ.. သူ့ရဲ့ စိတ်ဝိညာဉ်တိုက်ကွက်တွေနဲ့ ကစင်ကလျားအမြုတေဥမင်ကို ဘာလုပ်လို့ ရမှာလဲ.. အကုန် အမှုန်ခြေခံရမှာပဲ”

ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြ၏။

“မင်းက တစ်ကယ့်ကို ကမ်းတက်လာပဲ”

လင်းရွှမ်ကျီက ဆက်လက်၍ အလျှော့ပေးမည်ပုံ မပေါ်တော့ဘဲ ဝင်ရောက်လာသော နီဟောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူ၏ ရွှေအမြုတေက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး အလွန်တရာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက မြင့်တက်လာလေသည်။

ရုတ်တရက် လင်းရွှမ်ကျီ၏ ဘေးပတ်လည်မှာ မှုန်ရီဝေဝါးသော မြူးခိုးများက ပေါ်လာ၏။

မြူခိုးများက ရှေးကျသော အော်ရာတစ်မျိုးကို သယ်ဆောင်လာပြီး သူတို့သည် ကစင်ကလျားစွမ်းအားများပင် မဖြစ်ပေါ်သေးသော အချိန်ကာလ၏ အစကို ပြန်လည်ရောက်ရှိသွားသည့်အတိုင်းပင်။

မြူခိုးများက စကြာဝဠာ၏ ပဟေဠိအဆန်ဆုံး စွမ်းအင်များကို ပိုင်ဆိုင်ထားသည့်အလား တဝုန်းဝုန်းထလာ၏။ ကစင်ကလျားအမြုတေဥမင်တောင်မှ အဲ့ဒါကို မလွှမ်းခြုံနိုင်တော့ပေ။

“ဟမ်”

နီဟောက်က မြူခိုးများကို ငေးကြည့်ပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာ၏။

“ဘုရားရေ.. မီးခိုးရောင်နဲ့လူကလဲ သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်ပြီဟ”

“အဲ့ဒါက ဘာအမြုတေနယ်မြေပါလိမ့်.. ကြည့်ရတာ အဲ့ဒါက ကစင်ကလျားအမြုတေဥမင်နဲ့ ယှဉ်နိုင်တဲ့ပုံပဲ”

“အဲ့ဒါက.... ဟိုဟာနဲ့....”

ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို နားထောင်နေရင်း.. နီဟောက်သည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ့မျက်လုံးများက ဖျတ်ကနဲ လက်သွား၏။ သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“ရှေးဟောင်းအမြုတေနယ်မြေ.. မဟာဖြန့်ကျက်ခြင်းမြူခိုး”

ထိုစကားလုံးများကို ကြားရချိန်တွင် လူတိုင်း၏ အမူအယာများက ပြောင်းလဲကုန်ကြ၏။

မလှမ်းမကမ်းတွင် ဆူဇီမိုနှင့် တိုက်ခိုက်နေသော ရှုချန်သည်လည်း မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်၏။

မဟာဖြန့်ကျက်ခြင်းမြူခိုးကို ရှေးဟောင်းခေတ်က ပညာရှင် နတ်မိမယ်လင်းလုံက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပဟေဠိနန်းတော်၏ အရိုက်အရာဆက်ခံသူများသာလျှင် အဲ့ဒါကို ထုတ်ဖော်နိုင်ကြလေသည်။

အစကတော့ လူတိုင်းသည်.. ထိုမီးခိုးရောင်ဝတ်လူက လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိသည့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ဟုသာ တွေးထင်ထားကြ၏။

သို့သော် ယခုအခါ သူ၏ သရုပ်သကန်က ရုပ်လုံးပေါ်လာခဲ့လေပြီ။

“ပဟေဠိနန်းတော်က တာအိုရောင်းရင်းလား”

တစ်ခုခုတော့ လွဲမှားနေပြီဖြစ်ကြောင်း လမ့်မင်သည် စတင်ခံစားမိလာ၏။

အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်လာလေပြီ။

မဟာဖြန့်ကျက်ခြင်းမြူခိုးကို မြင်ရပြီးနောက် နီးဟောက်သည် နောင်တအချို့နှင့်အတူ တဖြည်းဖြည်း သူ့စိတ်က တည်ငြိမ်လာ၏။

အစကတော့ သူ့ပြိုင်ဘက်သည် ဤကိစ္စမှာ ဝင်ပါလိုခြင်း မရှိခဲ့ပေ။ သို့သော် သူကသာ အတင့်ရဲ ကမ်းတက်၍ ထိုလူကို အသေအကြေ တိုက်ခိုက်ခဲ့ပြီး ပြန်လှည့်၍ မရသော လက်ရှိအခြေအနေထိ ရောက်လာခဲ့လေသည်။

လမ့်မင်၏ အကြည့်က ရွေ့လျားသွားပြီး သူက လှမ်းအော်လိုက်၏။

“အုတ်ဂူဂိုဏ်းရဲ့ တပည့်တွေကြားက တိုက်ပွဲမှာ ပဟေဠိနန်းတော်က ဘာလို့ ဝင်ရောက်စွက်ဖက်ရတာလဲ”

မဟာဖြန့်ကျက်ခြင်းမြူခိုးကို ထုတ်လွှတ်ပြီးနောက် လင်းရွှမ်ကျီက သူ့သရုပ်မှန်ကို ဆက်လက်ဖုံးကွယ်ထားလိုခြင်း မရှိတော့ပေ။

“ငါက ဝင်ရောက်စွက်ဖက်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး”

လင်းရွှမ်ကျီက သူ့မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး သံပေတံကို သိမ်းကာ ခေါက်ယပ်တောင်ကို ဆွဲထုတ်၍ လှောင်ရယ်လိုက်၏။

“ဒါပေမယ့်လို့ လူတစ်ယောက်ကတော့ ငါ့ကို ထွက်သွားခွင့် မပေးခဲ့ဘူးလေ”

လမ့်မင်နှင့် အခြားသူများသည် နီဟောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး အသွေးထဲအသားထဲကနေ ကျိန်ဆဲလိုက်ကြ၏။

“ကျုပ်လဲ အဲ့လို ဖြစ်မယ်လို့ မတွေးမိဘူးလေ.. ခင်ဗျားရဲ့ သရုပ်မှန်ကို မသိခဲ့လို့ အတင့်ရဲမိတာ ကျုပ်အမှားပါ တာအိုရောင်းရင်း”

နီဟောက်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“တာအိုရောင်းရင်း.. လွတ်လွတ်လပ်လပ် သွားလို့ ရပါပြီ.. ခင်ဗျားလမ်းမှာ ကျုပ် ပိတ်မနေတော့ပါဘူး”

“ဟီးဟီး”

လင်းရွှမ်ကျီက လှောင်ရယ်၍ ခေါင်းခါလိုက်၏။

“မင်း အခုမှ ဦးညွှတ်မယ်ဆိုလဲ နောက်ကျသွားပြီ မရတော့ဘူး”

သူက နီဟောက်ကို ခက်ထန်သော အမူအယာဖြင့် လက်ညိုးထိုးပြီး တစ်လုံးချင်း ပြောလိုက်၏။

“ငါနဲ့ လာမရှုပ်ပါနဲ့လို့ ငါမင်းကို အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီလေ.. အခုတော့ မင်းက ငါ့ကို တစ်ကယ့် စိတ်ပျက်သွားအောင် လုပ်ခဲ့တာပဲ”

ဝုန်း..

လင်းရွှမ်ကျီက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ကမ္ဘာတစ်ခုလုံးကိုပင် အုပ်မိုးတော့မည်ဟု ထင်ရသော သူ့ရှေ့ရှိ ဧရာမစစ်တုရင်ခုံကြီးထဲသို့ မဟာဖြန့်ကျက်ခြင်းမြူခိုးများက တဝုန်းဝုန်း တိုးဝင်လာကြ၏။

နီဟောက်၏ အမူအယာက တွေဝေနေ၏။

ဘာပဲပြောပြော.. သူက ကစင်ကလျားအမြုတေဂိုဏ်း၏ ပြိုင်စံရှားတစ်ယောက်ဖြစ်ပြီး သူ့မှာလည်း သူ့မာန ရှိလေသည်။

“ဟုတ်ပြီလေ.. ပဟေဠိနန်းတော်ရဲ့ မဟာဖြန့်ကျက်ခြင်းမြူခိုးက ဘယ်လောက်သန်မာသလဲ ကြည့်ရသေးတာပေါ့”

နီဟောက်က ဟိန်းဟောက်၍ သူ၏ ကစင်ကလျားအမြုတေဥမင်ကို ထိန်းချုပ်ပြီး လင်းရွှမ်ကျီရှေ့တွင် ဖွဲ့တည်ထားသော စစ်တုရင်ခုံကို ဝါးမျိုဖို့ ကြိုးစားလိုက်၏။

ရှေးဟောင်းခေတ်ကနေ ယခုအချိန်ထိ.. နတ်မိမယ်လင်းလုံက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို စီစဉ်ချမှတ်ခဲ့သောသူ ဖြစ်သော်လည်း ပဟေဠိနန်းတော်မှ မည်သည့်အရိုက်အရာဆက်ခံသူကမှ ထိုအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိကြပေ။

ကျင့်ကြံသူအများစု သိထားသည်မှာ အဲ့ဒါက ရှေးဟောင်းအမြုတေနယ်မြေတစ်ခုဖြစ်ပြီး စွမ်းအားကြီးသောနောက်ခံနှင့် အံ့မခန်းစွမ်းပကားကို ပိုင်ဆိုင်ထားသည်ဟုသာ။

သို့သော်လည်း အဲ့ဒါက ဘယ်လောက်သန်မာသလဲ သို့မဟုတ် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ဘယ်နေရာထိ ယူနိုင်သလဲ မည်သူမှ မသိကြပေ။

ယခုအခါ လင်းရွှမ်ကျီ၏ သရုပ်ကို သိသွားပြီဖြစ်သော်လည်း နီဟောက်က ရဲဝံ့စွာဖြင့် ဆက်လက်တိုက်ခိုက်လိုသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ကစင်ကလျားအမြုတေဥမင်က မဟာဖြန့်ကျက်ခြင်းမြူခိုးကို ဝါးမျိုနိုင်သည်ဟု သူက ယုံကြည်မှု ရှိနေပုံပင်။

“ဟမ့်”

လင်းရွှမ်ကျီ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာပြီး သူက မဟာဖြန့်ကျက်ခြင်းမြူခိုးများဖြင့် ဖန်တီးထားသော ဧရာမ စစ်တုရင်ခုံကြီးကို ရှောင်လွှဲခြင်းမပြုဘဲ ကစင်ကလျားအမြုတေဥမင်ထဲသို့ ပစ်ထည့်လိုက်၏။

ဥမင်၏ အမှောင်ထုက စစ်တုရင်ခုံကို ထပ်တလဲလဲ လွှမ်းခြုံဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း စစ်တုရင်ခုံက ချာလပတ်လည်၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်စီးကြောင်းများကို ထုတ်ပေးနေပြီး ကစင်ကလျားအမြုတေဥမင်ကို ပြန်လှန်စုတ်ဖြဲနေ၏။

“အမ်”

နီဟောက်၏ စိတ်က ကစင်ကလျားအမြုတေဥမင်နှင့် ချိတ်ဆက်ထားသည့်အတွက် ထိုအထဲမှ ပြောင်းလဲမှုများကို အာရုံခံမိလိုက်ပြီး သူ့အမူအယာက ပြောင်းလဲသွား၏။

“ဖြိုခွဲစမ်း”

လင်းရွှမ်ကျီက ရှေ့သို့ လက်ညိုးလိုက်သောအခါ စိတ်ဝိညာဉ်အလင်းစီးကြောင်းတစ်ခုက ကစင်ကလျားအမြုတေဥမင်ထဲသို့ ပျံသန်းဝင်ရောက်သွားလေသည်။

စစ်တုရင်ခုံက လျှင်မြန်စွာ ပြန့်ကားလာ၏။

ဖြောက်.. ဖြောက်.. ဖြောက်..

အားလုံး၏ အကြည့်အောက်မှာပင် ကစင်ကလျားအမြုတေဥမင်ပေါ်မှာ စုတ်ပြဲကြောင်းများက ပေါ်လာလေသည်။

“အား!”

“အဲ့ဒါက ရှေးဟောင်းအမြုတေနယ်မြေနှစ်ခုကြားက တိုက်ပွဲရဲ့ ရလဒ်ပဲ”

“မဟာဖြန့်ကျက်ခြင်းမြူခိုးက တော်တော်ကြောက်ဖို့ ကောင်းတာပဲ”

သူတို့၏ ဆွေးနွေးသံများ မဆုံးသေးခင်မှာပင် အလွန်ကျယ်လောင်သော မြည်ဟည်းသံကြီးက ပဲ့တင်ထပ် ဟိန်းထွက်လာလေသည်။

ဝုန်း..

ကစင်ကလျားအမြုတေဥမင်က ပေါက်ကွဲထွက်သွားလေပြီ။

“ဖွီး”

နီဟောက်သည် တသိမ့်သိမ့် တုန်ယင်သွားပြီး ပါးစပ်အပြည့် သွေးများကို ထွေးထုတ်ကာ မျက်စိပျက်မျက်နှာပျက် ဖြစ်သွား၏။

ကစင်ကလျားအမြုတေဥမင်ကို ဖျက်ဆီးပြီးနောက် မဟာဖြန့်ကျက်ခြင်းမြူခိုးကနေ ဖန်တီးထားသော စစ်တုရင်ခုံကလည်း သိသိသာသာ အရောင်မှိန်သွား၏။ သို့သော်လည်း အဲ့ဒါက နီဟောက်၏ ဦးခေါင်းထက်ကနေ ဆက်လက်လည်ပတ်နေဆဲဖြစ်လေသည်။

ထိုအချိန်တွင် လင်းရွှမ်ကျီ၏ အတွေးတစ်ချက်က နီဟောက်ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။

“သတ်”

ထိုအချိန်မှာပင် အခြားတစ်နေရာမှ နောက်ထပ်တိုက်ပွဲတစ်ပွဲကလည်း အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာ၏။

စစ်ထူရှစ်က သူ၏ ပေသုံးဆယ်မြင့်သော တိုက်ပွဲဝင်အလောင်းကောင်ကို ထိန်းချုပ်ကာ ရုပ်သေးငါးရုပ်ကနေ ဖန်တီးထားသော ဝင်္ကပါဖြင့် ထပ်တလဲလဲ တိုက်ခိုက်နေ၏။

တိုက်ပွဲဝင်အလောင်းကောင်က အလွန်တရာ သန်မာပြီး ထိုးနှက်ချက်နှင့် ကန်ချက်တစ်ချက်ချင်းစီက ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထား၏။ ရှစ်ကျန့်၏ ဒြပ်စင်ငါးမျိုး ရုပ်သေးရုပ်များက သိပ်ကြာကြာ မထိန်းချုပ်ထားနိုင်တော့သည့်ပုံပင်။

ထိုသို့ဆိုလျှင်တောင် ရှစ်ကျန့်၏ မျက်လုံးများထဲမှာ ကြောက်လန့်မှု တစ်စွန်းတစ်စမှ ရှိမနေပေ။

သူက နှုတ်ခမ်းကို တင်းတင်းစေ့၍ သူ့လက်ချောင်းထိပ်များမှာ စိတ်ဝိညာဉ်ချည်မျှင်က ရစ်ပတ်နေပြီး ဒြပ်စင်ငါးမျိုး ရုပ်သေးရုပ်များကို ထိန်းချုပ်နေ၏။

သူတို့ထဲတွင် မီးရုပ်သေးရုပ်က မီးတောက်များဖြင့် ခြစ်ခြစ်တောက်ပူနေပြီး ရေရုပ်သေးရုပ်က အေးစက်သော ရေများဖြင့် လှည့်ပတ်ကာ တိုက်ပွဲဝင်အလောင်းကောင်ကို အဆက်မပြတ် တိုက်ခိုက်၍ မတူညီသော စွမ်းအားနှစ်မျိုးကို တိုက်ပွဲဝင်အလောင်းကောင်၏ ကိုယ်ထဲသို့ ပို့လွှတ်ပေးနေ၏။

ဤအဆင့် တိုက်ပွဲဝင်အလောင်းကောင်က မီးနှင့် ရေများကို ပီးသလောက် ဖြစ်လေသည်။

မီးသက်သက် သို့မဟုတ် ရေသက်သက်က တိုက်ပွဲဝင်အလောင်းကောင်ကို ပျက်စီးစေနိုင်ခြင်း မရှိပေ။

သို့သော်လည်း ရေနှင့်မီးက ပဋိပက္ခ ဖြစ်နေကြ၏။

မတူညီသော စွမ်းအားနှစ်မျိုးက တိုက်ပွဲဝင်အလောင်းကောင်၏ ကိုယ်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားသောအခါ ပြင်းထန်သော ရိုက်ခတ်မှုက ဖြစ်ပေါ်လာလေသည်။

မီးနှင့် ရေတို့ စွမ်းအားနှစ်မျိုး၏ ပဋိပက္ခတိုက်ပွဲက တိုက်ပွဲဝင်အလောင်းကောင်၏ ခန္ဓာကိုယ်ကို သူတို့၏ စစ်တလင်းအဖြစ် အသုံးချလိုက်ကြ၏။

မနှိုင်းယှဉ်သာအောင် သန်မာ၍ အကြမ်းခံလှသော တိုက်ပွဲဝင်အလောင်းကောင်သည် အစက ထိုရိုက်ခတ်မှုတွင် သက်ရောက်မှု မရှိသလောက်ပင်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ မီးနှင့်ရေတို့၏ စွမ်းအားများကို အဆက်မပြတ် ထိုးသွင်းပေးနေသောအခါ ရိုက်ခတ်မှုက တစ်ခုပေါ်တစ်ခု ဆင့်လာပြီး နောက်ဆုံးမှာတော့.... ပြောင်းလဲမှုတစ်စုံတစ်ရာက ဖြစ်ပေါ်လာခဲ့လေပြီ။

တိုက်ပွဲဝင်အလောင်းကောင်၏ လှုပ်ရှားမှုများက တဖြည်းဖြည်း လေးကန်လာ၏။

၎င်း၏ အရေပြားနှင့် အသားတို့က အဆင့်လျှောကျတော့မည့် လက္ခဏာပြလာပြီး စိတ်ဝိညာဉ်လက်နက်များဖြင့်ပင် နှိုင်းယှဉ်ရသော ၎င်း၏ အရိုးများကတောင် မီးနှင့်ရေ၏ ပဋိပက္ခကြားမှာ တဖြည်းဖြည်း နုနယ်လာလေသည်။

အဲ့ဒါကို စစ်ထူရှစ် သတိထားမိချိန်တွင် နောက်ကျသွားလေပြီ။

“သွား”

ရှစ်ကျန့်က သူ၏ မြေ၊ သစ်သားနှင့် သတ္တုရုပ်သေးရုပ်များကို ရှေ့သို့ ညွှန်လိုက်ပြီး လမ်းကြောင်းသုံးခုခွဲကာ မလှမ်းမကမ်းရှိ စစ်ထူရှစ်ဆီသို့ ချီတက်သွားစေလိုက်၏။

ပေသုံးဆယ်မြင့်သော တိုက်ပွဲဝင်အလောင်းကောင်က မီးနှင့် ရေရုပ်သေးရုပ်တို့၏ လက်ချက်ဖြင့် နေရာမှာတင် အမြစ်တွယ်နေရပြီး ရှစ်ကျန့်အနားသို့ မချဉ်းကပ်နိုင်တော့ပေ။

တစ်ဖက်မှာက တိုက်ပွဲဝင်အလောင်းကောင်ဖြစ်ပြီး တစ်ဖက်မှာက ရုပ်သေးရုပ်များ ဖြစ်လေသည်။

တိုက်ပွဲဝင်အလောင်းကောင်နှင့် ရုပ်သေးရုပ်တို့က သုံးရက်သုံးည တိုက်ခိုက်လျှင်တောင် အနိုင်ရမည့်ဘက်ကို အဆုံးအဖြတ်ပေးနိုင်ဖို့ ခက်ခဲလေသည်။

သို့သော် ယခုအခါမှာတော့ မျှခြေက နောက်ဆုံး ကျိုးပျက်သွားခဲ့လေပြီ။

စစ်ထူရှစ်က သူ့ကိုယ်သူ ဆက်လက်၍ မကာကွယ်နိုင်တော့ပေ။

All Chapters