← Chapters

မရှိမှုအာကာသအဆင့်

Vol. 6 Ch. 76

မရှိမှုအာကာသအဆင့်

Vol. 6 Ch. 76

အခန်း (၇၆) မရှိမှုအာကာသအဆင့်

ကျန်းလန် လုန်ယွိကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

သို့သော်… ကျောက်စိမ်းရေကန်တွင် တစ်ခုခု လွဲမှားနေသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော်… ကန်ရေပြင်ထက်တွင် ရေပွက်များထနေသည်ကို ကျန်းလန် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

လုန်ယွိ ရေကန်ထဲတွင် ရေငုပ်နေဟန် ရှိသည်။

"ဟမ်… ဒီပန်းချီကားက ပုံသေ မဟုတ်ဘူးလား…"

ကျန်းလန် အံ့အားသင့်သွားသည်။

သို့သော်… လုန်ယွိက နဂါးမျိုးနွယ်ဖြစ်သောကြောင့် လူသားပုံစံဖြင့် မမြင်ရ၍သာ တော်သေးသည်ဟု ကျန်းလန် တွေးလိုက်သည်။

သူ ထိုအကြောင်းများကို သိပ်ပြီး မစဉ်းစားတော့ပေ။

ကျောက်စိမ်းရေကန်ပန်းချီကားက သူ၏ ကျင့်ကြံခြင်းကို များစွာ အထောက်အကူပြုလေသည်။

လုန်ယွိပေးသည့် အပြာရောင်ရေပုလဲထက်ဆာလျှင် ကျောက်စိမ်းရေကန်မှ အနှစ်သာရစွမ်းအားများကို ပိုမိုစုပ်ယူရ လွယ်ကူသည်။

ကျန်းလန် သူ၏ စိတ်အာရုံထဲမှ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်နှင့် သူကိုယ်တိုင် ကျောက်စိမ်းရေကန်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက်… ကျောက်စိမ်းရေကန်မှ အနှစ်သာရစွမ်းအားများကို ကျန်းလန် စတင်စုပ်ယူ ကျင့်ကြံလေတော့သည်။

သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ကောင်းစွာဖြင့် ဆက်လက်မြင့်တက်လျှက် ရှိလေတော့သည်။

***

ထိုသို့ဖြင့်…

နှစ်ပေါင်း (၂၀) ကြာမြင့်သွားခဲ့လေသည်။

ကျန်းလန် ကျောက်စိမ်းရေကန်ပန်းချီကားကို အသုံးပြုပြီး နှစ်ပေါင်း (၂၀) လုံးလုံး ကျင့်ကြံနေခဲ့သည်။

ယနေ့တွင်တော့…

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ယနေ့က ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၁၀၀)ပြည့်သည့်နှစ် ဖြစ်သည်။

သူသည်လည်း မူလဝိညာဉ်အဆင့် အောင်မြင်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်း (၁၀၀)အတွင်း သာမန်လူ (၁)ယောက်ဘဝမှ မူလဝိညာဉ်အဆင့် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အများအမြင်တွင်တော့… သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်လေသည်။

ဤကာလတစ်လျှောက်လုံး ကျန်းလန် ကျောက်စိမ်းရေကန်ပန်းချီကားကို ဖွင့်လှစ်ပြီး ကျင့်ကြံနေခဲ့သောကြောင့် ပန်းချီကားထဲမှ မြင်ကွင်းများ မကြာခဏ ပြောင်းလဲတတ်သည်ကို သိရှိခဲ့သည်။

တစ်ခါတစ်ရံ… လုန်ယွိက ရေထဲတွင် ရှိနေတတ်သည်။

တစ်ခါတစ်ရံ… လုန်ယွိက ကန်ရေပြင်ထက်တွင် ရေကူးလျှက်ရှိသည်။

တစ်ခါတစ်ရံမှာတော့… ရေကန်နံဘေးတွင် ရှိနေတတ်သည်။

ကျန်းလန်မှာ ပန်းချီကားကိုကြည့်ရင်း ငါးတစ်ကောင်မွေးထားရသလိုပင် ခံစားလာရသည်။

အစာမကျွေးရသောကြောင့်သာ တော်သေးသည်ဟု ပြောရပေမည်။

သို့သော်… သူက လုန်ယွိကို တစ်ခါနှစ်ခါ ကြည့်မိရုံကလွဲပြီး စိတ်ထဲသိပ်ပြီး အာရုံမထားမိပေ။

ထို့နောက်… ကျန်းလန် ရတနာဝတ်ရည်သေရည်အိုးလေးကို ထုတ်ယူလိုက်သည်။

"အခု ငါ… မူလဝိညာဉ်အဆင့် အောင်မြင်သွားပြီဆိုတော့ ဒါကိုသောက်လိုက်ရင် ဘာဖြစ်မလဲ မသိဘူး…"

ကျန်းလန် လက်ထဲမှ သေရည်အိုးလေးကိုကြည့်ရင်း ရေရွတ်လိုက်သည်။

မူလဝိညာဉ်အဆင့် အောင်မြင်သွားပြီဖြစ်လေရာ ရတနာဝတ်ရည်သေရည်ကို သောက်လိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်ကို ကျန်းလန် သိချင်နေမိသည်။

အခြားနည်းလမ်းသာရှိလျှင် သေရည်မူးပြီး မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရမည့်လမ်းကို ကျန်းလန် ရွေးခြယ်မိမည် မဟုတ်ပေ။

အခြားနည်းလမ်းဖြင့်သာ မရှိမှုအာကာသအဆင့်သို့ အဆင့်တက်ရောက်လိုက်ချင်သည်။

အဘယ်ကြောင့်ဆိုသော်… သေရည်မူးပြီးနောက် သူ့အပြုအမူများကို မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ကျန်းလန်၏ စိတ်က အလွန်တည်ငြိမ်သော်လည်း သေရည်မူးသည့်အခါ ဆင်ခြင်တုံတရားကင်းမဲ့သွားမည် ဖြစ်သည်။ ထိုအခါ… သာမန်နှင့်မတူသည့် အပြုအမူများကို လုပ်ကောင်းလုပ်မိပေလိမ့်မည်။

သူက ပုံမှန်မဟုတ်သည့် အကြောင်းအရာတစ်ခုခုကို ထုတ်ဖော်ပြောဆိုမိလျှင် မည်သို့ ရှိမည်နည်း။

သို့မဟုတ်… သာမန်မဟုတ်သည့် အလုပ်တစ်ခုခုကို လုပ်မိမည် ဆိုလျှင်ရော…။

သေးသေးမွှားမွှားဆိုလျှင် ကိစ္စမရှိပေ…။ ကြီးကြီးမားမားဆိုလျှင်တော့ ခွန်လွန်တောင်မှ ခေါင်းနှင့်ဆင်းသွားရနိုင်သည်။

အထူးသဖြင့်… သူ့ လျှို့ဝှက်ချက်များပေါ်သွားမည်ကို ကျန်းလန် စိုးရိမ်နေမိသည်။

ကျန်းလန် သေရည်အိုးလေးကို ကြည့်လိုက်သည်။

ထို့နောက် အဖုံးကို ဖွင့်လိုက်၏။

ခဏမျှ စဉ်းစားနေပြီးနောက် တစ်ငုံမော့သောက်လိုက်လေတော့သည်။

သူက မြန်နိုင်သမျှ မြန်မြန် အင်မော်တယ်ဖြစ်ချင်နေမိသည်။ ထို့ကြောင့် အချို့သော စွန့်စားမှုများကိုတော့ ရင်ဆိုင်ရမည်ပဲ ဖြစ်သည်။

သူ အမူးလွန်နေခြင်းမရှိလျှင ်ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။

အလွန်ဆုံးရှိ… ဆရာဖြစ်သူ အပြစ်တင်ခြင်းသာ ရှိပေလိမ့်မည်။

သို့သော်… အမူးပြေသည့်အချိန်တွင် မူးနေသည့်အချိန်က လုပ်မိသည့်အလုပ်များ ၊ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို သတိမရတော့မည်ကို ကျန်းလန် စိတ်ပူမိသည်။

ရတနာဝတ်ရည်သေရည်ကို သောက်ပြီးသည်နှင့် ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

သူ၏ လျှို့ဝှက်ချက်များနှင့် အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကို အခြားသူများမသိရှိအောင် ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက်… ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှ အပြောင်းအလဲများကို အာရုံခံစားကြည့်လိုက်သည်။

ရတနာဝတ်ရည်သေရည်ကို တစ်ငုံသောက်လိုက်လျှင် (၁၀)နှစ်ကြာ အိပ်မက်ကမ္ဘာထဲ လွင့်မျောနေပေလိမ့်မည်။ တစ်အိုးလုံးသောက်မိလျှင်တော့ နှစ်ပေါင်း (၁၀၀) သေရည်ရစ်မူနေပေလိမ့်မည်။

ယခုတော့ ကျန်းလန် တစ်ငုံသောက်လိုက်ပြီ ဖြစ်သည်။

သေးငယ်သည့်သေရည်အိုးလေးက တစ်ငုံစာမျှသာ ရှိသော်လည်း ကျန်းလန်ကတော့ အတိအကျ တစ်ငုံသောက်ခဲ့ခြင်း ဖြစ်၏။

မကြာမီ… ကျန်းလန် နိုးတစ်ဝက်အိပ်တစ်ဝက် ခံစားချက်ကို စတင်ခံစားလာရသည်။ ထို့ပြင်… သူ့ စိတ်အာရုံများကလည်း အလွန် ငြိမ်းချမ်းနေသည်။

လောကကြီးတစ်ခုလုံးကလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး နေထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။

ကျန်းလန် စိတ်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နက်လာတော့သည်။ ထိုခံစားချက်က ထူးဆန်းလွန်းလေသည်။

ထို့နောက်… ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ချက်ချင်းပင် မရဏဂူထဲတွင် ထိုင်ပြီး ကျင့်ကြံမနေသင့်တော့ဟု ကျန်းလန် တွေးလိုက်မိသည်။

သူ့အနေဖြင့် တစ်ချိန်လုံးထိုင်ပြီး ကျင့်ကြံနေမည့်အစား… လမ်းလေးဘာလေးလျှောက်… ၊ သစ်ပင်လေးဘာလေး ရေလောင်း… ၊ မြက်လေးဘာလေးရှင်းရင်း သာယာသည့်ကောင်းကင်ကြိး၏ အလှတရား ဘာညာကိုလည်း ကြည့်ရှုသင့်သည် မဟုတ်ပါလား။

ဤသည်က… သူ ရှေ့ဆက်ရမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်၏။

ကျန်းလန်… တုံ့ဆိုင်းမနေတော့ဘဲ သားရဲဥလေးကို ယူဆောင်ကာ မရဏဂူထဲမှ ထွက်ခွာလာခဲ့လေတော့သည်။

သူ နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သည့် တောင်ပေါ်မှ အဆောက်အဦသို့ ပြန်လာခဲ့လေသည်။

သူပြစ်ထားသည့်အတွက် အဆောက်အဦက အတော်လေး ယိုယွင်းနေပြီ ဖြစ်သည်။ ကျန်းလန် အဆောက်အဦကို ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။

သူ သားရဲဥလေးကို အသာချထားလိုက်သည်။

ဤနှစ်များအတွင် အချိန်ပြည့်ကျင့်ကြံနေရသည့်အတွက် တစ်စက်မှ အနားမယူရသေးပေ။

သူက အဆောက်အဦကို ချက်ချင်းပြုပြင်လိုက်သည်။ ထို့နောက်… ပတ်ဝန်းကျင်မှ မြက်ပင်ပေါင်းပင်များကိုလည်း သန့်ရှင်းရေး လုပ်လိုက်သည်။

ထို့နောက်… ခြံဝန်းထဲတွင် ပန်းပင်အချို့ကိုလည်း စိုက်ပျိုးလိုက်၏။

ထိုအလုပ်များအားလုံးပြီးစီးရန်အတွက် ကျန်းလန် အချိန် (၇)ရက်ခန့် အလုပ်ရှုတ်သွားသည်။

အလုပ်များအားလုံး ပြီးစီးသည့်နောက် ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ပန်းများမပွင့်လန်းသေးသလို မြက်ပင်များလည်း ပေါက်ရောက်ခြင်း မရှိသေးပေ။ ကြည့်ရသည်မှာ ခြောက်သွေ့လွန်းလှသည်။

သို့သော်… ဤနေရာလေး၏ အခြေအနေက မကြာခင်ပြောင်းလဲသွားတော့မည်ကို ကျန်းလန် သိနေခဲ့သည်။

လေပြေလေးက ဖြတ်သန်းတိုက်ခတ်သွားလေသည်။

ကျန်းလန်၏ အင်္ကျီစထောင့်စွန်းများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်မျောလျှက် ရှိသည်။

သူ… ကျင့်ကြံခြင်းမပြုလုပ်တော့ဘဲ သာမန်လူတစ်ယောက်အလား အလုပ်များလျှက် ရှိလေသည်။

ကြီးမားကျယ်ပြန့်သည့် နဝမတောင်ထွတ်တစ်ခုလုံးတွင်လည်း သူက လုပ်စရာရှိသည့်အလုပ်များကို ပြုလုပ်ရန် ဆုံးဖြတ်ထားသေးသည်။

သို့သော်… ထိုအလုပ်များအားလုံးကို ကျန်းလန်က မည်သည့်တန်ခိုးစွမ်းအားမှ အသုံးမပြုဘဲ သူ့လက်သူ့ခြေဖြင့် ကိုယ်တိုင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

မြက်များကိုရှင်းလင်းသည်… ၊ လမ်းကိုပြန်လည်ပြုပြင်သည်… ၊ တောင်ပေါ်စမ်းချောင်းလေးကို သန့်ရှင်းရေးလုပ်သည်…။

ပန်းများကိုစိုက်ပျိုးပြီး ငါးများကို မွေးမြူသည့်အပြင် ရေခပ် ထင်းခုတ်အလုပ်များကိုလည်း လုပ်ကိုင်လျှက် ရှိလေတော့သည်။

***

နွေဦးကုန်ဆုံးသွားပြီး ဆောင်းဦးသို့ ရောက်ရှိလာခဲ့လေပြီ…။

ပန်းပွင့်များပွင့်လန်းလာကြပြီး တစ်ဖန်ပြန်လည် ကြွေကျသွားကြပြန်သည်။

ရာသီအလီလီပြောင်းလဲခဲ့ပြီးနောက်… မျက်စိတစ်မှိတ်အတွင်းမှာပင် (၁၀)နှစ်ဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့သည်။

ယခုနှစ်တွင်တော့…

ဆောင်းရာသီဝင်ပြီဖြစ်ပြီး နှင်းများစတင်ကျဆင်းလျှက်ရှိလေသည်။

ကျန်းလန်က ခြံဝန်းထဲတွင် မတ်တတ်ရပ်နေပြီး သားရဲဥလေးကို ဝိညာဉ်ဆေးရည်များဖြင့် လောင်းချပေးလိုက်သည်။

ထို့နောက်… သူက ခေါင်မိုးထက်တွင် နှင်းများဖုံးလွှမ်းနေသည့် သူနေထိုင်ရာ အဆောက်အဦကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ပြီးနောက်… ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် နှင်းလွင်ပြင်ကျယ်ကြီးကို ကြည့်လိုက်လေသည်။

ဝိညာဉ်ဆေးရည်ပုလင်းလေးကို ဘေးသို့ အသာချထားလိုက်ပြီး တံမြက်စည်းကိုကောက်ယူကာ နှင်းများကို လှည်းကျင်းလိုက်သည်။

ထို့နောက်… ဆောင်းရာသီကုန်ဆုံးသွားခဲ့ပြီး နွေဦးသို့တစ်ဖန် ရောက်ရှိခဲ့ပြန်လေပြီ…။

တိုက်ခတ်လာသည့် နွေဦးလေပြေကို ကျန်းလန် ခံစားရလေသည်။

မြက်ပင်လေးများ မြေကြီးကိုထိုးခွဲကာ လောကသစ်တစ်ခုကို ချောင်းမြောင်းကြည့်ရှုနေသည့်အလား အညှောင့်လေးများ ထွက်စပြုနေပြီ ဖြစ်သည်။

သူတို့သည်လည်း သာယာလှပသည့်လောကကြီးနှင့် ကြီးကျယ်ခမ်းနားသည့် သဘာဝတရားကြီးကို ခံစားထိတွေ့ချင်ဟန် ရှိသည်။

ကျန်းလန် မျက်ဝန်းများကို မှိတ်လိုက်ပြီး ပတ်ဝန်းကျင်မှ လေတိုက်ခတ်သံများကို နားထောင်နေလိုက်သည်။

အတန်ကြာမှ… သူ မျက်ဝန်းများကို ပြန်ဖွင့်ကြည့်လိုက်၏။

ရုတ်တရက်… သူ့မျက်ဝန်းများ လက်ခနဲ တစ်ချက်တောက်ပသွားလေသည်။

သူ…

သူ… နောက်ဆုံးတော့ နိုးထလာခဲ့ပြီ ဖြစ်သည်။

သူ အချိန် (၁၀)နှစ်တိတိ သေရည်မူးကာ အိပ်ပျော်နေခဲ့ခြင်း ဖြစ်၏။

ယခု နိုးထလာသည့်အခါ ချက်ချင်း လှုပ်ရှားမှု မပြုသေးဘဲ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို မတ်တတ်ရပ်နေရင်း လေ့လာကြည့်လိုက်သည်။

ချီးမြှောက်ခံရခြင်းများနှင့် အရှက်ခွဲခံရခြင်းများ…

သူထွက်ခွာသွားရမည်လား… ၊ ဆက်လက်နေထိုင်ရမည်လား…

မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ လွတ်လပ်ပေါ့ပါးသည့် လူသားတစ်ယောက်အလား…

သူ့ရှေ့တွင် ကြွေကျနေသည့် ပန်းပွင့်ကြွေများကို ကျန်းလန် ငေးကြည့်နေခဲ့လေသည်။

ထို့နောက်… ကောင်းကင်ထက်သို့မော့ကာ တိမ်တိုက်များကို ကြည့်လိုက်သည်။

သူ ဤနေရာတွင် နေ့နေ့ညည နေထိုင်ခဲ့ပြီး ဥတုလေးပါး အလီလီပြောင်းလဲခဲ့သည်မှာ ထင်ရှားလေသည်။

ကျန်းလန်သည့် ခြံဝန်းထဲတွင် မတ်တတ်ရပ်လျှက် ရှိပြီး လေပြေတိုက်ခတ်လာသည့်အခါ သူ၏ အဝတ်အစားများက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

လေထုထဲမှ အေးစိမ့်မှုကိုခံစားရင်း ကျန်းလန် မျက်လုံးများကို ပြန်မှိတ်လိုက်ပြန်သည်။

"ခရက်…"

ကျန်းလန်၏ စိတ်အာရုံထဲတွင် ကြည်လင်ရှင်းလင်းသည့် အသံတစ်သံကို ကြားလိုက်ရသည်။

ထိုခဏမှာပင်…

သူ တံခါးတစ်ချပ်ရှေ့တွင် ရပ်နေသည့်အလား ခံစားလိုက်ရသည်။

တံခါး၏ အနောက်ဘက်တွင်တော့ အဆုံးမရှိသည့် အာကာသဗလာနယ်ကြီး ရှိနေလေသည်။

ထိုတံခါးမှ ဝင်ရောက်လိုက်မည်ဆိုလျှင် သူ အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ရသော အင်မော်တယ်လမ်းစဉ်ကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်လေသည်။

"မရှိမှုအာကာသအဆင့်…"

All Chapters