ပြောင်းလဲမှု
Vol. 17 Ch. 304
ရှဲ့ဖင်းဟွိုက်စိတ်ရှုပ်ထွေးသွားသော်လည်း အနည်းငယ်စဉ်းစားပြီးနောက် သူနားလည်သွားသည်။
"ဒါဆို သူက ကျွန်တော့်ကို ဂရုစိုက်လို့ ကျွန်တော့်နောက်ကွယ်မှာ အဲ့လိုတွေကြံစည်နေတယ်လို့ ဆိုလိုတာလား?" ရှဲ့ဖင်းဟွိုက်မှာ တစ်နေရာရာက မမှန်ဘူးလို့ ခံစားနေရဆဲဖြစ်၏။
ရှဲ့ချောင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ "ဟုတ်မှာပေါ့"
သူ တကယ်စိတ်ပူတာဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် မနာလိုလို့လည်း ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် အခြားအကြောင်းအရာတော့ မရှိနိုင်ဘူးလေ။
ဘယ်ဟာပဲဖြစ်ဖြစ် ရှဲ့ဖင်းဟွိုက်က ချူကျန်းနဲ့ ဆန့်ကျင်ပြီး ဆက်မတိုက်ခိုက်နေသင့်ဘူး။ သူ ရန်သူကို အနုနည်းနဲ့ ရင်ဆိုင်ဖို့ ပိုပြီး လေ့လာသင့်တယ်။
ရှောင်းယွိရုန်သည် တင်းကြပ်သော ဆရာတစ်ဦးဖြစ်၏။ သူ့စည်းမျဥ်းများအား သွားထိပါး၍ မရနိုင်လောက်ချေ။ ထို့ကြောင့် ချူကျန်းတွင် အကျင့်ဆိုးအချို့ရှိလိမ့်မည်ဟု သူမခန့်မှန်းမိသော်လည်း ဤမျှလောက်သာ၊ မဟုတ်ရင် အခုအချိန်လောက်ဆို ချူကျန်းတစ်ယောက် ကျောင်းတော်ကနေ ရှောင်းယွိရုန် ကန်ထုတ်တာကို ခံရလောက်ပြီးဖြစ်သည်။
ထိုအချိန်တွင် ရှဲ့ဖင်းဟွိုက်၏ လောကအမြင်မှာ
တစ်စစီပြိုလဲပျက်စီးနေသည်။
ချူမိသားစုမှ တောင်းပန်လက်ဆောင်အပြင်၊ သူ့အတန်းဖော်များထံမှ ရောက်လာသော အခြားလက်ဆောင်များလည်း ရှိသေးသည်။
ထို့ပြင် သရေစာများစွာနှင့် ဆေးဖက်ဝင်အပင်များ ဖြည့်စွက်စာများစွာကိုလည်း ပေးပို့လာခဲ့သည်။
ရှဲ့ဖင်းဟွိုက်မှာ အံ့သြတုန်လှုပ်သွားရ၏။
သူဘယ်တုန်းကများ ဒီလောက်နာမည်ကြီးလာတာလဲ?
အရိုက်ခံလိုက်ရရုံလေးနဲ့တင်?!
ပထမတော့ အနည်းငယ် ရှက်မိသော်လည်း မကြာခင်မှာပဲ စိတ်လှုပ်ရှားလာခဲ့သည်။
ညနေပိုင်းတွင် ရှဲ့ရှီသည် ကျောင်းတော်မှ ပြန်ရောက်လာခဲ့၏။အလားတူပင် သူမနှင့်အတူ ပစ္စည်းများစွာကို ယူဆောင်လာခဲ့သည်။သူမ၏ မျက်နှာငယ်လေးသည် နေမထိထိုင်မသာဖြစ်ပြီး သူမမှာ အကျပ်ရိုက်နေပုံရသည်။
"ရှီအာ ငါ ဒီမုန့်တွေကို တစ်ယောက်တည်း အကုန်မစားနိုင်ဘူး။မြန်မြန်လေး လာစား” ရှဲ့ဖင်းဟွိုက်က ဘဝင်ခိုက်နေသော အပြုံးဖြင့် ပြောလိုက်သည်။
ရှဲ့ရှီက ခေါင်းခါလိုက်ပြီး "ငါ့မှာလည်း ရှိတယ်"
သူမ စကားပြောနေချိန် အိမ်တော်ထိန်းက ပစ္စည်းများကို ရထားပေါ်မှ ရွှေ့ထားပြီးဖြစ်သည်။
ထိုလက်ဆောင်များမှာ စျေးကြီးသော အစားအစာတို့ မဟုတ်သော်လည်း သူမတစ်ခါမှ မရရှိဖူးသော အရာဖြစ်သည်။
"ငါတို့မိသားစု အခုနာမည်ကြီးနေတာလား? ဒီလိုဖြစ်လာမယ်ဆိုတာသာ ငါသိခဲ့ရင် အဲ့မှာ နည်းနည်းလေး ခပ်ကြာကြာနေလိုက်သင့်တာ တစ်ရက်လုံးအရိုက်ခံရမယ်ဆိုရင်တောင် ဖြစ်တယ်!" ရှဲ့ဖင်းဟွိုက်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
သူက အရိုက်ခံရတဲ့နေရာမှာ အရမ်းခံနိုင်ရည်ရှိတာ!
အစ်ကိုအကြီးဆုံးက အရမ်းရက်စက်တယ်။ သူရိုက်ရင် အဲ့အနိုင်ကျင့်တဲ့သူတွေ ရိုက်နှက်တာထက်တောင် အများကြီး ပိုနာသေးတယ်။ ဒါပေမယ့် သူ့အစ်ကိုအကြီးဆုံးက လူတွေကို ရိုက်တဲ့အခါ မျက်နှာကို မထိဘူး ဟမ့်!
“သူတို့က ညီမလေးတို့မိသားစုကို အထင်လွဲမိသွားပါတယ်ဆိုပြီး ပြောနေကြတာ။ လာတောင်းပန်ပြီး စားစရာတွေလည်း လက်ဆောင်ပေးတယ် … ဒါပေမယ့် သူတို့က ငွေစလေးတွေ စုဆောင်းလို့ရတဲ့ အလုပ်တွေကျ မပေးတော့ဘူး” ရှဲ့ရှီက ခါးသီးသော မျက်နှာလေးဖြင့် ပြောလာခဲ့သည်။
ရှဲ့ချောင် ထိုသို့ကြားလိုက်သောအခါ သူမ၏ ခံစားချက်များ အနည်းငယ်ရောထွေးနေသည်။
ဒီငတုံးမလေးက ကျောင်းတော်မှာ အခြားသူတွေ
အတွက် တောက်တိုမည်ရတွေ လုပ်ပေးနေရတာ။ အဲ့တာကလည်း သူမကိုယ်တိုင် အရမ်းလိုလိုလားလားနဲ့ကို လုပ်တာတဲ့လေ...
အခုတော့ အဲဒီလူတွေက သူမကို တကယ့်အမွေဆက်ခံသူအဖြစ် လေးလေးစားစား ဆက်ဆံလာကြတယ်။ ဒီတော့ သူမကို ဆက်ပြီး ဟိုဟိုဒီဒီခိုင်းဖို့ မဖြစ်နိုင်တော့တာကြောင့် ရှဲ့ရှီတစ်ယောက် ငွေစလေးတွေ ဆက်မစုဆောင်းနိုင်တော့ဘူး...
"ရှီအာက ငွေရှာချင်လို့လား" ရှဲ့ချောင်က ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နောက်ဆို ရှီအာက မမကို အချို့အလုပ်တွေမှာ နည်းနည်းကူညီပေးလေ ပြီးရင် မမက ရှီအာ့ကို မုန့်ဖိုးပေးမယ် ဘယ်လိုလဲ?"
“မဟုတ်ဘူး မမ ... ညီမလေး မမရဲ့ ငွေစတွေကို လက်မခံနိုင်ဘူး" ရှဲ့ရှီက ခေါင်းခါလိုက်သည်။
"ငါ့ငွေစတွေကျတော့ရော?!" ရှဲ့ဖင်းဟွိုက်မှာ ခဏတာ ကြက်သေသေသွား၏။
ပုံမှန်အားဖြင့် သူ ရှီအာ့ကို ကိစ္စသေးသေးလေးတွေနဲ့ ပတ်သတ်ပြီး ကူညီပေးဖို့ တောင်းဆိုရင်တောင် ကြေးဒင်္ဂါးပြားတစ်ပါးတော့ ပေးကို ပေးရတယ်လေ...
ရှဲ့ရှီက ဘာမှပြန်မပြောပေ။
ဒုတိယအစ်ကိုက ချမ်းသာတာပဲကို။ အရင်တုန်းကဆို သူတို့အမေ… သခင်မလုက သူ့ကို ပိုက်ဆံအမြဲပေးလေ့ရှိတယ်။
အစ်မအကြီးဆုံးကကျ… သူမက သူတို့အမေထက်တောင် ပိုပြီးကြင်နာတတ်သေးတယ်။ အခြားသူတွေနဲ့ မတူဘူး။
"ရှီအာ လက်မခံဘူးဆိုရင် အဲ့အလုပ်ကိုလုပ်ဖို့ တခြားသူကိုပဲ ငှားရတော့မယ့်ပုံပဲ... " ရှဲ့ချောင်က စိတ်မကောင်းဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ရှဲ့ရှီက ထိုစကားကိုကြားသောအခါ တခဏတာမျှ တုံ့ဆိုင်းသွားသည်။
သူမက ငွေရှာချင်တယ် ဒါဆို...
“လက်ခံတယ်” ရှဲ့ရှီ၏ မျက်လုံးများက တောက်ပလာပြီး မျှော်လင့်နေပုံရသည်။
ဒီညီမလေးက ရိုးရှင်းပြီး သိပ်ချစ်ဖို့ကောင်းတာပဲ။
ရှဲ့မိသားစု၌ အေးချမ်းငြိမ်သက်နေချိန် သတင်းတို့က ရှားယာ့ယွင်၏နားထဲသို့ ရောက်ရှိသွားခဲ့သည်။
အစေခံ ပြောပြသည်များကို မယုံကြည်နိုင်စွာ နားထောင်ပြီးနောက် အဓိပ္ပာယ်မရှိဟူ၍ပင် ထင်နေမိသည်။ "ရှဲ့မိသားစုက ကြင်နာတတ်တယ်ဆိုပြီး ပြောနေကြတယ် ဟုတ်လား? ရှဲ့မိသားစုက ဓားပြတွေအဖြစ် မွေးဖွားလာခဲ့ပြီး သူတို့က တခြားသူတွေရဲ့ ပစ္စည်းတွေကို လုယက်ရတာကို ကျင့်သားရနေကြတာလေ!"
“ဒါ မိန်းကလေးရှဲ့က ပြည်သူတွေအတွက် ရပ်တည်ပေးမယ်ဆိုပြီး ပြောလိုက်တာကြောင့်ပါ သူက တရားမျှတမှုကို တောင်းဆိုပေးဖို့ဆိုပြီး သခင်ကြီးရှဲ့ကိုတောင် ဧကရာဇ်ဆီ သွားတိုင်ကြား
စေခဲ့သေးတယ်။ သူမက အဲ့လူတွေကို ဖမ်းဆီးဖို့ အိမ်ရှေ့စံမင်းသားကိုတောင် ဖိတ်ကြားခဲ့တယ်လို့ ပြောတယ်။ အဲ့တာကြောင့်... ဒုက္ခသည်တွေက မိန်းကလေးရှဲ့ဟာ .... လူကောင်းတစ်ယောက်ဆိုပြီး ပြောနေကြတာ” အစေခံက ကြောက်ရွံ့တုန်ရီစွာ တင်ပြလာခဲ့သည်။
တကယ်တမ်းကျ သူမကို လူကောင်းဆိုရုံတင် ပြောတာမဟုတ်ဘူး။ ဘေးဒုက္ခသည်တွေက သူမကို နတ်ဘုရားတစ်ပါးလို့တောင် ခေါ်ဆိုသမုတ်နေကြတာ!
ရှားယာ့ယွင် သူမ၏ လက်သီးများကို ဆုပ်လိုက်သည်။
သူမအနိုင်ရရန် အကြီးမားဆုံးအခွင့်အရေးမှာ အသေအချာရွေးချယ်ထားသော လူငယ်အယောက်ငါးဆယ် မဟုတ်ဘဲ ရှဲ့မိသားစု ဓားပြ
များ၏ ဂုဏ်သတင်းဖြစ်သည်။
ရှဲ့ချောင် ဘယ်လောက်ပဲ ဘာတွေလုပ်ခဲ့ပါစေ၊ သူမအနေနဲ့ ဘေးဒုက္ခသည်တွေဆီ ရှဲ့မိသားစုအခြေအနေကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြပြီး အဲ့ဒီရှဲ့ချောင်ဆိုတဲ့ ဓားပြမျိုးဆက်သစ်လေးက ဟန်ဆောင်နေရုံပဲလို့ သူတို့ထင်သွားစေရုံပဲ အဲ့တာဆို သူမသေချာပေါက် အနိုင်ရပြီ!
ဒါပေမယ့်လည်း သူမအစီအစဥ်တွေ မစရသေးခင်မှာပဲ ရှဲ့ချောင်ရဲ့ ဂုဏ်သတင်းက အရင်တည်ဆောက်ပြီးသွားပြီတဲ့!
ရှဲ့မိသားစုက ဓားပြဘဝကနေ စတင်လာတာကို သူတို့သိတာတောင် အဲ့အရူးတွေက ရှဲ့ချောင်နဲ့ ရှဲ့ဖင်းဟွိုက်ကို ကြင်နာပြီး ကရုဏာတရားကြီးမားတယ်ဆိုပြီး ချီးကျူးနေသေးတယ်ပေါ့လေ?!
•••••