သိတတ်သော မြေး
Vol. 21 Ch. 394
ကျားဟွမ်မှာ ရှဲ့ဖင်းကန်းရဲ့ ချဉ်းကပ်ဖို့မလွယ်ကူတဲ့ ပုံစံကို ပြန်တွေးမိပြီး သခင်မကြီး လန့်သွားမှာကို စိုးရိမ်နေသည်။ တွေးကြည့်လိုက်ပြီးနောက်၊ သူမ သခင်မကြီးကို လေးလေးနက်နက် ပြောလိုက်၏။
" တ-တကယ်လို့ ဝမ်းကွဲက ဆန္ဒမရှိဘူးဆိုရင်၊ သမီး ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လို့လည်း ရပါတယ်"
သူမ ကိုယ်လုပ်တောင် တစ်ယောက်ဖြစ်ခဲ့ရင်တောင်မှ သေချာပေါက် ဝယ်ယူရောင်းစားလို့ရတဲ့ ဈေးပေါပေါ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ဘဲ။ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တစ်ယောက်သာဆိုရင် သူမ လက်ခံပေးလို့ရသည်။
"ငါ ဘယ်လိုလုပ်ပြီး နင့်ကို ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ခွင့်ပေးနိုင်မှာလဲ။ ရှဲ့မိသားစုက သာမန်ပြည်သူတွေထက်တောင်နိမ့်ကျခဲ့တာ။ အခု သူတို့က အရာရှိတွေ ဖြစ်နေကြပေမယ့် သူတို့ရဲ့ မျိူးရိုးကို မေ့လိုက်လို့မရဘူး! ပြီးတော့ ကျားမိသားစုဆိုတာက လည်း ငါတို့ အမျိုးပဲလေ။ သမီးက မိန်းမကောင်းလေးတစ်ယောက်ဟာကို ငါက ကိုယ်လုပ်တော် ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် နစ်နာရာ မကျပေဘူးလား။" သခင်မကြီးမှာစိတ်မချမ်းမသာ ဖြစ်နေ၏။
ကိုယ်လုပ်တော် တစ်ယောက်နဲ့ တရားဝင် ဇနီးမယားနဲ့က ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။
တရားဝင် ဇနီးတစ်ယောက်က အလွယ်တကူ ကွာရှင်းလိုက်လို့ရသည်။ သူမက မိသားစုမှာလည်း ပိုပြီး ဩဇာအာဏာရှိ၏။ ဆွေမျိုးမိသားစုတွေနဲ့ ပိုပြီး ဆက်သွယ် ပြောဆိုနိုင်ပြီးတော့ ရှဲ့မိသားစုနဲ့ဆွေမျိုးတွေရဲ့ ကိုယ်စားလှယ်တစ်
ယောက်အနေနဲ့လည်း ဖြစ်နိုင်သေးသည်။
" နင့်ကို ဒီလိုအတွေးတွေ ရှိခွင့်မပြုနိုင်ဘူး! နင် အဲ့ဒီ ရှဲ့ဖင်းကန်းကို မယူချင်ဘူးဆိုရင်လည်း တခြားတစ်ယောက်ကို ယူခိုင်းလိုက်မယ်! သခင်မရှင်းမှာလည်း တူမတစ်ယောက်ရှိတာပဲ။သူမ ငယ်တယ်ဆိုပေမဲ့ ပိုပြီး နာခံတတ်တယ်" သခင်မကြီးက တိုးတိုးသာသာ ပြောလိုက်၏။
ကျားဟွမ်မှာ ချက်ချင်းကို ပြောစကားနားထောင်လိုက်သည်။
ဒီလို အခွင့်အရေးကောင်းတစ်ခုကို တခြားတစ်ယောက်ဆီ ပေးစရာလား?
အခုနေ…. သူမ နည်းနည်းလောက် နာကျင်ရလည်း ကိစ္စမရှိဘူး။
သိပ်ပြီး မကြာလိုက် သမားတော် ရောက်လာခဲ့သည်။ ပြင်ပဒဏ်ရာလေးတချို့သာ ဖြစ်တာကြောင့် လိမ်းဆေး တချို့ လိမ်းလိုက်ပြီးရင် ပြဿနာ ရှိတော့မည် မဟုတ်ပေ။
ဒါပေမဲ့လည်း သူမရဲ့ နဖူးဟာ နည်းနည်းတော့ ဖူးရောင်နေတာကြောင့် သူမရဲ့ နဂိုရုပ်ရည်သွင်ပြင်ဟာ သိသိသာသာကို ပျက်ဆီးသွားခဲ့၏။
ရှဲ့ချောင်ကတော့ ပွက်လောရိုက်သွားတဲ့ဖြစ်ရပ်ကြီးကို သိလိုက်ရပြီးနောက် ပျော်မြူးလို့နေလေ၏။
သူမ အစ်ကိုကြီးအတွက်နဲ့ ကျားဟွမ် ဒီကို ရောက်လာမှန်း သိပေမဲ့ သူမရဲ့ ထိုးစစ် ဆင်နိုင်စွမ်းက ဒီလောက် အထင်ကြီးစရာကောင်းလိမ့်
မယ်လို့ ရှဲ့ချောင် မမျှော်လင့်ထားခဲ့။ သူမက အင်အား မသုံးပေမဲ့ သူ့ကို သေခြင်းတရားနဲ့ သွားပြီး ခြိမ်းခြောက်ရဲသည်။ ကံဆိုးချင်တော့ သူမက တစ်ကိုယ်တည်းနေဖို့ ကြမ္မာဖန်နေတဲ့ အစ်ကိုကြီးနဲ့ မှ သွားဆုံခဲ့ခြင်းပင်။ အဲ့နေရာမှာ တခြားတစ်ယောက်ဆိုရင်တော့…. သူမရဲ့ အကြံအစည်တွေက အောင်မြင်နိုင်လောက်ပါတယ်!!
ရှဲ့ချောင် ပျော်ရွှင်နေတုန်း တစ်စုံတစ်ယောက်က စာတစ်စောင် ပို့လာခဲ့၏။
ကြမ္မာဥယျာဉ်မှ စာပင်။
ဆိုင်ရှင် ချန်းက မော့ချူးရှန်းဟာ ရှဲ့အိမ်တော်မှာနေနေတယ်လို့ အမြဲတမ်း ထင်နေခဲ့၏။
ရှဲ့ချောင် စာကို ဖွင့်ကြည့်လိုက်သည်။
သူမ ဆိုင်ရဲ့ ပထမထပ်ဟာ သက်ရှိလူသားတွေ အတွက် ဖြစ်ပြီး အပေါ်ဒုတိယထပ်ကတော့ သေဆုံးပြီးသားသူတွေ အတွက်ပင်။ သရဲတစ်ကောင်ရဲ့ မသေခင်နောက်ဆုံးဆန္ဒမှာ သက်ရှိလူသားတစ်ယောက်ရဲ့ အတွေးတွေ ထက်ပိုပြီး ရိုးရှင်းသည်။ ဒါကြောင့် သူမက ရံဖန်ရံခါမှသာ တန်းစီစောင့်နေတဲ့ ဝိဉာဉ်တွေကို စာရင်းသွင်းပေးဖို့ အတွက် ဆိုင်ကို သွားပြီး ပြဿနာများကို ဖြည်းဖြည်းအေးအေး ဖြေရှင်းတတ်သည်။
ဆိုင်ဖွင့်တာ ကြာနေပြီဖြစ်ပေမဲ့ အဆောင်စာရွက်တွေနဲ့ ပစ္စည်းတွေကို ရောင်းတာက လွဲလို့ သက်ရှိလူသားတစ်ယောက်အတွက် လုပ်ငန်း လုပ်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။
သူမ အသေးစိတ်ကျကျ ဆွေးနွေးနိုင်ရန်
အတွက် မနက်ဖြန် ကြမ္မာဥယျာဉ်ကို သွားချင်ခဲ့သည်။
မနက်ဖြန်မှဆိုတော့……
ရှဲ့ချောင်က ချွင်းအာကို သခင်မကြီးရဲ့ ခြံဝင်းဆီသွားပြီး သတင်းစကား ပေးပို့ခိုင်းလိုက်၏။
" သခင်မကြီး၊ ကျွန်မတို့ သခင်မလေးက သခင်မကြီးရဲ့ အဝတ်အစားတွေက ဟောင်းနွမ်းနေပြီးတော့ ဘာ လက်ဝတ်တန်ဆာမှ မဆင်မြန်းထားတာကို တွေ့တော့ သူမရဲ့သိတတ်မှုကို ပြဖို့ အတွက် သခင်မကြီးကို ပစ္စည်းတချို့ ဝယ်ပေးဖို့ မနက်ဖြန် အပြင် ခေါ်သွားချင်ပါတယ်လို့ ပြောလိုက်ပါတယ်" ချွင်းအာမှာ အနာခံတတ်ဆုံးသူတစ်ယောက်ပင်။
သခင်မကြီးမှာ ဝမ်းမြောက် ကြည်နူးသွား၏ "ဒီကောင်မလေးက အဲ့လောက်တောင် သိတတ်တာလား"
ဘာလို့ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့တုန်းကနဲ့ ကွာခြားနေတယ်လို့ ခံစားနေရတာပါလိမ့်?
"ကျွန်မတို့ရဲ့ သခင်မလေးက အကြင်နာတတ်ဆုံးနဲ့ စဉ်းစားချင့်ချိန် အတတ်ဆုံးသူပါ" ချွင်းအာက ကျိုးနွံစွာနဲ့ ပြန်ဖြေလိုက်၏။
သခင်မကြီးမှာ ကျားဟွမ်အတွက် သမားတော်တစ်ယောက် မငှားပေးခင် ခေတ္တခဏန တွေးဆနေခဲ့သေးသည်။ သူမက သူမရဲ့ ကိုယ်ပိုင်ငွေကို သုံးခဲ့ရကာ ပမာဏနည်းနည်းလေးဆိုပေမဲ့လည်း သူမ နှလုံးသား နာကျင်ရသည်။ မနက်ဖြန် သူမ အပြင်ထွက်ပြီး တချို့တလေ ဝယ်ခြမ်းနိုင်တယ်။ ဒါဟာ သူမရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရတာလို့
ယူဆနိုင်တာပဲ။
ဒါတင်မကသေး၊ သူမ ဒီနေ့ ကောင်းကောင်းမစားခဲ့ရ၊ မနက်ဖြန် သူမ အပြင်သွားလို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်ရင် ဒီကောင်မလေးက ငွေမရှင်းဘဲ နေနိုင်မှာလား?
" ကောင်းပြီလေ။ သဘောတူတယ်။ ငါ ဟိုကလေးမကို လည်း လမ်းလျှောက်ထွက်ဖို့ ခေါ်ခဲ့မယ်" သခင်မကြီးက သိပ်ပြီး တွေဝေမနေဘဲ သဘောတူလိုက်သည်။
နောက်တစ်နေ့ နံနက်၌ ရှဲ့ချောင်ဟာ တင်းကျပ်စွာ လွှမ်းခြုံဝတ်ဆင်ထားလျက် အတူတူ အပြင်သွားဖို့ အတွက် သခင်မကြီးကို စောင့်နေခဲ့၏။
သခင်မကြီးဟာ ကျားဟွမ်ကို သူမနဲ့ အတူ ခေါ်
လာခဲ့သည်။
ဒီလိုနဲ့ပဲ မြင်းလှည်းနှစ်စီးခွဲထိုင်လိုက်ကြ၏။
တိတ်ဆိတ်နေလျက်...
ရှဲ့ချောင်က ကျားဟွမ်ကို ခေါင်းမော့ ပြီး မကြည့်ခဲ့ပေမဲ့ ကျားဟွမ်ကတော့ သူမကို ရှဲ့ချောင် အထင်နေသေးတာလို့ ခံစားလိုက်ရသည်။ အထူးသဖြင့် သူမရဲ့ ရောင်ကိုင်းနေတဲ့ နဖူးအကြောင်း စဉ်းစားမိလိုက်ချိန်တွင် ပိုပြီး ဒေါသထွက်သွားတော့၏။ ရှဲ့ချောင်ရဲ့ လှပတဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ကာ သူမမှာ ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ်တော့ပေ။
••••