ရက်စက်၍ အကြင်နာ ကင်းမဲ့သော
Vol. 41 Ch. 602
ရဲ့လင်းချန်သည် ချီးကျူးဂုဏ်ပြုမှုများစွာ ရှိသည့်သူ ဖြစ်သည်။
ပထမဆုံးအချက်မှာ သူသည် ကိုရိးယားနိုင်ငံ၏ အမျိုးသားဘတ်စကက်ဘောအသင်းကို ရိုက်ချခဲ့သည်။ သူသည် ဖြောင့်မတ်သော စိတ်ရှိသော ကြယ်ပွင့် အားကစားသမားတစ်ဦး ဖြစ်ပြီး မယုံနိုင်လောက်အောင် ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသူ ဖြစ်သည်။
ထို့အပြင် ရဲ့လင်းချန်သည် ဘဝ၏ ရုန်းကန်ခြင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရန် ရေအောက်သို့ ကင်မရာကို ယူဆောင်သွားကာ လူတိုင်းအား အခြားကမ္ဘာတစ်ခု၏ အရိပ်အမြွက်ကို ကြည့်ရှုနိုင်စေခဲ့သည်။ သူသည် ဧရာမ စပါးအုံးမြွေကြီးကို ရေအောက်၌ တိုက်ခိုက်ခဲ့ပြီး သူ မည်သို့ အနိုင်ယူလာသည်ကို လူအုပ်ကြီးက မသိသော်လည်း သူ အသက်ရှင်နိုင်သည်ဟူသော အချက်ကပင် သူ၏ ခမ်းနားမှုကို ပြသနေသည့် သက်သေပင်။
၎င်းအပြင် သူသည် ရဲစခန်းတံခါးဝတွင် လိမ်လည်လှည့်ဖြားသူများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။ ရဲ့လင်းချန်သည် ထိုလူရမ်းကားများအား ပြင်းထန်သည့် သင်ခန်းစာကို ပေးခဲ့ပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကို တွေ့ကြုံခံစား စေခဲ့လေသည်။
ယခုအခါ၌ သူ့အရှေ့တွင် ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားသော သက်တော်စောင့် ခြောက်ဦး ရှိပြီး အားလုံးက ကျဉ်စက်များကို ကိုင်ဆောင်ထားကြသည်။ သူ သူတို့ကို အနိုင်ယူနိုင်ပါ့မလား။
အတိုက်ခိုက်ကို မြင်ချင်သည့် လူများက စိတ်အားထက်သန်စွာ ကြည့်နေကြပြီး ရဲ့လင်းချန်ကို ကူညီလိုသူအချို့က သူ့ကို အော်ဟစ် အားပေးကြသည်။ ထိုသက်တော်စောင့်များက လူတစ်ယောက်ကို ကြောက်အောင် ခြောက်လှန့်နိုင်သည့် ပုံစံမျိုး ရှိသဖြင့် ရဲ့လင်းချန် ရိုက်နှက်ခံရလိမ့်မည်ဟု ယုံကြည်နေသူများလည်း ရှိပေသည်။
ခြောက်ယောက်လုံးက ကျဉ်စက်များကို ကိုင်၍ ရဲ့လင်းချန်ထံ ပြေးဝင်လာသည်။ သို့သော် ရဲ့လင်းချန်သည် မတုံ့ပြန်ဘဲ ပြေးလာနေသော သက်တော်စောင့်များအား တည်ငြိမ်စွာ ကြည့်နေ၏။
ရဲ့လင်းချန်သည် ထိုလူခြောက်ယောက်ထဲမှ ဘယ်သူ့ကိုမှ အလေးအနက်မထားကြောင်း လူတိုင်း ခံစားမိသွားသည်။ သူသည် သူ့နေရာ၌ မလှုပ်မယှက် ရပ်နေပြီး တစ်စက်ကလေးမှ မလှုပ်ပေ။ သူသည် တည်ငြိမ်၍ ခံ့ညားကာ ခန့်မှန်းမရနိုင်သူ ဖြစ်နေသည်။
တစ်ခဏကြာသော် ရဲ့လင်းချန် လှုပ်ရှားလာ၏။ ၎င်းသည် ရင်းနှီးပြီးသား ကန်ချက်ဖြစ်သော်လည်း ယခုအခါ၌ ဘေးတိုက် ကန်ချက် ဖြစ်လေသည်။
သူ၏အရှိန်သည် တားမရအောင် လျင်မြန်၍ လျှပ်စီးအလား ထင်မှတ်ရသည်။ ၎င်းသည် တွင်းထဲမှ ထွက်လာသော မြွေတစ်ကောင်ကဲ့သို့ အပြင်းအထန် ကန်ကျောက်လာ၏။
သက်တော်စောင့်တစ်ယောက်သည် ပြန်မတုံ့ပြန်နိုင်ဘဲ မျက်နှာသို့ အကန်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က လေထဲ၌ အကြိမ်အနည်းငယ်မျှ လည်ထွက်သွားပြီးမှ လွင့်ထွက်သွားသည်။
သို့သော် သူသည် ထိုကန်ချက်နှင့် မပြီးသေးချေ။ သူသည် ထိုကဲ့သို့သော ကန်ချက်များအား အဆက်ပြတ် ထုတ်ဖော်နေ၏။
ဘေးမှကြည့်နေသည့် လူအုပ်ကြီးပင် သူ့ခြေထောက်က လေကိုခွင်းနေသည့် အသံကို ကြားနေရသည်။ အရှိန်က အလွန် လျင်မြန်လွန်းပြီး လေထဲ၌ ကျန်ခဲ့သည့် အရိပ်ကိုပင် ဝိုးတိုးဝါးတား မြင်နေရသည်။
“ဘုန်း ဘုန်း”
သက်တော်စောင့် ခြောက်ယောက်လုံး ကြွေကျသွားသော သစ်ရွက်များကဲ့သို့ လွင့်ထွက်သွားသဖြင့် အံ့ဩစရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သွားလေသည်။
ယနေ့တွင် ရဲ့လင်းချန်သည် အလွန် ဒေါသထွက်နေပြီး သူ့ရန်သူများက ကိုရီးယားနိုင်ငံမှလူများ ဖြစ်နေ၏။ သူသည် သူတို့အား ကန်ချက်ဖြင့် မသတ်လိုက်သော်လည်း မည်သို့သော ညှာတာမှုမျိုးမှ မထားခဲ့ချေ။
ထိုကန်ချက်များကြောင့် သက်တော်စောင့် ခြောက်ယောက်လုံး၏ မျက်နှာ၌ ဖိနပ်ရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူတို့၏ ပါးများက ရောင်ကိုင်းနေပြီး သွားများ ကျွတ်ထွက်ကာ သွေးများ စီးကျနေ၏။
“လခွမ်း”
“ဘုရား ဘုရား”
“သူတို့ လွင့်ထွက်သွားတယ်၊ သူတို့ တကယ်ကြီး လေထဲ လွင့်သွားတာ”
“စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ၊ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်”
လူတိုင်းသည် ရဲ့လင်းချန်၏ အတိုက်အခိုက် စွမ်းရည်ကို ခန့်မှန်းမိသော်လည်း သူတို့ သူ့ကို အထင်သေးခဲ့မိကြောင်း သိလိုက်ရသည်။ သူ ထိုသို့ တိုက်ခိုက်နိုင်သည်က အံ့ဩစရာပင်။ ထိုသက်တော်စောင့်များသည် အရပ်ရှည်ပြီး ကိုယ်အလေးချိန်အားဖြင့် ပေါင်တစ်ရာ့ခြောက်ဆယ်မှ တစ်ရာ့ခုနစ်ဆယ်ခန့် ရှိသည်။ သို့သော် ရဲ့လင်းချန်က သူတို့အား ကန်ချက်တစ်ချက်စီဖြင့် အားလုံးကို လွင့်ထွက်သွားအောင် လုပ်ခဲ့သည်။ ယင်းက ကြောက်လန့်စရာ ကောင်းပြီး အလွန် သန်မာလှပေသည်။
တစ်ခဏမျှ ထိတ်လန့်နေပြီးနောက် အားပေးသံများ ညံလာ၏။
“မိုက်တယ်၊ မိုက်လွန်းတယ်ဟေ့”
“လခွမ်း၊ ရဲ့နတ်ဘုရားက တကယ် သိုင်းပညာရှင်ပဲ”
“ကောင်းလိုက်တဲ့ ကန်ချက်၊ သူတို့ကများ ငါတို့ဆီလာပြီး သောင်းကြမ်းရဲရတယ်လို့”
“ဟားဟားဟား အံ့ဩဖို့ကောင်းလိုက်တဲ့ ကန်ချက်ကွာ၊ ဒီသက်တော်စောင့်တွေ ဆိုးဆိုးရွားရွား အကန်ခံရလို့ မျက်နှာတောင် ပုံပျက်နေပြီ၊ ဒေါသတွေ ပျောက်သွားပြီကွာ”
“ရဲ့နတ်ဘုရားက သိုင်းကွက်တွေ ပြနေတာပဲ၊ စည်းဝိုင်းထဲမှာရပ်ပြီး ကြည့်ကြပါ”
“အားလုံး လက်ခုပ်တီးကြဟေ့ …”
သတင်းကို မြင်ပြီး ပြေးလာသည့် ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်တို့သည် ထိုမြင်ကွင်းအား အမိအရ မြင်သွားကြသည်။ အစက သူတို့သည် ရဲ့လင်းချန် အပြင်၌ လူတစ်ချို့နှင့် ရန်ဖြစ်နေသည်ဟု ကြားပြီး စိုးရိမ် သွားကြသည်။ သူတို့သည် အခြေအနေကို သိရရန် အပြင်သို့ ပြေးထွက်လာပြီး ကူညီပေးရန် သူတို့၏ သက်တော်စောင့်များကိုပါ ခေါ်လာခဲ့သည်။ သူတို့ အပြင်သို့ ထွက်လာသောအခါ ဤသို့သော ရင်သက်ရှူမောဖွယ် မြင်ကွင်းမျိုး မြင်ရရန် မျှော်လင့်မထားမိချေ။
“ဝိုး … အံ့ဩစရာပဲ၊ လင်းချန်က သိပ်တော်တာပဲ”
ကျောက်လျန့်ရင်က ချက်ချင်း ချီးကျူးလာပြီး ချန်ရှောင်ယန်ကလည်း ပြုံးသွားပြီး စိတ်အေးကာ သက်ပြင်းချ လေသည်။
သက်တော်စောင့် ခြောက်ယောက်သည် ညည်းတွားနေပြီး ရဲ့လင်းချန်အား မျက်လုံးကျွတ်ကျမတတ် ကြည့်နေ ကြသည်။ သူတို့သည် အရူးများ မဟုတ်သလို ထိုကန်ချက်တစ်ခုတည်းနှင့် သူတို့က သူ့ကို လုံးဝ မယှဉ်နိုင်ကြောင်း သဘောပေါက်သွားလေသည်။ သူတို့ ဒုက္ခအကြီးအကျယ် ရောက်ကာ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ သူတို့ ခြောက်ယောက် မဆိုထားနှင့် အယောက် ခြောက်ဆယ်ဆိုရင်တောင်မှ သူ့ကို မနိုင်နိုင်ချေ။
သူတို့ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။ ယင်းမှာ … စစ်သည်တော်တစ်ဦးပင်။
*သေစမ်း၊ သူက စူပါစတားတစ်ယောက်ဆိုတာ အသိသာကြီးကို၊ သူက လျှို့ဝှက် စစ်သည်တော်တစ်ဦးလဲ ဖြစ်နေသေးတာလား၊ တခြား ဖြစ်နိုင်ချေ မရှိတော့ဘူး*
သက်တော်စောင့်များသည် မလှုပ်ရဲတော့ဘဲ ရဲ့လင်းချန်အား သတိထား၍ ကြည့်နေကြသည်။
ကင်ဟျွန်းမင်၏ မျက်နှာက သုန်မှုန်လာပြီး အသည်းအသန် အော်ဟစ်လေသည်။
“@@@@$$$$”
သူသည် သက်တော်စောင့်များအား မာန်မဲနေပြီး ဆက်လက် တိုက်ခိုက်ရန် တိုက်တွန်းနေသည်။ သို့သော် သက်တော်စောင့်များက ယင်းကို ခါးသက်စွာ ခံစားမိနေသည်။ ဤသို့သော အခြေအနေမျိုး၌ အရူးသာလျင် ရှေ့ဆက်တိုးရဲပေလိမ့်မည်။
ကင်ဟျွန်းမင်သည် ဈေးကွက်ထဲမှ kickboxing ကို နှစ်အနည်းငယ်မျှ လေ့ကျင့်ထားသည့် သာမန် သက်တော်စောင့်များကို ငှားထားခြင်း ဖြစ်သည်။ သူတို့အား ပရော်ဖက်ရှင်နယ်သမားများဟု မသတ်မှတ်နိုင်သလို အလွန်ဆုံး ဟိတ်ဟန်ထုတ်ရုံသာ တတ်နိုင်လေသည်။ သူသည် တကယ့် စူပါစတားများကဲ့သို့ စစ်သားများ၊ စစ်ဘုရင်များနှင့် လက်ဝှေ့ချန်ပီယံများကို သက်တော်စောင့်များအဖြစ် ငှားရမ်းနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
အဓိကအချက်မှာ သူသည် ရဲ့လင်းချန်နှင့် တွေ့ခဲ့မိခြင်း ဖြစ်သည်။ နတ်ဘုရားကဲ့သို့သော လူများကို မငှားနိုင်သရွေ့ မည်သူ့ကိုငှားငှား အသုံးမဝင်ပေ။
ကင်ဟျွန်းမင်သည် သူ၏ သက်တော်စောင့်များ ကြောက်နေကြသည်ကို မြင်ပြီး ဒေါသထွက်ကာ စိုးရိမ်နေ၏။ သို့သော် သူ့မျက်နှာတွင် ကြောက်စိတ် ပေါ်လာပြီးနောက် သူတို့ကို သူ မတိုက်တွန်းတော့ချေ။
ရဲ့လင်းချန်သည် နက်မှောင်သော အသားအရေ ရှိသည့် သက်တော်စောင့်တစ်ယောက်ကို ကြည့်ပြီး သူ့အနားသို့ လျှောက်သွားသည်။
“ခုနက ကလေးမလေးကို တွန်းလိုက်တာ မင်း မဟုတ်လား”
အခြားသူများက ရုတ်ရုတ်သဲသဲ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်သော်လည်း သူကတော့ သေချာ မြင်လိုက်ရသည်။
ထိုစကားက မေးခွန်းထုတ်သော စကားဖြစ်သော်လည်း ခိုင်မာပြတ်သားသော စကားလည်း ဖြစ်နေသည်။
နက်မှောင်သော အသားအရေ ရှိသည့် သက်တော်စောင့်၏ ပါးစပ်က တုန်ယင်လာသည်။ သူ စကားပြောတော့မည့် အချိန်၌ သူ့မျက်နှာတစ်ခြမ်း ဖြတ်ရိုက်ခံလိုက်ရသည်။
“ဖြောင်း”
ပြင်းထန်သော ရိုက်ချက်က ညအချိန်၌ ပဲ့တင်ထပ်လာပြီး ထိုသက်တော်စောင့်၏ ခန္ဓာကိုယ်က လေထဲ၌ ယိမ်းထိုး လာသည်။ သူ့ပါးတစ်ခြမ်းတွင် ခြေရာတစ်ခု ထင်ကျန်နေပြီး တစ်ဖက်၌ လက်ဝါးရာတစ်ခု ထင်နေသည်။ သူသည် လူတစ်ယောက်နှင့်ပင် မတူတော့ချေ။ သွားတစ်ချောင်း ကျွတ်ထွက်သွားပြီးနောက် သူသည် သတိလစ်ကာ မလှုပ်တော့ပေ။
“မင်းလို ယောက်ျားကြီးတစ်ယောက်က မင်းလုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံနိုင်တဲ့အထိ သတ္တိရှိသင့်တယ်၊ တောင်းပန်တာက မခက်ပါဘူး၊ ဟုတ်တယ်မလား”
ရဲ့လင်းချန်က တစ်ကိုယ်တည်း ရေရွတ်နေသည်။
ထိုရိုက်ချက်ကြောင့် ဘေးလူများအားလုံး ထိတ်လန့်ကာ ဘယ်သူမှ စကားမပြောနိုင်ကြတော့ချေ။
ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ် ကလေးမလေးသည် မျက်တောင်၌ မျက်ရည်များ ကပ်ညိလျက် ရဲ့လင်းချန်အား ငေးကြည့်နေသည်။ ရဲ့လင်းချန်က သူမကိုယ်စား လက်တုံ့ပြန်ပေးသည်ကို သူမ ငေး၍ ကြည့်နေမိသည်။
ယင်းက ရက်စက်ကာ စာနာခြင်း မရှိပေ။
ကျန်သက်တော်စောင့် ငါးယောက်သည် ထိုအရာကို မြင်ပြီး ကြက်သေ သေသွားကြသည်။ ကင်ဟျွန်းမင်မှာမူ တုန်ယင်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလာ၏။
ရဲ့လင်းချန်သည် ခြေလက်များ အားကုန်သကဲ့သို့ မှင်တက်နေသည့် ကင်ဟျွန်းမင်ထံသို့ လျှောက်သွားလေသည်။ သူ့အကြည့်က တည်ငြိမ်၍ ရိုးရှင်းနေသည်။ သူက ကင်ဟျွန်းမင်ကို ပြောလိုက်သည်။
“ငါ ပြောခဲ့တာကို မှတ်မိလား”
သက်တော်စောင့်များထဲမှ တစ်ယောက်က ရဲ့လင်းချန်၏ စကားကို ကင်ဟျွန်းမင်အား အလျင်အမြန် ဘာသာပြန်ပေးသည်။
လူအုပ်ကြီးမှာမူ ရုတ်တရက် ပြန်လည် ပျော်ရွှင်လာသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လာသည်။
“တောင်းပန်ပါ”
“တောင်းပန်ပါ”
“တောင်းပန်ပါ”
…
ကင်ဟျွန်းမင်၏ မျက်နှာက အလွန်အမင်း သုန်မှုန်လာသည်။ သူသည် ရဲ့လင်းချန်ကို ကြည့်နေပြီးနောက် ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ့အမူအရာက သုန်မှုန်လိုက်၊ ဖြူရော်သွားလိုက် ဖြစ်နေ၏။
“ငါတို့က မင်းရဲ့ ပြည်ပမိတ်ဆွေတွေပဲ၊ ဒါ မင်းတို့ရဲ့ ဧည့်သည်ကို ဆက်ဆံတဲ့ပုံစံလား”
သက်တော်စောင့်က ကင်ဟျွန်းမင်ကိုယ်စား ဘာသာပြန်၍ ပြောလာသည်။
ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးလာပြီး သရော်ပြုံး ပြုံးလိုက်သည်။
လရောင်က အေးစက်လာပြီး လေထန်လာသည်။ အခြေအနေက မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်လာသလိုပင်။
“ဘာတွေဖြစ်နေတာလဲ”
“မင်းတို့အားလုံး ဘာလို့ ဒီမှာ စုဝေးနေတာလဲ”
“ဘာပြဿနာမှ ထပ်မဖြစ်စေနဲ့တော့၊ မင်းတို့အားလုံး ရပ်လိုက်တော့”
လူတစ်စုက ထွက်ပေါက်မှ အလျင်အမြန် ထွက်လာပြီး အေးစက်စွာ အော်ငေါက်လာသည်။
သူတို့သည် ယူနီဖောင်းများ ဝတ်ဆင်ထားပြီး Gala နွေဦးပွဲတော်၏ ဝန်ထမ်းများ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီတွင် တံဆိပ်များ ရှိပြီး မမျှော်လင့်ထားသော အဖြစ်အပျက်များကို ဖြေရှင်းရန် တာဝန်ယူထားရပုံ ပေါ်သည်။