စနစ်တွင်မှတ်ပုံမတင်သည်မှာ (၁၀) နှစ်ကြ
Vol. 6 Ch. 78
အခန်း (၇၈) စနစ်တွင်မှတ်ပုံမတင်သည်မှာ (၁၀) နှစ်ကြာ
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားမိလေသည်။
ဆရာဖြစ်သူ၏ စကားအရဆိုလျှင် မှော်တိမ်တိုက်တောင်စုဝေးပွဲက အန္တရယ်တော့ မရှိလောက်ပေ။
သို့သော်… လူပေါင်းများစွာ စုဝေးသည်ဆိုကတည်းက အန္တရယ်ကင်းမည်မှာ မဖြစ်နိုင်ပေ။ ကျန်းလန် ယုံကြည်ချက် မရှိပေ။
စုဝေးပွဲက လေ့လာရေးခရီးပုံစံမျိုးဖြစ်ပြီး ယှဉ်ပြိုင်ပွဲများ ပါဝင်ခြင်းမရှိသည့်တိုင် မတော်တဆမှုများ ဖြစ်မလာနိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။
သူသာ စုဝေးပွဲသို့သွားလျှင် တစ်ခုမဟုတ်တစ်ခု ပြဿနာ ပေါ်လာမည်ပဲ ဖြစ်သည်။ သို့သော်… မသွားလျှင်တော့ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
သူက နဝမတောင်ထွတ်တွင် ကျင့်ကြံနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း (၁၁၀) ရှိပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)ခန့်က နဝမတောင်ထွတ်မှ ထွက်ခွာသွားစဉ် မတော်တဆဖြစ်ရပ်အချို့ရင်ဆိုင်ခဲ့ရပြီးနောက် ကျန်းလန် နောက်ထပ်ပြဿနာများနှင့် ရင်ဆိုင်လိုစိတ် မရှိတော့ပေ။
သူ့အတွက် နဝမတောင်ထွတ်တွင်နေထိုင်ခြင်းက အန္တရယ်အကင်းဆုံး ဖြစ်လေသည်။
ထို့ပြင်... မည်သည့်နေရာမှ မသွားခြင်းက စနစ်တွင် မှတ်ပုံတင်ခြင်းကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။
ခရီး (၃)လခန့်ထွက်သွားပြီး စနစ်တွင် မှတ်ပုံမတင်ဖြစ်ဘဲ ပြန်လာမှ မှတ်ပုံတင်ပါက ကောင်းမွန်သည့် မှော်ဝင်ပစ္စည်းတစ်ခုခု ရရှိနိုင်သော်လည်း ကျန်းလန် ထိုအရာကိုသိပ်ပြီး မမက်မောပေ။
ယခုဆိုလျှင်… သူက မရှိမှုအာကာသအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်… လူအများရှေ့တွင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ထုတ်ဖော်ပြသ၍ မဖြစ်နိုင်သေးပေ။ ထုတ်ဖော်ပြသလိုက်လျှင် သူ ခွန်လွန်တောင်တွင် ဆက်လက်ကျင့်ကြံရန် အခက်တွေ့သွားပေလိမ့်မည်။
အမှန်ဆိုလျှင်… သူ့တွင် ခွန်လွန်တောင်မှ ထွက်ခွာသွားရန် လုံလောက်သည့်စွမ်းအား မရှိသေးပေ။
ကျန်းလန်က…
"ဆရာ… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းအားနည်းနေသေးတယ်… ပြင်ပလောကကို မသွားချင်ဘူး…"
နဝမတောင်ထွတ်တွင် ကျင့်ကြံနေခြင်းကသာ သူ့အတွက် ပိုကောင်းနိုင်သည်ဟု ကျန်းလန် ခံစားရသည်။
သူ အတွေ့အကြုံလိုချင်လျှင် ခွန်လွန်တောင်မှ အခြားတောင်ထွတ်များသို့ သွားရောက်လည်ပတ်နိုင်သည် မဟုတ်ပါလား။
သူ့အနေဖြင့်… ပြင်ပလောကသို့ ထွက်စရာ အကြောင်း မရှိပေ။
ထို့ပြင်… သူက အိပ်မက်ကမ္ဘာတွင် (၁၀)နှစ်ကြာအောင် နေခဲ့ရသည်ဖြစ်ရာ စနစ်တွင် မှတ်ပုံမတင်ရသည်မှာ အချိန် (၁၀)နှစ်ပင် ရှိပြီ ဖြစ်သည်။
ထို့ကြောင့်… မဟာတာအိုက (၁၀)နှစ်စာ မည်မျှ ကြီးမားသည့် လက်ဆောင်ကို စုစည်းထားမည်လဲဟု ကျန်းလန် သိချင်နေမိသည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာကဲ့သို့သောအရာတစ်ခုကို ရရှိပါက သေချာပေါက် အင်မော်တယ်ဖြစ်လာရန် လွယ်ကူသွားပေလိမ့်မည်။
မော့ကျန်းသုန့်က ကျန်းလန်ကို ခဏမျှ ကြည့်နေပြီးမှ…
"ကြိုးစားပြီးကျင့်ကြံတယ်ဆိုတာလည်း မမှားပါဘူး… ၊ ဒါပေမဲ့ ပြင်ပလောကနဲ့ မဆက်သွယ်ဘူးဆိုရင် မင်း အခြားသူတွေနဲ့ကွဲထွက်ပြီး သီးသန့်ဖြစ်သွားလိမ့်မယ်…"
သူ့တပည့်က အခြားသူနှင့်မတူ တစ်မူထူးခြားသူ ဖြစ်သည်။
သူက စိတ်စွမ်းအား ကောင်းမွန်သော်လည်း အခြားသူများနှင့် ဆက်ဆံရန် အမြဲတမ်း ငြင်းဆန်လေ့ ရှိသည်။
"လူတွေအကြောင်းကို မသိဘူးဆိုရင် မင်း ဘယ်လောက်ပဲ တန်ခိုးစွမ်းအားမြင့်မားပါစေ မျက်ကန်းလိုပဲ ဖြစ်နေလိမ့်မယ်…"
မော့ကျန်းသုန့်က ထပ်ပြောလိုက်သည်။
ကျန်းလန်က ခေါင်းငုံ့နေရင်း…
"တပည့် ကိုယ့်ကိုယ်ကိုယ် နားလည်ပါတယ်…"
ဆရာဖြစ်သူပြောသည်မှာလည်း မှန်ပေ၏။
တစ်ခါတစ်ရံ… လူမှုဆက်ဆံရေး မကောင်းသည်ကလည်း လမ်းမှားရောက်စေမည့် အချက်ဖြစ်သည်။ ထိုအချက်က ကျန်းလန် အထူးသတိထားရမည့် အချက်ဖြစ်သည်။
သူက ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရင်း ထိုအချက်ကို သတိလက်လွတ်ဖြစ်နေမိသည်။
ယခု ဆရာဖြစ်သူက သတိပေးလိုက်သည့်အတွက် ကံကောင်းသည်ဟု ဆိုနိုင်သည်။
သို့သော်… ကျန်းလန်က ထိုသို့ပြောမှတော့… မော့ကျန်းသုန့်လည်း ဘာပြောနိုင်ပါတော့မည်နည်း။
ဒီတော့… ရှိစေတော့…။
မော့ကျန်းသုန့်က…
"အချိန်လေးဘာလေး အားရင် တခြားတောင်ထွတ်တွေကို သွားလည်ပါလား…"
အခြားတောက်ထွတ်များသို့ စိတ်ပြေလက်ပျောက် သွားရောက်လည်ပတ်ခြင်းကတော့ မှားယွင်းခြင်း မရှိနိုင်ပေ။
သူက ဂိုဏ်းတူမောင်နှမများ၏ အပြုအမူများနှင့် ကိုယ်ရည်ကိုယ်သွေးများကို နားလည်ရန် တစ်ချက်လောက်တော့ လေ့လာကြည့်သင့်ပေသည်။
ကျန်းလန် နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ မဟုတ်ပါလား။
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ…"
ပြင်ပလောကသို့ ခရီးသွားရမည်ထက်ဆာလျှင် ဤသည်ကပိုပြီး ကောင်းမွန်လေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ့ကိုလည်း မှတ်မိမည့်သူ သိပ်မရှိနိုင်တော့ပေ။
လုန်ယွိ သူ့ကိုပေးခဲ့သည့် အပြာရောင်ရေပုလဲကိုလည်း မည်သူမှ အရေးစိုက်ကြတော့မည် မဟုတ်ပေ။
အများအမြင်တွင်.. သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သည့်အဆင့် ရောက်နေပြီ ဖြစ်သည်။
သူနှင့် ရွယ်တူများနှင့်ယှဉ်လျှင် များစွာပိုမိုသာလွန်နေပြီ ဖြစ်သည်။
သူက ပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် ပါရမီရှင်တစ်ယောက်အလား ကျင့်ကြံခြင်းအဆင့်က လျှင်မြန်နေခဲ့သည် မဟုတ်ပါလား။
လုန်ယွိပေးသည့် အပြာရောင်ရေပုလဲကလည်း အလွန်မှ ထူးခြားလွန်းသည်။ ထိုရေပုလဲက သူ၏ ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ပြုလေသည်။
ယခုသာ… သူက လုန်ယွိထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားနေသည်ကို သိရှိသွားလျှင် နဂါးမယ်လေး ရှက်သွားပေလိမ့်မည်။
သာမန်အခြေအနေတွင်… ပါရမီရှင်တပည့်များပင်လျှင် မူလဝိညာဉ်အဆင့်အောင်မြင်ရန် နှစ်ပေါင်း (၁၅၀) ခန့် ကျင့်ကြံရမည် ဖြစ်သည်။
သူက ယခုမှ နှစ်ပေါင်း (၁၁၀)သာ ရှိသေးသည်… ၊ မရှိမှုအာကာသအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်က သူရရှိခဲ့သည့် ရင်းမြစ်များနှင့် စနစ်တွင်မှတ်ပုံတင်ခြင်းများကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည်ေ့နာက် သူနှင့်သိရှိသူအနည်းငယ်ကတော့ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနေကြပေတော့မည်။
အချိန်ရမည်ဆိုလျှင်… ထိုသူများ၏ အခြေအနေကို အနည်းငယ် အကဲခတ်ကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
အကယ်၍… ထိုသူများသာ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သည့်အဆင့်မျှသာ ရှိနေသေးပါက သူသည်လည်း လူအများအမြင်တွင် မူလဝိညာဉ်အဆင့်အဖြစ် ထုတ်ဖော်ပြသရန် မဖြစ်နိုင်သေးပေ။
လက်ရှိတွင်… အကြမ်းဖျင်း ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ (၄)ယောက်ကို ကျန်းလန် သိရှိထားသည်။
ဂိုဏ်းတူအစ်မ လုန်ယွိကတော့ ပြောစရာမလိုပေ။ မူလဝိညာဉ်အဆင့်သို့ အဆင့်တက်ရောက်နေလောက်ပေပြီ။
ကျန်းသူများဖြစ်သည့်… ကျင်းထင်းနှင့်မုရှိုး ၊ တတိယတောင်ထွတ်မှ ဂိုဏ်းတူအစ်မလင်စီးယာတို့ကို အခြေအနေကြည့်ရမည် ဖြစ်သည်။
ပုံမှန်ဆိုလျှင်… သူတို့အားလုံး မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
သူ… မရဏဂူသို့ပြန်ကာ ကျင့်ကြံရမည်ဖြစ်ပြီး စနစ်တွင်လည်း မှတ်ပုံတင်ရဦးမည် မဟုတ်ပါလား။
………………
ကျန်းလန် မရဏဂူသို့ပြန်သွားပြီးနောက်…
နဝမတောင်ထွတ်တွင် လူတစ်ယောက် ပေါ်လာလေသည်။
သူက ရောက်ရောက်ချင်းပင် မော့ကျန်းသုန့်ကို မေးခွန်းထုတ်လိုက်၏။
"ဒီတစ်ခေါက် နဝမတောင်ထွတ်က ဘယ်သူမှ မလိုက်ဘူးလား…"
ထိုသူ၏ဆံပင်များက အနည်းငယ် ရှုတ်ပွနေပြီး ဆံပင်ဖြူတစ်စက ဖြူဖွေးနေလေရာ လူအများသတိပြုဖွယ်ရာ ဖြစ်သည်။ မျက်နှာတွင်လည်း မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများ ထူထပ်လျှက် ရှိသည်။
သူ့ပုံစံကိုကြည့်ရသည်မှာ အတော်လေး ကပိုကရိုနိုင်လှသည်။
ထိုသူသည်ကား… ခွန်လွန်တောင်မှ အကြီးအကဲတစ်ယောက်ဖြစ်သည့် ကျိုးကျုန်းထျန်းဆိုသည် ဖြစ်၏။
မော့ကျန်းသုန့်လည်း မည်သို့မှ မတတ်နိုင်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်… ကျုပ်တပည့်က ခရီးထွက်ရတာ သဘောမကျဘူးလေ…"
"နှစ်ပေါင်း (၁၀၀)လောက်နေမှ တစ်ခါကြုံရတဲ့ စုဝေးပွဲကို မသွားတာတော့ စိတ်မကောင်းစရာပဲ… ၊ သူ့အနေနဲ့ ပြင်ပလောကကို လေ့လာဖို့ အချိန်တန်ပြီလေ…"
ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ဘေးသို့ လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ကျုပ်ကြားတာတာ့ မင်းရဲ့တပည့်က စိတ်စွမ်းအားအရမ်းကောင်းတယ်လို့ ကြားတယ်… ၊ ဒါပေမဲ့… ဒီကောင့်ကြည့်ရတာ ဘာခံစားချက်မှလည်းမရှိ ဘာစိတ်ဆန္ဒမှလည်းမရှိနဲ့ … ဘုန်းကြီးဝတ်တော့မလို့လားမသိဘူး… ၊ လူငယ်နဲ့လည်း မတူပါဘူးကွာ…"
"ဟားဟား…"
ကျိုးကျုန်းထျန်း၏စကားကြောင့် မော့ကျန်းသုန့် ရယ်မောလိုက်သည်။
"အသက်ပဲ တစ်ရာကျော်နေပြီ… ငယ်တယ်ပြောလို့ ဘယ်ရတော့မလဲဗျာ…"
ကျိုးကျုန်းထျန်းက ထိုကိစ္စကို ဆက်မပြောတော့ပေ။
သူက မော့ကျန်းသုန့်ကို တည်ကြည်သည့် မျက်နှာထားဖြင့်ကြည့်လိုက်ရင်း…
"သူ မရှိမှုအာကာသအဆင့်ကိုရောက်ရင် မင်း ဘာလုပ်မယ် စိတ်ကူးထားလဲ… ၊ အဲဒီအဆင့်က အင်မော်တယ်ဖြစ်လာဖို့ နောက်ဆုံးဖြတ်ကျော်ရမယ့်အဆင့် မဟုတ်လား…"
မရှိမှုအာကာသအဆင့်က မည်မျှခက်ခဲကြောင်း ကျင့်ကြံသူအတော်များများ သိရှိကြသည်။
အချို့သူများအတွက် လွယ်ကူသည်ထင်ရသော်လည်း အချို့အတွက်တော့ အသက်သေဆုံးရသည်အထိ ခက်ခဲကြသည်။
ကျန်းလန်က သေဆုံးသည်အထိ မခံစားရနိုင်လောက်သော်လည်း လွယ်ကူမည်တော့ မဟုတ်ပေ။
သူ့အနေဖြင့် ပြင်ပအကူအညီ များစွာ လိုအပ်ပေလိမ့်မည်။
မော့ကျန်းသုန့်က ကျိုးကျုန်းထျန်းကိုကြည့်လိုက်ပြီး မေးခွန်းကို မဖြေဘဲ နေလိုက်သည်။
မော့ကျန်းသုန့်က…
"ကျန်းလန်က နှစ်ပေါင်းများစွာအတွင်း ကျုပ် အသိအမှတ်ပြုခဲ့တဲ့ တစ်ဦးတည်းသော တပည့်ပဲ…"
ကျိုးကျုန်းထျန်းက…
"ဒီတော့… ခင်ဗျားက ဘာဖြစ်ချင်တာလဲ…"
ကျိုးကျုန်းထျန်းက မေးလိုက်သည်။
"သိပ်မများပါဘူး…"
မော့ကျန်းသုန့်က အေးဆေးစွာ ပြောလိုက်သည်။
"ဆရာတစ်ယောက်အနေနဲ့ သူ့ကို အင်မော်တယ်ဖြစ်အောင် ကူညီပေးဖို့က ကျုပ်ရဲ့ တာဝန်ပါပဲ…"
ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ကိုကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။
ထို့နောက်… သူက ထိုကိစ္စကို ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။
"ဒါနဲ့… စုဝေးပွဲကို သူ မသွားဘူးဆိုတာ သေချာလား… ၊ နောက်ရက်နည်းနည်းလောက်ဆိုရင် ကျုပ်တို့ ခရီးထွက်ကြတော့မှာ…"
မော့ကျန်းသုန့် ခေါင်းခါရမ်းလိုက်ရင်း…
"မသွားလောက်ဘူး… ၊ ကျန်းလန်က အတင်းတိုက်တွန်းလို့ရတဲ့သူ မဟုတ်ဘူး… ၊ သူက သူ့အကန့်အသတ်ကို သူနားလည်တယ်… ၊ သူ မသွားချင်ဘူးဆိုတာ သူ့အကြောင်းနဲ့သူရှိရမယ်…"
မော့ကျန်းသုန့် စကားဆုံးသွားသည်နှင့် ကျိုကျုန်းထျန်း နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားတော့၏။
အခြေအနေက ဤသို့ဖြစ်လာမှတော့ သူ့အနေဖြင့် မည်သည့်စကားမှ ထပ်ပြောစရာအကြောင်း မရှိတော့ပေ။
နဝမတောင်ထွတ်တွင် တပည့်တစ်ယောက် ရှိရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ထို့ကြောင့်… ကျန်းလန်ကတော့ သေချာပေါက် စုဝေးပွဲသို့ လိုက်ပါမည်ဟု ထင်ခဲ့မိသည်။
ကျန်းလန်သာ ပြင်ပလောကသို့ လိုက်ပါခဲ့ပါက ခွန်လွန်တောင်တွင် နဝမတောင်ထွတ်ရှိနေသးသည် ဆိုသည့်အချက်ကို လောကကြီးတစ်ခုလုံး သိရှိမည်ဖြစ်သည်။
ယခုအချိန်တွင်… လူအများက ခွန်လွန်တောင်တွင် နဝမတောင်ထွတ်ရှိသည်ဆိုသည့်အချက်ကို သိပ်မသိကြတော့ပေ။
အချို့သူများဆိုလျှင်… ခွန်လွန်တောင်တွင် တောင်ထွတ် (၈)ခုသာရှိသည်ဟု တွေးထင်စပြုနေကြပြီ ဖြစ်သည်။
မော့ကျန်းသုန့်က ထိုအချက်ကိုနားလည်သော်လည်း စိတ်ထဲထားသူ မဟုတ်ပေ။
သူက ကျော်ကြားမှုကို တပ်မက်သူမဟုတ်သလို အရေးစိုက်နေသူလည်း မဟုတ်ခဲ့ပေ။