နှစ် (၁၀၀)အတွင်း ပြောင်းလဲမှု
Vol. 6 Ch. 80
အခန်း (၈၀) နှစ် (၁၀၀)အတွင်း ပြောင်းလဲမှု
ကျန်းလန် မန္တန်စွမ်းအား ၊ တန်ခိုးစွမ်းအားနှင့် အခြားကျင့်စဉ်များ ကျင့်ကြံနေစဉ်မှာပင် သူ့ထံသို့ စာတစ်စောင် ရောက်ရှိလာလေသည်။
ထိုစာက ခွန်လွန်တောင်မှ တပည့်များ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသို့ ထွက်ခွာပြီဆိုသည့် သတင်းဖြစ်၏။
ကျန်းလန်က နဝမတောင်ထွတ်မှ တပည့်တစ်ယောက်အနေဖြင့် ထွက်ခွာတော့မည့် ဂိုဏ်းတူမောင်နှမများကို လိုက်ပါပို့ဆောင်ရမည်ဟု စာထဲတွင် ပါဝင်လေသည်။
သူမသွားလျှင်လည်း ရသည့်ကိစ္စ ဖြစ်သည်။ သို့သော်… ဆရာဖြစ်သူက အခြေအနေများကို တွေ့မြင်စေလိုသောကြောင့် သူ့ကို သွားစေချင်နေသည်။
စာထဲတွင် ဆရာဖြစ်သူက သူ၏ သဘောထားကိုပါ ထည့်သွင်းပြောပြထားသည်။
ဂိုဏ်းတူမောင်နှမများကို လိုက်ပို့ရင်း မှော်ဝင်တိမ်တိုက်တာင်သို့ လိုက်ပါချင်စိတ်ပေါက်သွားလျှင်လည်း ကျန်းလန်အနေဖြင့် တစ်ခါတည်း လိုက်ပါသွားနိုင်သည် ဟူ၏။
မှော်ဝင်တိမ်တိုက်တောင်သို့ သူသွားချင်လျှင် အချိန်မနှောင်းသေးဟု ဆိုလေသည်။
"ဆရာကတော့ ငါ့ကို တကယ်ပဲ ပြင်ပလောကကို သွားစေချင်နေတာပဲ…"
ကျန်းလန် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ… ခရီးထွက်မည့်အဖွဲ့ကို လိုက်ပို့ခြင်းလောက်ကတော့ သွားသင့်သည့်ကိစ္စဖြစ်သည်ဟု ကျန်းလန် တွေးလိုက်သည်။
သူသည်လည်း မရှိမှုအာကာသအဆင့်သို့ ရောက်ရှိခဲ့ပြီ မဟုတ်ပါလား။ တစ်ခါတလေ… ဟိုဟိုဒီဒီလျှောက်သွားခြင်းက ကောင်းသည့်အချက်ပင် ဖြစ်သည်။
သူက အင်မော်တယ်လမ်းကို လျှောက်လှမ်းရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။
ထို့ကြောင့်… နောက် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်း မဖြစ်မနေ ပြင်ပလောကသို့ထွက်ကာ ပြဿနာများကို ရင်ဆိုင်ရပေတော့မည်။
ထိုအချိန်ရောက်လျှင်တော့… ဆရာဖြစ်သူက သူ့တပည့် ပြင်ပလောက အတွေ့အကြုံများ ရယူတော့မည်ဖြစ်သဖြင့် ဝမ်းသာကောင်းဝမ်းသာနေပေလိမ့်မည်။
ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့ပြီး ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တည်ရှိရာ တောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင်… မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသို့ သွားရောက်ကြမည့်တပည့်များ စုဝေးကြမည် ဖြစ်သည်။
နေခြည်နွေးနွေးက ဖြာလင်းနေပြီး လေနုအေးက တိုက်ခတ်လျှက် ရှိသည်။
ကျန်းလန် တောင်တက်လမ်းအတိုင်းတက်လာခဲ့သည်။ အခြားတပည့်များသည်လည်း သူ့နံဘေးတွင် လမ်းလျှောက်တက်လာကြလေသည်။
တပည့်များက ကျန်းလန်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြ၏။
ကျန်းလန်ဝတ်ထားသည့် အဝတ်အစားများက သူတို့နှင့်မတူညီသည်ကို တွေ့ရသောကြောင့် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
ထိုတပည့်အများစုမှာ ချီစွမ်းအားသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ငယ်များ ဖြစ်ကြသည်။
"သြော်… တပည့်အသစ်တွေရဲ့ အဝတ်အစားတွေတောင် ပြောင်းသွားပြီပဲ…"
ကျန်းလန်တွေးလိုက်မိသည်။
ခွန်လွန်တောင်မှ တပည့်များဝတ်ဆင်သည့် အဝတ်အစားများက နှစ် (၁၀၀)လျှင် တစ်ကြိမ် ပြောင်းလဲလေသည်။ နှစ်ပေါင်း (၁၀၀၀) တွင်မှ ယခင်အဝတ်အစားများ အစပြန်ပြီး တစ်ပတ်လည်ခြင်း ဖြစ်သည်။
ထိုသို့ တပည့်များ၏ အဝတ်အစားများကို ခွဲခြားသတ်မှတ်ထားခြင်းဖြင့် ခွန်လွန်တောင်သို့ ရောက်ရှိနေသည့်တပည့်များ၏ သက်တမ်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်မည် ဖြစ်သည်။
ဂိုဏ်းမှပေးအပ်သည့် တူညီဝတ်စုံကို မဝတ်ဆင်ကြသည့် တပည့်များလည်း ရှိကြသည်။ သို့သော်… အနည်းစုသာ ဖြစ်၏။
ကျန်းလန်က နဝမတောင်ထွတ်မှ တပည့်ဖြစ်လေရာ သူ့ကို သိရှိသူ သိပ်မရှိပေ။
ထိုစဉ်… စကားသံများ ထွက်ပေါ်လာသည်ကို ကျန်းလန် ကြားလိုက်ရသည်။
"အဲဒီ ဂိုဏ်းတူအစ်ကိုက ဘယ်တောင်ထွတ်ကလဲ… ၊ သူက တန်ခိုးစွမ်းအားတွေ ထိန်းချုပ်ထားတာထင်တယ်… ရွှေပြဒါးအမြုတေအဆင့်လား မသိဘူး…"
"မသိဘူးလေ… တစ်ခါမှလည်း မမြင်ဖူးဘူး…"
"သွားမေးကြမလား…"
"မေးချင်လည်း သွားမေးပေါ့…"
ကျန်းလန် လမ်းလျှောက်လာရင်း စကားသံများဖြင့် အသားမကျဖြစ်နေမိသည်။
သူ ခွန်လွန်တောင်သို့ ရောက်ကာစအချိန်က ကြားခဲ့ရသည့်စကားသံများနှင့် တူညီခြင်း မရှိတော့ပေ။
ကျန်းလန် အများကြီးမတွေးတော့ဘဲ ခွန်လွန်တောင် အဓိကခန်းမဆောင်ဘေးရှိ ရင်ပြင်သို့ လျှောက်သွားလိုက်သည်။
ထို့နောက်… ရင်ပြင်ထောင့်တစ်နေရာတွင် ရပ်နေလိုက်သည်။
ရင်ပြင်ထက်တွင် လေထဲတွင် လွင့်မျောနေသည့် ပြားချပ်ချပ်ပုံသဏ္ဍန် မှော်ဝင်ခရီးသွားယဉ်ကြီးတစ်စီးကို တွေ့ရသည်။ ထိုခရီးသွားယဉ်ကြီးက အာကာသယဉ်ပျံကြီးတစ်စင်းအလား ကြီးမားလွန်းလှသည်။
အချို့တပည့်များက ခရီးသွားယဉ်ကြီးထက်တွင် ထိုင်နေကြသည်။
ကျန်းလန်က ခရီးသွားယဉ်ပျံကြီးထက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုအခါ… ခရီးသွားယဉ်ကြီးထက်တွင် အင်မော်တယ်များလည်း ရှိနေသည်ကို သတိပြုလိုက်မိသည်။
ခရီးသွားယဉ်ကြီးထက်တွင် အားအနည်းဆုံး ကျင့်ကြံသူမှာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်၏။
သူသာ ထိုခရီးသို့ လိုက်ပါသွားပါက မူလဝိညာဉ်အဆင့်နှင့် မရှိမှုအာကာသအဆင့် ကျင့်ကြံသူများကြားတွင် တစ်ဦးတည်းသော ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေလိမ့်မည်။
အမှန်တော့… ကျန်းလန်က နှစ်ပေါင်း (၁၀၀) ကျော်အတွင်း ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် ရောက်ရှိအောင် ကျင့်ကြံနိုင်ခြင်းမှာ အဆင့်တက်ခြင်း အလွန်လျှင်မြန်သည်ဟု ဆိုနိုင်သည်။
သို့သော်… ရွှေပြဒါးအမြုတေအဆင့်ပြီးလျှင်တော့ လျှင်လျှင်မြန်မြန် အဆင့်တက်နိုင်တော့မည် မဟုတ်ပေ။
သူက ပါရမီရှင်တစ်ယောက် မဟုတ်သည့်အတွက် ပါရမီရှင်များကိုတော့ အမီလိုက်နိုင်မည် မဟုတ်ပေ။ မဟုတ်လျှင် အချို့ပါရမီရှင်များအနေဖြင့် သူ့အပေါ် သံသယဝင်လာကြမည် ဖြစ်သည်။
သူသာ ကျင့်ကြံခြင်းအဆင့်ကို ထိန်းမထားဘူးဆိုလျှင် လွယ်လွယ်နှင့် ရန်သူပေါများလာနိုင်ပေသည်။
ဤသည်က အကြောင်းမရှိဘဲ ပြဿနာကို လက်ရပ်မခေါ်မိစေရန် ကာကွယ်ခြင်းပင် ဖြစ်သည်။
ရင်ပြင်ထက်တွင် ပျံသန်းနေသည့် မှော်ဝင်ယဉ်ပျံကြီးရှိရာသို့ တပည့်များစွာ ဓားများကိုစီးနှင်ပြီး ပျံသန်းသွားလာနေကြသည်။
ကျန်းလန်ကတော့ မြင်ကွင်းကို ရင်ပြင်ထောင့်တစ်နေရာမှ လှမ်းကြည့်နေ၏။
အချိန်အတန်ကြာပြီးနောက်… မှော်ဝင်ယဉ်ပျံကြီးထက်တွင် တပည့်များစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ ခွန်လွန်တော်မှ အတော်ဆုံးတပည့်များ ဖြစ်ကြသည်။
ကျန်းလန်သည်လည်း နဝမတောင်ထွတ်မှ အတော်ဆုံးတပည့် ဖြစ်သည်။
ထို့ကြောင့်… ဆရာဖြစ်သူက ဤခရီးကို လိုက်ပါသွားရန် တိုက်တွန်းနေခြင်း ဖြစ်၏။
ထိုစဉ်…
"ဂိုဏ်းတူအစ်ကို… မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို သွားချင်ရင် ဘယ်လိုအရည်အချင်းတွေ ပြည့်မီအောင်လုပ်ရမလဲဟင်…"
ကျန်းလန်နံဘေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
မေးခွန်းမေးလာသူက ယခုမှ ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာရှိသေးသည့် ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်၏။
လွန်ခဲ့သည့် (၂)နှစ်ခန့်ကမှ ဂိုဏ်းသို့ ရောက်လာသူတစ်ယောက်ဖြစ်နိုင်လေသည်။
ကျန်းလန်က…
"ခွန်လွန်တောင် တောင်ထွတ်တွေက အတော်ဆုံးတပည့်ဖြစ်မယ်ဆိုရင် မင်း လိုက်သွားလို့ရတယ်…"
ဖြစ်နိုင်ချေ အရှိဆုံးကိစ္စကို ကျန်းလန်က ပြောပြလိုက်သည်။
သူက နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်လည်းဖြစ်သလို တစ်ဥိးတည်းသော ဆက်ခံသူတပည့်လည်း ဖြစ်သည်။
အနာဂတ်တွင်… နဝမတောင်ထွတ်မှ တောင်သခင်ပင် ဖြစ်လာနိုင်သည့် အလားအလာကောင်း ရှိသူတစ်ယောက် ဖြစ်၏။
လူငယ်လေးက ထပ်မေးလိုက်သည်။
"အဲဒီခရီးကိုလိုက်ဖို့ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ထားတာရော ရှိသေးလား…"
ကျန်းလန်က ပျံသန်းနေသည့် မှော်ဝင်ယဉ်ပျံကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ဟိုအပေါ်က ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေကတော့ မူလဝိညာဉ်အဆင့်က အနည်းဆုံးရှိကြတာပဲ…"
လူငယ်လေး စိတ်ရှုတ်ထွေးသွားပုံရသည်။
ထိုအချက်က သူ့အတွက် အလွန်အလှမ်းဝေးလှသည် မဟုတ်ပါလား။
မူလဝိညာဉ်အဆင့်…
ခွန်လွန်တောင်မှ ပါရမီရှင် တပည့်များပင်လျှင် မူလဝိညာဉ်အဆင့် ရောက်ရှိရန် နှစ်ပေါင်း (၁၅၀) ခန့် ကျင့်ကြံရသည်။
ပါရမီရှင်မဟုတ်သူများအတွက်တော့ နှစ်ပေါင်း (၃၀၀) အတွင်း မူလဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်လျှင် လုံလောက်ပြီဟု ဆိုနိုင်သည်။
"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို…"
လူငယ်လေးက ကျန်းလန်ကို ကျေးဇူးတင်စကားပြောပြီး အနားမှ ထွက်ခွာသွားသည်။
သူက ကျန်းလန်ကို နှောက်ယှက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
ကျန်းလန်ကလည်း သူ့ကိုစကားလာပြေသည့်အတွက် စိတ်အနှောက်အယှက် မဖြစ်ပေ။
လူငယ်လေးထွက်သွားပြီးနောက် သူက အခြေအနေများကို ဒီအတိုင်းသာ ရပ်ကြည့်နေလိုက်သည်။
ရင်ပြင်ထက်တွင် ကျင့်ကြံခြင်းအဆင့် အမျိုးမျိုး ရှိကြသည့် တပည့်များစွာ ရှိနေကြသည်။ သူတို့က ဝိုင်းဖွဲ့လျှက် စကားစမြည်များ ပြောဆိုဆွေးနွေး နေကြ၏။
အများစုက မှော်ဝင်တိမ်တိုက်တောင်သို့ ထွက်ခွာကြမည့် မှော်ဝင်ယဉ်ပျံကြီးထက်မှ တပည့်များကို အားကျနေကြလေသည်။
ထိုသူများကို စံပြအဖြစ်သတ်မှတ်နေကြပြီး သူတို့ကတော့ မလိုက်ပါနိုင်သေးသည့်အတွက် နှမျောတသ ဖြစ်နေကြသည်။
"နည်းနည်းတော့ ဆူညံပေမယ့် အတွေ့အကြုံရတာပေါ့လေ… ၊ ဆရာပြောတာမှန်တယ်… တစ်ခါတစ်လေတော့ ငါလည်း ခွန်လွန်တောင်ပေါ်မှာတော့ လျှောက်ပြီး လေ့လာသင့်တယ်…"
မည်သို့ပင်ဖြစ်စေ… ကျန်းလန်က အလွန်အကျွံလှည့်လည်သွားလာခြင်း မပြုရန်တော့ ဆုံးဖြတ်ထားသည်။
အခြားသူများ သူ့ကို အာရုံမစိုက်မိအောင် နေထိုင်ရန် လိုအပ်သည် မဟုတ်ပါလား။
မကြာမီ… မှော်ဝင်ယဉ်ပျံကြီးက ထွက်ခွာရန် အသင့်ပြင်လျှက် ရှိသည်။
မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်ပါမည့် တပည့်အားလုံးနီးပါးလည်း ယဉ်ပျံထက် ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုအချိန်… မှော်ဝင်ယဉ်ပျံကြီးရှေ့တွင် အင်မော်တယ်တစ်ပါး ပေါ်လာလေသည်။
ထိုအင်မော်တယ်က လူရွယ်တစ်ယောက်ဖြစ်ပြီး ဆံပင်များက အနည်းငယ် ရှုတ်ပွလျှက် ရှိသည်။ ထူးခြားသည်မှာ… ထိုသူ၏ဆံပင်တစ်လိုင်းက အဖြူရောင်ထင်ထင်ရှားရှားရှိနေခြင်းပင်…။
ထိုသူသည်ကား နဝမတောင်ထွတ်သို့ လာရောက်လည်ပတ်ဖူးသည့် ကျိုးကျုန်းထျန်းပင် ဖြစ်သည်။
သူက ရင်ပြင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ဘယ်တပည့်လိုက်ချင်သေးလဲ… ၊ အခု လိုက်လို့ရသေးတယ်… အချိန်မီသေးတယ်နော်…"
ထိုအကြီးအကဲက သူ့ကိုကြည့်ပြိးပြောနေသည်ဟု ခံစားလိုက်ရသောကြောင့် ကျန်းလန် ချက်ချင်းပင် ခေါင်းငုံ့မျက်နှာလွှဲလိုက်သည်။
ကျိုးကျုန်းထျန်းက အမှန်တကယ်ပင် ကျန်းလန်ကို ကြည့်နေခြင်း ဖြစ်သည်။
သို့သော်… ကျန်းလန်ကိုကြည့်ရသည်မှာ ခရီးစဉ်တွင် အမှန်တကယ်လိုက်ပါလိုဟန် မရှိပေ။ ထို့ကြောင့်… အတင်းမခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍သာ… ကျန်းလန်ပုံစံက လိုက်ချင်သလိုလို ချီတုံချတုံ ပုံစံမျိုး ဖြစ်နေမည်ဆိုလျှင် သူက ကျန်းလန်ကို ခေါ်သွားရန် ရည်ရွယ်ထားသည်။
သို့သော်… ခေါင်းငုံ့မျက်နှာလွှဲလိုက်သည့် ကျန်းလန်ကြောင့် ခေါ်ရန်အစီအစဉ်ကို လက်လျှော့လိုက်တော့သည်။
"ကဲ… လိုက်မယ့်သူ မရှိဘူးဆိုရင်တော့ သွားကြရအောင်…"
ကျိုးကျုန်းထျန်းက နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။
ထို့နောက်… မှော်ဝင်ယဉ်ပျံကြီးက ကောင်းကင်ထက် ပျံသန်းထွက်ခွာသွားလေတော့သည်။
"အန္တရယ်ကင်းတဲ့ခရီးဖြစ်ပါစေ… ဂိုဏ်းတူအစ်ကိုများနဲ့ ဂိုဏ်းတူအစ်မများ…"
တပည့်အငယ်များက သူတို့ကို ဆုတောင်းစကားဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ကျန်းလန်လည်း ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
အမှန်တော့ ကျန်းလန်လည်း မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲသို့ လိုက်သွားချင်မိသည်။
သို့သော်… အန္တရယ်ကင်းမည်မှာ မသေချာသောကြောင့် မည်သူတွေ မည်မျှ စွဲဆောင်ပါစေ ကျန်းလန်ကတော့ ဆုံးဖြတ်ချက်ကိုပြင်ဆင်ရန် ဆန္ဒမရှိပေ။
နောက်တစ်ကြိမ်မှ လိုက်သွားရန်သာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
နောက်တစ်ကြိမ်ဆိုလျှင်တော့… ကျန်းလန်လည်း အင်မော်တယ်ဖြစ်နေပေလောက်ပြီ…။ အနည်းဆုံးတော့ လူသားအင်မော်တယ်ပေါ့လေ…။
ထိုသို့ဆိုလျှင် သူ့ဆရာ၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာရောက်ပေလိမ့်မည်။
ဆရာဖြစ်သူဖြစ်စေချင်သလို နဝမတောင်ထွတ်မှ တပည့်သည်လည်း စုဝေးပွဲများနှင့် ခွန်လွန်တောင်မှ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်သူ ဖြစ်လာပေလိမ့်မည်။
ကျိုးကျုန်းထျန်းနှင့် တပည့်များ လိုက်ပါသွားသည့် မှော်ဝင်ယဉ်ပျံကြီးထွက်ခွာသွားသည်နှင့် ရင်ပြင်မှ တပည့်များလည်း ပြန်သွားကြလေသည်။
ကျန်းလန်လည်း နဝမတောင်ထွတ်သို့ ပြန်ပြီး ကျင့်ကြံခြင်းပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ခွန်လွန်တောင်မှ အတော်ဆုံးတပည့်များ၏ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲခရီးစဉ်ကတော့ အချိန် (၃)လခန့် ကြာမြင့်မည် ဖြစ်သည်။
သို့သော်… ကျန်းလန်ကတော့ ထိုအကြောင်းများကို စိတ်ထဲ မထားတော့ပေ။