← Chapters

။ အတော်လေးအလုပ်ရှုပ်နေသော လီပိုင်။

Vol. 18 Ch. 239

။ အတော်လေးအလုပ်ရှုပ်နေသော လီပိုင်။

Vol. 18 Ch. 239

" မင်းကိုမင်း အရူးလုပ်နေတာပဲ ! "

" မင်းတို့အားလုံးက ရေတွင်းထဲက ဖားသူငယ်ပါပဲလေ ။ ဒီအရှင်သခင်က ကောင်းကင်ကြီးဘယ်လောက်မြင့်တယ်ဆိုတာကို ပြရတာပေါ့ကွာ ။ "

ရှောင်းရွှမ်သည် ဝမ်ဖုန်းနှင့်အခြားသူများကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည် ။ သူ၏အသံဟာ မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်မြည်ဟည်းသွားလေသည် ။

ရှေးဟောင်းရှောင်းမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ကျင့်ကြံဆင့်ကားတာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့်၌ ရှိနေလေသည်။ ရှောင်းရွှမ်က အလွန်အမင်းမောက်မာသည်မှာလည်း သဘာဝကျလှပေသည် ။ သူ၏အဆင့်အတန်းက ထျန်းလန် အလယ်ပိုင်းဒေသတွင်တောင် မြင့်မားသောအဆင့်အတန်းတစ်ခုပဲဖြစ်သည် ။

သူက မေးခွန်းလေးနှစ်ခုပဲ မေးခဲ့တာပါနော် ။ ဒီပုရွတ်ဆိတ်တွေက သူ့ကို ကြောက်နေတယ်လို့ထင်နေတာလား ။ တကယ့်ကိုရယ်စရာပဲ ။

ဒီလူများက ထျန်းလန်အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းခွဲမှဆိုရင်တောင် သူသတ်ချင်တယ်ဆိုရင် သတ်ပစ်မှာပဲဖြစ်သည် ။ ရှောင်းမိသားစုသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် အသန်မာဆုံးရှေးဟောင်းမိသားစုတစ်ခု မဟုတ်သော်လည်း မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားပေသည် ။

ဘုန်း !

ရှောင်းရွှမ်၏စကား ဆုံးသွားသည်နှင့်တပြိုင်နက် တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာခဲ့သည် ။ အဆိုပါစွမ်းအားကြီးဟာ ကောင်းကင်ပြိုကွဲလုမတတ် ဖိအားများကိုပိုင်ဆိုင်ထားပြီး ဝမ်ဖုန်းနှင့်အခြားသူများကို ဖိနှိပ်လျက်ရှိသည်။

ရှန်ရှန့်ကျုံဂိုဏ်း အထက်ကောင်းကင်ယံတွင် အခြေအနေများဟာ ရုတ်ချည်းပြောင်းလဲသွားလေသည် ။ ကြောက်မက်ဖွယ်ဖိအားကြီးကြောင့် လေထုဟာ ပကတိမျက်စိနှင့် တွေ့မြင်နိုင်သောအရှိန်ဖြင့် ပုံပျက်လာခဲ့သည်။

ဤကဲ့သို့သော သွေးပျက်ဖွယ်မြင်ကွင်းက ရှိနေကြသောလူများအားလုံးကို အကြောက်တရားနှင့်တုန်ယင်သွားစေခဲ့သည် ။ ယဲ့ရှန်းအိမ်တော်မှ အကြီးအကဲများမှတစ်ယောက်ဖြစ်သောစုချင်း ၊ ရှန်ရှန့်ကျုံဂိုဏ်းကို ယခုလေးတင်ကမှ ဝင်ရောက်လာသောဂိုဏ်းသားသစ်လေးများ ၊ သူတို့အားလုံး၏ခန္ဓာကိုယ်များသည် အထိန်းအကွပ်မရှိတုန်ရီနေကြကာ မြေပြင်ပေါ်ဒူးထောက်ကျလုမတတ် ဖြစ်နေကြသည် ။

ရှောင်းရွှမ်ထုတ်လွှတ်လိုက်သောဖိအားက သူတို့ကို ဦးတည်လာခြင်းမရှိသော်လည်း ပျံ့လွင့်လာသောဖိအားအနည်းငယ်ကတောင် သူတို့၏စိတ်ဝိညာဉ်ကို တုန်ယင်သွားစေခဲ့သည် ။ သူတို့၏ခန္ဓာကိုယ်တစ်ဝိုက်ဟာ ငရဲတွင်နစ်မြုပ်နေသည့်အလား ခံစားနေကြရကာ တစ်ကိုယ်လုံးတုန်ယီနေပြီး ထိန်းချုပ်မရဖြစ်နေကြသည်။

သို့ပါသော်လည်း နောက်တစ်ဒင်္ဂတွင်ရှောင်းရွှမ်တစ်ယောက် မျက်မှောင်ကိုကြုံ့လိုက်မိသည် ။ သူထုတ်လွှတ်နေသောဖိအားမှာ မည်သည့်တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့်စွမ်းအားရှင်တစ်ယောက်ကို ဖြူဖျော့သွားစေရန် လုံလောက်ပေသည် ။

သို့ပါသော်လည်း တာအိုအုပ်စိုးသူ အစောပိုင်းအဆင့်တွင်ရှိနေကြသော ဝမ်ဖုန်းနှင့်အခြားသူများကတော့ ဤစွမ်းအင်လှိုင်းကို သက်တောင့်သက်သာ ခုခံနိုင်သေးသည် ။ သူတို့ဟာ တည်ငြိမ်နေဆဲဖြစ်ပြီး ဤစွမ်းအားလှိုင်းက သူတို့အပေါ် သက်ရောက်မှုတစ်စုံတစ်ရာ မရှိသည့်အလားပင် ။

" ဟမ့် ! "

ရှောင်းရွှမ်သည် အေးစက်စွာနှာမှုတ်လိုက်သည် ။ သူဟာ လက်တစ်ဖက်ဆန့်ထုတ်ပြီး အသာအယာဖိချလိုက်သည် ။ မိုင်တစ်သိန်းပတ်ပတ်လည်ရှိ ဆန်းကြယ်‌ေသာချီစွမ်းအင်များမှာ ရုတ်ချည်းစုစည်းသွားကာ လေထုအတွင်း၌ ကြီးမားသောလက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။

အဆိုပါလက်ဖဝါးကြီးဟာ မိုးကောင်းကင်နှင့်နေမင်းကို ဖုံးကွယ်ထားလေသည် ။ ထိုလက်ဖဝါးကြီးထွက်ပေါ် လာသည်နှင့်တပြိုင်နက် ရှန်ရှန့်ကျုံဂိုဏ်းရှိ အလင်းရောင်များအားလုံးမှာ မှေးမှိန်ကျသွားသည် ။ လက်ဖဝါးကြီးသက်ဆင်းမလာခင် ကပင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုက ထွက်ပေါ်လာခဲ့ပြီဖြစ်သည် ။ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ ကွေ့ယုတောင်‌တန်းတစ်ခုလုံးသည် သိမ့်သိမ့်တုန်ခါသွားလေသည် ။

ရှောင်းရွှမ်၏လက်ဖဝါးသည် ဝမ်ဖုန်းနှင့်အခြားသူများကို ဖျက်ဆီးပစ်ရုံသာမက ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံးကိုပါ ဖျက်ဆီးပစ်ပေလိမ့်မည် ။

" ရှောင်းရွှမ် ၊ ဒီဧကရီက မင်းကိုမှတ်ထားလိုက်မယ် ။ ဒီဧကရီသာ ပြန်လည်ဝင်စားခြင်းကပ်ဘေးကို ဖြတ်ကျော်ပြီးသွားရင် ရှောင်းမိသားစုကိုသွားပြီး မင်းရဲ့ပါးကို ဖြတ်ရိုက်လိုက်ဦးမယ်ကွ ! "

တပည့်သစ်လေးများအကြားတွင် မတ်တပ်ရပ်နေသော မိန်းမငယ်လေးသည် ကောင်းကင်ပေါ်ရှိ ဧရာမလက်ဖဝါးကြီးကို အရုပ်ဆိုးအကျည်းတန်သောမျက်နှာဖြင့် စူးစိုက်ကြည့်နေသည် ။ သူမဟာ မကြာသေးမီကမှ စွမ်းအားအချို့ကို ပြန်လည်စုဆောင်းမိတာဖြစ်သည် ။ ယခုအချိန်မှာတော့ စွမ်းအားများကို အကျိုးမဲ့သုံးပစ်ရဦးမယ် ။

စင်မြင့်ပေါ်ရှိ စုချင်းကဲ့သို့သောအကြီးအကဲများက ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ သူတို့ဟာ ပိုလို့တောင် စိတ်ပျက်အားလျော့သွားတော့သည် ။ စုချင်းသည် ခါးခါးသီးသီးပြုံးကာ တီးတိုးရေရွတ်လိုက်သည် ။ " အိမ်တော်သခင် ၊ သခင်တွေးတာမှားသွားပြီ ။ ကျွန်မတို့ကိုကာကွယ်ဖို့ သခင်က ရှန်ရှန့်ကျုံဂိုဏ်းမှာနေရစ်စေခဲ့တယ်။ ဒါပေမယ့် ရလာဒ်ကတော့ .... "

ဝမ်ဖုန်းသည် မိုးကောင်းကင်မှ တဖြည်းဖြည်းသက်ဆင်းလာသော ဧရာမလက်ဖဝါးကြီးကို မော့ကြည့်နေသည် ။ သူ၏မျက်နှာအမူအယာဟာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်စိုးရိမ်ကြောင့်ကျမှုမှ ရှိမနေခဲ့ပေ ။

သို့ပါသော်လည်း စုချင်းနှင့်အခြားသူများ၏အမြင်တွင်တော့ ဝမ်ဖုန်း၏အမူအယာဟာ ကြောက်လန့်နေသည့်ပုံပေါ်နေပေသည်။

" သေရေသောက်ပြီးလူသတ်ခြင်းဟာ မြက်ပင်များကို ရိတ်သိမ်းသလိုပါတကား ! "

ဤကဲ့သို့သော သေရေးရှင်ရေးကာလတွင် မောက်မာခက်ထန်သော ရယ်မောပြောဆိုသံကြီးတစ်သံက ကမ္ဘာလောကအတွင်း ထွက်ပေါ်လာခဲ့လေသည် ။ များမကြာမီတွင်အဖြူရောင်ပုံရိပ်လေးတစ်ခုသည် လေထုအတွင်း ထွက်ပေါ်လာခဲ့သည် ။ သူဟာ အရပ်ရှည်ပြီး တောင့်ဖြောင့်သောအမျိုးသားတစ်ယောက်ဖြစ်သည် ။ ဖြူလွှလွှဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင် ဘူးသီးခြောက်တစ်လုံးကို ကိုင်ဆောင်ထားသည် ။ သူ၏ခါးထက်တွင် ရှည်လျားသောဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားပြီး မဟူရာပိတုန်းရောင်ကဲ့သို့နက်မှောင်သော ဆံကေသာများကလည်း ပြင်းထန်သောလေအဟုန်ကြောင့် ဝဲလွင့်နေသည် ။ ချောမောခန့်ညားသော မျက်နှာတစ်ခုကလည်း ရှိနေသေးသည် ။ သူ၏ နှုတ်ခမ်းဝန်းကျင်တွင် ခပ်ဖွဖွမုတ်ဆိတ်မွှေးများကို ရိုးတိုးရိပ်တိပ် မြင်နေရသည်။ သူ့မျက်ဝန်းများဟာ မိုးကောင်းကင်ယံမှ ကြယ်ပွင့်များအလား နက်ရှိုင်းတောက်ပနေသည် ။

သူထွက်ပေါ်လာသည့်အခါ လက်ဖဝါးကြီးဟာ ရွေ့လျားနေခြင်းရပ်တန့်သွားပြီး လေထုအတွင်းလှုပ်ရှားနိုင်ခြင်းမရှိပဲ ပိတ်မိသွားခဲ့သည် ။

ထိုပုံရိပ်ကိုစူးစိုက်ကြည့်ရင်း ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားခဲ့သည် ။ အရက်မူးသမားလီပိုင် .. အိုမဟုတ်သေးဘူး .. ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အစောင့်အရှောက်ကြီးလီပိုင် ။ နောက်ဆုံးတော့ ရောက်လာပြီပဲ ။

" ဂိုဏ်းချုပ် ၊ ကျုပ် ဝိုင်အိုးတစ်ဝက်ပဲသောက်ရသေးတယ် ။ ဂိုဏ်းချုပ်ကထပ်ပြီး အန္တရာယ်နဲ့ကြုံရပြန်ပြီလား ။ နောက်တစ်ကြိမ်ကြရင် နည်းနည်းလောက်ပိုပြီး ဂရုစိုက်ပေးလို့မရဘူးလားဗျာ ။ ကိုယ့်ခွန်အားထက် သာလွန်တဲ့ရန်သူတွေကို လိုက်ပြီးရန်စမနေနဲ့လေ ။ ကျုပ်က အမြဲတမ်းအားနေတာမဟုတ်ဘူးနော် ။ "

လီပိုင်သည် ရှောင်းရွှမ်ကိုလစ်လျူရှုလိုက်ပြီး ဝမ်ဖုန်းကို လှည့်ကြည့်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည် ။

ဝမ်ဖုန်းသည် မျက်လုံးလှိမ့်ကာ ပြောဆိုလိုက်သည် ။ " မင်းနောက်တစ်ကြိမ်ထပ်ထွက်လာရင် ငါမင်းကို ပြိုင်ဘက်ကင်းသေရည်တစ်အိုး လက်ဆောင်ပေးမယ် ။ "

" ဒါအမှန်ပဲလား ။ "

" ဒါပေါ့ ။ "

" ကောင်းပြီ ။ ဒီလူကအားနည်းပေမယ့်လည်း ဂိုဏ်းချုပ်က အရမ်းကိုကောင်းလွန်းနေမှတော့ ငါလီပိုင်က ဒီအမှိုက်ကို ဖြေရှင်းပေးပါ့မယ် ။ "

ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ လီပိုင် သည် ဝမ်ဖုန်းကို လေးလေးနက်နက်ဂါဝရပြုလိုက်ပြီး မောက်မာသောလေသံဖြင့် ပြောဆိုလိုက်သည် ။

ဝမ်ဖုန်း၏နှုတ်ခမ်းများဟာ ထိန်းချုပ်မရစွာ တုန်ယင်လာခဲ့သည် ။ သူဟာ ကြီးမြတ်သောဂိုဏ်းချုပ်ကြီးဖြစ်ပါ၏ ။ သို့ပါသော်လည်း သူ့လက်အောက်ငယ်သားကို ဝိုင်ဖြင့် မြူဆွယ်နေရတယ်တဲ့လား ။

ဝမ်ဖုန်းနှင့်လီပိုင်တို့ စကားပြောနေကြစဉ်တွင် ရှိနေကြသည့်လူများအားလုံး ကြောင်အသွာကြသည် ။ အခုလေးတင်ထွက်လာတဲ့သူက တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို အားနည်းတယ်လို့ ပြောလိုက်တာလား ။

ဒါက ... သူတို့အိမ်မက်မက်နေကြတာတော့ မဟုတ်ပါဘူးနော် ။ ဟုတ်တယ်မလား ။

မိန်းမငယ်လေးသည်တောင်မှ ကြောင်အသွားခဲ့သည် ။ သူမဟာ မျက်မှောင်ကြုံ့လိုက်ပြီး လေထုထဲမှ လီပိုင် ကို စူးစိုက်ကြည့်လိုက်သည် ။ သူမက လီပိုင်၏ကျင့်ကြံဆင့်ကို အာရုံခံကြည့်ရှုတော့မည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကတုန်ယင်သွားပြီး နေရာမှာတင် ခဲတောင့်သွားတော့သည် ။

လီပိုင် သည် အဓိပ္ပါယ်ရှိသောအပြုံးတစ်ခုကိုပြုံးလျက် မိန်းမငယ်လေးကို စိုက်ကြည့်နေခြင်းဖြစ်သည် ။ လီပိုင် ၏အကြည့်ကြောင့် မိန်းမငယ်လေးမှာ အလျင်စလိုလှုပ်ရှားဝံ့ခြင်းမရှိတော့ပေ ။

" သေချင်နေတာပဲ ။"

လီပိုင်၏စကားများကို ကြားလိုက်ရသည့်အခါ ရှောင်းရွှမ်က အရမ်းကိုဒေါသထွက်သွားပြီး တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်၏ မြင့်မြတ်သောအရှိန်အဝါများက ထိန်းချုပ်မရ ထွက်ပေါ်လာခဲ့သည် ။ သူဟာ လက်ကိုဆန့်ထုတ်ပြီး ကုတ်ဆွဲလိုက်သည် ။ မိုးပြာရောင်ရှည်လျားသောဓားရှည်တစ်ချောင်းသည် သူ၏လက်အတွင်း၌ ဖြစ်ပေါ်လာခဲ့သည် ။

သူက ရှောင်းမိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲဖြစ်သည် ။ ဒီလူတွေကသူ့ကို သိက္ခာချနေကြတာလား ။ ထျန်းလန်အလယ်ပိုင်းဒေသမှာတောင် သူ့ကိုအားနည်းတယ်လို့ ဘယ်သူမှမပြောရဲဘူးကွ ။

ဒီအချိန်မှာပဲ ရှောင်းရွှမ်တစ်ယောက် ဒေါသပုန်ထနေပြီဖြစ်သည် ။ သူဟာ ထွက်ပေါ်လာသောဓားရှည်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ရေပြင်ညီအတိုင်း ပိုင်းဖြတ်လိုက်သည် ။ လခြမ်းကွေးသဏ္ဍာန် ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည် ။

အဆိုပါလခြမ်းကွေးသဏ္ဍာန် ဓားအလင်းကြီးထွက်ပေါ်လာသည့်အခါတွင် လေထုကြီးတစ်ခုလုံးသည် ထပ်ခြမ်းပိုင်းသွားသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည် ။ ကြောက်မက်ဖွယ်စွမ်းအားမုန်တိုင်းကြီးတစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါလာစေခဲ့သည် ။

ဝမ်ဖုန်းနှင့်အခြားသူများသည် အဆိုပါဓား၏ထက်မြမှုကို ခံစားသိရှိလိုက်ရသည် ။ လီပိုင်ကသူတို့ကို ကာကွယ်ပေးထား၍သာမဟုတ်ပါက ဤဓား၏ အရှိန်အဝါအနည်းငယ်လေးကိုတောင်မှ သူတို့၏ကျင့်ကြံဆင့်ဖြင့် ခုခံနိုင်လိမ့်မည်မဟုတ်ပေ ။

ရှောင်းရွှမ်၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ လီပိုင်သည် အထင်အမြင်သေးစွာ ပြုံးလိုက်သည် ။ သူဟာ လက်ချောင်းနှစ်ချောင်းကိုပူးကပ်လိုက်ပြီး ဓားတစ်ချောင်းသဏ္ဍာန် ဝှေ့ယမ်းလိုက်သည် ။ ယင်းနောက် မျက်စိကျိန်းလောက်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည် ။

အဆိုပါအလင်းတန်းကြီး ထွက်ပေါ်လာသည့်အခါ မိုးကောင်းကင်ယံရှိ အနက်ရောင်တိမ်စိုင်များသည် ထပ်ခြမ်းပိုင်းခံလိုက်ရသည် ။ နေရောင်ခြည်ဟာ ပိုင်းပြတ်သွားသောတိမ်စိုင်များ၏ ကြိုကြားကြိုကြားမှ ထွန်းလင်းတောက်ပနေလေသည် ။

ဤမျက်စိကျန်းလောက်သောအလင်းတန်း ထွက်ပေါ်လာသည့်အခါ ရှောင်းရွှမ်၏ဓားချက်သည် ရုတ်ချည်းဆိုသလို ပြိုကွဲသွားရသည် ။ ရှောင်းရွှမ်၏ဓားအလင်းတန်းသည် ကြယ်မှုန်လေးများအလား တဖြုတ်ဖြုတ်ကြွေကျသွားကာ ကောင်းကင်နှင့်မြေပြင်ကြားမှ ထာဝရနှုတ်ဆက်ခွဲခွာသွားရတော့လေသည် ။

ရှောင်းရွှမ်၏ဝတ်ရုံသည်လည်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေသည် ။ ရှောင်းရွှမ်တစ်ယောက် အချိန်မှီမတုန့်ပြန်နိုင်လိုက်ပဲ လခြမ်းကွေးသဏ္ဍာန် အင်မတန်ထက်မြသော ဓားအလင်းတန်းကြီးတစ်ခု ပြေးဝင်လာတာကိုသာ မြင်လိုက်ရလေသည် ။ အရှိန်နှုန်းမှာ အရမ်းကိုမြန်ဆန်လွန်းလှပေသည် ။

ရှောင်းရွှမ်သည် သူ၏ခွန်အားအကုန်သုံး၍ ခုခံချင်ခဲ့သည် ။ သို့ပါသော်လည်း သူဘာမှမလုပ်နိုင်သေးခင်တွင် ထက်မြသောဓားချီသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး သူ၏မျက်နှာအမူအယာများကလည်း ချက်ချင်းကို အေးခဲသွားလေသည် ။

သူက လီပိုင်ကို ဗလာမျက်ဝန်းများဖြင့်စိုက်ကြည့်ပြီး လက်မြှောက်ကာ လက်ညှိုးထိုးလိုက်သည် ။ သူသည် တစ်စုံတစ်ခုကို ပြောဆိုချင်ခဲ့သော်လည်း သူ့နှုတ်ဖျားမှ စကားလုံးများ ထွက်မလာသေးခင်မှာပင် အသက်ပျောက်သွားခဲ့သည် ။

ဤဓားစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဖြတ်တောက်လိုက်ရုံသာမက သူ၏စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးလိုက်ခြင်းဖြစ်သည် ။

တာအိုအုပ်စိုးသူအဆင့်ကို ရောက်ရှိပြီးပါက လက်တစ်ဖက်ပြတ်တောက်သည်ဖြစ်စေ ။ ခန္ဓာကိုယ်တစ်ခုလုံးစုတ်ပြဲသည်ဖြစ်စေ ဒဏ်ရာအကြီးအကျယ်ရသည်ဟု မဆိုနိုင်တော့ပေ ။ စိတ်ဝိညာဉ်ပျက်စီးမှသာလျှင် သေဆုံးသွားရမှာဖြစ်သည် ။

All Chapters