။ ဒီဧကရီက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို အလိုရှိနေတယ်။
Vol. 18 Ch. 240
လူတိုင်း၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ရှောင်းရွှမ်၏ခန္ဓာကိုယ်သည် လေထုထဲမှ ပြုတ်ကျလာခဲ့သည်။ ကျယ်လောင်သော 'ဘုန်း'ကနဲမြည်သံကြီးနဲ့အတူ မြေပြင်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ မြေပြင်ဟာ ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့လေသည်။
တိတ်ဆိတ်ခြင်း...
သုသာန်တစပြင်အလားတိတ်ဆိတ်ခြင်း...
ကျန်းစန်ဖုန်းနှင့် အခြားသူများသည် ချက်ချင်းကို ထိတ်လန့်ကြောင်အသွားကြသည်။ သူတို့ဟာ လီပိုင် ကို ယခင်ကမြင်ခဲ့ဖူးပြီး လီပိုင်က တာအိုအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့တာကို သိခဲ့ဖူးလေသည်။ သို့ပါသော်လည်း လီပိုင်၏ဓါးချက်ကို တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားရှင်ကတောင် မခုခံနိုင်ဘူးဆိုတာကိုတော့ သူတို့မတွေးမိခဲ့ပေ။
ဂိုဏ်းချုပ်က အရမ်းကိုတည်ငြိမ်ပြီး အကြောက်အလန့်မရှိတာ အံ့ဩစရာမဟုတ်တော့ပါဘူးလေ။ ဒါဆိုဂိုဏ်းချုပ်က လွီပုအရမ်းသန်မာတယ်ဆိုတာ သိပြီးသားပေါ့။
အောက်ဖက်ရှိစုချင်းနှင့် အခြားသူများ ၊ ရှန်ရှန့်ကျုံဂိုဏ်းကို ယခုလေးတင်ဝင်ရောက်လာကြသော ဂိုဏ်းသားအသစ်လေးများကတော့ ပို၍တောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ဟာ ကျောက်ရုပ်ထုများအလား ငေးငိုင်သွားကြပြီး အလွန်တရာထိတ်လန့်အံ့ဩသွားကြလေသည်။
ကမ္ဘာကြီးအပေါ် သူတို့၏အမြင်များ ပြိုကျပျက်စီးလာသလို ခံစားလိုက်ရသည်။ သူတို့အားလုံးဟာ အတွေးကွန်ယက်မှ ရုန်းမထွက်နိုင်ကြသေးပေ။
လက်နှစ်ချောင်း အတူပူးပြီး လှုပ်ခတ်လိုက်ရုံနဲ့ တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားရှင်ကို သတ်ဖြတ်လိုက်တာလား?။ ဒါကြီးက ကြောက်စရာမကောင်းလွန်းဘူးလား?။
ဤအချိန်တွင် စုချင်းတစ်ယောက် ယခင်က ဝမ်ဖုန်းပြောပြခဲ့ဖူးသော ရှန်ရှန့်ကျုံဂိုဏ်း၏ သမိုင်းကြောင်းကို ပြန်မတွေးမိဘဲ မနေနိုင်တော့ပေ။ ဂိုဏ်းချုပ်ဝမ်ပြောခဲ့တာတွေက တကယ့်ကို အမှန်တရားဖြစ်ပုံရတယ်။
ရှန်ရှန့်ကျုံဂိုဏ်းဟာ တစ်ကယ်ပဲမိုးကောင်းကင်နဲ့ ကမ္ဘာမြေကို ဖိနှိပ်ခဲ့ဖူးတယ်။ ဒီလိုမှမဟုတ်ရင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားရှင်မျိုး ဘယ်မှာရှိနေမှာလဲ?။
"တာအိုအင်မော်တယ် စွမ်းအားရှင်..."
ဂိုဏ်းသားအသစ်လေးများ၏ အလယ်တွင် မိန်းမငယ်လေး၏ နုနယ်သော ခန္ဓာကိုယ်လေးသည် အဆက်မပြတ်တုန်ခါနေကာ တီးတိုးပြောဆ်ိုလိုက်လေသည်။ သူမ၏ အပြစ်ကင်းစင်သော မျက်ဝန်းလေးများထဲတွင် အကြောက်တရားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇစ်မြစ်ကဘာများလဲ?။ ဒီလိုသန်မာတဲ့ လူတစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားတာလား?။
ရှန်ရှန့်ကျုံဂိုဏ်းကို သူမ လက်အောက်ခံအဖြစ်ပြုလုပ်မယ့်အစီအစဥ်က ပျက်စီးသွားပြီလား? ။ ဟင့်အင်း... သူမကအခု ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲလေ။ သူမရဲ့ချမ်းသာကြွယ်ဝမှုကိုပြသပြီး ရှန်ရှန့်ကျုံဂိုဏ်း လက်ရှိဂိုဏ်းချုပ်ကို ဖြုတ်ချရမယ်။ ပြီးရင်သူမဂိုဏ်းချုပ်ရာထူးကို လုယူရမယ်။ ဒီလိုဆိုရင် အဲ့ဒီစွမ်းအားရှင်တွေက သူမရဲ့လက်အောက်ခံတွေ ဖြစ်မသွားဘူးလား?။
ဒီရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဒဏ္ဍာရီလာစွမ်းအားရှင်တွေကို သူမထိန်းချုပ်ရမယ်ကွ။ သန်မာတဲ့ တာအိုအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်၊ ဒါ့အပြင် ပြန်လည်ဝင်စားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူမ ၊ သစ္စာဖောက်ကွေ့ဝူ နင်ဘယ်ကိုပြေးဦးမလဲ?။ ဤအကြောင်းကို တွေးမိလိုက်သည့်အခါ မိန်းမငယ်လေး၏.မျက်လုံးများအတွင်းရှိအလင်းရောင်သည် တောက်ပသည်ထက် တောက်ပလာခဲ့သည်။ သူမဟာ လေထုထဲ မတ်တက်ရပ်နေသော ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များဟာ ကွေးတက်သွားလေသည်။ ဂိုဏ်းချုပ်... တောင်းပန်ပါတယ် ၊ ဂိုဏ်းချုပ်နန်းပလ္လင်မှာ အကြာကြီးမထိုင်နိုင်တော့မှာကို စိုးရိမ်မိတယ်။
"ဒင်... အစောင့်အရှောက်လွီပုမှ တာအိုအုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် တစ်သန်းနဲ့ အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်ကို ဆုချလိုက်သည်"
ဝမ်ဖုန်း၏ စိတ်အတွင်းထွက်ပေါ်လာသော အေး စက်စက်အသံက သူ၏မျက်လုံးများကို တောက် ပသွားစေခဲ့သည်။ သူဟာ စနစ်ကို အဆင့်ခြောက်သို့ မြှင့်တင်ခဲ့ပြီးနောက် အဆင့်မြင့်တာအိုကျပန်းဆင့်ခေါ်ခွင့် အခွင့်အလမ်းကို ဖွင့်လှစ်လိုက်လေသည်။ သို့ပါသော်လည်း သူယခင်ရရှိဖူးသော ဆုလဒ်များမှာ ရိုးရိုးသာမန် တာအိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်များသာဖြစ်ပြီး ယခုတစ်ကြိမ်မှသာ သူဟာအဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်ကို ပထမဆုံးရရှိခြင်းဘဲဖြစ်သည်။
ဒါ့အပြင် အဓိကဂိုဏ်းကြီး ၆ ဂိုဏ်းကို ဖျက်စီးလိုက်ပြီးနောက် သူဟာ တာအိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၉၄ ကြိမ်နှင့် တာအိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ်အပါအဝင် ဂိုဏ်းအမှတ် ၄၄.၂၉သန်းကိုစုစည်းနိုင်ခဲ့သည်။ ဤသည်မှာ ဝမ်ဖုန်းအတွက် မျှော်မှန်းမထားတဲ့ ချမ်းသာကြွယ်ဝမှုဘဲ ဖြစ်သည်။
စနစ်ကို အဆင့် ၇ အထိမြှင့်တင်ပြီးတာကိုသာ စောင့်လိုက်စမ်းပါ ၊ ထျန်းလန်အလယ်ပိုင်းဒေသကိုရောက်ရင် စွမ်းအားရှင်တွေအများကြီး ထပ်ပြီးဆင့်ခေါ်ပစ်လိုက်အုံးမယ်ကွ... ဒီလိုဆိုရင် လင်းယွင်ယွမ်ကျဲ မင်းဘာများဆက်လုပ်နိုင်ဦးမှာလဲ?။
"ဂိုဏ်းချုပ်.. ကျုပ်ရဲ့ပြိုင်ဘက်ကင်းသေရည်ကို မမေ့နဲ့ဦးနော် ၊ ဂိုဏ်းချုပ်မကြာခင်မှာ အခက်အခဲကြီးတစ်ခုနဲ့ ကြုံရဦးမယ်လို့ မျှော်လင့်ပါတယ်ဗျာ... ဂိုဏ်းချုပ်ပေးမယ့် ပြိုင်ဘက်ကင်းသေရည်ကို အရသာခံချင်နေပြီ"
ဝမ်ဖုန်းတစ်ယောက်ပျော်ရွှင်စွာ တွေးတောနေတုန်းမှာဘဲ သူ၏နားထဲ၌ ထွက်ပေါ်လာသော အသံကြောင့် သူ့မျက်နှာကြီးတစ်ခုလုံး မဲမှောင်သွားလေသည်။ သူဟာ တဖြည်းဖြည်းပျောက်ကွယ်သွားသော လီပိုင်၏ ပုံရိပ်ကို လှည့်ကြည့်လိုက်သည်။ သေရည်ကောင်းတွေအကြောင်း တွေးနေတုန်းလား? မင်းကိုပေးထားတဲ့သေရည်တွေသာ ကုန်အောင်သောက်စမ်းပါဦး!!
"စန်ဖုန်း.. ရှောင်းရွှမ်ရဲ့ သိုလှောင်လက်စွပ်က်ို ယူလာခဲ့" ဝမ်ဖုန်းသည် ရှောင်းရွှမ်၏ ခန္ဓာကိုယ်က်ို စိုက်ကြည့်လိုက်ပြီး ကျန်းစန်ဖုန်းကို ညွှန်ကြားလိုက်သည်။ ဤသည်မှာ တာအိုအုပ်စိုးသူ ကျင့်ကြံသူတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုများ ဖြစ်သည်။ ဒါက ထျန်းလန်မြောက်ပိုင်းဒေသရှိ အဓိကဂိုဏ်းကြီး ၆ ဂိုဏ်းစလုံး၏ ကြွယ်ဝမှုများထက် ပိုမိုများပြားမည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သိပ်မကြာခင်မှာပဲ ကျန်းစန်ဖုန်းသည် ရှောင်းရွှမ်၏ သိုလှောင်လက်စွပ်ကိုယူလာပြီး ဝမ်ဖုန်းကိုပေးလိုက်သည်။ ဝမ်ဖုန်းဟာ သိုလှောင်လက်စွပ်ကို လက်ခံရယူလိုက်ကာ ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူဟာ ကျန်းစန်ဖုန်းတို့နှင့်အတူ စင်မြင့်ပေါ်ပြန်လည်သက်ဆင်းလိုက်လေသည်။
ဒီအချိန်မှာဘဲ ရှန်ရှန့်ကျုံဂိုဏ်းကို ယခုလေးတင်ကမှ ဝင်ရောက်လာကြသော ဂိုဏ်းသားသစ်လေးများသည် သတိပြန်လည်လာပြီဖြစ်သည်။ သူတို့ဟာ ထခုန်လုမတက် အရမ်းကို စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုနေကြသည်။
"ဒါ... အဲ့ဒီလူကလည်း ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်ပဲလား"
"မြတ်စွာဘုရား... ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်နိိုင်ခဲ့တာ ငါအရမ်းကိုကံကောင်းတာဘဲ"
"ဒီလိုကြောက်မက်ဖွယ်တည်ရှိမှုကြီးကိုတောင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်က အလွယ်တကူ.သတ်လိုက်တာကွ... ဒီအချိန်ကစပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်သူကများ.ရန်စရဲဦးမှာလဲ?"
"ဟုတ်တယ်... ငါအပြင်ထွက်တဲ့အခါကျရင် ခေါင်းမော့ ရင်ကော့နိုင်ပြီ"
စိတ်အားတက်ကြွနေသော အသံများသည် ရှန်ရှန့်ကျုံဂိုဏ်း ကွင်းပြင်ကျယ်ကြီးထဲမှာ တစ်စတစ်စထွက်ပေါ်လာခဲ့လေသည်။ ဂိုဏ်းသားအသစ်လေးများကြား၌ ရှိနေသော မိန်းမငယ်လေးသည် အဆိုပါလူငယ်လေးများကို ရွံရှာနေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဒီလူတွေက ကမ္ဘာကြီးကို အခုမှမြင်ဖူးတဲ့ လူတွေလို ပြုလုပ်နေတာပါလား။ သူမဟာ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။
"စန်ဖုန်း... ဒီဂိုဏ်းသားတွေအတွက် မင်းစီစဥ်ပေးလိုက်ပါဦး ၊ ဒီအချိန်ကစပြီး အကြီးအကဲတွေက ဂိုဏ်းသားတွေကို အသုတ်ခွဲပြီး သေသေချာချာ လေ့ကျင့်သင်ကြားပေးရမယ်"
ဝမ်ဖုန်းသည် စိတ်လှုပ်ရှားနေသော ဂိုဏ်းသားငယ်လေးများကို ဝေ့ဝဲကြည့်လိုက်ပြီး ကျန်းစန်ဖုန်းကိုပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ကျန်းစန်ဖုန်းသည် ခေါင်းညိမ့်လိုက်သည်။ သူ၏ပုံရိပ်ဟာ ရုတ်ချည်းပျောက်ကွယ်သွားပြီး စင်မြင့်အထက်၌ ပြန်လည်ထွက်ပေါ်လာကာ ကျယ်လောင် သော လေသံဖြင့် ပြောဆိုလိုက်သည် "တိတ်တိတ်နေကြစမ်း... ဒီအကြီးအကဲနဲ့အတူလိုက်ခဲ့ ဒီအကြီးအကဲက မင်းတို့နေရမယ့်နေရာကို လိုက်ပြပေးမယ် ၊ မနက်ဖြန်က စပြီး မင်းတို့တွေ ကောင်းကောင်းကျင့်ကြံဖို့လိုအပ်တယ်... ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီး အကဲတွေက မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးလိမ့်မယ်"
"ဟုတ်ကဲ့ပါ!"
မြောက်များစွာသော ဂိုဏ်းသားများသည် တညီတ ညွတ်တည်း အော်ဟစ်လိုက်ကြသည်။ အော်ဟစ်သံကြီးဟာ မိုးချိန်းသံကြီးအလား ကျယ်လောင်လှပေသည်။ သူတို့အားလုံးဟာ တက်ကြွရွှင်လန်းနေကြကာ ကျင့်ကြံရေးစတင်ဖို့ မစောင့်နိုင်တော့ပေ။
ကျန်းစန်ဖုန်း၏ ဦးဆောင်မှုအောက်တွင် တစ်ထောင်ကျော်သော လူငယ်လေးများသည် ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ဝင်ရောက်သွားကာ သက်ဆိုင်ရာ နေရာများဆီသို့ လိုက်ပါသွားကြသည်။
စင်မြင့်ပေါ်တွင် ဝမ်ဖုန်းသည် စုချင်းနှင့် အခြားသူများကို စိုက်ကြည့်ကာ အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည် "အခု... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံလည်း ပြီးသွားပြီဆိုတော့ အကြီးအကဲစုနဲ့ တခြားသူတွေများ....."
ဘုံး...
သို့ပါသော်လည်း ဝမ်ဖုန်း၏စကားမဆုံးခင်မှာဘဲ စုချင်းက ချက်ချင်း ဒူးထောက်ချလိုက်လိမ့်မည်ဟုတော့ ဝမ်ဖုန်းတို့တတွေ မျှော်လင့်မထားခဲ့ပေ။ စင်မြင့်ဟာ စုချင်း၏ ဒူးထောက်မှုကြောင့် ရုတ်ချည်းပင် အက်ကွဲကြောင်းများဖြစ်ပေါ်လာတော့သည်။ စုချင်းတစ်ယောက် မည်မျှအားအင်သုံး၍ ဒူးထောက်ချခဲ့ကြောင်းကို ဤအချက်မှတစ်ဆင့် သိရှိနိုင်ပေသည်။
ယဲ့ရှန်းအိမ်တော်၏ အခြားသောအကြီးအကဲများကလည်း စုချင်းနောက်လိုက်၍ ဒူးထောက်လိုက်ကြသည်။
"ကျေးဇူးပြုပြီး... ဂိုဏ်းချုပ်ဝမ် ကျွန်မတို့ရဲ့ အိမ်တော်သခင်ကို ကယ်တင်ပေးပါ..."
စုချင်း၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ၏မျက်လုံးများဟာ ဝမ်ဖုန်းကို စူးစိုက်ကြည့်လျက် ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည်။ သူမ၏ အသံတွင် သောကဗျာပါတ များပါဝင်နေပြီး တောင်းပန်တိုးလျှိုးသည့် လေသံလည်း ပါဝင်နေပေသည်။
အခြားသော ယဲ့ရှန်းအိမ်တော်မှ အကြီးအကဲများကလည်း စကားမပြောကြဘဲ ဝမ်ဖုန်းကိုသာ.တေင်းပန်တိုးလျှိုးသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
အစက စုချင်းသည် ဝမ်ဖုန်းကို အကူအညီတောင်းရန် မတွေးမိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဤသည်က သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စပဲဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းကလည်းကူညီနိုင်မှာမှမဟုတ်ဘဲ။
သို့ပါသော်လည်း စောနက ရှောင်းရွှမ်ကို လီပိုင်မှ အလွယ်တကူသတ်ဖြတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ စုချင်းသည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် သူမအထင်အမြင်သေးမိသွားပြီဖြစ်ကြောင်း.သတိပြုမိလိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ အိမ်တော်သခင်ရဲ့ အခက်အခဲများကို ကူညီနိုင်ကောင်း ကူညီနိုင်ပေလိမ့်မည်။
"အကြီးအကဲစု... မင်းဘာတွေလုပ်နေတာလဲ? မတ်တပ်ထပြီး ပြောစမ်းပါ"
ဝမ်ဖုန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ စွမ်းအားတစ်ခုသည် စုချင်းနှင့် အခြားသူများကို ထူမလိုက်လေသည်။
"ဂိုဏ်းချုပ်ဝမ်... ရှင်သာ ကျွန်မတို့ရဲ့ အိမ်တော်သခင်ကို ကူညီပေးမယ်ဆိုရင် ကျွန်မ ယဲ့ရှန်းအိမ်တော်ရဲ့ မဟာအကြီးအကဲစုချင်းက ဂိုဏ်းချုပ်ဝမ်ကို ကတိပြုပါတယ် ၊ ကျွန်မရှန်ရှန့်ကျုံဂိုဏ်းအတွင်းကို ဝင်ရောက်ချင်ပါတယ်"
စုချင်း၏ မျက်ဝန်းများသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ နက်ရှိုင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။ သူမ၏ လေသံတွင် သံန္ဒိဌာန် ပြတ်သားမှုများပါဝင်နေပေသည်။
"ကျွန်မယဲ့ရှန်းအိမ်တော်ရဲ့ တတိယမြောက်အကြီး အကဲ ဝမ်ရှန်းကလည်း...."
"ကျွန်မ....."
စုချင်း၏ စကားဆုံးသွားသည့်အခါ စုချင်းအနောက်ဖက်ရှိ ယဲ့ရှန်းအိမ်တော်မှ အကြီးအကဲ ၅ ယောက်ကလည်း ထပ်တူညီသော စကားများကို ပြောဆိုလိုက်လေသည်။ သူမတို့၏ အသံများမှာ ရှန့်ရှန့်ကျုံဂိုဏ်း ကွင်းပြင် တစ်ခွင်၌ ပဲ့တင်ထပ်မြည်ဟီးသွားတော့သည်။