← Chapters

လုယက်ခြင်းသည်လည်း ကူးစက်တတ်၏။

Vol. 18 Ch. 241

လုယက်ခြင်းသည်လည်း ကူးစက်တတ်၏။

Vol. 18 Ch. 241

ရှန်ရှန့်ကျုံဂိုဏ်း၏ခန်းမဆောင်တွင် ဝမ်ဖုန်းသည် ထိပ်ဆုံးတွင်ထိုင်နေသည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများသည် အောက်ဘက်တွင်ရပ်နေကြလျက် စုချင်းနှင့်အခြားသူများသည် အလယ်တွင်ရပ်နေကြသည်။ ဝမ်ဖုန်းမှ စုချင်းတို့အားကြည့်၍ မေးလိုက်သည်။

“‌ဘာ‌‌ကိစ္စရှိလို့ပါလဲ”

ကနဦး၌ ဝမ်ဖုန်းသည် ယဲ့ရှန်းစံအိမ်တော်အား သိမ်းပိုက်ရန်အတွက် တိုက်ရိုက်အားသုံးရမည်လောဟု တွေဝေနေခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ ယဲ့ရှန်းစံအိမ်တော်သခင်မက တကယ်တော့ ထျန်းလန်အလယ်ပိုင်းဒေသရဲ့ ဇာမဏီမျိုးနွယ်စုရဲ့မင်းသမီးပါ။ စံအိမ်သခင်မဟာ မျိုးနွယ်စုက စီစဉ်ပေးတဲ့လက်ထပ်ပွဲကို မကျေနပ်တာကြောင့်မလို့ ဇာမဏီမျိုးနွယ်စုကနေ ထွက်ပြေးလာခဲ့တာပါ။ ဒီနှစ်တွေအတွင်းမှာ စံအိမ်သခင်မဟာ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အမြဲတမ်းကြောက်ရွံ့နေခဲ့ရပါတယ်။ ဇာမဏီမျိုးနွယ်စုရောက်လာပြီး သူမကို ပြန်ခေါ်သွားမှာကို အမြဲကြောက်ရွံ့စိုးထိတ်နေခဲ့ရတာပါ”

“အစကတော့ ဇာမဏီမျိုးနွယ်စုက တကယ်ကြီးရောက်လာလိမ့်မယ်လို့ ကျွန်‌မ‌တို့မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကပဲ စံအိမ်သခင်မဟာ ဇာမဏီမျိုးနွယ်စုတွေ ရောက်လာတာကြောင့် အမြန်ထွက်ပြေးသွားခဲ့ရပါတယ်။ ဇာမဏီမျိုးနွယ်စုက စံအိမ်သခင်မအနေနဲ့ တစ်နာရီအတွင်း ပြန်မလာခဲ့ရင် ယဲ့ရှန်းစံအိမ်ကိုဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်”

စုချင်းသည် ဝမ်ဖုန်းကိုကြည့်၍ အက်ကွဲစွာပြော၏။

ယဲ့ဟွမ်၏နောက်သို့ အချိန်အကြာမြင့်ဆုံးလိုက်ခဲ့သူဖြစ်သည့် စုချင်းသည် ယဲ့ဟွမ်အကြောင်းကို နားအလည်နိုင်ဆုံးဖြစ်ပါ၏။ ယဲ့ရှန်းစံအိမ်သည် ထျန်းလန်မြောက်ပိုင်းဒေသတွင် ဒုတိယဂိုဏ်းကြီးအဖြစ် အသိအမှတ်ပြုခြင်းကို ရယူနိုင်ခဲ့သည်။ သို့သော် ယဲ့ဟွမ်ဘက်မှ တစ်ကြိမ်တစ်ခါသော်မှ ပြဿနာကိုအစပြုခြင်း မရှိခဲ့ဖူးပါချေ။

“ဇာမဏီမျိုးနွယ်စု?”

ဝမ်ဖုန်း၏မျက်နှာတွင် သံသယများထင်ဟပ်သွားလျက် ရှုပ်ထွေးသွား၏။

“ဇာမဏီမျိုးနွယ်စုက ထျန်းလန်အလယ်ပိုင်းဒေသရဲ့ များစွာသောရှေးဟောင်းမျိုးနွယ်စုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကြောက်ခမန်းလိလိ အင်အားကြီးမားပြီး ထျန်းလန်အလယ်ပိုင်းဒေသရဲ့ ရှေးဟောင်းမျိုးနွယ်စုတွေမှာ ထိပ်တန်းပထမအဆင့်အဖြစ် သတ်မှတ်ခံရတဲ့မျိုးနွယ်စုပါ”

“ဇာမဏီမျိုးနွယ်စုဟာ ရှေးဟောင်းနတ်ဘုရားသားရဲဖြစ်တဲ့ ဇာမဏီငှက်ရဲ့သွေးမျိုးဆက်ဖြစ်ပြီး ကောင်းကင်နိဗ္ဗာန်ပညာရပ်ကို ကျင့်ကြံကြတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ နိဗ္ဗာန်တစ်ဆင့်ပြီးဆုံးတိုင်းမှာ ပိုပြီးအင်အားကြီးမားလာပါတယ်။ အဲဒါကြောင့် ဇာမဏီမျိုးနွယ်စုက ထျန်းလန်အလယ်ပိုင်းဒေသတစ်ခွင်မှာ ထွန်းလင်းတောက်ပတဲ့အဆင့်အတန်းဖြစ်ပါတယ်”

“ဇာမဏီမျိုးနွယ်စုအပြင် ချီလုံမျိုးနွယ်စု၊ ရွှမ်ကျီးမျိုးနွယ်စုနဲ့ ချစ်ဟူမျိုးနွယ်စုတွေလည်း ရှိပါတယ်။ ထျန်းလန်အလယ်ပိုင်းဒေသမှာ အဲဒီ့မျိုးနွယ်စုလေးခုကိုစုပေါင်းပြီး ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုလို့ ကျော်ကြားပါတယ်။ သူတို့ရဲ့အင်အားက များစွာသောရှေးဟောင်းမျိုးနွယ်စုတွေထက် ပိုပြီးသာလွန်ပါတယ်”

“ပြီးတော့ ဇာမဏီမျိုးနွယ်စုက စံအိမ်သခင်မကို ချီလုံမျိုးနွယ်စုသခင်လေးနဲ့ လက်ထပ်စေချင်တာပါ”

စုချင်း၏စကားများကို နားထောင်ပြီးနောက်တွင် ဝမ်ဖုန်း ခေါင်းညိတ်၏။ ထို့နောက် ဝမ်ဖုန်းမှ ဆက်ပြောခဲ့သည်။

“ဇာမဏီမျိုးနွယ်စုရဲ့အင်အားနဲ့ဆို လူကိုရှာတွေ့ဖို့ဆိုတာ အချိန်သိပ်မကြာလောက်ဘူး ဟုတ်တယ်မလား?”

“စံအိမ်သခင်မ ဇာမဏီမျိုးနွယ်စုကနေ ထွက်ပြေးတော့ ဇာမဏီမျိုးနွယ်စုရဲ့ရတနာတစ်ပါးဖြစ်တဲ့ ယန်ဟွမ်မီးအိမ်ကို အတူယူသွားခဲ့တယ်။ အဲဒီ့ယန်ဟွမ်မီးအိမ်ကြောင့်ပဲ စံအိမ်သခင်မက ဒီနှစ်တွေအတွင်း ကောင်းကောင်းပုန်းနေနိုင်ခဲ့တာ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ဇာမဏီမျိုးနွယ်စုတွေဟာ တံခါးဝကို ရောက်လာခဲ့ကြပြန်တယ်”

စုချင်းသည် ဝမ်ဖုန်းကို အသနားခံသည့်မျက်လုံးတို့ဖြင့် ကြည့်နေခဲ့သည်။

“ဂိုဏ်းချုပ်ဝမ် ဒီတောင်းဆိုမှုက နည်းနည်းခက်ခဲတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မလုပ်နိုင်တာ တကယ်ပဲ ဘာမှမရှိတော့လို့ပါ။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ် ကျွန်မတို့ရဲ့ယဲ့ရှန်းစံအိမ်ကို တစ်ခါလောက် ကယ်တင်ပေးပါ”

ဝမ်ဖုန်းသည် စုချင်းကိုကြည့်လျက်ဖြင့် စကားမဆိုချေ။ ယဲ့ရှန်းစံအိမ်အတွက်နှင့် ထျန်းလန်အလယ်ပိုင်းဒေသ၏ ရှေးဟောင်းမျိုးနွယ်စုလေးခုထဲမှ ဇာမဏီမျိုးနွယ်စုကို အပြစ်ပြုရန်မှာ မထိုက်တန်သည်ကို လူတိုင်းသိပါ၏။

သို့သော် ဝမ်ဖုန်းအတွက်မူ ထိုက်တန်သည်၊မထိုက်တန်သည် မရှိပေ။ ဆန္ဒရှိခြင်း၊မရှိခြင်းသာ ရှိ၏။

ဇာမဏီမျိုးနွယ်စုဆိုတော့ရော ဘာဖြစ်လဲ? ရှေးဟောင်းမျိုးနွယ်စုလေးခုဆိုတော့ရော ဘာဖြစ်သလဲ? မိမိ ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းသည် ကြောက်ရွံ့ရပါမည်လော? ဝမ်ဖုန်းကာကွယ်ရန်ဆန္ဒရှိသူဖြစ်ပါလျှင် မည်သူမျှ ထိပါးနိုင်မည်မဟုတ်ပေ။

ရှန်ရှန့်ကျုံဂိုဏ်းဟူသည် နတ်ဘုရား၏အထက်၊ အမတများ၏အထက်ဖြစ်ပြီး အမတများ၏နတ်ဘုရား၊ နတ်ဘုရားများ၏နတ်ဘုရားဖြစ်၏!

ဘယ်သူကများ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းဖြစ်နိုင်လိမ့်မလဲ? သူ၏ရှန်ရှန့်ကျုံဂိုဏ်းသာလျှင် ဖြစ်နိုင်ပါ၏!

သေချာပေါက်ပင် ယဲ့ရှန်းစံအိမ်တော်ကို ကယ်တင်သည့်ဖြစ်စဉ်တွင် စနစ်၏ အဆင့်မြှင့်တင်ခြင်းလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်ပေသည်။

“ဒီဂိုဏ်းချုပ်က စံအိမ်သခင်မယဲ့ဟွမ်ကိုရော ယဲ့ရှန်းစံအိမ်ကိုရော ကယ်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခုကစပြီး ထျန်းလန်မြောက်ပိုင်းဒေသမှာ ယဲ့ရှန်းစံအိမ်ဆိုတာ မရှိတော့ဘူး။ ယဲ့ဟွမ်အပါအဝင် မင်းတို့အားလုံး ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ဖို့လိုမယ်”

ဝမ်ဖုန်းသည် မျက်လုံးအနည်းငယ်မှေးကျဉ်းလျက် စုချင်းအား တည်ကြည်လေးနက်စွာဖြင့် ပြော၏။

“စုချင်း ယဲ့ရှန်းစံအိမ်အကြီးအကဲချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရင်းပြီး ဂိုဏ်းချုပ်ဝမ်ကို ကတိပေးပါတယ်”

စုချင်းသည်လည်း ဝမ်ဖုန်းကိုကြည့်၍ လေးနက်စွာပြောခဲ့သည်။

ဝမ်ဖုန်းမှ စုချင်းအား လေးနက်စွာ‌ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ ယဲ့ဟွမ်မှ သဘောမတူညီမည်ကို ဝမ်ဖုန်း မစိုးရိမ်ပါ။ ဝမ်ဖုန်းမှ ကယ်တင်ပေးပြီးသည်နှင့် ယဲ့ဟွမ်ဖြစ်စေ၊ စုချင်းဖြစ်စေ ထွက်သွားဝံ့ပါလျှင် မိမိ၏အကြင်နာကင်းမဲ့မှုအတွက် အပြစ်မတင်နိုင်ပေ။

“စနစ် ဂိုဏ်းအမှတ်သုံးသန်းကို ထီလက်မှတ်နဲ့လဲလှယ်မယ်။ ရရှိတဲ့ကျင့်ကြံမှုအခြေခံတွေကို ငါဂိုဏ်းချုပ်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ကောင်းချီးပေးလိုက်ပါ”

ဇာမဏီမျိုးနွယ်စုသည် ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုတွင် အင်အားအကြီးဆုံးဖြစ်လေရာ ယဲ့ဟွမ်အား လာရောက်ဖမ်းဆီးသူများသည်လည်း အားနည်းလိမ့်မည်မဟုတ်ချေ။

“ဒင်! လီယွမ်ပ၏ကျင့်ကြံမှုအခြေခံ သုံးပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်!...”

“ဒင်! သခင်နှင့် ရှန်ရှန့်ကျုံအကြီးအကဲများ တာ့အိုအုပ်စိုးသူအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခြင်းအတွက် ဂုဏ်ပြုပါတယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဝမ်ဖုန်းသည် ခန်းမထဲမှ အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြော၏။

“ဘုန်း‌တော်ကြီးဝူရှန်းက ယွမ်ပနဲ့ လူစားလဲလိုက်ပါ”

လီယွမ်ပသည် တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်၌ပင် သူ့ထက်နှစ်ဆင့်မြင့်သည့် တာ့အိုဘုရင်အဆင့်နှစ်ဦးကို ဆုတ်ဖြဲပစ်နိုင်ခဲ့သည်။ ယခုတွင် လီယွမ်ပသည် တာ့အိုအုပ်စိုးသူအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ တာ့အိုဧကရာဇ်အဆင့်ကျင့်ကြံသူကို မသတ်နိုင်လျှင်သော်မှ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

“ဟုတ် ဂိုဏ်းချုပ်”

ဘုန်းတော်ကြီးဝူရှန်းမှ အရိုအသေပြုလိုက်ပြီးနောက် လှုပ်ရှားမှုတစ်ခုနှင့်အတူ ခန်းမထဲမှ ပျောက်ကွယ်သွားတော့သည်။

“ချီကျွမ်းရှင်း၊ ရှောင်ဖုန်း၊ ရွှီကျူး၊ ယဲ့ကူချန်၊

လီရွှမ်းဟွမ်၊ တင်းဖန်း၊ တုကူချိုးပိုင် မင်းတို့‌တွေက ငါဂိုဏ်းချုပ်နဲ့အတူ ယဲ့ရှန်းစံအိမ်ကိုလိုက်ခဲ့ကြ။ စန်ဖုန်းနဲ့အခြားသူတွေက ရှန်ရှန့်ကျုံဂိုဏ်းမှာ စောင့်ကြပ်ခဲ့မယ်”

ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ကြည့်၍ ဆက်ပြောခဲ့သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”

ကျန်းစန်ဖုန်းနှင့်အကြီးအကဲများသည်လည်း တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်ကြ၏။

ခဏကြာပြီးနောက်တွင် ဘုန်းတော်ကြီးဝူရှန်းသည် ထူးဆန်းသည့်မျက်နှာအမူအရာဖြင့် ခန်းမထဲတွင်ပေါ်ထွက်လာခဲ့ကာ ဝမ်ဖုန်းကို လက်ဟန်ဖြင့်အရိုအသေပြု၏။

“ဂိုဏ်းချုပ် အကြီးအကဲယွမ်ပ မရှိတော့ပါဘူး”

“ဘာဖြစ်တာလဲ?”

ဝမ်ဖုန်း မျက်မှောင်ကြုတ်၍ အက်ရှသည့်အသံဖြင့်မေးလိုက်သည်။

ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများသည်လည်း အံ့ဩသွားကြသည်။ လီယွမ်ပမှာ အဘယ်သို့များ ပျောက်ကွယ်သွားရသနည်း။ စွမ်းအားမြင့်သည့်ရန်သူများ ကျူးကျော်ဝင်ရောက်ခဲ့လျှင်သော်မှ သူတို့မသိဘဲ ရှိလိမ့်မည်မဟုတ်ချေ။

“ဒါက သူတို့ချန်ခဲ့တဲ့စာပါ”

ဘုန်းတော်ကြီးဝူရှန်းမှ စာတစ်စောင်ကမ်းပေးလာခဲ့သည်။

သူတို့?

ဝမ်ဖုန်းသည် ဘုန်းတော်ကြီးဝူရှန်း ကမ်းပေးသည့်စာကို ရှုပ်ထွေးစွာဖြင့် လှမ်းယူလိုက်၏။ ဖတ်ကြည့်လိုက်သည်တွင် ဝမ်ဖုန်း၏နှုတ်ခမ်းထာင့်များ သိသိသာသာ တွန့်ကွေးသွားလေသည်။

စာရွက်ပေါ်တွင် စာကြောင်းအချို့ကို မညီမညာရေးသားထား၏: ဂိုဏ်းချုပ် ကျွန်တော်တို့ ဓားပြတိုက်မလို့ပါ။ ဒီတစ်ကြိမ်တော့ မစိုးရိမ်ပါနဲ့။ ကျွန်တော်ကုချိုး၊ အစ်ကိုကုကန်းချိုးနဲ့ အကြီးအကဲလီယွမ်ပတို့က ကမ္ဘာတုန်လှုပ်စေမယ့် ဓားပြတိုက်လုယက်မှုကြီးကို လုပ်ဆောင်ပြီး ဂိုဏ်းချုပ်ကို စိတ်ကျေနပ်ပီတိဖြစ်စေပါ့မယ်:

!

ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းမှာ လူသတ်ချင်စိတ် ဖြစ်လာရသည်။

ထိုညီအစ်ကိုနှစ်ယောက်၏ အကျင့်စရိုက်များသည် ကူးစက်တတ်ခြင်းများ ဖြစ်လေရော့သလား? ယွမ်ပက လူကောင်းတစ်ယောက်ပဲကို ဘယ်လိုဖြစ်ပြီး အရူးညီအစ်ကိုနှစ်ယောက် နောက်လိုက်ပြီး လမ်းကြောင်းလွဲသွားရတာတုန်း??

ဘာကို ငါဂိုဏ်းချုပ်ကို စိတ်ကျေနပ်ပီတိဖြစ်စေမယ့် ဓားပြတိုက်လုယက်မှုကြီးလဲ?

ဝမ်ဖုန်းမှာ အလွန်ဒေါသထွက်နေတော့သည်။ ထိုညီအစ်ကိုနှစ်ဦးမှ ဓားပြတိုက်သွားခြင်းကို ဒေါသဖြစ်ခြင်း မဟုတ်ရပါ။ ဝမ်ဖုန်း၏မျက်လုံးထဲတွင် ထိုညီအစ်ကိုနှစ်ဦးသည် ကူကယ်ရာမဲ့နေပြီးဖြစ်၏။ အမှန်တကယ် ဒေါသထွက်ရသည့်အကြောင်းရင်းမှာ ထိုညီအစ်ကိုနှစ်ဦးသည် ယွမ်ပအား လမ်းကြောင်းလွဲစေရန် ခေါ်ဆောင်သွားခြင်းဖြစ်၏။

ဝမ်ဖုန်းမှ ဒေါသထွက်နေစဉ်တွင် ကျန်းစန်ဖုန်းတို့သည်လည်း ရှုပ်ထွေးနေခဲ့ကြသည်။ သူတို့သည် ဘုန်းတော်ကြီးဝူရှန်းကို မျက်လုံးအချက်ပြလိုက်၏။ ဘုန်းတော်ကြီးဝူရှန်းသည် ချက်ချင်းနားလည်သွားခဲ့ကာ ကျန်းစန်ဖုန်းနှင့်အကြီးအကဲများသို့ လျှို့ဝှက်အသံပို့ဆောင်ခြင်းဖြင့် စာအကြောင်းကိုအသိပေးခဲ့သည်။

ထို့နောက်တွင် ကျန်းစန်ဖုန်းနှင့်အကြီးအကဲများသည်လည်း နှုတ်‌ခမ်းထောင့်များ တွန့်ကွေးသွားကြလျက် မျက်နှာအမူအရာတို့မှာ မင်သက်ကြောင်အသွားကြရလေသည်။ သူတို့သည် အမှန်အတိုင်းပြောပြခဲ့သေး၏။ သူတို့ဤကမ္ဘာသို့ ရောက်လာခဲ့သည့်တစ်လျှောက်လုံး၌ ကုညီအစ်ကိုနှစ်ဦးကဲ့သို့ နုံအ,လွန်းသူများကို မမြင်တွေ့ဖူးပါချေ။

“စနစ် ကုညီအစ်ကိုနှစ်ယောက်ရဲ့ အနီးစပ်ဆုံးတည်နေရာကို ရှာပေးနိုင်လား”

ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်း၍ စိတ်ထဲမှ မေးလိုက်သည်။

“ဒင်! ကုညီအစ်ကိုနဲ့ လီယွမ်ပတို့ဟာ အခု ယဲ့ရှန်းစံအိမ်မှာရှိနေပါတယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း ကြောင်အသွားခဲ့ရသည်။ အရူးညီအစ်ကိုနှစ်ယောက်က ယွမ်ပကို ယဲ့ရှန်းစံအိမ်ကို ဘာလို့ခေါ်သွားရတာလဲ? သူတို့ ယဲ့ရှန်းစံအိမ်ကို လုယက်ချင်‌တာများလား??

All Chapters