ပြီးပြည့်စုံသောအစီအစဉ်
Vol. 18 Ch. 242
ယဲ့ရှန်းစံအိမ်တော်၏ အဓိကခန်းမဆောင်အပြင်ဘက်တွင် ပုံရိပ်သုံးခုသည် ကျောက်နံရံများနောက်တွင် ပုန်းကွယ်နေခဲ့သည်။ ထိုသုံးဦးသည် အသက်ရှူထိန်း၍ အသံနိမ့်ဖြင့် ပြောဆိုနေကြ၏။
“ကုချိုး ငါတို့ဂိုဏ်းချုပ်ကို ဘာမှမပြောခဲ့ဘဲ ချက်ချင်းထွက်လာခဲ့ကြတာ ကောင်းပါ့မလား? ဂိုဏ်းချုပ်က ငါ့ကို မင်းတို့ကိုစောင့်ကြည့်ခိုင်းထားတာ ဒါပေမဲ့ ငါက မင်းတို့နဲ့ လုယက်ဖို့ထွက်လာခဲ့တယ်။ ငါတော့ ဂိုဏ်းချုပ် ဆူတာအသေခံရတော့မှာပဲ”
လီယွမ်ပသည် ခေါင်းကိုကုတ်နေလျက်ဖြင့် သူ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပေသည်။
ယခု၌ လီယွမ်ပသည် အလွန်အမင်း နောင်တရနေခဲ့၍ အသက်ရှူသံကိုပင် မထိန်းသိမ်းနိုင်တော့ချေ။ မိမိမှာ ဤညီအစ်ကိုနှစ်ယောက်၏ လှည့်ဖျားခြင်းကိုခံခဲ့ရပြီး ရှုပ်ထွေးစွာဖြင့် ယဲ့ရှန်းစံအိမ်ကို ဓားပြတိုက်လုယက်ရန် ရောက်လာခဲ့ရသည်။
“အကြီးအကဲယွမ်ပ မစိုးရိမ်ပါနဲ့ဗျာ။ ကျွန်တော်တို့ ဓားပြတိုက်တာ မအောင်မြင်ခဲ့ရင်တော့ သေချာပေါက် ဂိုဏ်းချုပ် ဆူတာခံရမှာပေါ့။ ဒါပေမဲ့ ဓားပြတိုက်တာ အောင်မြင်ခဲ့ရင်တော့ ဂိုဏ်းချုပ်က ကျွန်တော်တို့ကို တစ်ခုခုပြောလိမ့်ဦးမှာပါပဲ။ ဒါပေမဲ့ သေချာပေါက် ပျော်ရွှင်ဝမ်းမြောက်တဲ့စကားပဲ ဖြစ်လိမ့်မှာ”
“အဲ့တော့ ကျွန်တော်တို့ အဆူခံရမယ်၊ အဆူမခံရဘူးက အကြီးအကဲယွမ်ပရဲ့ အကောင်းဆုံးလုပ်ဆောင်မှုအပေါ်မှာ မူတည်နေပြီ”
ကုချိုးသည် နှာခေါင်းကိုသပ်၍ သေချာမှုအပြည့်ဖြင့် ပြော၏။
“ဒါဆိုစိတ်မပူပါနဲ့။ ငါလီယွမ်ပက တခြားမှာ လုပ်ဆောင်နိုင်စွမ်းမရှိရင်တောင် တိုက်ခိုက်တာမှာတော့ မရှုံးဖူးဘူး”
အစ်ကိုကြီးရေ.. ခင်ဗျားက အဲဒီ့တူကြီးနဲ့ သူများကိုတိုက်ခိုက်တာမှာ တော်လွန်းလို့မှမဟုတ်ရင် ငါတို့ညီအစ်ကိုနှစ်ယောက်က ခင်ဗျားကို ဘာလို့ အပါခေါ်လာမှာလဲလို့!
ကုချိုးနှင့် ကုကန်းချိုးတို့သည် ထူးဆန်းသောအပြုံးတို့ဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဆုံနေကြလေသည်။
တစ်ချိန်တည်း၌
ယဲ့ရှန်းစံအိမ်၏အဓိကခန်းမဆောင်တွင်ဖြစ်သည်။ ယဲ့ဟွမ်သည် ထိပ်ဆုံးတွင်ထိုင်နေသည့် ပုံရိပ်သုံးခုကို ဒေါသအမျက်တို့ဖြင့်ကြည့်လျက် အေးစက်စွာဖြင့်ပြော၏။
“ဘာ??”
ထိုပုံရိပ်သုံးခု၏အောက်ခြေတွင် အကြီးအကဲဖန်းဝမ်သည် ထိုင်းမှိုင်းစွာဖြင့်ဒူးထောက်နေ၏။ သူမ၏ခန္ဓာကိုယ်မှာ သွေးများဖုံးလွှမ်းနေလျက် ဝတ်ရုံမှာ စုတ်ပြဲနေကာ သူမ၏နှင်းကဲ့သို့ဖြူဖွေးစွာသော အသားအရေတို့သည် အနည်းငယ် လစ်ဟပေါ်လွင်နေ၏။
“စက်ဆုပ်သလား? ယဲ့ဟွမ် မင်းက အခုထိ ရိုးအနေတုန်းပဲ။ ကိုယ့်ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်ဆို ဘာတွေများ အသုံးမချနိုင်စရာရှိမှာလဲ?”
ဇာမဏီမျိုးနွယ်စုအကြီးအကဲမှ လှောင်ရယ်လျက်ပြော၏။
ထိုအကြီးအကဲသည် ယဲ့ဟွမ်အား အရေးမထားဟန်ကြည့်လျက် သူ၏မျက်လုံးများမှာ အထင်မြင်သေးမှုတို့ ထင်ဟပ်နေခဲ့သည်။ တစ်ချိန်က အဆင့်အတန်းမြင့်မားလှသည့် ဇာမဏီမျိုးနွယ်စု၏မင်းသမီးလေးသည် ယခုတွင်တော့ ပုရွက်ဆိတ်တစ်အုပ်နှင် ပူးပေါင်းနေခဲ့သည်။ အလွန်ရယ်ရသည့် ဟာသတစ်ခုပင် မဟုတ်ပါလော။
“မင်း ရိုရိုကျိုးကျိုးနဲ့ ဒီအကြီးအကဲနဲ့အတူ ပြန်လိုက်ခဲ့။ အဲဒါဆို ဒီအကြီးအကဲက ဒီပုရွက်ဆိတ်ကောင်တွေကို လွှတ်ပေးနိုင်တယ်”
ဇာမဏီမျိုးနွယ်စုအကြီးအကဲမှ အေးစက်စွာဖြင့်ပြော၏။
“ရှင်အိပ်မက်,မက်နေတာပဲ။ ငါထွက်ပြေးလွတ်မြောက်လာခဲ့ပြီးမှတော့ ပြန်လိုက်ခဲ့ဖို့ကို မျှော်လင့်မနေနဲ့!”
ယဲ့ဟွမ်၏လှပသောမျက်လုံးအစုံတို့မှာ ကြက်သွေးနီရောင်သန်းနေလျက် ဇာမဏီမျိုးနွယ်စုအကြီးအကဲကို စူးရဲစွာကြည့်လျက် ဟိန်းဟောက်၏။
ဇာမဏီမျိးနွယ်စုအကြီးအကဲသည် နှုတ်ခမ်းထောင့်ကိုတွန့်ကွေးလျက် အချက်ပြလိုက်၏။ သူ၏ဘေးရှိ အင်အားကြီးမားလှစွာသော ဇာမဏီမျိုးနွယ်များသည် ယဲ့ရှန်းစံအိမ်ဒုတိယအကြီးအကဲဖန်းဝမ်၏ လက်ကို ချက်ချင်းဖျစ်ညှစ်၍ ကြမ်းတမ်းစွာလိမ်ချိုးလေသည်။ လက်ကျိုးသွားခဲ့၏။ မူလတည်းကပင် နာကျင်နေခဲ့သည့်ဖန်းဝမ်သည် ပို၍ပင် ဟန်ပျက်လာခဲ့ကာ မျက်နှာအမူအရာမှာ နာကျင်မှုတို့ ထင်ရှားပေါ်လွင်နေပေသည်။
“သေချင်နေတာပဲ!”
ယဲ့ဟွမ်သည် ထိုမြင်ကွင်းကို မြင်နေရသည်တွင် ဆက်လက်၍ ခံနိုင်ရည်မရှိတော့ပေ။ တာ့အိုဘုရင်အစောပိုင်းအဆင့်၏စွမ်းအင်တို့ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ လွှမ်းခြုံနေခဲ့သည်။
“ဇာမဏီမျိုးနွယ်စုသာ မရှိရင် မင်းမှာဘာအစွမ်းအစရှိသေးလို့လဲ!”
ယဲ့ဟွမ်၏အင်အားကို ရင်ဆိုင်ရတော့မည်တွင် ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် အထင်မြင်သေးစွာဖြင့် တည်ငြိမ်အေးဆေးစွာပြော၏။
ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် လက်ကိုဆန့်ထုတ်၍ အသာအယာထိခတ်လိုက်ရာ ယဲ့ဟွမ်သို့ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီး ရုတ်ချည်းဦးတည်သွားခဲ့သည်။ တာ့အိုဘုရင်အစောပိုင်းအဆင့်ဖြစ်သော ယဲ့ဟွမ်သည် ထိုမျှေသာအင်အားကို ခုခံနိုင်စွမ်းမရှိလေရာ ခန္ဓာကိုယ်မှာ အဝေးသို့လွင့်ထွက်သွားရ၏။
“အဟွတ်!”
ယဲ့ဟွမ်မှာ ခန်းမ၏မဏ္ဍိုင်နှင့် ရိုက်မိသွားခဲ့ပြီး မဏ္ဍိုင်မှာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားလေသည်။ ယဲ့ဟွမ်မှာ ပါးစပ်အပြည့် သွေးတစ်ပွက်အန်ထွက်သွားခဲ့၏။
“ရှင်တကယ်ကြီး တာ့အိုဧကရာဇ်အစောပိုင်းအဆင့်ကို ရောက်နေခဲ့ပြီပဲ”
ယဲ့ဟွမ်မှ ထိတ်လန့်တကြားပြော၏။
“ဟေး ငါတို့အကြီးအကဲတွေက မင်းမရှိရင် ပိုတောင်အဆင်ေပြသေးတယ်။ တာ့အိုဧကရာဇ်အဆင့်ရောက်တာ ဘာတွေများ ထူးဆန်းလို့လဲ? မင်းက ဇာမဏီမျိုးနွယ်စုရဲ့မင်းသမီးအဖြစ်နဲ့ မျိုးနွယ်စုရဲ့ရင်းမြစ်အများစုကို သိမ်းပိုက်ထားတဲ့သူဖြစ်ခဲ့တာကြောင့်လေ။ ငါတို့အကြီးအကဲတွေဆီကပါ အကျိုးအမြတ်ယူခဲ့သေးတာ မဟုတ်လား”
“မင်းက အရမ်းတုံးအ,မိုက်မဲလွန်းတာ နှမြောစရာပဲ။ မင်းသာ ချီလုံမျိုးနွယ်စုရဲ့သခင်လေးကို လက်ထပ်ခဲ့မယ်ဆိုရင် အခုချိန်ထိလည်း မင်းက အမြင့်မှာရှိနေခဲ့ဦးမှာ။ အခုလိုဖြစ်နေခဲ့မှာမဟုတ်ဘူး”
ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် ယဲ့ဟွမ်အားတစ်ချက်ကြည့်၍ အရေးမထားဟန်ပြော၏။ သူ၏အသံအနေအထားမှာ လှောင်ရယ်ဟန်များ ပြည့်နှက်နေခဲ့သည်။
“ဇာမဏီမျိုးနွယ်စုက အခုထိ အရှက်မဲ့နေတုန်းပါပဲလား! အားနည်းသူကို အနိုင်ကျင့်နေတာတောင်မှ ကြီးကြီးကျယ်ကျယ်တွေ အသံကောင်းဟစ်နိုင်သေးတယ်”
ယဲ့ဟွမ်မှ အေးစက်စွာ လှောင်ရယ်၏။
“သူတို့က အပြစ်ကင်းသလား?!”
ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် ယဲ့ဟွမ်အား ကြည့်လျက် ခေါင်းခါရမ်းလိုက်ကာ ယဲ့ဟွမ်အား စကားပြောလိုစိတ် မရှိပါတော့ချေ။
“ပြဇာတ်က ပြီးသွားပြီ။ ဒီတိုင်းစောင့်နေလိုက်တော့။ မသေသွားစေနဲ့ဦး”
ထိုအခိုက်တွင် ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏ စကားအဆုံး၌ ခန်းမအပြင်ဘက်မှ လီယွမ်ပ၏မျက်လုံးများမှာ အလင်းတစ်စတောက်ပသွားလျက် တီးတိုးပြော၏။
“အထဲမှာ တိုက်ခိုက်ကြတော့မယ်”
“ဪ? အကြီးအကဲယွမ်ပ သေချာရဲ့လား?”
လီယွမ်ပ၏စကားကို ကုချိုးမှ အလျင်အမြန်မေးမြန်လာခဲ့သည်။
“ငါနဲ့ကျင့်ကြံမှုတူညီတဲ့ အရှိန်အဝါနှစ်ခုနဲ့ ငါ့ထက် ကျင့်ကြံမှုမြင့်မားတဲ့ အရှိန်အဝါတစ်ခုရှိပေမယ့် သူတို့ကိုသတ်ဖို့ကတော့ ကိစ္စကြီးမဟုတ်ပါဘူး”
လီယွမ်ပသည် အရှိန်အဝါကို ဂရုတစိုက်ခံစားကြည့်ပြီးနောက် သူ၏ရင်ဘတ်အား ပုတ်လျက် အသေအချာပြောသည်။
ထိုစကားအဆုံးတွင် ကုချိုးနှ့င်ကုကန်းချိုးတို့သည် အကြည့်ချင်းဆုံကြလျက် မျက်လုံးများမှာ အလင်းတစ်စတောက်ပသွားခဲ့ပြီး ကုချိုးမှ မေး၏။
“သူတို့က ယဲ့ရှန်းစံအိမ်နဲ့ ပဋိပက္ခရှိကြတာများလား”
“ယဲ့ရှန်းစံအိမ်မှာ အဲ့လောက်အင်အားကြီးတဲ့သူမရှိဘူး။ ယဲ့ရှန်းစံအိမ်ကိုတိုက်ခိုက်လာတဲ့ အပြင်လူပဲဖြစ်မယ်။ အဲဒီ့ယဲ့ရှန်းစံအိမ်ရဲ့သခင်မက လက်ဝါးချက်တစ်ချက်ကိုတောင် ခုခံနိုင်တာမဟုတ်ဘူး”
လီယွမ်ပမှ ခေါင်းခါရမ်းလျက် ပြော၏။
“အခွင့်အရေးကောင်းပဲ!”
ကုချိုး၏မျက်လုံးများ အရောင်တောက်သွားလျက် ညင်သာစွာအော်ပြောလေရာ လီယွမ်ပနှင့် ကုကန်းချိုးတို့မှာ လန့်ဖျပ်သွားရသည်။
လီယွမ်ပနှင့် ကုကန်းချိုးတို့သည် ရှုပ်ထွေးစွာဖြင့် ကုချိုးအား တစ်ပြိုင်နက်ကြည့်လိုက်ကြ၏။
“ဂိုဏ်းချုပ် တစ်ခါပြောဖူးတယ်: ဓားပြတိုက်လုယက်ခြင်းရဲ့ အမြင့်ဆုံးအဆင့်က တစ်ဖက်လူကိုဘာမဖြစ်သလိုလှည့်ဖျားပြီး ကိုယ့်ကိုကျေးဇူးတင်လာအောင် လုပ်တာပဲတဲ့”
“အခု ယဲ့ရှန်းစံအိမ်တော်က ကပ်ဘေးအန္တရာယ်ကျရောက်နေတာ။ ကျွန်တော်တို့သူတို့ကို ဒီကပ်ဘေးကနေ ကယ်တင်ပေးရင် ကျွန်တော်တို့ကို ကျေးဇူးတင်သွားလောက်မလား? အဲ့လိုဆို အချိန်ကျတဲ့အခါ တောင်းဆိုချက်တချို့ လုပ်လိုက်ရုံပဲလေ ဟုတ်တယ်မလား?”
ကုချိုး၏မျက်လုံးများမှာ တောက်တောက်ပပ လင်းလက်နေခဲ့ပြီး ကောက်ကျစ်စဉ်းလဲသည့် အပြုံးတစ်ခုလည်း ဖြစ်တည်နေခဲ့သည်။ ဤအခိုက်တွင် ကုချိုးမှာ ကမ္ဘာ့အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်ကြီးအလား ဤမျှအချိန်လေးအတွင်းတွင် အစီအစဉ်ကြီးတစ်ခုကို ချမှတ်ပေးနေခဲ့သည်။
ဘေးရှိကုကန်းချိုးသည်လည်း ကုချိုး၏စကားများကြောင့် မျက်လုံးများ တောက်ပလာခဲ့လျက် ကုချိုးအား စိတ်သက်သာရာရစွာ ကြည့်နေခဲ့သည်။ သူ၏ညီငယ်လေးမှာ နောက်ဆုံးတော့ ကြီးပြင်းလာခဲ့လေပြီ။ အတိတ်ကာလတွင် မိမိသည် အစီအစဉ်ချမှတ်သူဖြစ်ခဲ့၏။ ယခုတွင်တော့ ညီငယ်၏အစီအစဉ်မှာ အံ့ဩမင်သက်ဖွယ်အဖြစ် ခံစားနေရပေသည်။
“တခြားသူအန္တရာယ်ဖြစ်နေတာကို အခွင့်အရေးမယူသင့်ဘူးလားလို့?”
လီယွမ်ပမှ ခေါင်းတကုတ်ကုတ်ဖြင့်ပြော၏။
“အကြီးအကဲယွမ်ပ အကြီးအကဲ ဒါကိုနားမလည်နိုင်ဘူးမလား? ဒါကို မီးတောင်ကိုကျော်ဖြတ်၊ သမုဒ္ဒရာကိုကူးခတ်ပြီး လူကယ်တင်တယ်လို့ခေါ်တယ်။ ကျွန်တော်တို့ မလှုပ်ရှားရင် ယဲ့ရှန်းစံအိမ်ရဲ့ အဲဒီ့ရန်သူက သေပါ့မလား? ကျွန်တော်တို့ဘက်က လှုပ်ရှားလိုက်ပြီး ယဲ့ရှန်းစံအိမ်ကိုကယ်တင်ပေးလိုက်ပြီးရင် သူတို့ကို ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခိုင်းလိုက်မယ်လေ။ အဲ့လိုဆို ကျွန်တော်တို့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် လူရော၊ငွေရော စုဆောင်းပေးပြီးဖြစ်သွားပြီ ဘယ်လိုလဲ?”
“ကျွန်တော်တို့ရှန်ရှန့်ကျုံဂိုဏ်းက ကာကွယ်ပေးမယ်ဆိုရင် ယဲ့ရှန်းစံအိမ်လည်း အနာဂတ်မှာ အန္တရာယ်မကျရောက်နိုင်တော့ဘူး မဟုတ်လား? ကျွန်တော်တို့ သူတို့ကို ဒီတစ်ကြိမ်ကယ်တင်လိုက်တာက သူတို့ကို အကျပ်အတည်းကနေ ဆွဲထုတ်ပေးလိုက်ရုံတင်မကဘဲ အသက်ကိုပါ ကယ်တင်ပေးလိုက်တာပဲ။ ကျွန်တော်တို့သာ မလှုပ်ရှားရင် သူတို့ဒီတစ်ကြိမ် မသေခဲ့ရင်တောင် နောက်ပိုင်းမှာ သေရမှာပဲ”
“ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်လိုက်ရင်တော့ ထာဝရရှင်သန်ခြင်းကို ရရှိလိမ့်မယ်။ ဒါတွေက ဂိုဏ်းချုပ်ပြောခဲ့ဖူးတာတွေပဲ။ မဟုတ်မှ အကြီးအကဲက ဂိုဏ်းချုပ်ကိုတောင် မယုံကြည်တာများလား?”
ကုချိုး၏နှုတ်မှ စကားလုံးများ တသီတသန်းကြီး ထွက်လာခဲ့ရာ လီယွမ်ပမှာ တုန်လှုပ်သွားလျက် အခါခါခေါင်းခါရမ်းလေသည်။
“မင်းပြောတာမှန်ပါတယ်။ မင်းဘယ်အချိန် စလှုပ်ရှားချင်လဲ?”
“အခုပဲ! အကြီးအကဲရဲ့ တူကြီးကိုကိုင်ဆောင်ပြီးတော့ တိုက်ရိုက်ပဲပြေးဝင်သွားလိုက်ပြီး ယဲ့ရှန်းစံအိမ်ရဲ့ရန်သူတွေကို သေအောင်ထုသတ်ပစ်လိုက်ပါ။ အခုချိန်က ယဲ့ရှန်းစံအိမ်ကလူတွေရဲ့ စိတ်ဓာတ်အကျဆုံး အချိန်ပဲ။ သူတို့အတွက်တော့ အခုနေ အကြီးအကဲရဲ့ထွက်ပေါ်လာမှုက သူတို့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ စိတ်နှလုံးတွေကို အလင်းဆောင်ကြဉ်းပေးတဲ့ ညဉ့်နက်ယံက ကြယ်ပွင့်လေးလိုဖြစ်သွားလိမ့်မှာ”
ကုချိုး၏မျက်လုံးများ၌ အလင်းတစ်စ တောက်ပသွားလျက် တည်ကြည်လေးနက်စွာ ပြောခဲ့သည်။