← Chapters

တူကိုင်‌ဆောင်သော လောကသူရဲကောင်းကြီး

Vol. 18 Ch. 243

တူကိုင်‌ဆောင်သော လောကသူရဲကောင်းကြီး

Vol. 18 Ch. 243

ယဲ့ရှန်းစံအိမ်၏ခန်းမဆောင်ထဲတွင် ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏ အသံဖြင့်ဖုံးလွှမ်းနေလျက် ယဲ့ဟွမ်မှာ စိတ်ပျက်ညှိုးငယ်မှုနှင့် မသေချာမှုတို့ ဖြစ်တည်နေခဲ့သည်။ သူမအနေဖြင့် သူမ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို လျစ်လျူရှုနိုင်ကောင်း၏။ သို့သော် ယဲ့ရှန်းစံအိမ်တစ်ခုလုံး၏ အသက်ကိုမူ လျစ်လျူရှု၍မရနိုင်ချေ။

ယဲ့ရှန်းစံအိမ်တော်၏လူအားလုံးမှာ ဒုက္ခခံစားခဲ့ရသော အမျိုးသမီးများဖြစ်ကြသည်။ ထျန်းလန်မြောက်ပိုင်းဒေသတွင် သူမ၏နောက်သို့ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့သူများဖြစ်ကြလေရာ သူမ အဘယ်သို့ လျစ်လျူရှုနိုင်ပါမည်နည်း။

“သ… စံအိမ်သခင်မ မလုပ်ပါနဲ့… ကျွန်မတို့ကို ဂရုမစိုက်ပါနဲ့ သခင်မ… အ့!”

ဖန်းဝမ်၏စကားမဆုံးမီ၌ပင် ဇာမဏီမျိုးနွယ်တစ်ဦးမှ သူမ၏ရင်ဘတ်သို့ ခြေဖြင့်ဖိနင်းလိုက်သောကြောင့် နာကျင်စွာအော်ဟစ်ညည်းညူသံ ထွက်ပေါ်လာခဲ့ရသည်။ သွေးတစ်ပွက်အန်ထွက်သွားခဲ့၍ မြေပြင်မှာ သွေးနီရောင်လွှမ်းသွားရသည်။

“မလုပ်နဲ့တော့! ကျွန်မ ရှင်တို့နဲ့ပြန်လိုက်ခဲ့မယ်!”

ယဲ့ဟွမ်မှ အလျင်အမြန်ပြောလိုက်၏။ သူမသည် အံကိုတင်းတင်းကြိတ်လျက် မျက်လုံးလှလှလေးများမှာ ဇာမဏီမျိုးနွယ်များအား စူးရဲစွာစိုက်ကြည့်နေခဲ့သည်။ ဖြစ်နိုင်ပါလျှင် ထိုပုံရိပ်သုံးခုအား ထောင်ချီသောအစိတ်အပိုင်းများအဖြစ် အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပစ်ချင်လှသည်။

သူမသည် ထိုသုံးဦး၏ပြိုင်ဘက် မဖြစ်နိုင်သည်မှာ နှမြောဖွယ်ကောင်းလှ၏။ သူတို့နှင့် အတူလိုက်ပါသွားခြင်းမှလွဲ၍ ယဲ့ရှန်းစံအိမ်ကို ကယ်တင်နိုင်မည့်နည်းလမ်း အလျဉ်းမရှိချေ။

ယဲ့ဟွမ်မှာ ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ဦး ပေါ်ထွက်လာပြီး သူမနှင့် သူမ၏ယဲ့ရှန်းစံအိမ်တော်အား ကယ်တင်ပေးပါရန် မျှော်လင့်နေမိပေသည်။

မည်သို့ပင်ဖြစ်စေ ထိုမျှော်လင့်ချက်မှာ လွန်ကျွံသောမျှော်လင့်ချက်တစ်ခုသာဖြစ်ကြောင်းကို ယဲ့ဟွမ်သိပါ၏။

“အစောတည်းက အဲ့လိုနာခံတတ်ရင် ပိုကောင်းမှာကို. အခုတော့ ငါအကြီးအကဲကို အချိန်တွေအများကြီး ဖြုန်း‌တီးစေခဲ့ပြီလေ”

ဇာမဏီမျိုးနွယ်အကြီးအကဲသည် ယဲ့ဟွမ်အား အထင်မြင်သေးဟန် တစ်ချက်ကြည့်၍လှောင်ရယ်၏။

ထိုအကြီးအကဲမှ လက်ဝှေ့ရမ်းလိုက်ရာ ဖန်းဝမ်အား ဖိနင်းထားသည့် ဇာမဏီမျိုးနွယ်လူကြီးသည်လည်း ဖန်းဝမ်အား လွှတ်ပေးလိုက်သည်။ ဇာမဏီအကြီးအကဲသည် ယဲ့ဟွမ်သို့ ဦးတည်လျှောက်လှမ်းလာ၏။

ဇာမဏီအကြီးအကဲသည် ယဲ့ဟွမ်အား ငုံ့ကိုင်းကြည့်လာခဲ့ပြီး ဆိုးယုတ်စွာပြုံးရယ်နေခဲ့သည်။

“ကံဆိုးစွာနဲ့ မင်းရဲ့အသား‌အရေလှလှလေးကို ချီလုံမျိုးနွယ်စုသခင်လေးက ပိုင်ဆိုင်ခွင့်ရယူထားလို့သာ‌ပေါ့။ မဟုတ်လို့ကတော့ ဒီအကြီးအကဲက မင်းကိုအပိုင်သိမ်းလိုက်ပြီပဲ။ မင်းရဲ့အလှကို တကယ်ကို ခံစားကြည့်မိပါရဲ့”

“အရှက်မဲ့လိုက်တာ!”

“ဒါဆိုလည်း ဒီအကြီးအကဲက မင်းကို တကယ်အရှက်မဲ့တယ်ဆိုတာ ဘယ်လိုမျိုးလဲပြပေးမယ်!”

ဇာမဏီမျိုးနွယ်စုအကြီးအကဲမှ လှောင်ရယ်လျက် လက်ကိုဆန့်ထုတ်၍ ယဲ့ဟွမ်ကို ထိတွေ့ရန်ဟန်ပြင်လေသည်။

“ဘုန်း!”

ထိုအခိုက်တွင် မိုးခြုန်းသံအလား အသံကျယ်ကြီးသည် ခန်းမတစ်ခုလုံး၌ ပေါက်ကွဲပေါ်ထွက်လာခဲ့သည်။ ဇာမဏီမျိုးနွယ်သုံးဦးသည်လည်း အသံလာရာသို့ တစ်ပြိုင်နက်ကြည့်လိုက်ကြသည်။

သူတို့၏အကြည့်အောက်တွင် ထူးဆန်းသည့်မျဉ်းကြောင်းတို့ ထွင်းထုရေးဆွဲထားသည့် တူကြီးသည် ကြီးမားသထက် ကြီးမားလာနေခဲ့သည်။

ဘုန်း!

တူကြီးမှ သူတို့ကိုထုချေလုနီးတွင်မှ ဇာမဏီမျိုးနွယ်သုံးဦးသည် အသိစိတ်ပြန်ဝင်လာခဲ့ပြီး ခန္ဓာကိုယ်မှ စွမ်းအင်အဟုန်များ ဖြာထွက်ထုတ်လွှတ်လေသည်။ တူကြီး၏အထက်တွင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလျက် ခန်းမကြီးတစ်ခုလုံးအား တုန်ခါသွားစေသည်။

ဤထိပ်တိုက်ထိခတ်မှုကြီးတွင် ဇာမဏီမျိုးနွယ်သုံးဦးမှာ ခြေတစ်လှမ်းနောက်ဆုတ်သွားရပြီး ဧရာမတူကြီးသည်လည်း မြေပြင်သို့ကျရောက်သွားလျက် ယဲ့ဟွမ်နှင့် တစ်မီတာခန့်မျှအကွာအဝေးတွင် တွင်းနက်ကြီးဖြစ်သွားခဲ့လေသည်။

ထိုအခိုက်တွင် ဇာမဏီမျိုးနွယ်သုံးဦးမှ ထုတ်လွှတ်နေသည့်စွမ်းအင်များမှာ တာ့အိုဧကရာဇ်အစောပိုင်းအဆင့်နှင့် တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့် စွမ်းအင်များဖြစ်ကြသည်။ ထိုစွမ်းအင်အဟုန်သည် ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို တွန်းတိုက်ပစ်ရန် လုံလောက်၏။

ယဲ့ဟွမ်သည် ထိုမြင်ကွင်းကြောင့် အံ့ဩမင်သက်သွားရလျက် တစ်မီတာအဝေးရှိ ဧရာမတူကြီးအား ကြောင်အစွာကြည့်နေခဲ့ပြီး တူပိုင်ရှင်ကိုလည်း ကြောင်အစွာ ပြန်လှည့်ကြည့်လိုက်၏။

ထိုလူသည် လျှာဇောင်းထက်၍အပြောဆိုးသော်ငြား ထိုအခိုက်အတန့်တွင် ယဲ့ဟွမ်၏နှလုံးအိမ်မှာ ခုန်လှုပ်သွားခဲ့လေသည်။ ထိုပိန်ပါးသောပုံရိပ်သည် ယဲ့ဟွမ်၏မျက်လုံးထဲတွင်တော့ အလွန်ခမ်းနားဝင့်ထည်နေခဲ့သည်။

“ငါလီယွမ်ပ ယဲ့ရှန်းစံအိမ်ကို ကာကွယ်ပေးမယ်။ မင်းတို့တစ်ခုခုလုပ်ချင်ရင် အရင်ဆုံး ငါ့လက်ထဲက တူကို ခွင့်တောင်းလိုက်ဦး!”

ကျားတစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့ ဩဇာကြီးမားလှသည့်အသံသည် လီယွမ်ပထံမှ ထွက်ပေါ်လာခြင်းနှင့်အတူ ခန်းမကြီးမှာ ထပ်မံတုန်ခါသွားခဲ့ပြန်သည်။

လီယွမ်ပသည် ယဲ့ဟွမ်၏ရှေ့သို့ ဖြေးညှင်းစွာလျှောက်သွားခဲ့ပြီး ယဲ့ဟွမ်အား ပြုံးပြခဲ့သည်။ ထို့နောက် ယဲ့ဟွမ်၏ရှေ့၌ တူလက်နက်ကိုပင့်မြှောက်၍ ဇာမဏီမျိုးနွယ်သုံးဦးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

လောက၏အနွေးထွေးဆုံးသောအပြုံးဟူသည် ဤအပြုံးမှတစ်ပါး အခြားမဖြစ်နိုင်လေပြီ!

ထိုအခိုက်အတန့်တွင် ယဲ့ဟွမ်မှာ မထိန်းချုပ်နိုင်စွာ ထိုသို့‌အတွေးဝင်မိ‌ခဲ့လေသည်။ သူမသည် လီယွမ်ပ၏နောက်ကျောပြင်ကို ငေးစိုက်ကြည့်‌ရင်းဖြင့် နှလုံးခုန်နှုန်းမှာ မြန်ဆန်လာခဲ့လေသည်။ လီယွမ်ပသည် အရပ်ပုပု၊ ရုပ်ဆိုးဆိုးဖြစ်သည်မှာ သူမထက်ပင် အရပ်ပုသေးသည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ ယဲ့ဟွမ်မှာ လီယွမ်ပသည် ဤတစ်လောကလုံးတွင် အားကိုးအားထားရနိုင်‌ဆုံးသော လူတစ်ဦးအဖြစ် မြင်မိ‌ပေသည်။ လီယွမ်ပ၏နောက်ကျောပြင်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် လူကိုလုံခြုံစိတ်ချမှု ပေးနိုင်လေသည်။

ကြာမြင့်လှစွာသောအချိန်ကာလများအတွင်း ယဲ့ဟွမ်သည် အမျိုးသားများအား ရိုင်းပျစွာဆက်ဆံတတ်ခဲ့သည်။ ဝမ်ဖုန်းတမျှ ချောမောသည့်အမျိုးသားဖြစ်လျှင်သော်မှ ယဲ့ဟွမ်၏အမြင်တွင်တော့ ဘာမျှဟုတ်မနေချေ။ ဤလောက၌ အသားအရေကောင်းမွန်သူ ထောင်ချီရှိသော်ငြား သူမကိုဆွဲဆောင်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

သို့သော် ဤအခိုက်အတန့်တွင်မူ လီယွမ်ပသည် ယဲ့ဟွမ်၏နှလုံးသားကို လှုံ့ဆော်နိုင်ခဲ့သည်။ ယဲ့ဟွမ်၏အမြင်တွင် လက်ရှိအချိန်၏လီယွမ်ပမှာ လောကသူရဲကောင်းကြီးတစ်ဦးကဲ့သို့ ဖြစ်သည်။ သူမ ဘေးဒုက္ခကြုံတွေ့နေရချိန်တွင် ရောက်လာခဲ့ပြီး ကယ်တင်ပေးခဲ့သည်။ ဤလူမှာ သူမ၏ကမ္ဘာတွင် သူရဲကောင်းကြီးဖြစ်ခဲ့လေပြီ!

“တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့် ငါအကြီးအကဲကို ဟန့်တားရဲတယ်ပေါ့လေ!”

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ရယ်သံကြီးသည် ယဲ့ဟွမ်၏စိတ်ကူးယဉ်မှုကို နှောင့်ယှက်ဖျက်ဆီးလိုက်၏။ သူမ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလျက် လီယွမ်ပအား စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေခဲ့သည်။

သူ ဇာမဏီမျိုးနွယ်သုံးယောက်ကို ဟန့်တားနိုင်ပါ့မလား?

“တိုက်မှာတိုက်စမ်းပါ!”

ဇာမဏီမျိုးနွယ်အကြီးအကဲ၏ စကားတွင် လီယွမ်ပသည် တူလက်နက်ကိုပင့်မြှောက်၍ အေးစက်စွာပြော၏။

ထိုမြင်ကွင်းသည် ယဲ့ဟွမ်၏အမြင်အား ပို၍ပင် ညဉ့်နက်ယံမှကြယ်တစ်ပွင့်ကို မြင်တွေ့ရသည်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ဤလောကတွင် ဤလူထက်ပို၍ ဩဇာလွှမ်းမိုးနိုင်သူ မရှိနိုင်လောက်ချေ။

“သူရဲကောင်းကြီး အို မဟုတ်‌ဘူး.. ဒီကကျင့်ကြံသူမိတ်ဆွေ.. ရှင်ထွက်သွားတာ ကောင်းလိမ့်မယ်!”

ယဲ့ဟွမ်မှ လီယွမ်ပကို ပြော၏။ သူမ၏နောက်ဆုံးအချိန်တွင် ဤသို့သောလူနှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းသည်ပင် ယဲ့ဟွမ်အတွက် ထိုက်တန်နေခဲ့ပြီဖြစ်သည်။ သူမ ထိခိုက်နာကျင်နေခြင်းကြောင့်နှင့် လီယွမ်ပမှ ပါဝင်ရှုပ်ထွေးမိစေရန် မလိုလားပါချေ။

“မစိုးရိမ်နဲ့ ငါရှိနေရင် သူမင်းကို မထိနိုင်ဘူး”

ယဲ့ဟွမ်၏စကားအဆုံးတွင် လီယွမ်ပသည် နောက်သို့လှည့်ကြည့်၍ ယဲ့ဟွမ်အား ပြုံးရယ်ပြခဲ့သည်။

လီယွမ်ပ၏သွားများသည် အနည်းငယ်ဝါနေခဲ့သော်ငြား ယဲ့ဟွမ်သည်တော့ နှလုံးအိမ်ခုန်လှုပ်နေခြင်းကို မထိန်းချုပ်နိုင်ခဲ့ပါချေ။

ယဲ့ဟွမ်သည် ရှက်‌ကိုးရှက်ကန်းလေးဖြင့် ခေါင်းငုံ့၍ တိုးလျစွာညည်း၏။ နောက်ဆုံးတွင်တော့ လီယွမ်ပကိုယုံကြည်ရန် ရွေးချယ်ခဲ့သည်။

“မိုက်မဲတာပဲ!”

ဇာအဏီမျိုးနွယ်စုအကြီးအကဲသည် အေးစက်စွာ လှောင်ရယ်၏။ အကြီးအကဲသည် လက်ကိုဆန့်ထုတ်၍ လက်သီးတင်းတင်းဆုပ်လျက် လက်သီးထိုးချက်တစ်ခု ပစ်လွှတ်ခဲ့သည်။ သူ၏လက်သီးမှ စူးရှသောအလင်းများတောက်ပနေ၏။ နေလုံးကြီးကဲ့သို့သော ဧရာမလက်သီးကြီးသည် လီယွမ်ပသို့ ဦးတည်တိုက်ခိုက်လေသည်။

ထိုလက်သီးထိုးချက်ကို ရင်ဆိုင်ရသည်တွင် လီယွမ်ပသည် အနည်းငယ်သော်မျှ ကြောက်ရွံ့တွန့်ဆုတ်မှုမရှိဘဲ တူလက်နက်အား ကိုင်မြှောက်၏။ အလွန်တရာလေးလံဟန်ရသော ဧရာမတူလက်နက်ကြီးကို လီယွမ်ပသည် အလွယ်တကူပင် လှုပ်ရှားကိုင်ဆောင်နိုင်လေသည်။ တူလက်နက်၏အဟုန်နှင့်အတူ လေဟာပြင်မှာ ပုံပျက်သွားရသည်။

လီယွမ်ပနှင့် ဇာမဏီမျိုးနွယ်သုံးဦးတို့ထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များကြောင့် ယဲ့ရှန်းစံအိမ်ခန်းမကြီးမှာ အဆက်မပြတ်တုန်ခါနေလျက် အချိန်မရွေးပြိုကျပျက်စီးသွားတော့မည့်အလား အက်ကွဲကြောင်းများ ပျံ့နှံ့ဖြစ်ပေါ်လာခဲ့သည်။

သို့ဖြစ်ရာ ဇာမဏီမျိုးနွယ်သုံးဦးအား တိုက်ခိုက်ရန်အတွက် တူလက်နက်ကို ကိုင်မြှောက်လှုပ်ရှားနေသည့် လီယွမ်ပသည် သူ၏စွမ်းအင်တို့ကို ယဲ့ဟွမ်နှင့် ယဲ့ရှန်းစံအိမ်ဒုတိယအကြီးအကဲဖန်းဝမ်သို့ လွှဲပြောင်းပေးရန်လည်း မမေ့လျော့ခဲ့ပါချေ။

သူ၏မူလရည်ရွယ်ချက်မှာ ယဲ့ဟွမ်တို့နှစ်ဦးမှ ကြားဝင်ခြင်းဖြင့် သူ၏တိုက်ခိုက်မှုကို နှောင့်ယှက်မှုမဖြစ်စေရန်အတွက်ဖြစ်သည်။ ထို့ပြင် မိမိမှ သတိလက်လွတ်တိုက်ခိုက်မိရာမှ ထိုနှစ်ဦးအား မတော်တဆ တူဖြင့်ထုချေမိမည်ကိုလည်း စိုးရိမ်မိသောကြောင့် ဖြစ်ပါ၏။

ယဲ့ဟွမ်၏အမြင်တွင်မူ ထိုအပြုအမူသည် နှလုံးအိမ်သို့ ထိခတ်သက်ရောက်သွားခဲ့၏။ ဤလောကတွင် ဤလူထက် ဂရုထားတတ်သူ မရှိနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ယဲ့ဟွမ်မှာ ဤသို့သောဘေးအန္တရာယ်ဖြင့် ကြုံတွေ့ရခြင်းမှာ ကံကောင်းသည်ဟု အတွေးဝင်လာခဲ့ပေသည်။ သို့မဟုတ်ပါက လီယွမ်ပကဲ့သို့ ခန့်ညားဝင့်ထည်သူတစ်ဦးကို သူမအနေဖြင့် အဘယ်သို့များ တွေ့ဆုံနိုင်ပါမည်နည်း။

ဘုန်း!

ယဲ့ဟွမ်တို့နှစ်ဦးကို လွှဲပြောင်းပို့ဆောင်အပြီးတွင် လီယွမ်ပ၏တူလက်နက်နှင့် ဇာမဏီမျိုးနွယ်အကြီးအကဲ၏ လက်သီးထိုးချက်တို့ တိုက်ရိုက်ထိခတ်သွားခဲ့ပြီး နားကွဲမတတ်သောပေါက်ကွဲသံကျယ်ကြီး မြည်ဟီးသွားခဲ့သည်။

လီယွမ်ပနှ့င် အကြီးအကဲတို့နှစ်ဦးကို ဗဟိုပြု၍ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။ ဤမျှကြီးမားသည့်စွမ်းအင်တို့၏ တိုက်စားခံရသည်ဖြစ်ရာ ယဲ့ရှန်းစံအိမ်ခန်းမကြီးမှာ ထပ်မံတောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ပြိုကျသွားတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သဲဖုန်မှုန့်များ ထူထပ်ပိတ်ဆီးသွား၏။

All Chapters