← Chapters

ဇာမဏီနှင့်ရွှေတောင်ပံဂဠုန်၏တိုက်ပွဲ။

Vol. 18 Ch. 244

ဇာမဏီနှင့်ရွှေတောင်ပံဂဠုန်၏တိုက်ပွဲ။

Vol. 18 Ch. 244

“ဘယ်လိုဖြစ်နိုင်မှာလဲ?”

ဖုန်မှုန့်မြူခိုးများ ရှင်းလင်းသွားသောအခါ ဇာမဏီမျိုးနွယ်အကြီးအကဲသည် သူ၏လက်သီးမှ တစက်စက်စီးကျနေသည့်သွေးများကို ငေးစိုက်ကြည့်နေခဲ့သည်။ တစ်ဖန် အဝေးရှိပုံရိပ်အား မယုံကြည်နိုင်စွာ လှည့်ကြည့်ရင်းဖြင့် အံ့အားသင့်စွာရေရွတ်လေသည်။

တစ်ဖက်ရှိ လီယွမ်ပသည် တူလက်နက်ကိုကိုင်ဆောင်၍ ထိခိုက်မှုအလျဉ်းမရှိဘဲ ရပ်နေခဲ့၏။ သူ၏ခန္ဓာကိုယ်သည် ပိန်ပါးသော်ငြား အလွန်ဖြောင့်တန်းပေသည်။ လီယွမ်ပသည် ဩဇာကြီးမားမှုများ ထုတ်လွှတ်လွှမ်းခြုံနေလျက် တိုက်ခိုက်လိုသည့်စိတ်ဝိဉာဉ်မှာမူ ပွက်ပွက်ဆူနေခဲ့သည်။

“ဒါက ကျွန်မရဲ့ပြိုင်ဘက်ကင်းသူရဲကောင်းပါပဲ”

အဝေးသို့ပို့ဆောင်ခံထားရသည့် ယဲ့ဟွမ်သည်လည်း မထိန်းချုပ်နိုင်စွာ စကားတစ်ခွန်းဆိုမိခဲ့သည်။ ဆောင်းဦးရာသီ၏ရေပြင်ကဲ့သို့ သူမ၏လှပသောမျက်ဝန်းအစုံတွင် အသိအမှတ်ပြုလေးစားမှုများ ထင်ဟပ်နေခဲ့သည်။

လူအုပ်၏အံ့ဩထိတ်လန့်နေသည့် အကြည့်များအောက်တွင် လီယွမ်ပသည် တူလက်နက်ကိုကိုင်ဆောင်၍ ဇာမဏီမျိုးနွယ်သုံးဦးသို့ တစ်ဟုန်ထိုးပြေးသွား၏။ ရွှေတူလက်နက်ကို ဝှေ့ယမ်းလျက် ပြင်းလှစွာသောအင်အားဖြင့် စွမ်းအင်လှိုင်းများစေကာ လေဟာပြင်ကိုစုတ်ဖြဲသွားလေသည်။

“ဘယ်လောက်ပဲအင်အားကြီးမားပါစေ ဘာတွေများအသုံးဝင်လို့လဲ? တာ့အိုအုပ်စိုးသူအဆင့်ကျင့်ကြံသူလေးပဲ မဟုတ်လား?!”

တစ်ဟုန်ထိုးပြေးဝင်လာနေသည့် လီယွမ်ပကိုကြည့်ရင်းဖြင့် ဇာမဏီမျိုးနွယ်အကြီးအကဲသည် အေးစက်စွာလှောင်ရယ်၏။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များသည် ချက်ချင်းဆူပွက်လာခဲ့ပြီး ခမ်းနားကြီးကျယ်လှစွာသောစွမ်းအင်များသည် သူ၏လက်သီးထက်တွင် စုဝေး‌လာခဲ့သည်။

ဤတစ်ကြိမ်တွင် ဇာမဏီမျိုးနွယ်အကြီးအကဲသည် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်နိုင်သေး၏။ တာ့အိုဧကရာဇ်အဆင့်ဖြစ်သည့် မိမိသည် တာ့အိုအုပ်စိုးသူအထွတ်အထိပ်အဆင့်လီယွမ်ပအား အနိုင်မတိုက်နိုင်ဟု သူမယုံကြည်ပါချေ။

တာ့အိုအုပ်စိုးသူအဆင့်နှင့် တာ့အိုဧကရာဇ်အဆင့်နှစ်ခု၏ ကွာခြားချက်သည် မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်း၏။ အဘယ်သို့များ အလွယ်တကူ ကွာဟချက်မရှိ တိုက်ခိုက်နိုင်ပါအံ့နည်း။

ဘုန်း!

လက်သီးနှင့်တူလက်နက်တို့ ထိခတ်သွားခဲ့ပြီး ကြောက်မက်ဖွယ်အသံလှိုင်းသည် လှိုင်းတွန့်ငယ်များသဖွယ် ပျံ့နှံ့သွားခဲ့သည်။ သာမန်မျက်လုံးဖြင့် မမြင်တွေ့နိုင်သော စွမ်းအင်မုန်တိုင်းကြီးသည် ပတ်ဝန်းကျင်ရှိအဆောက်အဦးများကို လွင့်ထွက်သွားစေခဲ့ပြီး အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ယဲ့ဟွမ်သည်လည်း ယဲ့ရှန်းစံအိမ်ဒုတိယအကြီးအကဲဖန်းဝမ်ကို ခေါ်ဆောင်၍ တိုက်ပွဲနေရာမှ အဝေးသို့ရှောင်တိမ်းလိုက်သည်။

“အစ်ကို ကျွန်တော်တို့ အကြီးအကဲယွမ်ပကို ဆွဲခေါ်လာတာမှန်သွားတယ်”

ကုချိုးသည် လီယွမ်ပ၏ ဧရာမတူလက်နက်ကြီးဖြင့် လှုပ်ရှားတိုက်ခိုက်နေသည့် ဩဇာကြီးမားသောပုံရိပ်ကိုကြည့်ရင်းမှ ခံစားချက်ကင်းမဲ့သည့် မျက်နှာအမူအရာဖြင့်ပြော၏။

“ဟုတ်တယ်။ ဒါနဲ့ ယဲ့ရှန်းစံအိမ်သခင်မ ယဲ့ဟွမ်က အကြီးအကဲယွမ်ပကို ကြည့်တဲ့အကြည့်က နည်းနည်းမူမမှန်သလို ခံစားနေရတယ်”

ကုကန်းချိုးမှ ‌တွေးတွေးဆဆဖြင့် ပြော၏။

“ဟင်? အစ်ကို မင်းက ယဲ့ဟွမ်ကိုလိုက်ကြည့်ပြီး ဘာလုပ်မှာလဲ?”

“ငါက အစတုန်းကတော့ ယဲ့ဟွမ်က ငါတို့ဂိုဏ်းချုပ်ရဲ့ အစေအပါးဖြစ်ဖို့ အရည်အချင်းပြည့်မီရဲ့လားလို့ ကြည့်ချင်ရုံပါ။ ဒါပေမဲ့ အခုကြည့်ရ‌တာတော့ ကိစ္စတွေက ချိတ်ဆက်ကုန်ပြီထင်တယ်”

ကုကန်းချိုးမှ ရှုပ်ထွေးနေဟန်ဖြင့်ပြော၏။

“ဘာကိုချိတ်ဆက်တာလဲ?”

“ငါတို့တွေ အခြားသူတွေရဲ့အိမ်ကို ရုတ်တရက်ဖောက်ထွင်းဝင်ပြီး ဓားပြတိုက်တဲ့အခါ မြင်ရတတ်တဲ့မြင်ကွင်းတွေကို မှတ်မိသေးလား?”

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အိပ်ရာပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာကိုတော့ မှတ်မိတယ်! အဲဒါက ယဲ့ဟွမ် ဂိုဏ်းချုပ်ရဲ့အစေအပါးဖြစ်တာနဲ့ ဘာဆိုင်လို့တုန်း?”

“ခုလေးတင်ပဲ အကြီးအကဲယွမ်ပကိုကြည့်နေတဲ့ ယဲ့ဟွမ်ရဲ့မျက်လုံးတွေကို ငါမြင်ခဲ့တယ်။ အဲဒီ့ အိပ်ရာပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့ ယောက်ျားနဲ့မိန်းမရဲ့ မျက်လုံးတွေနဲ့ တစ်ပုံစံတည်းပဲ”

“ဘာ?”

……

တိုက်ပွဲအလယ်ဗဟို၌ ပြင်းထန်လှစွာသောတိုက်ခိုက်စွမ်းအင်သည် ဇာမဏီမျိုးနွယ်စုအကြီးအကဲအား ဆက်တိုက်နောက်ဆုတ်ရန် ဖိအားပေးနေခဲ့သည်။ အကြီးအကဲမှာ သွေးများစိမ့်ထွက်နေလျက် နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေခဲ့သည်။

မကြာမီက လီယွမ်ပမှ မိမိအား ထိခိုက်စေနိုင်ခဲ့ခြင်းသည် မတော်တဆဖြစ်ရပ်ဟုသာ တွေးထင်ခဲ့သည်။ သို့သော် လီယွမ်ပသည် မိမိအား ထိပ်တိုက်ရင်ဆိုင်ရာတွင် နောက်တစ်ကြိမ် ထိခိုက်စေနိုင်ခဲ့သည်။

ဒါက ဘယ်လိုများဖြစ်နိုင်ရတာလဲ?

ဤမျှကြောက်မက်ဖွယ်သောစွမ်းအင်ကြီးကို သူပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်၏။

ဇာမဏီမျိုးနွယ်စုအကြီးအကဲမှ မင်သက်နေစဉ်တွင် လီယွမ်ပသည် သတိကပ်နေမြဲဖြစ်သည်။ လီယွမ်ပသည် အထက်လေဟာပြင် ရုတ်ချည်းခုန်တက်လျက် သူ၏လက်ကိုင်ရိုးရှည်တူကြီးကို ကိုင်မြှောက်လိုက်ခြင်းနှင့်အတူ ဇမဏီမျိုးနွယ်စုအကြီးအကဲ၏ရှေ့၌ ပေါ်ထွက်လာခဲ့သည်။

ရွှေတောင်ပံဂဠုန်ခန္ဓာနှင့် ရွှေတောင်ပံဂဠုန်သွေးမျိုးဆက်တို့ကို အသက်သွင်းခဲ့ပြီး လီယွမ်ပ၏ ပိန်ပါးသောခန္ဓာကိုယ်လေးမှ နတ်ဘုရားနှင့်မိစ္ဆာအရှိန်အဝါတို့ စိမ့်ထွက်လာသည့်အလား ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။

တောင်တမျှလေးလံသောတူ!

လီယွမ်ပ၏တူကြီးမှ ထုချလိုက်သည်တွင် ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏လေဟာပြင်မှာ တစ်လက်မစီဖြေးဖြေးချင်း ကွဲအက်လာနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။ အင်အားကြီးမားလှစွာသော သက်ရောက်မှုသည် အကြီးအကဲအား နာကျင်မှုကို ခံစားစေခဲ့ပြီး မထိန်းချုပ်နိုင်စွာ တုန်ရီလာရလေသည်။

ထိုအချိန်တွင် အခြားဇာမဏီမျိုးနွယ်နှစ်ဦးသည်လည်း လီယွမ်ပ၏တိုက်ခိုက်မှုမှ အင်အားကို သတိပြုမိခဲ့သည်။ သို‌့သော်ငြား သူတို့မှ ဇာမဏီမျိုးနွယ်စုအကြီးအကဲကို ကူညီပေးလိုလျှင်သော်မှ နောက်ကျသွားခဲ့ချေပြီ။

“အားး!”

ထိုသို့သော သေရေးရှင်ရေးအခြေအနေတွင် ဇယမဏီမျိုးနွယ်စုအကြီးအကဲသည် ဦးခေါင်းမော့၍‌ အော်ဟစ်လာ၏။ သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်မီးတောက်များ တောက်လောင်ထွက်ပေါ်လာခဲ့သည်။ အဝေးရှိ ယဲ့ဟွမ်နှင့်အခြားသူများအားလုံးမှာ ကြောက်ရွံ့မှုကြောင့် ချွေးစေးများထွက်လာရသည်။

“ပဉ္စမသုခဘုံစွမ်းအား!”

ယဲ့ဟွမ်သည် ဇာမဏီမျိုးနွယ်စုအကြီးအကဲအား ငေးစိုက်ကြည့်ရင်းမှ အံ့အားသင့်စွာဖြင့်ပြော၏။

‌ဇာမဏီမျိုးနွယ်စု၏ ‌သုခဘုံပညာရပ်သည် ရှေးဟောင်းဒဏ္ဍာရီလာသားရဲဖြစ်သော ဇာမဏီငှက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် ၎င်းမှာ သုခဘုံစွမ်းအင်ကိုးဆင့်တည်ရှိသည်ဟု ဆိုကြ၏။ နဝမသုခဘုံသို့ ရောက်ရှိနိုင်ခဲ့ပါလျှင် သုခဘုံပညာရပ်အား အမှန်စင်စစ်ပြီးမြောက်ခြင်းဖြစ်ပြီး ဇာမဏီငှက်အသွင်သို့ပြောင်းလဲနိုင်ပြီး တာ့အိုအဆင့်များထက် သာလွန်သည့် ကြောက်မက်ဖွယ်သောတည်ရှိမှုကြီး ဖြစ်လာမည်ဟုဆိုကြသည်။

ယဲ့ဟွမ်မှာ မထိန်းချုပ်နိုင်စွာ စိုးရိမ်ပူပန်လာရသည်။ သူမသည် လီယွမ်ပ၏ပုံရိပ်လေးမှာ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း ပျောက်ကွယ်သွားလိမ့်မည်ကို ကြောက်ရွံ့နေသည့်အလား စိုးရိမ်ပူပန်စွာ ငေးစိုက်ကြည့်နေခဲ့သည်။

ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏ အင်အားကြီးမားလှစွာသောစွမ်းအင်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သော်ငြား လီယွမ်ပသည် နောက်ဆုတ်ခြင်းမပြုဘဲ ပို၍ကြောက်မက်ဖွယ်သော အရှိန်နှုန်းဖြင့် တူကိုလွှဲယမ်းထူချေပစ်ခဲ့သည်။

လီယွမ်ပမှ တူဖြင့်ထုချေသည်နှင့် တစ်ပြိုင်နက်တည်းပင် ရွှေတောင်ပံဂဠုန်ခန္ဓာနှင့် ရွှေတောင်ပံဂဠုန်သွေးမျိုးဆက်တို့ကိုလည်း အလွန်အမင်းအသုံးပြုခဲ့သည်။ လီယွမ်ပသည် အနည်းငယ်တုံးအနိုင်သော်ငြား ပြိုင်ဘက်ကိုမူ အဘယ်သောအခါမှ အထင်‌မြင်သေးမည်မဟုတ်ပေ။

လီယွမ်ပ၏နောက်ကျောတွင် ရွှေတောင်ပံဂဠုန်ငှက်၏ပုံရိပ် တည်ရှိနေခဲ့ပြီး ဇမဏီမျိုးနွယ်စုအကြီးအကဲ၏နောက်ကျောတွင် ဇာမဏီငှက်၏ပုံရိပ် တည်ရှိနေခဲ့သည်။ ထိုနတ်သားရဲနှစ်ကောင်မှာ နတ်ဘုရား၏အဟုန်ဖြင့် မီးတောက်မီးလျှံများအဖြစ် ‌ပေါက်ကွဲတောက်လောင်တော့မည့်အလား ဖြစ်တည်နေခဲ့သည်။

ဤသည်မှာ လီယွမ်ပနှင့် ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏ တိုက်ပွဲဖြစ်ရုံမျှမက ရွှေတောင်ပံဂဠုန်နှင့် ဇာမဏီတို့၏ တိုက်ပွဲလည်းဖြစ်သည်။

ဘုန်း!

လူအများ၏အကြည့်အောက်၌ပင် ကြောက်မက်ဖွယ်စွမ်းအားကြီးနှစ်ခုသည် အပြင်းအထန်ထိခတ်သွားခဲ့ကြပြီး နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးဖြစ်ပေါ်လာခဲ့သည်။ ယဲ့ဟွမ်နှင့်အခြားသူများမှာ နားများအူသွားကြကာ ခန္ဓာကိုယ်မှာလည်း လွင့်ထွက်သွားကြကုန်သည်။

မြေပြင်တစ်ခုလုံးမှာလည်း အပြင်းအထန်တုန်ခါသွားခဲ့သည်ကြောင့် ယဲ့ရှန်းစံအိမ်အတွင်းရှိ ကျင့်ကြံသူများမှာ တိုက်ပွဲမြင်ကွင်းကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ရှုရင်းဖြင့် လေဟာပြင်သို့ ပျံတက်သွားရသည်။

စွမ်းအင်များဖြတ်သန်းသွားရာတစ်လျှောက်ရှိ မြေပြင်မှာ ရုတ်ချည်းပြိုကျသွားခဲ့ပြီး တိုက်ပွဲအလယ်ဗဟိုရှိ အပျက်အစီးများသည်လည်း အဝေးသို့လွင့်ထွက်ကုန်လေသည်။ ယဲ့ရှန်းစံအိမ်ကြီးတစ်ခုလုံးနီးပါးမှာ အပျက်အစီးပုံကြီးဖြစ်သွားခဲ့‌လေပြီ။ ဤကြောက်မက်ဖွယ်စွမ်းအားကြီး၏ အရှိန်အဝါအောက်တွင် လူမည်မျှသေဆုံးခဲ့ပြီကိုလည်း မသိနိုင်ပါချေ။

လီယွမ်ပ၏ဧရာမတူကြီး ကျရောက်လာချိန်တွင် ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် သူ၏လက်များမှခန္ဓာကိုယ်တွင်းသို့ စီး‌ဆင်းနေသည့် စိတ်ကူးယဉ်ရန်မစွမ်းသော စွမ်းအင်တို့ကို ခံစားမိခဲ့သည်။ ခန္ဓာကိုယ်တွင်းသွေးတို့ကို ဆူပွက်အောင်ဖိနှိပ်နေလျက် ခန္ဓာကိုယ်အပြင်‌အရေပြားမှာ စုတ်ပြဲသွားသည်ဟု ခံစားလိုက်ရသည်တွင် အထက်ကောင်းကင်ထိတိုင် သွေးများလွင့်စင်ထွက်လာခဲ့သည်။ အကြီးအကဲ၏ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ သွေးလူသားအလား နီမြန်းပေကျံနေခဲ့ပြီး ပြင်းထန်လှသည့်စွမ်းအင်၏ ဖိအားကြောင့် ဒူးထောက်ကျသွားခဲ့လေသည်။

လီယွမ်ပသည်လည်း ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏ ပူပြင်းလှ‌စွာသော မီးတောက်များဖြင့် လောင်ကျွမ်းခြင်းကို ခံခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သွားခဲ့ပြီး အရေပြားမှာ နီရဲစွာတောက်လောင်ခံခဲ့ရ၏။ သူဝတ်ဆင်ထားခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲဝတ်ရုံမှ မီးလောင်ကျွမ်းခြင်းကို များစွာခုခံပေးထားခဲ့၍ မဟုတ်ပါလျှင် လီယွမ်ပ၏ဒဏ်ရာမှ ယခုအခြေအနေထက် ပိုမိုဆိုးရွားနိုင်ပေသည်။

ဇာမဏီနှင့် ရွှေတောင်ပံဂဠုန်တို့၏ ထိပ်တိုက်ရင်ဆိုင်သည့် ဤတိုက်ပွဲတွင် ‌‌လီယွမ်ပသည် အနိုင်ရရှိသူဖြစ်ခဲ့၏။ ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် အပြင်းအထန်ဒဏ်ရာရသွားခဲ့ပြီး လီယွမ်ပသည်တော့ အနည်းငယ်သာ ဒဏ်ရာရခဲ့သည်။

All Chapters