သဘောကျရင် ဖုံးကွယ်မနေသင့်ဘူး။
Vol. 18 Ch. 245
ယဲ့ဟွမ်၏မျက်လုံးများမှာ လီယွမ်ပ၏ကျောပြင်ထက်တွင် မလွှဲတမ်းကျရောက်နေခဲ့သည်။ ထိုလွှမ်းမိုးနိုင်စွမ်းသောသူသည် သူမအား မထိန်းချုပ်နိုင်ဖြစ်စေသည်။
“အကြီးအကဲ!”
ဇာမဏီမျိုးနွယ်နှစ်ဦးမှ ထိုမြင်ကွင်းကို မြင်တွေ့ရသည်တွင် သူတို့၏မျက်နှာအမူအရာများမှာ အကြီးအကျယ်ပြောင်းလဲသွားလျက် အံ့အားသင့်စွာဖြင့် အော်ခေါ်လိုက်၏။ သူတို့ထံမှ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအင်များ ထွက်ပေါ်လာကြပြီး လီယွမ်ပသို့ အပြင်းအထန်တိုက်ခိုက်ကြသည်။
ဇာမဏီမျိုးနွယ်နှစ်ဦးကို ရင်ဆိုင်ရသည်တွင် လီယွမ်ပသည် မထီမဲ့မြင်ပြုံးရယ်လိုက်ပြီးနောက် လက်ထဲမှတူကြီးနှစ်လက်ကို ပစ်လွှတ်လိုက်သည်။ ထို့နောက် ဇာမဏီမျိုးနွယ်စုအကြီးအကဲကို လက်ဖြင့်ပင့်မြှောက်လိုက်၏။
“မင်း.. မင်း.. မင်းငါ့ကိုမသတ်နိုင်ဘူး။ ငါက ဇာမဏီမျိုးနွယ်စုအကြီးအကဲပဲ။ မင်းငါ့ကိုသတ်ရင် ဇာမဏီမျိုးနွယ်စုရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလိမ့်မယ်!”
လည်ပင်းမှဖိညှစ်ပင့်မြှောက်ခံထားရသော ဇာမဏီမျိုးနွယ်စုအကြီးအကဲသည် ပြတ်တောင်းပြတ်တောင်းဖြင့် ပြော၏။ ယခုတွင် အကြီးအကဲ၌ ယခင်ကာလများကဲ့သို့ မောက်မာထောင်လွှားမှုများ မရှိနေတော့ပေ။ ကြောက်ရွံ့မှုများသာ ပြည့်နှက်နေ၏။
“ဇာမဏီမျိုးနွယ်စု? အဲ့တော့ ဘာဖြစ်လဲ! ရှန်ရှန့်ကျုံဂိုဏ်းရှေ့မှောက်မှာတော့ အားလုံးက သုံးစားမရတဲ့ဟာတွေချည်းပဲ!”
လီယွမ်ပမှ လှောင်ရယ်၍ လက်ကိုအားထည့်လိုက်သည်။ ကြောက်မက်ဖွယ်အင်အားသည် ဇာမဏီမျိုးနွယ်စုအကြီးအကဲ၏လည်တိုင်ကို ချက်ချင်း လိမ်ချိုးပစ်လိုက်သည်။ အင်အားကြီးမားလှစွာသောစွမ်းအင်သည် သူ၏ဝိဉာဉ်ကိုပါ သုတ်သင်ပစ်လိုက်၏။
“မလုပ်နဲ့!”
ထိုမြင်ကွင်းကြောင့် ဇာမဏီမျိုးနွယ်နှစ်ဦးသည် ဒေါသဖြင့်တုန်ရီလာခဲ့ကြကာ တစ်ကိုယ်လုံးမှာ ဝမ်းနည်းပူဆွေးမှုများ၊ မခံမရပ်နိုင်ခြင်းများဖြင့် လွှမ်းခြုံသွားခဲ့သည်။ သို့ေသာ် ကံဆိုးစွာဖြင့် သူတို့သည် လီယွမ်ပကို ဟန့်တားနိုင်စွမ်း မရှိပါချေ။
ဘုန်း!
ဇာမဏီမျိုးနွယ်နှစ်ဦးသည် အကောင်းဆုံးကြိုးစားခဲ့ကြသော်ငြား လီယွမ်ပ၏တူနှစ်လက်ဖြင့် ထိခတ်ပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်မှာ လွင့်ထွက်သွားခဲ့ပြီး လေဟာပြင်တွင် အကြိမ်ပေါင်းများစွာ လည်နေခဲ့ပြီးနောက်မှ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့ရသည်။ သူတို့၏ချီစွမ်းအင်နှင့် သွေးများ ဆူပွက်လာခဲ့ရာ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရသည်။
သူတို့သည် လီယွမ်ပအား အံ့ဩထိတ်လန့်စွာ ကြည့်နေကြ၏။ ဤသာမန်ဆန်သော တူနှစ်လက်သည် ဤမျှကြောက်မက်ဖွယ်ကောင်း၏။ သူတို့၏အကြီးအကဲသည်ပင် ထိုလူ၏တူအောက်၌ သေဆုံးခဲ့ရသည်မှာ အံ့ဩဖွယ်မရှိပေ။
ဇာမဏီမျိုးနွယ်နှစ်ဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်ကြရာ အချင်းချင်း၏မျက်လုံးများထဲမှ ကြောက်ရွံ့မှုကို မြင်တွေ့ရပေသည်။ ခဏအကြာတွင် သူတို့နှစ်ဦးသည် တုံ့ဆိုင်းမှုမရှိ ဤအိပ်မက်ဆိုးမှ လွတ်မြောက်နိုင်ပါရန် ထွက်ပြေးကြလေသည်။
သူတို့နှစ်ဦးမှ ထွက်ပြေးရန်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် လီယွမ်ပသည် သူတို့၏ရှေ့တွင် ရောက်လာခဲ့သည်။ သူတို့နှစ်ဦးမှာ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်များဖြစ်ကြပြီး ရွှေတောင်ပံဂဠုန်ခန္ဓာဖြစ်ေသာ လီယွမ်ပထက်ပို၍ လျင်မြန်နိုင်စွမ်းမရှိပါချေ။ အရှိန်နှုန်းဖြစ်စေ၊ အင်အားဖြစ်စေ လီယွမ်ပနှင့်ယှဉ်နိုင်သူမှာ အနည်းငယ်သာရှိပေလိမ့်မည်။
လီယွမ်ပသည် ပြက်ရယ်ပြုလိုသောအပြုံးဖြင့် ဇာမဏီမျိုးနွယ်နှစ်ဦးကိုကြည့်လျက် လက်ကိုဆန့်ထုတ်လိုက်ရာ ဧရာမတူကြီးနှစ်လက်သည် သူ၏လက်ထဲသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ တူကြီးနှစ်လက်ကိုလွှဲယမ်းလိုက်သည်တွင် လက်ထဲရှိတူကြီးများသည် ဇာမဏီမျိုးနွယ်နှစ်ဦးရှေ့တွင် ရုတ်ချည်းရောက်ရှိသွားခဲ့၍ ကြမ်းကြုတ်စွာ ထုချေလေသည်။
ကြောက်မက်ဖွယ်စွမ်းအင်ကြီးသည် လေဟာပြင်ကို တွင်းနက်ကြီးဖြစ်သွားစေခဲ့ပြီး ကြမ်းကြုတ်လှသည့်စွမ်းအင်လှိုင်းများသည်လည်း အရပ်မျက်နှာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ လီယွမ်ပ၏ကြောက်မက်ဖွယ်စွမ်းအင်နှင့် ရင်ဆိုင်ရသည်တွင် ဇာမဏီမျိုးနွယ်နှစ်ဦးသည် ခုခံလိုပါသော်ငြား သူတို့မှာ အနည်းငယ်သော စွမ်းအင်မျှကိုပင် မစုစည်းနိုင်ဘဲဖြစ်နေရသည်။
လီယွမ်ပမှ ထုတ်လွှတ်လိုက်သော ကြမ်းကြုတ်လှစွာသောအရှိန်အဝါသည် ဇာမဏီမျိုးနွယ်နှစ်ဦးကို ဖိနှိပ်နေခဲ့လေရာ သူတို့ထံ ဦးတည်လာနေသည့် ဧရာမတူကြီးနှစ်လက်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ဘုန်း!
နားကွဲလုမတတ်သောပေါက်ကွဲကြီးသည် အရပ်မျက်နှာအနှံ့တွင် မြည်ဟီးသွား၏။ ယဲ့ရှန်းစံအိမ်ကျင့်ကြံသူများ၏ ကြောက်ရွံ့နေသောအကြည့်များအောက်တွင် လီယွမ်ပ၏ဧရာမတူကြီးနှစ်လက်သည် ဇာမဏီမျိုးနွယ်ကျင့်ကြံသူနှစ်ဦးကို အစိတ်စိတ်အမွှာမွှာ ထုချေပစ်လိုက်လေသည်။ အက်ကွဲကြောင်းသည်လည်း ပတ်ဝန်းကျင်သို့ပျံ့နှံ့ကွဲအက်သွားခဲ့ပြီး ကြမ်းကြုတ်စွာသောအဟုန်သည် ဖုန်မှုန့်မြူခိုးများနှင့် ရောထွေးသွားခဲ့ကာ အရပ်မျက်နှာအသီးသီးသို့ ဖုံးလွှမ်းသွားခဲ့သည်။
သေချာမကြည့်လျှင်သော်မှ ထိုဇာမဏီမျိုးနွယ်နှစ်ဦးသည် ထပ်မံ မသေဆုံးနိုင်တော့သည်အထိ ကြေမွသေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကို သိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ထိုနှစ်ဦး၏ အသက်ရှုနှုန်းကို အဘယ်အရပ်တွင်မှ ခံစား၍မရနိုင်တော့သည်ကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ရှန်းစံအိမ်ကျင့်ကြံသူများသည် သူတို့၏ခံစားချက်များကို မည်သို့မည်ပုံဖော်ပြရမည် မသိတော့ပေ။ သူတို့သည် အံ့ဩဘနန်းဖြင့် ကြွေးကြော်အားပေးသင့်သည်ဖြစ်သော်ငြား သူတို့၏ စိတ်နှလုံးမှာ အံ့ဩထိတ်လန့်မှုဖြင့် ဖုံးလွှမ်းနေခဲ့လသည်။
ဒါက… ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားလား?
ယဲ့ရှန်းစံအိမ်ကျင့်ကြံသူများမှာ လီယွမ်ပ၏အင်အားကြောင့် အံ့ဩထိတ်လန့်သွားခဲ့ကြပြီး တစ်ချိန်တည်းပင် မှန်းဆ၍မရနိုင်အောင် နက်နဲလှစွာသော ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို တွေးမြင်ကြည့်ခြင်းဖြင့် ပို၍အံ့ဩထိတ်လန့်ကြရပြန်သည်။ လီယွမ်ပကဲ့သို့သော ကြောက်ခမန်းလိလိတည်ရှိမှုသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲတစ်ဦးသာဖြစ်၏။ သို့ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်း၏ အမှန်စင်စစ်သော စွမ်းအားမြင့်ကျင့်ကြံသူများသည် အဘယ်မျှတိုင် အင်အားကြီးမားလိမ့်ပါမည်နည်း။
“အစ်ကို ငါတို့ဘက်က ဆုံးရှုံးနေတာလား?”
နံရံနောက်တွင်ပုန်းနေသည့် ကုချိုးမှ ဒေါသတကြီးဖြင့်ပြော၏။
“ဘာလို့ဆုံးရှုံးတာဖြစ်ရမှာလဲ?”
“အစ်ကိုက ဘယ်လိုထင်လို့တုန်း? အဲဒီ့ယဲ့ဟွမ်က အကြီးအကဲယွမ်ပကို သဘောကျနေပြီ။ အခုပဲ သူ့ကို ဓားပြတိုက်ကြရအောင်။ ပြီးတော့ သူသာ အကြီးအကဲယွမ်ပနဲ့ လက်ထပ်ရင် သူလည်းပဲ အကြီးအကဲယွမ်ပလို အရမ်းတုံးအတဲ့သူပဲဖြစ်လိမ့်မယ်။ အကြီးအကဲယွမ်ပကလည်း သူ့ရဲ့ဇနီးနဲ့ပတ်သက်ရင် အရမ်းတင်းကြပ်တဲ့သူဖြစ်လိမ့်မှာပဲ။ အဲ့တော့မှ ငါတို့ကို ဓားပြတိုက်ခွင့်မပြုရင် ဘယ်လိုလုပ်ကြမလဲ?”
ကုချိုး၏စကားကြောင့် ကုကန်းချိုးမှာ အချိန်ခဏမျှကြောင်အသွားခဲ့ပြီးနောက် ကုချိုးအား စိတ်သက်သာရာရစွာကြည့်လိုက်သည်။ သူ၏ညီငယ်လေးသည် အဝေးသို့ကြိုတွေးတတ်လာသည်မှာ မဆိုးရွားလှပါချေ။
“ငါ့ညီ မင်းကြိုတွေးတာ နည်းနည်းများသွားပြီ”
“ဘာကို?”
“အခု ငါတို့ ယဲ့ရှန်းစံအိမ်ကို ဓားပြတိုက်လုယက်ဖို့ မလိုတော့ဘူး။ ယဲ့ဟွမ်က အကြီးအကဲယွမ်ပကို လက်ထပ်ချင်ရင် အသွင်းပစ္စည်းပေးရမှာပဲ မဟုတ်ဘူးလား? အဲဒီ့အသွင်းပစ္စည်းက ယဲ့ရှန်းစံအိမ်ဆိုရင်လည်း အရမ်းများလွန်းတာမဟုတ်ပါဘူး ဟုတ်တယ်မလား? ငါတို့အကြီးအကဲယွမ်ပက ဘယ်သူမလို့လဲ.. ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲဆိုတာ တုနိုင်းမဲ့တည်ရှိမှုပဲ!”
“အရမ်းကောင်းတယ် ဒါပေမဲ့ ငါတို့ဘက်ကလည်း လက်ဆောင်ပဏ္ဍာပြန်ပေးဖို့ လိုတယ်မဟုတ်ဘူးလား?”
ကုချိုးသည် မျက်လုံးများတောက်ပနေရင်းမှ ခါးသီးစွာမေးလာခဲ့၏။
“ဘာကိုပြန်ပေးမှာလဲ? ယဲ့ဟွမ်က အကြီးအကဲယွမ်ပကို လက်ထပ်တာ.. ယဲ့ရှန်းစံအိမ်ကြီးတစ်ခုလုံးပေါင်းရင်တောင်မှ အလှမ်းဝေးတဲ့ကမ်းလှမ်းချက်ဖြစ်နေသေးတယ်။ လက်ဆောင်ပဏ္ဍာပြန်လိုချင်သေးတာလား? ဘယ်လိုတောင် လှပတဲ့အကြံဉာဏ်လဲနော်”
“အစ်ကိုပြောတာမှန်တယ်!”
…..
ဝမ်ဖုန်းတို့အုပ်စုမှ ယဲ့ရှန်းစံအိမ်အပြင်ဘက်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏စိတ်တွင်း၌ စနစ်၏အချက်ပေးသံ ပေါ်ထွက်လာခဲ့သည်။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲလီယွမ်ပမှ တာ့အိုဧကရာဇ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅သိန်းနဲ့ တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၆ခုရရှိပါတယ်”
စိတ်တွင်းမှထွက်ပေါ်လာသောအသံကြောင့် ဝမ်ဖုန်းပြုံးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လီယွမ်ပသည် စိတ်မပျက်စေပေ။
သို့သော် ခဏအကြာတွင် ဝမ်ဖုန်း၏မျက်နှာမှာ အေးစက်သွား၏။ ထိုအရူးညီအစ်ကိုနှစ်ဦးသည် လီယွမ်ပကို ဆွဲခေါ်သွားဝံ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် သေချာပေါက် အပြစ်ပေးရပေမည်။
ယဲ့ရှန်းစံအိမ်တော်အတွင်း၌
လီယွမ်ပမှ ဇာမဏီမျိုးနွယ်သုံးဦး၏ သိုလှောင်လက်စွပ်များကို ရယူပြီးနောက်တွင် ယဲ့ဟွမ်သည် လီယွမ်ပ၏ ဘေးသို့လျှောက်လာခဲ့ပြီး အရိုအသေပေးလျက် ပြော၏။
“ကျွန်မနဲ့ ယဲ့ရှန်းစံအိမ်ကို ကယ်တင်ပေးတဲ့အတွက် အကြီးအကဲယွမ်ပကို ကျေးဇူးတင်ပါတယ်။ မီးတောက်မီးလျှံနဲ့ ပင်လယ်သမုဒ္ဒရာအလယ်မှာ ကြင်နာမှုဟာ ကောင်းကင်ကြီးနှင့်ပင် နှိုင်းယှဉ်အပ်ပါတယ်။ ယဲ့ဟွမ် ပြန်ပေးဆပ်ဖို့ မတတ်နိုင်လောက်အောင်ပါပဲ။ ယဲ့ဟွမ်ရဲ့ ဒီတစ်ဘဝကို အကြီးအကဲရဲ့ကျေးဇူးတရားကို ပြန်ပေးဆပ်ရင်းနဲ့ပဲ ကုန်ဆုံးလိုပါတယ်”
စကားအဆုံးတွင် ယဲ့ဟွမ်၏မျက်နှာလေးမှာ ရှက်သွေးဖြာသွား၏။ သို့သော် လီယွမ်ပကို ပြန်လည်ငေးစိုက်ကြည့်မိသည်တွင် စိတ်တထင့်ထင့်ဖြစ်သွားရသည်။ အကြီးအကဲသည် မိမိကြောင့် အထိတ်တလန့်ဖြစ်သွားလိမ့်မည်လော?
သို့ဖြစ်သော်ငြား ယဲ့ဟွမ်၏အပြုအမူသဘောထားတို့မှာ ခိုင်မာမြဲဖြစ်သည်။ သူမ၏အတွေးအခေါ်သည်တော့ သူမ နှစ်သက်ပါလျှင် နှစ်သက်မည်သာဖြစ်၏။ သိက္ခာစောင့်ထိန်းမှုလွန်ကဲခြင်းသည် ယဲ့ဟွမ်၏အကျင့်စရိုက်နှင့် မကိုက်ညီပါချေ။ ဤလောကတွင် သိက္ခာစောင့်ထိန်းမှုလွန်ကဲခြင်းကြောင့်နှင့် မည်မျှများပြားသော လက်ထပ်ထိမ်းမြားမှုများ လွဲချော်ပြီးခဲ့ပါပြီနည်း။
ထို့ပြင် ယဲ့ဟွမ်၏ တစ်သက်တာ စိတ်ကူးထဲမှရည်ရွယ်သူမှာ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ လီယွမ်ပသည် ရုပ်ရည်သွင်ပြင်မှလွဲ၍ သူမ၏နှလုံးသားထဲမှ စိတ်ကူးယဉ်ရည်ရွယ်သူနှင့် ကိုက်ညီပေသည်။
ယဲ့ဟွမ်၏စကားကို ကြားလိုက်ရသည်တွင် လီယွမ်ပမှာ မင်သက်သွားခဲ့လျက် ခေါင်းတကုတ်ကုတ်ဖြင့် မည်သို့စကားဆိုရမည်မသိတော့ဘဲနှင့် နေရာ၌သာ ရပ်နေခဲ့သည်။ လီယွမ်ပမှာ လမ်းပျောက်နေသည်ဟု ခံစားနေရပေသည်။
“ယဲ့ဟွမ်ရဲ့ထိုးစစ်က အရမ်းပြင်းထန်လွန်းလို့ အကြီးအကဲယွမ်ပ သေချာပေါက် ဖမ်းဆုပ်နိုင်မှာမဟုတ်လောက်ဘူး။ ညီလေး ငါတို့ အကြီးအကဲယွမ်ပကို ကူညီရမယ်”
အဝေးရှိကုကန်းချိုးသည် ယဲ့ဟွမ်မှာ အနည်းငယ်မျှပင် ဖုံးကွယ်မှုမရှိသည်ကို မြင်သောအခါ မျက်နှာအမူအရာပြောင်းလဲသွား၍ ဘေးရှိကုချိုးအား ပြောလိုက်သည်။ ကုကန်းချိုးသည် စကားဆိုရင်းဖြင့်ပင် ရှေ့သို့ခြေလှမ်းနေခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ ကုချိုးသည်လည်း နောက်ကောက်ကျန်ရစ်ခြင်း မရှိပေ။ အလျင်အမြန် နောက်မှလိုက်သွား၏။