အသွင်းပစ္စည်းအနေနဲ့ ဒါကအရမ်းမများပါဘူး
Vol. 18 Ch. 246
အမှန်အတိုင်းဆိုရပါလျှင် လီယွမ်ပသည် သူ၏ဘဝနှစ်လုံးတွင် ဤသို့သောအခြေအနေမျိုးကို ကြုံတွေ့ဖူးခြင်း မရှိပါချေ။ လီယွမ်ပမှာ အနည်းငယ် စိုးထိတ်နေ၏။ လူတစ်ယောက်ကို မျက်တောင်တစ်ချက်မျှမခတ်ဘဲ သတ်ဖြတ်နိုင်သည့် လီယွမ်ပကဲ့သို့ အမျိုးသားအား စိုးထိတ်စေနိုင်သူမှာ ယဲ့ဟွမ်ကဲ့သို့သော လှပတင့်တယ်သည့် အမျိုးသမီးတစ်ဦးသာ ရှိပေသည်။
“ယဲ့ရှန်းစံအိမ်သခင်မရဲ့ ပေသီးတွက်ခုံက အတော်လေး အသံကျယ်တာပဲ!”
ယဲ့ဟွမ်မှ လီယွမ်ပ၏အဖြေစကားကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေစဉ်တွင် လှောင်ရယ်ဟန်သောအသံတစ်ခုသည် ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်လာ၏။
ယဲ့ဟွမ်၏မျက်နှာမှာ အေးစက်သွားလျက် အပေါ်သို့မော့ကြည့်လိုက်သည်။ ကုချိုးနှင့် ကုကန်းချိုးတို့သည် သူမနှင့် လီယွမ်ပထံသို့ ဦးတည်လာနေခဲ့သည်။
လီယွမ်ပသည် ကုချိုးနှင့် ကုကန်းချိုးတို့ကိုမြင်သောအခါ ကယ်တင်ရှင်ကြီးကို မြင်တွေ့လိုက်ရသည့်အလား ကုကန်းချိုးတို့အား မျက်လုံးတစ်ဖက်မှိတ်၍ အချက်ပြနေခဲ့သည်။
“အကြီးအကဲယွမ်ပကို ဂါရဝပြုပါတယ်”
ကုကန်းချိုးတို့နှစ်ဦးသည် လီယွမ်ပကို ဂါရဝပြု၏။ ကုကန်းချိုးမှ လီယွမ်ပအား စိတ်ချစေရန် မျက်လုံးတစ်ဖက်ပြန်မှိတ်ပြ၏။ ထို့နောက် ယဲ့ဟွမ်အား လှောင်ရယ်ဟန်ဖြင့် ကြည့်လေသည်။
“ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေပဲ”
ထိုမြင်ကွင်းကြောင့် မှုန်မှိုင်းသည့်မျက်နှာအမူအရာဖြင့် ယဲ့ဟွမ်သည် ရုတ်ချည်း နူးညံ့ညင်သာစွာပြောလာခဲ့သည်။ မျက်နှာတွင်လည်း နူးညံ့လှပသောအပြုံးတစ်ခု ဖြစ်တည်လာ၏။
သို့သော် ကုကန်းချိုးသည်တော့ ၎င်းအပြအမူတို့တွင် ယိမ်းယိုင်မသွားပါချေ။ ကုကန်းချိုးသည် လက်နှစ်ဖက်ကိုနောက်ပစ်ရပ်လျက် ကျယ်လောင်စွာပြော၏။
“ယဲ့ရှန်းစံအိမ်က ကပ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ အကြီးအကဲယွမ်ပက ဒီတစ်ကြိမ်ဘေးအန္တရာယ်ကို ကူညီပေးနိုင်ခဲ့ရင်တောင် ဇာမဏီမျိုးနွယ်စုက ဆက်လိုက်နေဦးမှာပဲ။ စံအိမ်သခင်မလည်း ခုခံဖို့တတ်နိုင်မှာမဟုတ်ဘူး”
“စံအိမ်သခင်က အကြီးအကဲကို အမှန်တကယ်နှစ်သက်တာ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အဲ့လိုတဲ့တိုးစကားဆိုတာမျိုးကတော့ မဖြစ်နိုင်ပါဘူး။ စံအိမ်သခင်မအနေနဲ့ သခင်မနှစ်သက်တဲ့သူကို လက်ထပ်နိုင်ရုံတင်မကဘဲ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကာအကွယ်ရယူပြီး ဇာမဏီမျိုးနွယ်စုရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်လွှဲဖို့အတွက် အခုလို စကားဆိုဝံ့တာမဟုတ်ပါလား? စံအိမ်သခင်မက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြံစည်နေတာပါပဲ။ စံအိမ်သခင်မရဲ့ပေသီးတွက်ချက်မှုက အတော်လေး ကောင်းမွန်လှပါတယ်ဗျာ”
ကုကန်းချိုး၏စကားကြောင့် ယဲ့ဟွမ်၏ တင့်တယ်လှပသောခန္ဓာကိုယ်မှာ တုန်ရီလာခဲ့သည်။ သူမသည် ကုကန်းချိုးကို အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်၏။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်သည် လိမ္မာပါးနပ်လွန်းလှပေသည်။ ဒီအတွေ့အကြုံရင့်သန်သည့် သခင်မ၏တွက်ချက်မှုကိုပင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်း၏။
“ဟုတ်တယ် ငါသခင်မ တွက်ချက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ငါ အကြီးအကဲယွမ်ပကို ချစ်နှစ်သက်တယ်ဆိုတာလည်း အမှန်ပါပဲ”
မိမိ၏တွက်ချက်မှုကို ဖောက်ထွင်းသိမြင်ပြီးဖြစ်ရာ ယဲ့ဟွမ်သည်လည်း ဖုံးကွယ်မနေတော့ဘဲ ပွင့်လင်းစွာပြောလိုက်သည်။
“အကြီးအကဲယွမ်ပက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အဓိကအထောက်အပံ့တစ်ခုပဲ။ ယဲ့ရှန်းစံအိမ်သခင်မက အကြီးအကဲယွမ်ပကို စကားလေးတစ်ခွန်းနဲ့ လက်ထပ်ယူချင်တယ်ဆိုတာက နည်းနည်းစိတ်ကူးယဉ်ဆန်မနေဘူးလားဗျာ?”
“ကျွန်တော်တို့အကြီးအကဲယွမ်ပက အမျိုးသမီးတွေကြားမှာ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုတာ စံအိမ်သခင်မ,သိပါရဲ့လား? မရေမတွက်နိုင်တဲ့အမျိုးသမီးတွေက အကြီးအကဲယွမ်ပကို လက်ထပ်ချင်လွန်းလို့ ရှန်ရှန့်ကျုံဂိုဏ်းကို ငိုယိုပြီးလိုက်လာကြတဲ့အထိပဲ”
ကုကန်းချိုးသည် ယဲ့ဟွမ်၏ ပွင့်လင်းစွာပြောဆိုမှုကြောင့် အံ့ဩသွားခဲ့သောငြား ညှာတာမှုကင်းမဲ့စွာ ဆက်လက်ပြောခဲ့သည်။
ကုကန်းချိုး၏ ထိုစကားများအဆုံးတွင် လီယွမ်ပသည် ကုကန်းချိုးအား မယုံကြည်နိုင်စွာကြည့်လာခဲ့လေသည်။
ငါက အရမ်းနာမည်ကြီးတယ်တဲ့လား? ငါဘာလို့ မသိရတာတုန်း??
ဆန့်ကျင်ဘက်အနေဖြင့် ကုကန်းချိုး၏စကားများကို အလေးအနက်နားထောင်နေသည့် ယဲ့ဟွမ်သည် လီယွမ်ပအား ပို၍ပင် ရူးသွပ်စွဲလန်းစွာဖြင့် ကြည့်လာလေသည်။ မမျှော်လင့်စွာဖြင့် ထိုလူသည် လွှမ်းမိုးနိုင်စွမ်းရှိရုံမျှမက သစ္စာတည်မြဲ၍ အခြားအမျိုးသမီးများကြောင့် စိတ်နှလုံးယိမ်းယိုင်ခြင်းလည်း မရှိချေ။ တကယ့်ကို ယဲ့ဟွမ်၏အမြင်သည် မမှားယွင်းပါချေ။
“အဲ့တော့ မင်းက ဘယ်လိုအတွေးရှိလို့လဲ?”
ယဲ့ဟွမ်မှ ကုကန်းချိုးကိုကြည့်၍ ပြော၏။
“အဲ့တုန်းက စံအိမ်သခင်မက စိုးရိပ်ပူပန်မှုတွေနဲ့ အလောတကြီးထွက်သွားခဲ့တာမို့ ဂိုဏ်းချုပ်က ကိစ္စတစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်တာကြောင့် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်နဲ့ အကြီးအကဲယွမ်ပကို အခြေအနေစောင့်ကြည့်ပေးဖို့ စေလွှတ်လိုက်တာပါ။ အခု အကြီးအကဲယွမ်ပက စံအိမ်သခင်မတို့ရဲ့ အင်အားကြီးရန်သူတွေကို ကူညီတိုက်ထုတ်ပေးခဲ့ပေမယ့် အဲ့အတွက် ဆုလာဘ်နဲ့ပတ်သက်ပြီး ဘာမှမတောင်းဆိုလိုပါဘူး။ ရှန်ရှန့်ကျုံဂိုဏ်းက တစ်ဖက်လူရဲ့ဘေးအန္တရာယ်အပေါ်မှာ အမြတ်ထုတ်မှာမဟုတ်ပါဘူး”
“ဒါပေမဲ့ အကြီးအကဲယွမ်ပကို လက်ထပ်ဖို့ကိစ္စကတော့ အသွင်းပစ္စည်းတောင်းမယ်ဆိုရင် အရမ်းများလွန်းတယ်လို့မဆိုနိုင်ဘူး မဟုတ်လားဗျာ? ယဲ့ရှန်းစံအိမ်သခင်မအနေနဲ့ ယဲ့ရှန်းစံအိမ်ကျင့်ကြံသူအားလုံးကိုခေါ်ဆောင်ပြီး ကျွန်တော်တို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီး ယဲ့ရှန်းစံအိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကို အသွင်းပစ္စည်းအဖြစ် အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က အကြီးအကဲယွမ်ပကို စံအိမ်သခင်မနဲ့ လက်ထပ်ဖို့အတွက် တိုက်တွန်းပေးနိုင်ပါတယ်။ စံအိမ်သခင်မ ဘယ်လိုသဘောရပါသလဲ?”
ကုကန်းချိုးသည် ယဲ့ဟွမ်ကိုကြည့်၍ ကျယ်လောင်စွာပြော၏။ ကုကန်းချိုး၏ အပေးအယူကြီးသည် ယဲ့ဟွမ်ကို သိသိသာသာပြုံးမိစေ၏။ ကုကန်းချိုးသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦး မဟုတ်ပါလျှင် သူမ သေချာပေါက် ထိုကုကန်းချိုးကို ဖောက်ခွဲပစ်လိုက်ပြီးဖြစ်ပေမည်။
ယဲ့ဟွမ်သည် သူမ၏ဘဝတစ်လျှောက်တွင် ဤမျှသောနစ်နာမှုမျိုးကို မခံစားခဲ့ဖူးပါချေ။ သူမကို ယူဖို့ရာ တိုက်တွန်းရဦးမည်တဲ့လား?
‘ငါသခင်မဟာလည်း ထျန်းလန်မြောက်ပိုင်းဒေသရဲ့ နံပါတ်အလှလေးပါနော်’
သူမသည် ထျန်းလန်အလယ်ပိုင်းဒေသ၏ အလှလေးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူမကို လက်ထပ်ယူရန် တွန့်ဆုတ်နေသည်မှာ အဘယ်သို့များ ဖြစ်နိုင်ပါမည်နည်း။
ယဲ့ရှန်းစံအိမ်၏ အထက်ကောင်းကင်တွင် ရောက်ရှိနေသည့် ဝမ်ဖုန်းတို့သည် ကုကန်းချိုး၏စကားများကို ကြားနေခဲ့ရသည်။ ဝမ်ဖုန်းတို့အားလုံးမှာ ငိုရမည်၊ရယ်ရမည် ဝေခွဲရခက်စွာဖြင့် တစ်ပြိုင်နက်တည်း နှုတ်ခမ်းများတွန့်ကွေးမိကြလေသည်။ ကုကန်းချိုးမှာ ဘယ်တုန်းကများ ဤသို့လွတ်ထွက်သွားခဲ့သနည်း။
လီယွမ်ပသည် ဦးခေါင်းမော့၍ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာမှာ ရှက်ရွံ့ဟန်ထင်ဟပ်သွားရ၏။ လီယွမ်ပသည် ယဲ့ရှန်းစံအိမ်ကို ဓားပြတိုက်လုယက်လိုခဲ့ခြင်းဖြစ်သော်ငြား ဤသို့အရှုပ်အထွေးကြီးကို ဖြစ်ပေါ်စေခဲ့ပြီး နေရာ၌ပင် ဂိုဏ်းချုပ်မှ မိသွားခဲ့လေသည်။
ယဲ့ဟွမ်၏မျက်နှာမှာ အနည်းငယ်မှုန်မှိုင်းနေလျက် မရေရာဖြစ်နေခဲ့သည်။ သူမသည် လီယွမ်ပကို အမှန်တကယ် ချစ်နှစ်သက်ပါ၏။ သို့သော် သူမ၏ တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒကြောင့်နှင့် ယဲ့ရှန်းစံအိမ်တစ်ခုလုံးကို ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်စေ၍ မဖြစ်ချေ။
“ကတိပေးလိုက်ပါ”
“စံအိမ်သခင်မ ကျွန်မတို့ သခင်မကို ထောက်ခံပါတယ်”
သို့သော် ထိုအခိုက်တွင် အရပ်မျက်နှာအနှံ့အပြားမှ အသံများထွက်ပေါ်လာခဲ့သည်။ ယဲ့ရှန်းစံအိမ်၏ တပည့်များစွာတို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။ အချိန်အတော်ကြာအထိ အပျက်အစီးများအလယ်တွင် လှပသည့်အမျိုးသမီးလေးတစ်ဦးသည် ရှုပ်ထွေးစွာဖြင့် ရပ်နေခဲ့သည်။
“မင်း… မင်းတို့…?”
အနီးတစ်ဝိုက်တွင် ထွက်ပေါ်လာကြသည့် ယဲ့ရှန်းစံအိမ်တပည့်များကို ကြည့်ရင်းဖြင့် ယဲ့ရှန်း၏မျက်လုံးများမှာ စိုစွတ်လာခဲ့ပြီး ရှိုက်သံအချို့ ထွက်ပေါ်လာခဲ့သည်။
ယဲ့ရှန်းစံအိမ်တပည့်များ၏ အတွေးတို့မှာ ရိုးရှင်းပါ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် မကောင်းသည့်ကိစ္စရပ် မဟုတ်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းသို့ မဝင်ရောက်ပါလျှင် ဇာမဏီမျိုးနွယ်စုမှ သူတို့နောက်သို့ ထပ်မံလိုက်လာပါလျှင် အားလုံးသေဆုံးရပေလိမ့်မည်။
“ငါကတိပေးတယ်. ယဲ့ရှန်းစံအိမ်ကို အသွင်းပစ္စည်းအဖြစ် အသုံးပြုမယ်”
ယဲ့ရှန်းစံအိမ်တပည့်များ၏ သဘောတူညီချက်နှင့်အတူ ယဲ့ဟွမ်သည် တုံ့ဆိုင်းမှုမရှိတော့ဘဲ ကုကန်းချိုးကို ပြောခဲ့သည်။
ထိုစကားအဆုံးတွင် ကုကန်းချိုးတို့ညီအစ်ကိုနှစ်ဦးသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် စိတ်သဘောထားညီညွတ်စွာဖြင့်ပြော၏။
“ကောင်းပါပြီ။ အကြီးအကဲယွမ်ပက ရှက်နေလိမ့်မှာဆိုတော့ အကြီးအကဲအစား ကျွန်တော် စံအိမ်သခင်မကို ကတိပေးပါတယ်။ ကျွန်တော်တို့ ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ဂိုဏ်းချုပ်ကို လျှောက်တင်လိုက်ပါ့မယ်”
???
ကုကန်းချိုးတို့နှစ်ဦးနောက်တွင်ရပ်နေသည့် လီ ယွမ်ပမှာ ရှုပ်ထွေးနေ၏။ ငါပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ပါဦးတော့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မှာကို ကာယကံရှင်ရဲ့သဘောထားကို အရင်မေးကြပါဦးလား? ဘာကိုကတိပေးပါတယ်လဲဟ?
အနည်းငယ် မကျေမနပ်ဖြစ်သွားသည့် လီယွမ်ပသည် ယဲ့ဟွမ်ကို စိုက်ကြည့်နေခဲ့သည်။ လီယွမ်ပမှ ငြင်းပယ်တော့မည်အပြုတွင် အချိန်ခဏမျှ မင်သက်သွားရ၏။ လီယွမ်ပ ငြင်းပယ်တော့မည့်အချိန်တွင် ယဲ့ဟွမ်သည် သူ့အား ရှက်သွေးဖြာသည့်မျက်နှာလေးဖြင့် ငေးစိုက်ကြည့်နေခဲ့လေသည်။ ချယ်ရီပန်းပွင့်လေးများကဲ့သို့ တင့်တယ်လှပကာ သူမ၏မျက်ဝန်းလေးများထဲတွင် မူးယစ်စေသော သိမ်မွေ့နူးညံ့မှုလေးများ ထင်ဟပ်တည်ရှိနေခဲ့သည်။
ထိုအမျိုးသမီးကို လက်ထပ်ယူရခြင်းသည် ဆုံးရှုံးမှုတော့ မဖြစ်နိုင်လောက်ပေ။
လီယွမ်ပသည် ငြင်းပယ်လိုရာမှ ရုတ်တရက် ထိုသို့သောအတွေး ဝက်ရောက်လာခဲ့ရာ နောက်ပြန်ဆုတ်လိုက်သည်။
အထက်ေလဟာပြင်ရှိ ဝမ်ဖုန်းနှင့်အခြားအကြီးအကဲများမှာ ကြောင်အစွာကြည့်နေမိကြ၏။
ဒါက ဘယ်လိုအခြေအနေလဲ? ယွမ်ပသည် ယဲ့ရှန်းစံအိမ်ကို ဓားပြတိုက်ရန် ထိုအရူးညီအစ်ကိုနှစ်ဦး၏ ဆွဲခေါ်သွားခံရသည်မှ နောက်ဆုံးတွင် ဇနီးတစ်ယောက်ရရှိခြင်းဖြင့် အဆုံးသတ်သွားခဲ့၏? ထို့အပြင် ထိုမျှလှပတင့်တယ်သော ဇနီးသည်လေးဖြစ်နေသေးသည်?
ပို၍အရေးကြီးသည့်အချက်မှာ ယဲ့ဟွမ်မှ ယဲ့ရှန်းစံအိမ်ကြီးကို အသွင်းပစ္စည်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဝမ်ဖုန်းမှာ ဘာမျှမလုပ်ဆောင်ရသေးသော်ငြား ထျန်းလန်မြောက်ပိုင်းဒေသကို ပေါင်းစည်းပြီးခဲ့လေပြီ။
ဝမ်ဖုန်းသည် မေးစေ့ကိုပွတ်သပ်၍ မည်သည့်နေရာမှ မှားယွင်းသွားခဲ့သည်ကို စဉ်းစားတွေးတောနေမိလေသည်။
အဲ့တော့ ဓားပြတိုက်လုယက်ဖို့ကလွဲရင် ဘာမှမသိတဲ့ ဒီအရူးညီအစ်ကိုနှစ်ယောက်က ဒီလိုကိစ္စရပ်ကြီးကို လုပ်ဆောင်ခဲ့တာပေါ့လေ?
“ဒင်! ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ကံကောင်းမှုချီတွေကို ရရှိခဲ့ပြီး စနစ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အသက်သွင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်”
စိတ်တွင်းမှပေါ်ထွက်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်း၏အတွေးတို့ကို နှောင့်ယှက်လိုက်၏။ ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားလျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
သို့သော် ဝမ်ဖုန်းသည် ချက်ချင်း အဆင့်မြှင့်တင်ခြင်း မပြုခဲ့ပေ။ ဝမ်ဖုန်းသည် ဂုဏ်ယူဝံ့ကြွားနေသည့် မျက်နှာထားဖြင့် ကုကန်းချိုးတို့ကိုကြည့်ရင်းဖြင့် ထိုညီအစ်ကိုနှစ်ဦးကို ဆက်လက်ထောင်လွှားနေရန် ခွင့်မပြုထားသင့်ဟု ခံစားလိုက်ရပေသည်။ ဝမ်ဖုန်းသည် တုကုချိုးပိုင်တို့နှင့်အတူ ကုကန်းချိုးတို့ညီအစ်ကို၏ရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာခဲ့၏။