တာ့အိုမီးလျှံဖြင့်ခန္ဓာသန့်စင်၊ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ။
Vol. 18 Ch. 248
ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်လာခဲ့ပြီးနောက်တွင် ကုကန်းချိုးညီအစ်ကိုနှစ်ဦးသည် မိစ္ဆာများနှင့်လေ့ကျင့်ရန်အတွက် တုကူချိုးပိုင်နှင့် ကျန်းစန်ဖုန်းတို့၏ ချွင်းချက်မရှိ အဆိုပြုခြင်းကိုခံရလေသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် အသစ်ဝင်လာသောဂိုဏ်းတပည့်များသည် ဂိုဏ်းအတွင်းစည်းမှ ဝိဉာဉ်နှင့်ဝံပုလွေများ၏အော်ဟစ်သံတို့ကို မကြာခဏကြားရလေ့ရှိကြသည်။ သို့ဖြင့် ဂိုဏ်းတပည့်အသစ်များသည် ကြောက်ရွံ့ခြင်းနှင့်အတူ ကြိုးစားကျင့်ကြံရန်အတွက်လည်း စိတ်လှုပ်ရှားလာခဲ့ကြသည်။
“ဒင်! ယဲ့ရှန်းစံအိမ်ကို လက်အောက်ခံအဖြစ် အောင်မြင်စွာသွတ်သွင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်ငါးသန်းနှင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်နှစ်ခု ရရှိပါတယ်”
ရှန်ရှန့်ကျုံဂိုဏ်းခန်းမသို့ ပြန်လည်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် စိတ်တွင်းမှအေးစက်သည့်အသံကို ဝမ်ဖုန်းကြားလိုက်ရသည်။
ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စဖြတ်ပြေးသွားလျက် စိတ်လှုပ်ရှားတက်ကြွခြင်းများ ထင်ဟပ်သွားခဲ့ပြီး စိတ်ထဲမှပြောလိုက်သည်။
“စနစ် စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်ခုနစ်မြှင့်တင်မယ်”
“ဒင်! စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်ကိုမြှင့်တင်ရန်အတွက် ဂိုဏ်းအမှတ်သန်း၂၀ကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
“ဒင်! စနစ်အဆင့်နှင့်ဂိုဏ်အဆင့်ကို အဆင့်ခုနစ်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်”
ဝမ်ဖုန်း အချိန်ဆွဲမနေဘဲ ချက်ချင်းမေးလိုက်သည်။
“စနစ် စနစ်အဆင့်ခုနစ်နဲ့ ဂိုဏ်းအဆင့်ခုနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုပြောပြပါ”
“ဒင်! စနစ်အဆင့်ခုနစ်သို့မြှင့်တင်ပြီးပါပြီ။ တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဆင့်ခေါ်ခံရသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်၏ အနိမ့်ဆုံးအဆင့်မှာ တာ့အိုဧကရာဇ်အဆင့်ဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ တာ့အိုအင်မော်တယ်အဆင့်ဖြစ်ပါတယ်”
“ဒါ့အပြင် စနစ်အဆင့်ခုနစ်သို့ မြှင့်တင်ပြီးဖြစ်တာကြောင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၃ခုကို ပေါင်းလိုက်မယ်ဆိုရင် တာ့အိုနတ်ဘုရားအထွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်။ တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့် ၆ခုကိုပေါင်းမယ်ဆိုရင်တော့ အမြင့်ဆုံးသတ်မှတ်ချက်ကိုကျော်လွန်တဲ့ စွမ်းအားမြင့်ကျင့်ကြံသူကို ဆင့်ခေါ်နိုင်ပါတယ်”
“မှတ်ချက်: တာ့အိုနတ်ဘုရားအဆင့်သည် တာ့အိုအဆင့်ရဲ့နောက်ဆုံးအဆင့်ဖြစ်ပြီး ကြယ်ကိုးဆင့်ခွဲခြားထားပါတယ်။ တာ့အိုအဆင့်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံပါလျှင် ပထမကြယ်သို့ ထိုးဖောက်ရောက်ရှိနိုင်သည်။ တာ့အိုပြီးပြည့်စုံခြင်းကို ကျင့်စဉ်ငယ်နှစ်ခုဖြင့် ကျင့်ကြံပါလျှင် ဒုတိယကြယ်သို့ရောက်ရှိနိုင်သည်။ လေ့လာသုံးသပ်ချက်များအရ တာ့အိုနတ်ဘုရားအဆင့်၏နဝမကြယ်သို့ရောက်ရှိလိုပါလျှင် ကျင့်စဉ်ငယ်ကိုးခုကိုကျင့်ကြံပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းဖြင့် တာ့အိုအဆင့်ကိုကျော်လွန်၍ အမတတစ်ပါးဖြစ်လာနိုင်သည်”
ရှင်းပြချက်ကိုကြားသည်တွင် ဝမ်ဖုန်း အံ့ဩထိတ်လန့်သွား၏။ တာ့အိုအင်မော်တယ်အဆင့်၏အထက်တွင် တာ့အိုနတ်ဘုရားအဆင့်ရှိနေပြီး ထိုးဖောက်ကျော်ဖြတ်ရန်မှာလည်း ခက်ခဲလွန်းလှသည်မှာ ကျင့်စဉ်ငယ်ကိုးခုတိုင် ကျင့်ကြံရပေဦးမည်။
“မှတ်ချက်: ကျင့်စဉ်ငယ်များမှာ အမှန်စင်စစ်တွင် ဓားရှည်ကျင့်စဉ်တာ့အို၊ အဖျားမော့စစ်သူရဲကောင်းဓားကျင့်စဉ်တာ့အို၊ အရူးဓားသိုင်းကျင့်စဉ်တာ့အိုများကို ကျင့်ကြံခြင်းကဲ့သို့ ပင်မတာ့အို၏အခွဲများဖြစ်သည်။ သင်၏ကိုယ်ပိုင် ကျင့်စဉ်ငယ်ကိုးခုကို ကျင့်ကြံခြင်းဖြင့် ထိုးဖောက်ကျော်ဖြတ်နိုင်သည်”
ဪ!
စိတ်တွင်းမှအေးစက်သည့်အသံသည် ဝမ်ဖုန်းကို ချက်ချင်းနားလည်သွားစေခဲ့သည်။ သို့မဟုတ်ပါလျှင် တာ့အိုစင်စစ်ဖြစ်စေ၊ တာ့အိုအခွဲများဖြစ်စေ တာ့အိုနတ်ဘုရားအဆင့်နဝမကြယ်သို့ ရောက်ရှိရန်မဖြစ်နိုင်ပေ။ လူတစ်ယောက်သည် မည်မျှပါရမီအားကောင်းသည်ဖြစ်စေ ကျင့်စဉ်ကိုးခုကို တစ်ပြိုင်နက်တည်းနားလည်ရန်မှာ ခက်ခဲလွန်းလှသည်။
မည်သို့ပင်ဖြစ်စေ ပင်မကျင့်စဉ်၏ ကျင့်စဉ်ငယ်ဆိုလျှင်သော်မှ ပြီးပြည့်စုံသည်အထိ သိမြင်နားလည်ရန်မှာ ရိုးရှင်းသည့်အရာမဟုတ်ချေ။
“ဒင်! တာ့အိုအဆင့်ကြိုတင်ဆင့်ခေါ်ခွင့်၅ခုကို ပေါင်းစည်းခြင်းဖြင့် တာ့အိုအဆင့်အန္တိမဆင့်ခါ်ခွင့်တစ်ခု ရရှိနိုင်ပါတယ်”
“ဒါ့အပြင် စနစ်အဆင့်ခုနစ်သို့ မြှင့်တင်ပြီးဖြစ်တာကြောင့် မှော်လက်နက်တစ်စုံနှင့် နွေဦးဝါပန်းတစ်ပွင့် ဆုလာဘ်ရရှိပါတယ်”
ဝါးး မိုက်တာ!
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားလွန်း၍ ထခုန်မိမတတ်ဖြစ်နေရသည်။ စနစ်အဆင့်ခုနစ်သို့မြှင့်တင်ပြီး အမြင့်ဆုံးအဆင့်ထက် ကျော်လွန်သည့် စွမ်းအားမြင့်ကျင့်ကြံသူကို ဆင့်ခေါ်နိုင်မည့်အကြောင်းအရာသည်ပင် ဝမ်ဖုန်းအား ဤမျှစိတ်မလှုပ်ရှားစေခဲ့ပါ။
ခြုံငုံလိုက်ပါလျှင် ဆင့်ခေါ်သည့်စွမ်းအားမြင့်ကျင့်ကြံသူသည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ ၎င်းမှာ အခြားသူတစ်ဦးမှ အင်အားကြီးမားနေခြင်းသာဖြစ်သည်။ သို့သော် မှော်လက်နက်နှင့် နွေဦးဝါပန်းတို့မှာမူ သူ၏ရုပ်ခန္ဓာကို အင်အားအကြီးမားဆုံး ဖြစ်စေနိုင်ပြီး သူ၏ကိုယ်ပိုင်အင်အားကို တိုးမြှင့်ပေးနိုင်ပေသည်။
“စနစ် ဒီဂိုဏ်းချုပ်ကို မှော်လက်နက် မြန်မြန်ပြစမ်းပါ!”
ဝမ်ဖုန်း စိတ်မရှည်စွာပြောလိုက်သည်။
“ဒင်! ဒီတစ်ကြိမ်ဆုလာဘ်ဖြစ်တဲ့ မှော်လက်နက်တစ်စုံမှာ လျိုယင်းညဥ့်ယံကြယ်ဝတ်ရုံဖြစ်ပါတယ် (လက်နက်၏အဆင့်သည် သခင့်ရဲ့ကျင့်ကြံမှုအပေါ်မူတည်ပြီး သိမြင်နားလည်မှုအဆင့်မြင့်မားသူဖြစ်စေ၊ ကျင့်ကြံဆင့်မြင့်မားသူဖြစ်စေ အဆင့်မြှင့်ကျင့်ကြံသူတွေရဲ့ အင်အားကုန်တိုက်ခိုက်မှုအထိ ခံနိုင်ရည်ရှိသည်။ သခင့်ရဲ့ထိခိုက်မှုကို လျှော့ချပေးနိုင်သည်။ သခင့်ရဲအင်အားကို အမှီအခိုကင်းစွာဖြင့် အရှိန်မြှင့်တင်ပေးနိုင်သည်)
လက်နက်: ဟွမ်းချွမ်ဖေးရှန်ဓား (လက်နက်၏အဆင့်သည် သခင့်ရဲ့ကျင့်ကြံမှုအပေါ်မူတည်သည်။ သခင်ရဲ့တိုက်ကွက်စွမ်းအားများကို တစ်ရာရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပြီး ဓားစွမ်းအင်သည် ဤလောကတစ်ခွင်ရှိ မိစ္ဆာများအားလုံးကို ဟန့်တားနိုင်သည်)
ဖိနပ်: တစ်ဖက်လောကလေဖြိုခွင်းဖိနပ် (လက်နက်၏အဆင့်သည် သခင်ရဲ့ကျင့်ကြံမှုအပေါ်တွင်မူတည်သည်။ သခင်ရဲ့ လေဟာပြင်ဖြိုခွင်းနိုင်စွမ်းကို နှစ်ရာရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပြီး မည်သည့်လေဟာပြင်အခြေအနေမျိုးတွင်မဆို ဖြိုခွင်းနိုင်သည်)”
ကောင်းတယ်!
သူ၏ရှေ့တွင် ပေါ်ထွက်လာသည့် ပုံရိပ်ဇယားကိုကြည့်ရင်းဖြင့် ဝမ်ဖုန်းသည် မင်သက်သွားရသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။ စနစ်မှ ဆုလာဘ်ပေးသည့် မှော်လက်နက်ဟုမဆိုရပေ. ကောင်းမွန်လှပသည်။
“မှော်လက်နက်အစုံကို ရယူမယ်”
ဝမ်ဖုန်း၏စကားအဆုံးတွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာခဲ့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ဝမ်ဖုန်းမှာ အလုံးစုံပြောင်းလဲသွားခဲ့လေပြီ။
လက်ရှိတွင် ဝမ်ဖုန်းသည် ရွှေရောင်အနားကွပ်များဖြင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး ထိုအဖြူရောင်ဝတ်ရုံမှာ ကြယ်ပွင့်သဏ္ဍာန်များ တောက်ပနေခဲ့လေရာ ညဉ့်ကောင်းကင်ယံကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ နောက်ကျောတွင် တစ်မူထူးခြားသည့် ရုပ်သဏ္ဍာန်များထင်ဟပ်နေခြင်းဖြင့် ဝတ်ရုံ၏လျှို့ဝှက်ဆန်းကြယ်မှုကို ထပ်လောင်းအားဖြည့်စေသည်။ ခပ်ဖျော့ဖျော့တောက်ပနေသော အဝါရင့်ရောင်ဖိနပ်တစ်စုံသည်လည်း ထူးကဲလှပေသည်။
လက်တစ်ဖက်တွင်မူ ထူးခြားသည့်မျဉ်းသဏ္ဍာန်တို့ ထွင်းထုပုံဖော်ထားသည့် ဓားရှည်တစ်လက်ကို ကိုင်ဆွဲထား၏။ ထိုဓားရှည်သည် ဓားအိမ်ဖြင့်ဖုံးအုပ်သိမ်းဆည်းထားခြင်း ဖြစ်ပါသော်ငြား ၎င်း၏နှလုံးအိမ်တုန်လှုပ်စေနိုင်သော ဓားသွားကို ခံစားမိနိုင်ပေသည်။
ဝမ်ဖုန်း၏ပုံရိပ်သည် အသက်ရှူခြင်းအမှုကိုပင် မပြုနေခဲ့သည့်အလား ထင်မှတ်ရသည်။ ခမ်းနားလှသည့်ပုံရိပ်မှာ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ အလယ်ဗဟိုအလား တစ်ချက်ကြည့်မိပြီးနောက် အဝေးသို့ အကြည့်လွှဲနိုင်စွမ်း မရှိနိုင်တော့ပေ။
ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်ထက်ရှိ ဝတ်ရုံနှင့် လက်ထဲရှိ ဟွမ်းချွမ်ဖေးရှန်ဓားတို့ကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ ဤလျိုယင်းညဥ့်ယံကြယ်ဝတ်ရုံကို ဝတ်ဆင်ထားရသည်မှာ လူကို စိတ်လန်းဆန်းစေ၏။
ဝမ်ဖုန်းသည် ဟွမ်းချွမ်ဖေးရှန်ဓားကို စနစ်သိုလှာင်ရုံသို့ ပြန်လည်ပေးပို့၍ ပြောလိုက်သည်။
“စနစ် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကို ဘယ်လိုအသက်သွင်းနိုင်မလဲ?”
ဤအချိန်တွင် ဝမ်ဖုန်းသည် စွမ်းအားမြင့်ကျင့်ကြံသူများကို ဆင့်ခေါ်နိုင်ရန်အတွက် စနစ်၏လုပ်ဆောင်ချက်များကို စိတ်မဝင်စားတော့ပါချေ။ သူ၏ရုပ်ခန္ဓာကို အသက်သွင်းလိုခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။
သူ၏ဂိုဏ်းတပည့်များသည်ပင် ထူးခြားသောရုပ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသည်။ ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့် မိမိမှာ ရုပ်ခန္ဓာအသက်မသွင်းနိုင်ပါလျှင် အဘယ်သို့များ အဆင်ပြေနိုင်ပါမည်နည်း။
“ဒင်! နွေဦးဝါပန်းကို မြိုချလိုက်ပါ။ တစ်ဖက်လောကလျိုယင်းက သခင့်ရဲ့ရုပ်ခန္ဓာအဖြစ် အလိုအလျောက် ပြောင်းလဲသွားပါလိမ့်မယ်”
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားလျက် နွေဦးဝါပန်းကို အလျင်အမြန်ထုတ်ယူလိုက်သည်။ နွေဦးဝါပန်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံးမှာ ထူးဆန်းသည့်လေထုအတွင်းသို့ ကျရောက်သွားခဲ့သည်။ ခန်းမကြီးထဲတွင် အခြားသောကမ္ဘာလောကတစ်ခု မျောလွင့်နေသည်ကဲ့သို့ ခံစားရခြင်းဖြစ်၏။ အတိုချုံး၍ဆိုရပါလျှင် ထူးကဲဆန်းကြယ်လှ၏!
ထို့နောက်တွင် ဝမ်ဖုန်းသည် နွေဦးဝါပန်းကို တုံ့ဆိုင်းခြင်းမရှိ မျိုချလိုက်ပြီး နေရာ၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ စနစ်အား သူ၏အသက်ရှူနှုန်းတို့ကို ဟန့်တားဖုံးကွယ်ထားပေးပါရန် ညွှန်ကြားရန်ကိုလည်း မမေ့လျော့ပေ။
နွေဦးဝါပန်းကို ဝမ်ဖုန်း မျိုချလိုက်သောအခါတွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း၌ ပျင်းရိစွာလဲလျောင်းနေသည့် တစ်ဖက်လောကလျိုယင်းသည် ရုတ်ချည်း မျက်လုံးပွင့်လာခဲ့သည်။ ၎င်း၏မျက်လုံးသေးသေးများမှာ ပထမဆုံးအကြိမ်အဖြစ် အနှိုင်းမဲ့အလင်းတို့ တောက်ပလာခဲ့သည်။ တစ်ဖက်လောကလျိုယင်းသည် ဦးစွာ ဝမ်ဖုန်း၏နှလုံးမှထွက်ခွာ၍ နွေဦးဝါပန်းသို့ ဦးတည်သွား၏။
တစ်ဖက်လောကလျိုယင်းသည် နွေဦးဝါပန်းကို အမှားအယွင်းမရှိ မျိုချလိုက်လေသည်။ သို့ဖြင့် တစ်ဖက်လောကလျိုယင်းသည် ယစ်ထုတ်တစ်ကောင်အလား မူးဝေလာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ဝမ်ဖုန်း၏ သိဒ္ဓိစွမ်းအင်သွေးကြောများသို့ အထိန်းအချုပ်မဲ့စွာ လှည့်လည်သွားလာနေခဲ့သည်။ တစ်ပြိုင်နက်တည်းပင် သူ၏သေးငယ်သည့်ခန္ဓာကိုယ်လေးမှ အလင်းဖျော့ဖျော့ ထုတ်လွှတ်နေခဲ့၏။
ထိုအလင်းဖျော့ဖျော့ဖြင့် ဝမ်ဖုန်း၏သိဒ္ဓိစွမ်းအင်သွေးကြောများထဲမှ တစ်ခုသို့ ဖြတ်သန်းသွားပြီးနောက်တွင် ၎င်းသည် အလင်းတန်းများခွဲဖြာ၍ ဝမ်ဖုန်း၏ သိဒ္ဓိစွမ်းအင်သွေးကြောများနှင့် အရိုးများထဲသို့ နစ်မြုပ်ဝင်ရောက်သွားသည်။
မျက်တောင်တစ်ခတ်မျှအချိန်အတွင်းတွင် တစ်ဖက်လောကလျိုယင်းသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း၌ ကြီးမားသည့် သိဒ္ဓိစွမ်းအင်လှည့်ပတ်မှုကြီး ဖြစ်တည်စေခဲ့သည်။ သို့သော် ရပ်တန့်မှုမရှိဘဲနှင့် ၎င်း၏ခန္ဓာကိုယ်လေးမှ အလင်းတန်းများသည် ပို၍ပို၍ဖြာထွက်လာခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးသို့ အဆက်မပြတ်ပြေးလွှားနေခဲ့သည်။
ထိုအချိန်တွင် ဝမ်ဖုန်းမှာ မိမိကိုယ်ကို အလုံးစုံမေ့လျော့သွားခဲ့ပြီဖြစ်သည်။ တစ်ဖက်လောကလျိုယင်းမှ သူ၏ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာနေစဉ်၌ အချို့သော အလွန်ရှေးကျကြာမြင့်ခဲ့လေပြီးသော မှတ်ဉာဏ်များစွာသည် ဝမ်ဖုန်း၏စိတ်တွင်း၌ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှတ်ဉာဏ်များမှာ တစ်ဖက်လောကလျိုယင်း၏ မှတ်ဉာဏ်များဖြစ်သည်။
ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် တောက်ပကြည်လင်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအထက်တွင် အသရေတင့်တယ်လှစွာသော ရောင်ခြည်တန်းတို့ဖြင့် သိပ်သည်းထူးကဲသည့်အက္ခရာများ ရှိနေခဲ့သည်။ ၎င်းမှာ တစ်ဖက်လောကလျိုယင်း၏ အသန်မာဆုံးသောရုပ်ခန္ဓာနိယာမဖြစ်သည်။
ဝမ်ဖုန်းသည် အလုံးစုံစိတ်နှစ်၍ ရှာဖွေသိမြင်နိုင်ရန်ကြိုးပမ်းခဲ့သည်။ ဝမ်ဖုန်းသည် သူ၏စိတ်တွင်းတွင် ပေါ်ထွက်လာခဲ့သည့်မှတ်ဉာဏ်များကို နားလည်သဘောပေါက်ရုံမျှမက တစ်ဖက်လောကလျိုယင်း၏ရုပ်ခန္ဓာမှ သယ်ဆောင်သည့် ကျင့်စဉ်နိယာမများကိုပါ သဘောပေါက်နားလည်နိုင်ခဲ့သည်။
တစ်ဖက်လောကလျိုယင်း၏ခန္ဓာကိုယ်မှ လင်းရောင်ခြည်များ ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းခြင်းနှင့်အတူ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည်လည်း ပို၍ပို၍ကြည်လင်တောက်ပလာခဲ့ပြီး ဝမ်ဖုန်းထံမှ ထုတ်လွှတ်လာခဲ့သော မွှေးရနံ့တစ်မျိုးသည် ခန်းမတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
ဤဖြစ်စဉ်မှာ ကျင့်ကြံမှုတိုးတက်ခြင်းမဟုတ်ပေ။ ပုံစံချမှတ်ခြင်းနှင့် သန့်စင်ခြင်းဖြစ်စဉ်ဖြစ်သည်။ တစ်ဖက်လောကလျိုယင်းသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲတွင် သတိကင်းမဲ့စွာ လှည့်လည်သွားလာနေခြင်း ဖြစ်ပေမည်။ သို့သော် အတိအကျဆိုပါလျှင် တိကျသေချာသည့်နိယာမအတိုင်း အလင်းရောင်ခြည်ဖြာထွက်ပြီးနောက် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်ဝင်ရောက်ခြင်းဖြစ်သည်။ ၎င်းအလင်းသည်လည်း သာမန်အလင်းတန်းလေး မဟုတ်ပါချေ။
ဤသည်မှာ ကမ္ဘာလောကကြီးကို ပြောင်းလဲပစ်ရန်လုံလောက်သည့် တစ်ဖက်လောကလျိုယင်း၏အမြုတေနှင့် နွေဦးဝါပန်းတို့ ပေါင်းစပ်ခြင်း၏ လက္ခဏာရပ်ဖြစ်သည်။
ဤခန်းမထဲတွင် တစ်စုံတစ်ယောက်ရှိနေခဲ့ပါလျှင် သေချာပေါက် အံ့ဩထိတ်လန့်သွားနိုင်ပေသည်။ ယခု၌ ဝမ်ဖုန်းသည် အဖြူရောင်မြူခိုးထုကြားတွင် နစ်မြုပ်နေခဲ့ကာ မွှေးရနံ့တစ်မျိုးကို ထုတ်လွှတ်နေခဲ့သည်။
ဖြေးညှင်းစွာဖြင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းမှ သိဒ္ဓိသွေးကြောများသည်လည်း ခပ်ဖျော့ဖျော့အလင်းများ တောက်ပလာခဲ့သည်။ နှလုံးခုန်သံမှာ စည်ကြီးမြည်ဟီးနေသကဲ့သို့ဖြင့် သူ၏သွေးများသည်လည်း အဝါဖျော့ရောင်သို့ ဝိုးတဝါးပြောင်းလဲသွားခဲ့သည်။
ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာ မျောလွင့်နေလျက် တောင်ထိပ်တွင် မြင့်ချည်နိမ့်ချည်ပျံသန်းနေသည့်အလား၊ တစ်ဖက်လောကတစ်ခုတွင် လမ်းလျှောက်နေသည့်အလား၊ ဟွမ်ချွမ်းဖြင့်တိုက်ခိုက်နေသည့်အလား၊ နိမ့်ချည်မြင့်ချည်ဖြင့် တစ်ဖက်လောကလျိုယင်း၏ အဆုံးမဲ့စွမ်းအင်စီးကြောင်းများအကြားတွင် ဆေးကြောသန့်စင်နေဟန်ရှိသည်။
ခန္ဓာကိုယ်အတွင်းတာ့အိုကို မိတ်ဆက်ပေးခြင်းဖြင့်၊ တစ်ဖက်လောကလျိုယင်း၏ အဆုံးမဲ့စွမ်းအင်စီးကြောင်းတို့ဖြင့် ဆေးကြောသန့်စင်ရင်းဖြင့် အားကောင်းအသန်မာဆုံးသောရုပ်ခန္ဓာကို ဖန်တီးနေခဲ့သည်။ လူ၏စွမ်းရည်ကိုစုစည်းပြီး တစ်ဖက်လောကလျိုယင်း၏ အဆုံးမဲ့စွမ်းအင်စီးကြောင်းတို့ကို အသုံးပြု၍ သေမျိုးခန္ဓာမှ တာ့အိုခန္ဓာသို့ ပြောင်းလဲနေခဲ့သည်။ ကမ္ဘာလောကတွင် အင်အားအကြီးမားဆုံးသော တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာအဖြစ် အလိုအလျောက် ပြောင်းလဲနေခဲ့သည်။
ကိုးပတ်ခန့်လှည့်လည်နေပြီးနောက်တွင် တစ်ဖက်လောကလျိုယင်းသည် ဝမ်ဖုန်း၏နှလုံးသို့ တဖြေးဖြေးပြန်လာခဲ့သည်။ သို့သော် လှုပ်ရှားမှုကို မရပ်တန့်ပေ။ တစ္ဆေတစ်ကောင်ကဲ့သို့ ဝမ်ဖုန်း၏နှလုံးတွင်းသို့ တစ်ဟုန်ထိုး ထိုးဖောက်ဝင်ရောက်သွားလေရာ နှလုံးထက်တွင် တစ်ဖက်လောကလျိုယင်း၏ ပုံသဏ္ဍာန်ဖြစ်တည်လာခဲ့သည်။
တစ်ဖက်လောကလျိုယင်းမှ ဝမ်ဖုန်း၏နှလုံးကို ထိုးဖောက်ဝင်ရောက်လိုက်သည်တွင် ဝမ်ဖုန်း၏တစ်ကိုယ်လုံးမှာ အပြင်းအထန်တုန်ယင်လာခဲ့ပြီး ဘေးပတ်လည်တွင် စိမ့်ထွက်မျောလွင့်နေသော အက္ခရာများသည် တစ်စုံတစ်ရာ၏ဆွဲငင်ခြင်းကိုခံရသည့်အလား ဝမ်ဖုန်း၏ကိုယ်တွင်းသို့ အဆက်မပြတ် စီးဝင်နေခဲ့သည်။
တစ်ဖက်ေလာကနွေဦးဝါအရပ်တွင် ရောက်ရှိနေသည့်အလား ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ အသာအယာထိလျှင်ပင် ပြိုပျက်ကြွေလွင့်သွားမည့်အလား အလွန်တရာသိမ်မွေ့နူးညံ့နေခဲ့သည်။ ဝမ်ဖုန်းမှာ အချိန်နေရာကာလပေါင်းထောင်ချီကို ဖြတ်သန်းခဲ့ရသည်ဟု ထင်မှတ်ရသည်။ တစ်ဖက်လောကလျိုယင်း မွေးဖွားခဲ့သည့်အရပ်ဒေသကို မျက်မြင်တွေ့ခဲ့ရပြီး တစ်ဖက်လောကလျိုယင်း၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။ အလွန်တရာ ဆန်းကြယ်လွန်းလှပေသည်။
တဖြေးဖြေးနှင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းသို့ အက္ခရာများစီးဝင်ခြင်းမှာ ရပ်တန့်လာခဲ့သည်။ သို့သော် ထိုအက္ခရာများသည် ဝမ်ဖုန်း၏ခန္ဓာကိုယ် အတွင်း၊အပြင်တို့ကို အလုံးစုံ ဖုံးလွှမ်းနေပေသည်။ နောက်ဆုံးတွင်မူ ခန္ဓာကိုယ်အတွင်း၊အပြင်ရှိ ထိုအက္ခရာအားလုံးမှာ ကျစ်လစ်ပျစ်ခဲလာခဲ့ပြီးနောက် မီးလျှံအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးတောက်မီးလျှံများ တောက်လောင်နေခဲ့သည်။
ဤသည်မှာ တာ့အိုမီးလျှံခန္ဓာဖြစ်သည်။ တစ်ဖက်လောကလျိုယင်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်တို့ အချိုးကျရောစပ်လိုက်သောအခါ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဘုန်း!
အချိန်မည်မျှ ကြာမြင့်သွားခဲ့သည် မသိချေ။ ဝမ်ဖုန်း မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်သည်။ ဝမ်ဖုန်းသည် မိမိ၏ခန္ဓာကိုယ်အတွင်းအပြင်မှ သစ်ခွရနံ့နှင့် ဦးချိုမဲ့သမင်ငယ်လေး၏ရနံ့ကဲ့သို့သော မွှေးရနံ့ကို ခံစားမိ၏။ ထို့ပြင် သူ၏ခန္ဓာကိုယ်အား တစ်ဖက်လောကလျိုယင်း၏စွမ်းအင်တို့မှ အကာအကွယ်ပြုနေလျက် ဝိဉာဉ်ကို အားဖြည့်ပေးနေသည်ကို ခံစားမိပေသည်။
ယခုလက်ရှိတွင် ဝမ်ဖုန်းသည် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကို အသက်သွင်းပြီးဖြစ်သော်ငြား ရုပ်ခန္ဓာအသက်သွင်းခြင်းအား အမှန်စင်စစ် ပြီးမြောက်အောင်မြင်ခဲ့ပါလျှင် မည်သည့်အဆင့်သို့ ရောက်ရှိမည်ကို ဝမ်ဖုန်းကိုယ်တိုင်လည်း မသိပါချေ။
“ဒင်! တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် အထူးသီးသန့်ပြီးပြည့်စုံသောမှော်စွမ်းအင်ကို ရရှိပါတယ် (ချို့ယွင်းချက်မရှိသော ပြီးပြည့်စုံသည့်မှော်စွမ်းအင်) တစ်ဖက်လောကလျိုယင်း လက်ဝါးတိုက်ကွက် (လက်ဝါးတစ်ချက်ဖြင့် ရန်သူကို အလွယ်တကူ သတ်ဖြတ်နိုင်)”
စနစ်၏အချက်ပေးသံ ပေါ်ထွက်လာခြင်းနှင့်အတူ ဝမ်ဖုန်း၏စိတ်တွင်း၌ မှတ်ဉာဏ်များလည်း ပေါ်ထွက်လာခဲ့သည်။ ထိုမှတ်ဉာဏ်ကို ပေါင်းထည့်နစဉ်တွင် ဝမ်ဖုန်းမှာ ကြောက်မက်ဖွယ်သော မှော်စွမ်းအင်အပိုကို ရရှိခဲ့ပြီး သူ၏ခန္ဓာမှာ ပို၍အသရေတင့်တယ်လာခဲ့သည်။ အားမန်ပြည့်ဝခြင်းနှင့်အတူ တည်ငြိမ်သိမ်မွေ့၏။
ဤရုပ်ခန္ဓာပြောင်းလဲမှုပြီးနောက်တွင် ဝမ်ဖုန်း၏ကျင့်ကြံမှုသည် အဆင့်နှစ်ဆင့်ကိုကျော်လွန်၍ တာ့အိုအုပ်စိုးသူအထွတ်အထိပ်အဆင့်မှ တာ့အိုသူတော်စင်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ဖက်လောကလျိုယင်း၏ အမြုတေနှင့် နွေဦးဝါပန်း၏ စွမ်းအင်အများစုကို ဝမ်ဖုန်း၏ရုပ်ခန္ဓာကို ပြောင်းလဲရန်အတွက် အသုံးပြုခဲ့သော်ငြား ဝမ်ဖုန်းမှ စုပ်ယူထားခဲ့ပြီး လှည့်လည်စီးဆင်းနေသည့် စွမ်းအင်အချို့လည်း ကျန်ရစ်နေသေးပေသည်။ သို့ဖြင့် တာ့အိုသူတော်စင်အစောပိုင်းအဆင့်သို့ ထိုးေဖာက်ရောက်ရှိသွားခဲ့သည်။
စွမ်းအင်တစ်စိတ်တစ်ပိုင်းသည်ပင် ထိုမျှထိ စွမ်းအားကြီးမားလေရာ ထိုစွမ်းအင်များကို ဝမ်ဖုန်း၏ရုပ်ခန္ဓာပြောင်းလဲခြင်းအတွက် အသုံးမပြုခဲ့ဘဲ ကျင့်ကြံမှုတိုးမြှင့်ခြင်းအတွက်သာ အသုံးပြုခဲ့ပါလျှင် ဝမ်ဖုန်းသည် ထျန်းလန်ဒေသကြီးတစ်ခုလုံးထက်ပါ သာလွန်သွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ရုပ်ခန္ဓာပြောင်းလဲခြင်းအတွက် အသုံးပြုခဲ့ခြင်းကို ဝမ်ဖုန်း ကျေနပ်ပါသည်။ ကျင့်ကြံမှုအခြေခံသည် ရရှိရန်လွယ်ကူ၏။ ရုပ်ခန္ဓာမှာမူ ရှားပါးလွန်းလှသည်။ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကဲ့သို့ လောကအင်အားအကြီးဆုံးရုပ်ခန္ဓာဆိုလျှင် စိတ်ကူးကြည့်ရန်ပင် မတတ်နိုင်လောက်ချေ။