စနစ်ဈေးတန်းဖွင့်လှစ်။
Vol. 18 Ch. 249
သိသိသာသာ ကွဲပြားနေသည့် ခန္ဓာကိုယ်တွင်းစွမ်အင်များကို ခံစားရသည်တွင် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့တွင် အင်အားကြီးမားကြု့ခိုင်သည့် ရုပ်ခန္ဓာလည်း ရှိနေပေပြီ။
“စနစ် ငါသခင်ရဲ့စွမ်းရည်ဇယားကို စစ်ဆေးမယ်”
ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စ တောက်ပနေလျက် နူးညံ့စွာရေရွတ်ပြောဆိုသည်။ ယခုတွင် သူ၏ရုပ်ခန္ဓာကို အသက်သွင်းပြီးဖြစ်သော်ငြား အသုံးမပြုရသေးပေ။ သို့ဖြစ်၍ ရုပ်ခန္ဓာ၏ လုပ်ဆောင်ချက်အတိအကျကို ဝမ်ဖုန်း မသိသေးပေ။ စွမ်းရည်ဇယားကို စစ်ဆေးကြည့်ခြင်းသည် လျင်မြန်ပြီးအရေးပါသည့်နည်းလမ်း ဖြစ်သည်။
“ဒင်! သခင့်ရဲ့စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်:
သခင်: ဝမ်ဖုန်း
ကျင့်ကြံမှု: တာ့အိုသူတော်စင်အစောပိုင်းအဆင့်
ဂုဏ်ပုဒ်: ကံကောင်းခြင်းသခင်လေး
ရုပ်ခန္ဓာ: တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ (ကျင့်ကြံပြီးနောက်တွင် တစ်ဖက်လောကလျိုယင်း၏ပုံရိပ်ကို ဆင့်ခေါ်နိုင်သည်။ ၎င်းဖြင့် ရန်သူများကို ခုခံတိုက်ခိုက်သတ်ဖြတ်နိုင်သည်)
သွေးမျိုးဆက်: တစ်ဖက်လောကလျိုယင်းသွေးမျိုးဆက် (ကျင့်ကြံပြီးနောက်တွင် တစ်ဖက်လောကလျိုယင်း၏ ထူးခြားသည့်ပင်ကိုလက္ခဏာများအားလုံးကို ရရှိသည်)
အထူးသီးသန့်ကျင့်စဉ်: တာ့အိုလမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်း
အထူးသီးသန့်ဆန်းကြယ်စွမ်းအင်: ဓားတစ်လက်ဖြင့်လောကကိုကယ်တင်
တာ့အိုစွမ်းရည်: ကောင်းကင်ပြင်ပ၌ အမတများပျံသန်းခြင်း၊ မင်ယွိကုန်း၊ ဟွားကွမ်းဓားသိုင်း၊ သက်နုတ်ဓား၁၅သွယ်၊ ကောင်းကင်နတ်ဆိုးလမ်းစဉ်၊ နဂါးထိန်းချုပ်လက်ဝါး၁၈ဖြာ၊ လှုပ်ရှားမှု၆ဖြာနတ်ဘုရားဓားရှည်။
မှော်စွမ်းအင်: နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီ
အထူးသီးသန့်ပြီးပြည့်စုံသောမှော်စွမ်းအင်: တစ်ဖက်လောကလျိုယင်း ဟွမ်းချွမ်လက်ဝါး
တာ့အိုလက်နက်များ: လျိုယင်းညဉ့်ယံကြယ်ဝတ်ရုံ၊ ဟွမ်းချွမ်ဖေးရှန်ဓား၊ တစ်ဖက်လောကဖြိုခွင်းဖိနပ်။
ဖန်တီးထားသောဂိုဏ်း: ရှန်ရှန့်ကျုံဂိုဏ်း
ဂိုဏ်းအမှတ်: ၂၆.၇၉သန်း
သခင်၏ကံကောင်းမှုချီအမှတ်: ၁၀သန်း (ရောင်စုံကံကောင်းမှုချီ)
ရှန်ရှန့်ကျုံဂိုဏ်း၏ကံကောင်းမှုချီအမှတ်: သန်း၂၀၀ (အလွန်ရှုပ်ထွေးသောကံကောင်းမှုချီ)”
ရှေ့တွင်ပေါ်ထွက်လာသည့် စွမ်းရည်ဇယားကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။ စိတ်လှုပ်ရှားလွန်း၍ ထခုန်မိမတတ်ဖြစ်နေခဲ့သည်။
တစ်ဖက်လောကရုပ်ခန္ဓာကို အသက်သွင်းလိုက်ခြင်းဖြင့် တစ်ဖက်လောကလျိုယင်း၏ပုံရိပ်ကို ဆင့်ခေါ်နိုင်သည်။ ဆိုလိုသည်မှာ တိုက်ခိုက်ရန်အတွက် လောကကြီးတစ်ခုကို သယ်ပိုးထားနိုင်သည်နှင့် တူညီပေသည်။ မည်သူကများ မိမိကို ဟန့်တားနိုင်ပါမည်နည်း။
ဝမ်ဖုန်း၏လက်ရှိကျင့်ကြံမှုဖြင့် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကို အသက်သွင်းလိုက်ပါလျှင် တာ့အိုအင်မော်တယ်အဆင့်ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်လောက်ပေသည်။
ဝမ်ဖုန်းမှ ဆင့်ခေါ်ထားသည့် စွမ်းအားမြင့်ကျင့်ကြံသူများဖြင့် လောကကြီးကို မသိမ်းပိုက်မီတွင် မိမိတစ်ဦးတည်းဖြင့် လောကကြီးကို သိမ်းပိုက်နိုင်တော့ပေမည်။ ရုပ်ခန္ဓာနှင့် သွေးမျိုးဆက်တို့ကို အသက်သွင်းခြင်းအပြင် မှော်လက်နက်အစုံလည်း ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ လင်းယွမ်အရှင်ကို ဆန့်ကျင်တိုက်ခိုက်ရလျှင်သော်မှ ဝမ်ဖုန်းအေနဖြင့် မောက်မာထောင်လွှားဝံ့ပေသည်။
ပြိုင်ဘက်ကင်းပါပဲ!
ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားလျက် ဘဝင်ခိုက်သောအပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ မိမိတွင် ကိုယ်ပိုင်စွမ်းအင်များ ပိုင်ဆိုင်ထားပြီဖြစ်ရာ ဝမ်ဖုန်းမှာ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများကို ဆင့်ခေါ်နိုင်ခြင်းထက် ပို၍စိတ်လှုပ်ရှားနေတော့သည်။
“စနစ် အဆင့်မြှင့်တင်ခြင်းရဲ့ လုပ်ဆောင်ချက်တွေကို ဆက်ပြောပါ”
အချိန်အတော်ကြာပြီးနောက်တွင်မှ ဝမ်ဖုန်း ပြန်လည်စိတ်တည်ငြိမ်သွားခဲ့ပြီး စိတ်ထဲမှပြောလိုက်သည်။
“ဒင်! စနစ်အဆင့်ခုနစ်သို့ မြှင့်တင်ပြီးပါပြီ။ စနစ်ဈေးတန်းဖွင့်လှစ်လိုက်ပါပြီ”
“စနစ်ဈေးတန်းကို နှစ်ပိုင်းခွဲခြားထားပါတယ်: လေ့ကျင့်ခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ခြင်းတို့ ဖြစ်ပါတယ်။ လေ့ကျင့်ခြင်းကို နယ်ပယ်၇ခုခွဲခြားထားပါတယ်: ရုပ်ခန္ဓာ၊ သွေးမျိုးဆက်၊ လက်နက်များ၊ တာ့အိုစွမ်းရည်များ၊ မှော်စွမ်းအင်များ၊ ရတနာများနှင့် တာ့အိုလမ်းစဉ်တို့ ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆောက်ခြင်းကို နယ်ပယ်၄ခုခွဲခြားထားပါတယ်: ဂိုဏ်းတည်ဆောက်ခြင်း၊ ကောင်းကင်နှင့်ပထဝီမြေကြီးသွေးကြောများ၊ နတ်ဘုရားသားရဲအား ကာကွယ်ခြင်း၊ ဖွဲ့စည်းမှုအား ကာကွယ်ခြင်း။”
စနစ်၏အေးစက်သည့်အသံနှင့်အတူ ဝမ်ဖုန်း၏ရှေ့တွင် ဇယားပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဝမ်ဖုန်းသည် ရုပ်ခန္ဓာနယ်ပယ်ကိုနှိပ်၍ ဝင်ကြည့်လိုက်သည်။ ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များ ရုတ်တရက်တွန့်ကွေးသွားပြီး မျက်နှာမှာ မည်းမှောင်သွား၏။
“ရုပ်ခန္ဓာနယ်ပယ်: ကနဦးရုပ်ခန္ဓာ (ရောင်းချတန်ဖိုး-ဂိုဏ်းအမှတ်တစ်သိန်း)၊ အလယ်အလတ်ရုပ်ခန္ဓာ (ရောင်းချတန်ဖိုး-ဂိုဏ်းအမှတ်တစ်သန်း)၊…”
ကနဦးရုပ်ခန္ဓာသည် ရောင်းချတန်ဖိုး ဂိုဏ်းအမှတ်တစ်သိန်းဖြစ်ပြီး မဆိုးလှပေ။ သို့သော် ဤရုပ်ခန္ဓာသည် သာမန်ကျင့်ကြံသူမျိုးဆက်သစ်တစ်ဦးထက် အနည်းငယ်သာ သာလွန်သည့် အနိမ့်ဆုံးရုပ်ခန္ဓာဖြစ်သည်။ အလယ်အလတ်ရုပ်ခန္ဓာသည် အနည်းငယ် ပိုကောင်းမွန်သာလွန်ပြီး အဆင့်မြင့်ရုပ်ခန္ဓာ၊ ထူးကဲရုပ်ခန္ဓာ၊.. စသည်ဖြင့် ရှိကြပေသည်။ သို့ဖြစ်၍ ဝမ်ဖုန်းမှာ စနစ်၏ မည်းနက်သည့်နှလုံးသားကို ပြောဆိုလုပ်ပစ်ရန်သာ တတ်နိုင်တော့သည်။
ကနဦးတွင် ဝမ်ဖုန်းသည် သူပိုင်ဆိုင်ထားသည် ဂိုဏ်းအမှတ်သန်း၂၀မှာ တန်ဖိုးကြီးလှသည်ဟု တွေးထင်ခဲ့သည်။ သို့သော် စနစ်ဈေးတန်းကို မြင်တွေ့လိုက်ရသည်တွင် လျှောက်လှမ်းရန်လမ်းမှာ အရှည်ကြီးကျန်နေသေးသည်ဟု ရုတ်ချည်းခံစားလိုက်ရပေသည်။ သူပိုင်ဆိုင်ထားသည့် ဂိုဏ်းအမှတ်သန်း၂၀ကျော်ပမာဏသည် ထိပ်တန်းရုပ်ခန္ဓာတစ်ခုကိုရယူရန်ပင် မတတ်နိုင်ပါချေ။
ဝမ်ဖုန်းကို ပို၍အံ့အားသင့်စေသည်မှာ တာ့အိုလမ်းစဉ်နယ်ပယ်သည် အလုံးစုံသော ကောင်းကင်နှင့်ပထဝီမြေကြီး၏ နိယာမများကို ရောင်းချခြင်းဖြစ်သည်။ လဲလှယ်ရယူနိုင်ပါလျှင် ပြီးပြည့်စုံသည့်တာ့အိုကို သိမြင်နားလည်နိုင်ပေသည်။ ဆိုလိုသည်မှာ လုံလောက်သည့်ဂိုဏ်းအမှတ်ရှိပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည်လည်း တာ့အိုနတ်ဘုရားအဆင့်နဝမကြယ်သို့ အလွယ်တကူရောက်ရှိနိုင်သည်ဟူ၍ မဟုတ်ပါလော။
သို့သော် ဝမ်ဖုန်း ချက်ချင်း ခေါင်းခါယမ်းမိရပြန်သည်။ ဂိုဏ်းတပည့်အားလုံးကို တာ့အိုနတ်ဘုရားအဆင့်နဝမကြယ်သို့ ရောက်ရှိစေလိုခြင်းမှာ ဝမ်ဖုန်းအနေဖြင့် ထျန်းလန်ဒေသကြီးတစ်ခုလုံးကို ဖြိုခွင်းသိမ်းပိုက်လိုက်လျှင်သော်မှ လိုအပ်သည့်ဂိုဏ်းအမှတ်ပမာဏကို ပြည့်မီနိုင်မည်မဟုတ်ပေ။
အခြားသောနယ်ပယ်များမှာမူ ဝမ်ဖုန်း ထပ်မံကြည့်ရှုလိုစိတ် မရှိတော့ချေ။ သူမှ မတတ်နိုင်ဘဲလေ!
“စနစ် ဂိုဏ်းအဆင့်ခုနစ်ကိုမြှင့်တင်ခြင်းရဲ့ လုပ်ဆောင်ချက်တွေ ဆက်ပြောပြပါ”
ဝမ်ဖုန်း ဆက်လက်မေးမြန်း၏။
“ဒင်! ဂိုဏ်းအဆင့်ခုနစ်သို့ မြှင့်တင်ပြီးပါပြီ။ ဆုလာဘ်အဖြစ် ဂိုဏ်းအဆောက်အဦး: တာ့အိုဘုရားကျောင်းကို ရရှိပါတယ်”
“တာ့အိုဘုရားကျောင်းခန်းမ: ထိပ်တန်းအဆင့် ဂိုဏ်းအဆောက်အဦးကို စနစ်ဈေးတန်းမှ ရောင်းတန်ဖိုး-ဂိုဏ်းအမှတ်သန်းတစ်ရာဖြစ်သည်။
လုပ်ဆောင်ချက်: ခန်းမထဲတွင် မရေတွက်နိုင်အောင်များပြားသော တာ့အိုစွမ်းရည်နှင့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များရှိသည်။ ထိုစွမ်းရည်များကို ဂိုဏ်းတပည့်များ သင်ယူနိုင်သည်။ ထို့ပြင် တာ့အိုဘုရားကျောင်းခန်းမတွင် အခန်းများစွာပါရှိသည်။ တာ့အိုဉာဏ်အလင်းပွင့်စွမ်းရည်ကို သင်ယူလိုလျှင် မည်သည့်ကျင့်ကြံဆင့်ဖြစ်စေ သိမြင်နားလည်နိုင်စွမ်းရည်ကို ဆယ်ပုံတစ်ပုံတိုးမြင့်စေမည်ဖြစ်သည်”
အေးစက်သည့်အသံ၏ ရှင်းပြချက်ကြောင့် ဝမ်ဖုန်းသည် အံ့ဩသွားလျက် မျက်လုံးများပြူးကျယ်သွားရသည်။ မိမိသည် ဂိုဏ်းအဆင့်ကို အဆင့်ခုနစ်သို့မြှင့်တင်ရင် ဂိုဏ်းအမှတ်၁၀သန်း အသုံးပြုခဲ့ရသည်။ သို့သော် စနစ်မှ ဂိုဏ်းအမှတ်သန်းတစ်ရာတန်ဖိုးရှိ ဂိုဏ်းအဆောက်အဦးကို ပြန်လည်ချီးမြှင့်ခဲ့၏!
ဟုတ်လှချည်လား!
အရေးပါသည့်အချက်မှာ ထိုဘုရားကျောင်း၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဝမ်ဖုန်းကို အတော်လေး မနာလိုအားကျဖြစ်စေ၏။ သိမြင်နားလည်နိုင်စွမ်းရည် ဆယ်ပုံတစ်ပုံဟူသည် အဘယ်သဘောထားဖြစ်သနည်း။ အနာဂတ်တွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် ဤတာ့အိုဘုရားကျောင်းခန်းမထဲ၌ နေထိုင်ကြပါလျှင် သိမြင်နားလည်နိုင်စွမ်းမရှိသော တာ့အိုစွမ်းရည်ဟူသည် မရှိနိုင်တော့ပေ။
သိမြင်နားလည်နိုင်စွမ်းရည် ဆယ်ပုံတစ်ပုံဟူသည် အထင်မြင်သေးနိုင်သောပမာဏ မဟုတ်ပေ။ လောကတွင် ထူးချွန်ပါရမီရှင်များစွာရှိသည်။ ကွာခြားသည့်အချက်မှာ သိမြင်နားလည်နိုင်စွမ်းရည်ဖြစ်သည်။ သို့ဖြစ်ရာ ဤတာ့အိုဘုရားကျောင်းသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ ကျင်ကြံရာတွင် လမ်းလွဲခြင်းများကို လျှော့ချပေးနိုင်သည်။
မျိုးဆက်သစ်လေးများအတွက်မူ ခြေလှမ်းတစ်လှမ်းသည်ပင် ကြီးမားသော အကျိုးအမြတ်ကြီးဖြစ်၏။
ဂိုဏ်းအမှတ်ပိုင်ဆိုင်မှုလိုအပ်ချက်ကြောင့် မဟုတ်ပါလျှင် ဝမ်ဖုန်းသည် ဂိုဏ်းတည်ဆောက်ခြင်းနယ်ပယ်တွင် မည်သို့သော အံ့ချီးဖွယ်အဆောက်အဦးများ ရှိနေသည်ကို ကြည့်ချင်လှသည်။
“စနစ် တာ့အိုအဆင့်ကျပန်းဆင့်ခါ်ခွင့် ၁၀၀ကို အဆင့်မြင့်တာ့အိုအဆင့်ကျပန်းဆင့်ေခါ်ခွင့် ၂၅ခုအဖြစ် လဲလှယ်လိုက်ပါ”
ဝမ်ဖုန်း စိတ်ကိုလျှော့ချ၍ တောက်ပသောမျက်လုံးအစုံဖြင့် နူးညံ့ညင်သာစွာ ရေရွတ်လိုက်သည်။
“ဒင်! အဆင့်မြင့်တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၂၅ခုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်။ သခင့်မှာ အဆင့်မြင့်တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် စုစုပေါင်း ၃၀ရှိပါတယ်”
“အဆင့်မြင့်တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၃၀ကို အန္တိမတာ့အိုအဆင့်ကျပန်းဆင့်ဆင့်ခေါ်ခွင့် ၆ခုနဲ့ လဲလှယ်မယ်”
ဝမ်ဖုန်းမှ တုံ့ဆိုင်းမှုမရှိ ဆက်ပြော၏။
“ဒင်! အန္တိမတာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၆ခုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက်တွင် ဝမ်ဖုန်းမှ အံ့ကိုတင်းတင်းကြိတ်၍ ဆက်ပြော၏။
“စနစ် အန္တိမတာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၆ခုကို တာ့အိုအင်မော်တယ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်တဲ့ အန္တိမတာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၂ခုနဲ့ လဲလှယ်ပြီး ဆင့်ခေါ်လိုက်ပါ”
ဝမ်ဖုန်းသည် အနည်းငယ်တွန့်ဆုတ်နေခဲ့လျက် တာ့အိုနတ်ဘုရားအဆင့်ကျင့်ကြံသူကို တိုက်ရိုက်မဆင့်ခေါ်ခဲ့ပေ။ ဝမ်ဖုန်း၏ ခြေလှမ်းနောက်တစ်ဆင့်မှာ ထျန်းလန်အလယ်ပိုင်းဒေသသို့ ခြေချရန်ဖြစ်ပြီး တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သည် ပို၍အသုံးဝင်လိမ့်မည်မှာ သိသာပေသည်။ လက်ရှိအခြေအနေမှာ ဝမ်ဖုန်းသည် ထျန်းလန်အလယ်ပိုင်းဒေသ၏ အင်အားစုကြီးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အပြစ်ပြုခဲ့ပြီးပြီမဟုတ်ပါလော။
တာ့အိုနတ်ဘုရားအဆင့်သည် အလွန်အင်အားကြီးမားလွန်းလေရာ တစ်ချက်တိုက်ခိုက်ရုံဖြင့်ပင် ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ပြိုကျစေနိုင်စွမ်း၏။ သို့ဖြစ်၍ ထျန်းလန်အလယ်ပိုင်းဒေသ၏ စွမ်းအားမြင့်ကျင့်ကြံသူများကို အလွယ်တကူ ပြန်ကန်ထွက်စေပေလိမ့်မည်။ အင်အားစုအားလုံးသည် ထိုတာ့အိုနတ်ဘုရားအဆင့်ကျင့်ကြံသူကို ကြောက်ရွံ့နေကြမည်ဖြစ်သောကြောင့် ထျန်းလန်အလယ်ပိုင်းဒေသ၏ ကျင့်ကြံသူအားလုံးကို ရှင်းလင်းသုတ်သင်ရန် မဖြစ်နိုင်တော့မည် မဟုတ်ပါလော။
တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦးရှိပါလျှင် ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးကို ထိတ်လန့်စေနိုင်ရုံသာမက ထျန်းလန်အလယ်ပိုင်းေဒသ၏ အင်အားစုကြီးများမှ အင်အားပေါင်းစည်းကြမည်ကို စိုးရိမ်ရန် မလိုအပ်နိုင်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း တည်ငြိမ်အေးဆေးစွာဖြင့် ပုံမှန်ဖွံ့ဖြိုးတိုးတက်နိုင်ပေလိမ့်မည်။
ဝမ်ဖုန်းမှ ရင်ဆိုင်နိုင်စွမ်းမရှိသော ရန်သူရှိလာခဲ့ပါလျှင် အကူအညီရယူနိုင်မည့် လီပိုင် ရှိနေသေးပေသည်။ လွီပုကို စဉ်းစားမိသည်တွင် ဝမ်ဖုန်းသည် ထိတ်ထိတ်ပျာပျာဖြင့် မေးမြန်းလိုက်၏။
“စနစ် ငါက တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ကို ဆင့်ခေါ်လိုက်ရင် လီပိုင်က ဘယ်ကျင့်ကြံဆင့်ကို ရောက်သွားမလဲ?”
“ဒင်! သခင် တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ကို ဆင့်ခေါ်လိုက်ရင် အစောင့်အရှောက်လီပိုင်ရဲ့ကျင့်ကြံဆင့်က တာ့အိုနတ်ဘုရားအဆင့်ဒုတိယကြယ်ကို ရောက်ရှိပါမယ်။ တာ့အိုနတ်ဘုရားအဆင့်မှာ ကြယ်အဆင့်တစ်ဆင့် ကွာခြားချက်ဟာ သာမန်ကျင့်ကြံမှုရဲ့ အဆင့်တစ်ဆင့်ကွာခြားချက်နဲ့ ညီမျှပါတယ်”