နတ်ဘုရားဓား
Vol. 18 Ch. 250
စိတ်တွင်းမှအေးစက်သည့်အသံကို ကြားရသည်တွင် ဝမ်ဖုန်း ခေါင်းအသာအယာငြိမ့်လိုက်သည်။ လီပိုင်၏ကျင့်ကြံမှုသည် တာ့အိုနတ်ဘုရားအဆင့်သို့ ကျော်လွန်နိုင်ပါလျှင် မိမိသည်လည်း ကိစ္စရပ်ကြီးများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
တာ့အိုနတ်ဘုရားအဆင့်ဒုတိယကြယ်သည် အရာအားလုံးကို ရင်ဆိုင်ရန်လုံလောက်ပေသည်။ ထျန်းလန်အလယ်ပိုင်းဒေသ၏ ရှေးဟောင်းမျိုးနွယ်စုများတွင် စွမ်းအားမြင့်ကျင့်ကြံသူအချို့ ရှိနေလျှင်သော်မှ လီပိုင် ကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ဖုန်းမှ လှိုင်းဂယက်တစ်ခုဖန်တီးရန် ထျန်းလန်အလယ်ပိုင်းဒေသသို့ ခြေချသည်နှင့်တစ်ပြိုင်နက် စနစ်ထံ၌ ကျင့်ကြံမှုကိုလဲလှယ်ခြင်းဖြစ်စေ၊ ဆင့်ခေါ်ပြီးသည့် စွမ်းအားမြင့်ကျင့်ကြံသူများကို တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေခြငိးဖြစ်စေ၊ ထပ်မံ၍ ကျင့်ကြံသူဆင့်ခေါ်ခြင်းဖြစ်စေ အကြောက်အရွံ့မရှိ လုပ်ဆောင်နိုင်ပေမည်။
“ဒင်! ထျန်းတောက်စုန့်ချယ်နှင့် စန်းရန်နဉ်းတောက်ချီတို့ကို ဆင့်ခေါ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”
ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၏။ ထိုနှစ်ဦးမှာ အမည်ကျော်ကြားသူများဖြစ်သည်။ သူတို့၏ခေတ်အခါတွင် ထိုနှစ်ဦးမှာ ထိပ်တန်းသိုင်းပညာရှင်များဟု သတ်မှတ်နိုင်ပေသည်။ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးများဟု သတ်မှတ်နိုင်၏။
ထိုနှစ်ဦးတွင် မည်သူမှာ ပို၍အားကောင်းသည်၊အားနည်းသည်ကို ခွဲခြားရန်မှာ မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးသည် တိုင်ကွက်ကိုးကွက်သဘောတူညီချက်ကို ထားရှိခဲ့သည်။ သို့သော် အဆုံးတွင်တော့ စုန့်ချယ်သည် ကိုးချက်မြောက်တိုက်ကွက်ကို မထုတ်လွှတ်ခဲ့ဘဲ နဉ်းတောက်ချီသည်လည်း စုန့်ချယ်နှင့် အသေအကြေတိုက်ခိုက်ခြင်းအမှုကို လက်လျှော့ခဲ့သည်။
စုန့်ချယ်၏ဓားသိုင်းပညာကို တစ်စုံတစ်ယောက်မှ ဤသို့ဖော်ပြညွှန်းဆိုခဲ့ဖူးသည်: စုန့်ချယ်၏ဓားသိုင်းသည် တစ်ခါတစ်ရံတွင် ကောင်းကင်ယံတွင် ပျံသန်းနေသည့် နဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ နက်ရှိုင်းသည့်မြေဆီလွှာသို့ ထိုးဆင်းနေသည့် မြွေတစ်ကောင်ကဲ့သို့ဖြစ်သည်။ ဂုဏ်သတင်းကင်းမဲ့စွာသော၊ ပျက်စီးခြင်းကင်းမဲ့စွာသော၊ အရာများစွာတို့၌ ချုပ်နှောင်မှုကင်းမဲ့စွာသော.. အန္တိမဟူ၏။
နဉ်းတောက်ချီသည် ကောင်းကင်နှင့်မြေပြင်၊ စစ်မှန်ခြင်းတရားနှင့်အတုအယောင်တို့၏ ကွာခြားချက်များကို အလုံးစုံသဘာဝကျစေရန် ဖန်တီးခြင်း၌ ကျွမ်းကျင်သည်။ နဉ်းတောက်ချီသည် စိတ်ဝိဉာဉ်စူးစမ်းလေ့လာသူဟုပင် ပြောစမှတ်ပြုကြသည်။ သို့သော် သူ၏စိတ်ဝိဉာဉ်စူးစမ်းမှုသည် သိုင်းပညာရပ်၊ ကောင်းကင်ဘုံနှင့်လူသားမျိုးနွယ်တို့ကို ထူးခြားသည့်နည်းလမ်းဖြင့် အဓိပ္ပာယ်ဖော်ဆောင်ခဲ့သည်။
“ဒင်! စုန့်ချယ်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည်: စုန့်ချယ်
ဂုဏ်ပုဒ်: နတ်ဘုရားဓား၊ လောကနံပါတ်တစ်ဓားသိုင်းသမား
ကျင့်ကြံမှု: တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ: ငါစွဲကင်းမဲ့ရုပ်ခန္ဓာ (ကျင့်ကြံမှုပြီးနောက်တွင် ဦးစွာ မိမိကိုယ်ကို မေ့ဖျောက်ပြီး ထို့နောက် ဓားကိုမေ့ဖျောက်သည်။ ခန္ဓာကို ဓားအဖြစ်မှတ်ယူ၊ ဝိဉာဉ်ကို စွမ်းအင်အဖြစ်မှတ်ယူပြီး ဓားသွားသည် ပြိုင်ဘက်ကင်း၏)
သွေးမျိုးဆက်: ငါစွဲကင်းမဲ့သွေးမျိုးဆက် (ကျင့်ကြံပြီးနောက်တွင် လိုအင်ဆန္ဒကင်းမဲ့ပြီး ငါစွဲကင်းမဲ့သည်။ ဓားကို အလွန်အလေးထား၊ ဓားအဓိပ္ပာယ်၁၀ဆတိုးမြင့်)
တာ့အို: ဓားတာ့အို
တာ့အိုစွမ်းရည်: နတ်ဘုရားဓား၈သွယ်၊ နတ်ဘုရားဓားသိုင်း၊ စိတ်နှင့်ခန္ဓာကျင့်စဉ်။
မှော်စွမ်းအင်: ကောင်းကင်ဘုံမှတောင်းဆိုသည့် ဓား၈သွယ်
လက်နက်: နတ်ဘုရားဓား”
“ဒင်! နဉ်းတောက်ချီ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်
အမည်: နဉ်းတောက်ချီ
ဂုဏ်ပုဒ်: အလယ်ပိုင်းလွင်ပြင်ဒေသ၏နံပါတ်တစ်
ကျင့်ကြံမှု: တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ: နတ်ဘုရားပုံရိပ်ယောင်ရုပ်ခန္ဓာ (ကျင့်ကြံပြီးနောက်တွင် ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့ ပေါင်းစည်းသွားပြီး သဘာဝကျစွာ လိုက်လျောညီထွေဖြစ်တည်သွားမည်။ အင်အားသည်လည်း များစွာတိုးတက်မည်)
သွေးမျိုးဆက်: နတ်ဘုရားပုံရိပ်ယောင်သွေးမျိုးဆက် (ကျင့်ကြံပြီးနောက်တွင် လှုပ်ရှားမှုကင်းမဲ့ခြင်းနှင့်ဆိတ်ငြိမ်ခြင်း၊ အလုံးစုံကိုသိမြင်နားလည်ခြင်း စွမ်းရည်များ တိုးတက်မည်)
တာ့အို: သိုင်းတာ့အို၊ သေမျိုးတာ့အို၊ နတ်ဘုရားတာ့အို
တာ့အိုစွမ်းရည်များ: နတ္ထိလက်ဝါး၊ မိုင်တစ်သောင်းနတ္ထိလွင်ပြင်၊ အရာခပ်သိမ်းသောလက်ဝါးသိုင်း၊ ကောင်းကင်ဘုံကိုဖျက်ဆီးလိုသောသေမျိုး။
မှော်စွမ်းအင်: စန်းရှို့ပါးဖူ
တာ့အိုလက်နက်များ: နှောင်ခြင်းမဲ့တာ့အိုဝတ်ရုံ”
နှစ်ဦး၏စွမ်းရည်ဇယားကို ကြည့်ပြီးနောက်တွင် ဝမ်ဖုန်းစိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤနှစ်ဦးဖြင့် ထျန်းလန်အလယ်ပိုင်းဒေသသို့ အေးဆေးတည်ငြိမ်စွာ ခြေချနိုင်ပေလိမ့်မည်။
“စနစ် ဂိုဏ်းအမှတ်၁၀သန်းကို ထီလက်မှတ်အတွက်သုံးမယ်။ ရရှိတဲ့ကျင့်ကြံမှုအခြေခံတွေကို ငါသခင်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ကောင်းချီးပေးမယ်”
ခဏကြာစဉ်းစားပြီးနောက် ဝမ်ဖုန်း ပြောလိုက်သည်။
ဝမ်ဖုန်းသည် ထျန်းလန်အလယ်ပိုင်းဒေသသို့ ခြေချတော့မည်ဖြစ်ပြီး ကျန်းစန်ဖုန်းနှင့်အခြားအကြီးအကဲများ၏ ကျင့်ကြံမှုသည် အနည်းငယ် နိမ့်ပါးနေသေးသည်။ ယခုတွင် ဤတာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်နှစ်ဦးကို ဆင့်ခေါ်ပြီးဖြစ်ရာ ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများ၏ ကျင့်ကြံမှုကို တွေးတောစဉ်းစားပေးရန် အချိန်ကျရောက်လေပြီ။
“ဒင်! စုန့်ချယ်၏ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!....”
“ဒင်! သခင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ တာ့အိုသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
ဝမ်ဖုန်း အနည်းငယ် စိတ်သက်သာရာရသွား၏။ သေချာပေါက်ပင် တာ့အိုအဆင့်စွမ်းအားမြင့်ကျင့်ကြံသူအား ဆင့်ခေါ်ခြင်းနှင့် ထီလက်မှတ်ဖြင့် ကျင့်ကြံမှုအခြေခံရယူခြင်းသည် ကွာခြားမှုရှိသည်။ စွမ်းအားမြင့်ကျင့်ကြံသူကို ဆင့်ခေါ်ပါလျှင် ဝမ်ဖုန်းမှ ဂိုဏ်းအမှတ်သန်း၂၀ အသုံးပြုလျှင်သော်မှ လုံးဝကွာခြားသွားနိုင်ပေသည်။ ဝမ်ဖုန်းနှင့် အခြားအကြီးအကဲများကို တာ့အိုသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေရန်မှာ မဖြစ်နိုင်ပေ။
ထိုသို့တွေးတောပြီးနောက် ဝမ်ဖုန်း စနစ်ဈေးတန်းသို့ ဝင်ရောက်၍ ရတနာများကို စစ်ဆေးခဲ့သည်။ ဤတစ်ကြိမ် ထျန်းလန်အလယ်ပိုင်းဒေသသို့ခရီးစဉ်တွင် ဝမ်ဖုန်းသည် ထျန်းလန်မြောက်ပိုင်းဒေသတွင် လူအချို့ထားရစ်ခဲ့မည့်အစား အားလုံးကို အလယ်ပိုင်းဒေသသို့ ခေါ်ဆောင်သွားရန် စီစဉ်ထား၏။ ထျန်းလန်အလယ်ပိုင်းဒေသသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အမှန်စင်စစ်သော အောင်ပွဲနယ်မြေဖြစ်လာမည့်ဒေသ မဟုတ်ပါလော!
ထျန်းလန်အလယ်ပိုင်းေဒသတွင် သူအပြစ်ပြုထားပြီးသည့် ရှေးဟောင်းအင်အားစုကြီးများ တည်ရှိရုံမျှမက ထိပ်တန်းအဆင့် ချီစွမ်းအင်အဆောင်လက်ဖွဲ့များလည်း ရှိသည်။ ထို့ကြောင့် ဝမ်ဖုန်းသည် သိုလှောင်ရတနာများကိုသာ လဲလှယ်ခဲ့သည်။ ထျန်းလန်အလယ်ပိုင်းေဒသ၏ စွမ်အားမြင့်ကျင့်ကြံသူများမှ သတိမထားမိစေဘဲနှင့် လူအများကြီးကိုခေါ်ဆောင်သွားရန်မှာ လွယ်ကူသည့်ကိစ္စရပ်မဟုတ်ချေ။
ကြည့်ရှုနေရင်းဖြင့် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားကာ ပစ္စည်းတစ်ခုကို ဖွင့်ကြည့်လိုက်သည်။
“လေဟာပြင်ခန်းမ: သိုလှောင်ရတနာ၊ ရောင်းချတန်ဖိုး- ဂိုဏ်းအမှတ်၁၀သန်း။ လေဟာပြင်ခန်းမသည် လူသန်းချီဝင်ဆံ့၍ လောက၏စွမ်းအင်တို့ကို တိုက်ရိုက်စုပ်ယူနိုင်သောကြောင့် လိုအပ်ချက်များကို အမှီအခိုကင်းမဲ့စွာဖြည့်ဆည်းနိုင်သည်။ (လိုအပ်ချက်ကို ကိုယ့်ဘာသာဖြည့်ဆည်းနိုင်)
လေဟာပြင်ခန်းမထဲတွင်လည်း ကျင့်ကြံနိုင်သည်”
ဝမ်ဖုန်းသည် တုံ့ဆိုင်းမှုမရှိ လေဟာပြင်ခန်းမကို လဲလှယ်လိုက်သည်။ ဝမ်ဖုန်းတွင် ဂိုဏ်းအမှတ်၆သန်းသာ ကျန်ရှိတော့သည်။ ထိုအချက်မှလွဲ၍ ဝမ်ဖုန်း၌ အဆင်မပြေသည့် အကြောင်းကိစ္စမရှိတော့ပေ။ ထျန်းလန်အလယ်ပိုင်းဒေသတွင် ဝမ်ဖုန်း၏ လာရောက်ရိတ်သိမ်းခြင်းကို စောင့်ဆိုင်းနေသည့် အင်အားစုကြီးများ ရှိနေသည်မဟုတ်ပါလော။
ဟမ်!
ဝမ်ဖုန်းမှ လေဟာပြင်ခန်းမကို လဲလှယ်ယူပြီး ခဏအကြာတွင် လေဟာပြင်ခန်းမသည် ရုတ်တရက်တုန်ခါလာခဲ့ပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း ထိတ်လန့်တကြား မော့ကြည့်လိုက်၏။
မုတ်ဆိတ်မွှေးရှည်ကြီး၅ချောင်းဖြင့် ထူးကဲရိုးရှင်းသောမျက်နှာဖြင့်လူအိုကြီးသည် နှောင်ခြင်းမဲ့ဝတ်ရုံကို ဝတ်ဆင်ထားပေသည်။ ထိုလူအိုကြီးသည် သာမန်လူများထက် ပိုမိုရှည်လျားသည့်အရပ်ဖြင့် ပို၍လည်း ခန့်ညားထည်ဝါဟန် ရှိပေသည်။
ခိုင်ကြည်သောမျက်နှာဖြင့် သက်လတ်ပိုင်းအရွယ်လူကြီးသည် အနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခါးထက်တွင် နတ်ဘုရားဓားကို ချည်နှောင်ထားသည်။ သူ၏မျက်လုံးများမှာ လင်းယုန်ငှက်ကဲ့သို့ စူးရှလှလေရာ လူကို တည့်တည့်မကြည့်ဝံ့ ဖြစ်စေသည်။ ဩဇာလွှမ်းမိုးနိုင်သော အရှိန်အဝါဖြင့်ခန္ဓာကိုယ်သည် ကောင်းကင်ထက်တွင် လျှောက်လှမ်းနေသည်မှာ အရှင်သခင်တစ်ပါးကဲ့သို့ တုနှိုင်းမဲ့စွာ ခမ်းနားဝင့်ထည်ပေသည်။
တစ်ဦးသည် ဩဇာလွှမ်းမိုးဟန်ဖြင့်၊ တစ်ဦးမှာ အချုပ်အနှောင်ကင်းမဲ့ဟန်ဖြင့် ထိုနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်တွန်းကန်မည့်အလား ထင်မှတ်ရသော်ငြား တကယ်တမ်းတွင် တစ်ဦးကိုတစ်ဦး ညှာတာနားလည်မှုရှိကြပေသည်။
ထိုနှစ်ဦးမှာ ထျန်းတောက်စုန့်ချယ်နှင့် စန်းရန်နဉ်းတောက်ချီတို့ ဖြစ်ကြပါ၏!
“ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”
စုန့်ချယ်နှင့် နဉ်းတောက်ချီတို့မှ ဝမ်ဖုန်းကို တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။ သူတို့နှစ်ဦးလုံးသည် ဩဇာလွှမ်းမိုးနိုင်စွမ်းသော အရှိန်အဝါများ ရှိကြပါသော်ငြား ဝမ်ဖုန်းကို လေးစားရိုသေစွာဖြင့် နှုတ်ဆက်ကြ၏။ လွန်ကျွံသည့်အပြုအမူမျိုး မရှိချေ။
“အရမ်းယဉ်ကျေးဖို့မလိုပါဘူး! အကြီးအကဲတို့နှစ်ဦးရဲ့ အကူအညီနဲ့ ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက သေချာပေါက် ထျန်းလန်ဒေသမှာ နာမည်ကျော်ဇောပြီး ထျန်းလန်ဒေသတစ်ခွင်မှာ ဂိုဏ်းတပည့်ခန့်အပ်ဖို့ အခွင့်အာဏာကို ရယူနိုင်တော့မှာပါ”
ဝမ်ဖုန်းမှ လက်ကိုဆန့်ထုတ်ထူမတ်ပေးရင်းဖြင့် ရယ်မောလျက်ပြောခဲ့သည်။
စုန့်ချယ်နှင့် နဉ်းတောက်ချီတို့သည် စကားမဆိုလာခဲ့ပေ။ သို့သော် သူတို့နှစ်ဦးလုံး၏ မျက်လုံးအစုံတို့မှာ ခိုင်မာတည်ကြည်မှုတို့ ထင်ဟပ်နေပေသည်။
အထူးသဖြင့် စုန့်ချယ်ဖြစ်သည်။ စုန့်ချယ်သည် အနှိုင်းမဲ့ဓားတာ့အိုအတွက် အလဲအလှယ်အနေဖြင့် ကမ္ဘာလောကကိုပေါင်းစည်းခြင်း၌ ကျရှုံးခဲ့ရခြင်းကြောင့် နောင်တ,တရားရှိခဲ့ဖူးသူ ဖြစ်သည်။ ယခုတွင် အခြားလောကတစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းကို ကူညီပေးလိုပေသည်။
“စုန့်ချယ် အခုကစပြီး ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို သင်ကြားပြသပေးဖို့ မင်းကို အပ်နှံလိုက်ပြီ။ အရိပ်အကဲကြည့်နေဖို့ မလိုဘူး။ မင်းဆန္ဒရှိသလို လေ့ကျင့်ပေးနိုင်တယ်”
ဩဇာလွှမ်းမိုးမှုအပြည့်ဖြင့် စုန့်ချယ်ကိုကြည့်၍ ဝမ်ဖုန်း ပြောခဲ့သည်။ ဤပုဂ္ဂိုလ်သည် ကြောက်ခမန်းလိလိသော ဓားသိုင်းသမားတစ်ဦး ဖြစ်ရုံမျှမက အကောင်းဆုံးသော ကြိုတင်မှန်းဆနိုင်စွမ်းရည်ဖြင့် စစ်ဗျူဟာမှူးတစ်ယောက်ဖြစ်သည်။ အဝေးသို့ကြိုတင်သိမြင်နိုင်စွမ်းသော သူ၏စစ်ဗျူဟာများသည် အလယ်ပိုင်းဒေသသို့ သွားရောက်ပါလျှင် များစွာအကျိုးဖြစ်နိုင်ပေသည်။
“ဟုတ် ဂိုဏ်းချုပ်!”
စုန့်ချယ်သည် တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်၏။
ဝမ်ဖုန်းမှ ခေါင်းညိတ်၍ပြောခဲ့သည်။
“မနက်ဖြန်ကို ဂိုဏ်းတပည့်တွေကိုစုဝေးပြီး ဒီဂိုဏ်းချုပ်နဲ့အတူ ထျန်းလန်အလယ်ပိုင်းဒေသကို သွားမယ်။ အဲဒီ့မှာ မင်းတို့ရဲ့စွမ်းရည်တွေကို ပြသနိုင်တာပေါ့”
ဝမ်ဖုန်း၏စကားကိုကြားသည်တွင် စုန့်ချယ်နှင့်နဉ်းတောက်ချီတို့သည် အကြည့်ချင်းဆုံလိုက်ကြပြီးနောက် တညီတညွတ်တည်းပြောကြ၏။
“ဟုတ်!”
ဝမ်ဖုန်းသည်လည်း လက်ကိုဝှေ့ယမ်း၍ နေရာမှထွက်ခွာနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
စုန့်ချယ်တို့နှစ်ဦးသည် တစ်ဖန် လက်ဟန်ဖြင့်အရိုအသေပြုကြပြီးနောက် ခန်းမထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ သို့ဖြစ်၍ ဝမ်ဖုန်းတစ်ဦးတည်းသာ ခန်းမထဲတွင် ကျန်ရစ်ခဲ့တော့သည်။