သခင်မရဲ့ လက်ဆောင်။
Vol. 18 Ch. 251
ဝမ်ဖုန်းတစ်ယောက် ရှန်ရှန့်ကျုံဂိုဏ်းကို ထျန်းလန်မြောက်ပိုင်းဒေသမှ ထျန်းလန်အလယ်ပိုင်းဒေသသို့ ဦးဆောင်ခေါ်ယူသွားတော့မည့်အချိန်တွင် ယဲ့မုချင်သည် ရှေးဟောင်းကမ္ဘာကြီးအတွင်းရှိ ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအတွင်း၌ ရှိနေခဲ့သည်။ သူမသည် အဓိကပုလ္လင်၏ ဘေးဖက်၌ ထိုင်နေခဲ့သည်။ ဝမ်ချုံးယန် ၊ မဟာနတ်ဆိုးရွှမ်ရှ ၊ ချုံဖုန်းနှင့် အခြားသောသူများ ၊ လီချင်းနှင့် လက်ရွေးစင်တပည့်များသည် အောက်ဘက်၌ မတ်တက်ရပ်နေကြသည်။
ယဲ့မုချင်သည် သူမဘေးရှိ ဗလာဖြစ်နေသော နန်းပုလ္လင်ကြီးကို ဝမ်နည်းတသမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ဒီအရူးယောင်္ကျားကတော့ ချီရှီပွဲတော်ရောက်လာတာတောင် သူမကို လက်ဆောင်ပေးရကောင်းမှန်းမသိဘူး... ဒါ့အပြင် ရှေးဟောင်းကမ္ဘာထဲက ရှန်ရှန့်ကျုံဂိုဏ်းကို စောင့်ကြပ်ဖို့ သူမကို တစ် ယောက်တည်း ထားရစ်ခဲ့သေးတယ်။
ဤအချိန်တွင် လီချင်းနှင့် အခြားသော တပည့်များသည် ခန်းမကြီးအတွင်း၌ ညီညီညာညာ တန်းစီမတ်တက်ရပ်နေကြကာ မည်သည့်စကားတစ်ခွန်းမှ မပြောဆိုဝံ့ကြပေ။ ဂိုဏ်းချုပ်ထွက်ခွာသွားပြီးသည့်နောက်တွင် သခင်မသည် ထိတ်လန့်စရာစွမ်းဆောင်ရည်များကို ပြသခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို မယှဥ်သာနိုင်လောက်အောင် မြင့်မားသော အခြေအနေထိတိုင် ဆွဲခေါ်သွားခဲ့သည်။
ဒုက္ခိတဖြစ်သွားသော မုယွင်ဖေးကတောင် ဤအချိန်တွင် အားပြည့်အင်ပြည့်ရှိနေပြီဖြစ်သည်။ ဒါ့အပြင် သူ၏ခွန်အားကလည်း မယုံနိုင်စရာကောင်းလောက်အောင် သန်မာလာခဲ့ကာ သူသွားသည့်နေရာတိုင်းတွင် ကမ္ဘာကြီးကို တုန်ခါစေနိုင်သည်ထိအောင် အစွမ်း ထက်နေပြီဖြစ်သည်။
မုယွင်ဖေးကို ဆက်ဆံခဲ့သည့် သခင်မ၏ ရိုးရှင်းပြီး ရက်စက်သောနည်းလမ်းကို ပြန်ပြောင်းသတိရမိလိုက်သည့်အခါ လီချင်းနှင့်အခြားသော တပည့်များသည် ထိန်းချုပ်မရတုန်ယင်သွားခဲ့သည်။
အတိတ်တွင် စနစ်သည် မုယွင်ဖေးကို ကုသရန် နည်းလမ်းနှစ်လမ်းကို ဝမ်ဖုန်းအားပြောပြခဲ့သည်။ တစ်ခုမှာ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားကို ရှာဖွေရန်ဖြစ်ပြီး အခြားနည်းလမ်းတစ်ခုကတော့ ကောင်းကင်နှင့်မြေပြင်ရှိ နိယာမများကို လူသားခန္ဓာကိုယ်ဖြင့် နားလည်သဘောပေါက်ရန်ပဲဖြစ်သည်။
ယဲ့မုချင်၏ နည်းလမ်းမှာ အလွန်အမင်းရိုးရှင်းပြီး ပြင်းထန်လွန်းလှသည်။ သူမသည် ကမ္ဘာပေါ်ရှိ ထောင်ချီသော တာအိုနိယာမများကို တိုက်ရိုက်ပုံဖော်ဖန်တီးခဲ့ကာ မုယွင်ဖေးကို နိယာမများကြားထဲ ပစ်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာဘဲ မုယွင်ဖေး၏ နားလည်သဘောပေါက်မှုကို မြန်ဆန်စေသည့် ရတနာတစ်ခုကိုလည်း ပေးခဲ့သေးသည်။
စဥ်းစားကြည့်ပါလေ... ဤအခြေအနေအောက်တွင် မုယွင်ဖေးကို အသာထား ဝက်တစ်ကောင်ကတောင် တာအိုသဘောတရားများကို နားလည်သဘောပေါက်မှာပဲဖြစ်သည်။ ရလဒ်အနေဖြင့် ဝမ်ဖုန်းကို ခေါင်းကိုက်စေခဲ့သော မုယွင်ဖေးသည် ယဲ့မုချင်၏ ရိုးရှင်းပြီး ပြင်းထန်သော နည်းလမ်းဖြင့် ကယ်တင်ခြင်းခံလိုက်ရပြီး မယုံနုင်စရာကောင်းသော ကျင့်ကြံဆင့်ကိုလည်း ရရှိပိုင်ဆိုင်လာခဲ့သည်။
"ဒီနေ့က လူ့ဘုံလောကရဲ့ ချီရှီပွဲတော်နေ့ပဲ... ငါ့ယောင်္ကျားကို လက်ဆောင်တစ်ခုပေးချင်တယ်" ယဲ့မုချင်သည် သတိပြန်လည်လာကာ အောက်ဖက်ရှိ လီချင်းနှင့် အခြားသောလူများကို ဝေ့ဝဲကြည့်ရှုပြီး ညင်သာသော လေသံဖြင့် ပြောဆိုလိုက်သည်။
အဆိုပါ စကားများကို ယဲ့မုချင်ပြောဆိုလိုက်သည့်အခါ လီချင်းတို့တစ်တွေသည် တုန်ခါသွားကြသည်။ လင်းဖေးဝူနှင့် အခြားသူများသည် လီချင်းကို အတူတကွစိုက်ကြည့်လိုက်ကြသည်။
လီချင်းဟာ အရမ်းကို စိတ်ပျက်နေပါပြီ။ ဒီကိစ္စကို အစဖော်ခဲ့သူဟာ သူပဲဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လီချင်းသည် ထိုအကြောင်းကို သိရှိပြီး ပြောဆိုခဲ့သည် "သိပ်မကြာခင်မှာ ချီရှီပွဲတော်ရောက်လာတော့မယ်... ငါလီချင်းက ဘယ်သူ့ကိုမှ လက်ဆောင်မပေးချင်ဘူးကွ..."
တစ်ကယ်တော့ လီချင်းသည် ထိုပွဲတော်အကြောင်း အရေးစိုက်၍မဟုတ်ဘဲ လင်းဖေးဟူရှေ့တွင် တမင်တကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အရင်က သူသည် လင်းဖေးဟူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အခု သူ၏ကျင့်ကြံဆင့်မှာ မြင့်မားလာပြီး လင်းဖေးဝူကလည်း သူ့ကို ဆက်လက်၍ မရိုက်နှက်နိုင်တော့ပေ။ သို့ပါသော်လည်း လီချင်းမှာ အကျင့်ဖြစ်နေပြီဖြစ်သည်။ သူဟာ ယခုအချိန်ထိ ရိုက်နှက်ခံချင်နေသေးသည်။
သို့ပါသော်လည်း သူပြောခဲ့သော စကားများကို ဘေးနားက ဖြတ်သွားခဲ့သော ဂိုဏ်းချုပ်ကတော်က ကြားမိသွားလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပေ။ ယင်းနောက် သူမက သူ့ကို မေးမြန်းခဲ့လေသည်။
ဂိုဏ်းချုပ်ကတော်သည် ချီရှီပွဲတော်မှာ လူသားကမ္ဘာ၏ ချစ်သူများနေ့ဖြစ်ကြောင်းသိရှိသွားပြီးနောက် သူမ၏ မျက်လုံးများအလွန်တရာ တောက်ပလင်းလက်လာခဲ့သည်ကို လီချင်းမှာ ပြန်လည်မှတ်မိလိုက်သည်။ အဲ့ဒီအချိန်တွင် လီချင်းသည် သူဟာ ဘေးဒုက္ခများကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိနေခဲ့သည်။ အခုတော့လည်း မျှော်လင့်ထားတဲ့ အတိုင်းပါပဲလား။
"သခင်မက ဂိုဏ်းချုပ်ကို ဘယ်လိုလက်ဆောင်မျိုးပေးချင်လို့ပါလဲဗျာ..." လီချင်းသည် ရဲဝံ့စွာ ပြောဆိုလိုက်သည်။ နည်းလမ်းမရှိတော့ပါပေ။ ဂိုဏ်းတူအကိုအကြီးဆုံး တစ်ယောက်အနေဖြင့် သူဟာအရာအားလုံးကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။
"အဲ့ဒီအချိန်တုန်းက လင်းယွင်ယွမ်ကျဲက ငါ့ယောင်္ကျားနဲ့ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အရှက်ရစေခဲ့တယ်.၊ မင်း... လင်းယွင်ယွမ်ကျဲရဲ့ အသိုက်ဟောင်းကိုသွားပြီးတော့ အဲ့ဒီနေရာကို ယောင်္ကျားအတွက် လက်ဆောင်အဖြစ်ပေးသင့်တယ်"
"အခု လင်းယွင်ယွမ်ကျဲက လင်းယွင်ဘုံလောကက လူတော်တော်များများကို ခေါ်ပြီး ထျန်းလန်အလယ်ပိုင်းဒေသမှာ ပုန်းအောင်းရင်း အခွင့်အရေးကို စောင့်ဆိုင်းနေတယ် ၊ သူတို့ရဲ့ အသိုက်ဟောင်းက အားနည်းနေမှာပဲ... အဲ့ဒါကို မင်းတို့ကိုင်တွယ်ဖို့လုံလောက်ပါတယ်လေ"
"လင်းယွင်ယွမ်ကျဲနဲ့ လင်းယွင်ဘုံလောကက ကျန်နေတဲ့ လူတွေကိုတော့ ငါ့ယောင်္ကျားကိုင်တွယ်ဖို့ ချန်ထားခဲ့လိုက်ပါ"
ယဲ့မုချင်သည် လီချင်းကို စိုက်ကြည့်ကာ ညင်သာစွာ ပြောဆိုလိုက်သည်။
ဤသည်ကို ကြားရသည့်အခါ လီချင်းနှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး အူကြောင်ကြောင်စိုက်ကြည့်လိုက်ကြသည်။ သူတို့ဟာ ကြောက်လန့်နေ၍မဟုတ်ဘဲ လင်းယွင်ဘုံလောကမှာ အားနည်းလွန်းတာကြောင့်ဖြစ်သည်။
သူတို့ ညီကိုမောင်နှမများ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ဆိုပါက လင်းယွင်ယွမ်ကျဲကို အသာထား ထျန်းလန်ဒေသကိုတောင် ဖြတ်သန်းအုပ်စိုးဖို့ လုံလောက်နေပြီဖြစ်သည်။
"သခင်မ... သခင်မလည်းသိပါတယ် ၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက လင်းယွင်ယွမ်ကျဲကိုတောင် တိုက်ရိုက်သုတ်သင်ပစ်လိုက်နိုင်တယ်လေ ဒါပေမယ့် ဘာဖြစ်လို့..." လီချင်း၏ မျက်လုံးများအတွင်း၌ နားမလည်နိုင်သော အရိပ်အငွေ့တစ်ခု ဖြစ်ပေါ်လာပြီး မေးမြန်းလိုက်သည်။
"အစပိုင်းမှာ ငါမလှုပ်ရှားရသေးခင် လင်းယွင်ယွမ်ကျဲက ထွက်ခွာသွားခဲ့တယ် ၊ သူက ငါ့ယောင်္ကျားနဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို အရှက်ကြီးကြီးမားမားရစေခဲ့တယ်... ဘာပဲဖြစ်ဖြစ် ဒီအရှက်ရမှုကို ငါ့ယောင်္ကျားကိုယ်တိုင် ပြန်လည်ဆေးကြော သန့်စင်ရလိမ့်မယ် ၊ သူ့ရဲ့စိတ်နေစိတ်ထားက တည်ကြည်ပြတ်သားတယ်" ယဲ့မုချင်သည် ပေါ့ပါးစွာ ပြောဆိုလိုက်သည်။
လီချင်းနှင့် အခြားသောသူများသည် ခေါင်းညိမ့်လိုက်ပြီး ထပ်မံစကားပြောဆိုခြင်းမရှိတော့ပေ။
"သခင်မ.. ကျွန်တော် ထျန်းလန်အလယ်ပိုင်းဒေသကို သွားချင်ပါတယ်" မုယွင်ဖေးသည် မတ်တက်ရပ်လိုက်ပြီး လက်သီးဆုပ်ဂါရဝပြုကာ ပြောဆိုလိုက်သည်။
"မင်းရဲ့ အမေကိုရှာချင်တာလား?"
မုယွင်ဖေးသည် ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်တွင် သူဟာ ဒုက္ခိတတစ်ယောက်မဟုတ်တော့ဘဲ သူ့ရဲ့ကျင့်ကြံဆင့်ကလည်း မယှဥ်နိုင်လောက်အောင် မြင့်မားနေပြီဖြစ်သည်။ သူ့အမေကို ရိုင်းစိုင်းသော ရှေးဟောင်းမျိုးနွယ်စုထဲတွင် အဘယ့်ကြောက့် ဒုက္ခခံခိုင်းရက်မည်နည်း။
"စိတ်မပူပါနဲ့... ငါ့ယောင်္ကျားက သူမကို ပြန်ခေါ်လာလိမ့်မယ် ၊ ငါ့ယောင်္ကျားပြန်မလာသေးခင် သူမကို သေဆုံးခွင့်ပြုမှာ မဟုတ်ပါဘူး... သူမကို ဘယ်သူမှ မထိနိုင်စေရဘူး"
ယဲ့မုချင်၏စကား ကြားလိုက်ရသည့်အခါ မုယွင်ဖေးသည် ကြောင်အသွားပြီးမှ ဖြည်းဖြည်းချင်းခေါင်းညိမ့်လိုက်သည်။ သူဟာ ယဲ့မုချင်၏ စကားလုံးများအပေါ်တွင် သံသယမဖြစ်မိပါပေ။ သူ့ကို အသုံးမဝင်သော လူတစ်ယောက်အဖြစ်မှ လက်ရှိအခြေအနေထိတိုင်အောင် ပြန်လည်ကုစားပေးခဲ့သည်ဖြစ်ရာ သခင်မ၏ စွမ်းဆောင်ရည်များမှာ နားမလည်နိုင်လောက်အောင် မြင့်မားပေသည်။
သူတို့သည် ယခုကျင့်ကြံဆင့်ကို ရရှိလာပြီဖြစ်သော်လည်း သခင်မ၏ ကျင့်ကြံဆင့်ကိုတော့ ဖောက်ထွင်းမမြင်နိုင်သေးပေ။ သခင်မထံမှ အကြည့်တစ်ချက်ကတောင် သူတို့ကိုတုန်ယင်သွားစေရန် လုံလောက်နေခဲ့သေးသည်။
"ဒီတစ်ကြိမ်မှာ ဂိုဏ်းသားအယောက်သုံးထောင်ကို ခေါ်ပြီး လင်းယွင်ကမ္ဘာကြီးကို သွားလိုက်ပါ ၊ ဂိုဏ်းသားတွေကို အတွေ့အကြုံရအောင်လို့ပေါ့... ပြီးရင် လင်းယွင်ကမ္ဘာကြီးကို လွယ်လွယ်ကူကူနဲ့ သိမ်းပိုက်ခဲ့ချေ"
ယဲ့မုချင်သည် အောက်ဖက်ရှိ လီချင်းနှင့်အခြားသူများကို ဝေ့ဝဲပြီး တီးတိုးပြောဆိိုလိုက်သည်။
"ဟုတ်ကဲ့ပါ"
ထျန်းလန်အလယ်ပိုင်းဒေသရှိ ဆိတ်ငြိမ်ခြင်း ရှေးဟောင်း တောင်ထိပ်နှစ်ခုပေါ်တွင် လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်၍ ရပ်နေကြသည်။ ထိုလူနှစ်ယောက်လုံးဟာ ငယ်ရွယ် သောလူများဖြစ်၏။ တစ်ယောက်ဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များက လေယူရာယိမ်းနွဲ့နေခဲ့သည်။ သူ၏ မျက်ဝန်းများဟာ ရှည််လျားလှပပြီး အရပ်မြင့်မြင့်နှင့် အေးစက်ပြီး မောက်မာသောလေထုကို သယ်ဆောင်ထားသည်။
အခြားတစ်ယောက်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြံ့ခိုင်တောင့်တင်းကာ ရုပ်ရည်ချောမောသည်။ သို့ပါသော်လည်း သူ၏ဆံပင်များမှာ
ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး ထူးခြားဆန်း ကြယ်သော ပုံသွင်ရှိနေခဲ့သည်။
သူတို့နှင့်သိပ်မဝေးသော တောင်ထိပ်များပေါ်တွင် ထျန်းလန်အလယ်ပိုင်းဒေသရှိ စွမ်းအားရှင်များ တစ်စုတစ်စည်းတည်း မတ်တပ်ရပ်နေကြသည်။ သူတို့အားလုံးသည် တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေပုံပေါ်သည်။ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
တောင်ထိပ်တစ်ခုပေါ်တွင် ဆံပင်ဖြူနေသော အဖိုးအိုနှစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် စောင့်ကြည့်နေကြသည်။ သူတို့၏ တောက်ပသော မျက်ဝန်းများသည် လူငယ်လေးနှစ်ယောက်ကို စိုက်ကြည့်နေခဲ့ကြပြီး အရေးအကြောင်းများပြည့်နေသော မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အငွေ့များ ရှိနေခဲ့သည်။
"ဒီကောင်လေးနှသ်ယောက်ကြားက တိုက်ပွဲက မင်းကိုတောင် ထွက်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဒီအဖိုးကြီး ထင်မထားခဲ့ဘူး" လူအိုကြီးထျန်းဖုန်းသည် သူ့ သူငယ်ချင်းကို ကြည့်ကာ ရယ်ကာမောကာ ပြောဆိုလိုက်သည်။
"မင်းလည်း အတူတူပဲ မဟုတ်ဘူးလား... မင်းလည်း အသက်ကြီးလာပြီလေ အမွေဆက်ခံဖို့ တစ်ယောက်ယောက်ကို ရှာရတော့မှာပေါ့ကွာ" အကြီးအကဲ ချန်နင်းသည် သူ့ဘေးနားရှိ အကြီးအကဲထျန်ဖုန်းကို စိုက်ကြည့်ကာ ခေါင်းခါယမ်းရင်းပြောဆိုလိုက်သည်။
ဤတောင်ထိပ်ပေါ်တွင် ထိုလူအိုကြီးနှစ်ယောက်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မနှောင့်ယှက်ရဲကြပေ။
ထိုလူအိုကြီးနှစ်ယောက်ဟာ ထျန်းလန်အလယ်ပိုင်းဒေသတွင် ကျော်ကြားသော လေလွင့်ကျင့်ကြံသူများဖြစ်ပြီး သူတို့နှစ်ယောက်၏ ကျင့်ကြံဆင့်မှာ ဒဏ္ဍာရီနယ်ပယ်ကိုရောက်နေခဲ့ပြီဖြစ်သည်။ သန်မာလှပါသည်ဆိုသော အင်အားစုကြီးများကတောင် သူတို့နှစ်ယောက်ကို ရန်မစချင်ကြပါပေ။
"အရူးယန်ထွက်လာပြီးကတည်းက တည်ငြိမ်နေတဲ့ထျန်းလန်အလယ်ပိုင်းဒေသလည်း လှိုင်းထန်လာခဲ့ပြီလေ... ဒီကောင်လေးနှစ်ယောက်လည်း ထိုင်မနေနိုင်တော့ဘူးပေါ့" လူအိုကြီးချန်နင်းသည် ပြုံးလိုက်ကာ အရှိန်ယူနေသော လူငယ်လေးနှစ်ယောက်ကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"အရူးယန်ရဲ့ နောက်ကွယ်ကအင်အားက မရိုးရှင်းဘူး... ဒီမငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေက ကောင်းချီးပေးတာလား ကျိန်စာလားဆိုတာကိုတောင် မသိတော့ပါဘူးကွာ" လူအိုကြီးထျန်းဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တိုးဖွဖွရေရွတ်လိုက်သည်။ သူဟာ လူအိုကြီးချန်းနင်းလောက် အကောင်းမြင်စိတ်မရှိဘဲ စိုးရိမ်ပူပန်နေပုံပေါ်သည်။