။ နှင်းမြူဓားချက်များ။
Vol. 19 Ch. 253
ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် ရပ်တန့်ခြင်းအလျှင်းမရှိပဲ တဟုန်ထိုးပြေးဝင်သွားကြသည် ။ သူတို့နှစ်ယောက်က လက်ထဲရှိဓားရှည်များကိုဝှေ့ယမ်းလိုက်ကာ အတိုင်းအဆမဲ့သောခွန်အားများကိုထုတ်လွှတ်လျက် နီးကပ်သည်ထက် နီးကပ်လာခဲ့ကြသည် ။ ဓားတစ်လက်နှင့်ဓားတစ်ချောင်းတို့သည် ထိပ်တိုက်တွေ့ဆုံမိသွားကြသည် ။
အဆိုပါလူနှစ်ယောက်၏ပုံရိပ်များသည် အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားကြကာ တစ်ခါတစ်ရံတွင်ပူးကပ်နေကြပြီး တစ်ခါတစ်ရံတွင် ဝေးကွာသွားကြသည် ။ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ဓားချီများ ပေါက်ကွဲထွက်လာကြကာ ကမ္ဘာမြေနှင့်လေထုကို ပိုင်းဖြတ်သွားလိုက်ကြသည် ။ ပတ်ဝန်းကျင်မိုင်တစ်ထောင်ပတ်ပတ်လည်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားကြလေသည် ။
ဘုန်း !
ဤအချိန်မှာပဲ ဓားနှစ်ချောင်းသည် တစ်ချောင်းနှင့်တစ်ချောင်း ထိပ်တိုက်တွေ့ဆုံမိသွားကြကာ နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီး တစ်သံ မြည်ဟည်းထွက်ပေါ်လာခဲ့သည် ။ ပင်လယ်ရေလှိုင်းကြီးကဲ့သို့သော ထိတ်လန့်ဖွယ်စွမ်းအားကြီးတစ်ခုသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားလေရာ ပတ်ဝန်းကျင်ရှိစွမ်းအားရှင်များသည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြရသည် ။
မြေပြင်တစ်ခုလုံးသည် တသိမ့်သိမ့်တုန်လာခဲ့သည် ။ ကျုံးကျီနှင့် ပိုင်ဟုန်တို့ရှိနေခဲ့ကြသောတောင်ထိပ်သည် တိုက်ရိုက်ပဲ ထပ်ပိုင်းဖြတ်ခံလိုက်ရလေသည် ။ ဖြတ်တောက်ခံလိုက်ရသောတောင်ထိပ်ကြီးသည် အောက်မြေပြင်တောအုပ်ရှိရာသို့ ပြုတ်ကျသွားခဲ့ပြီး မြေပြင်ဟာ တဆက်ဆက်တုန်ခါလာခဲ့လေသည် ။
ဤမျှလောက် ထိတ်လန့်ဖွယ်စွမ်းအားများ ပိုင်ဆိုင်ထားသော လူငယ်ပါရမီရှင်နှစ်ယောက်သည် ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည် ။ ရှိနေကြသည့် မြောက်များစွာသောစွမ်းအားရှင်များသည် သူတို့ကို လေးစားလာမိကြသည် ။
ဒီလူနှစ်ယောက်သည် ငယ်ရွယ်သောအသက်အရွယ်မှာပင် ကျော်ကြားလာခဲ့ကြတာဖြစ်ပြီး လက်ရည်တူလည်းရှိနေကြတာဖြစ်သည် ။ သူတို့နှစ်ယောက်၏တိုက်ပွဲသည် နှစ်တစ်ရာအတွင်း လူငယ်မျိုးဆက်များအကြားတိုက်ပွဲများအနက် အကျော်ကြားဆုံး တိုက်ပွဲဟုတောင်ဆိုနိုင်ပေသည် ။
အတိတ်တွင်လည်း လူငယ်ပါရမီရှင်များအကြား မရေမတွက်နိုင်အောင် များပြားသည့်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုနိုင်သော်လည်း ဤမျှလောက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေ ။
ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် စွမ်းအားတူ ၊ လက်ရည်တူ ဖြစ်နေခဲ့ကြတာကြောင့် တစ်ယောက်ယောက်အနိုင်ရသွားမယ်ဆိုရင်တောင် လွယ်လင့်တကူတော့ အနိုင်ရနိုင်မှာမဟုတ်ပေ ။ ထိပ်တန်းပါရမီရှင်များသည် အလွန်အမင်းရှားပါးသည်ဖြစ်ရာ ဤတိုက်ပွဲသည် နှစ်တစ်ရာအတွင်း စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ပွဲပဲဖြစ်တော့သည် ။
ဘုန်း !
ကျယ်လောင်သောမြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့သည် ။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်တွင်ရပ်နေကြကာ စူးရှသောမျက်ဝန်းများက တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန် စိုက်ကြည့်နေခဲ့ကြသည် ။ ဤအချိန်တွင် သူတို့၏ဝတ်ရုံများဟာ စုတ်ပြဲနေသည် ။ သူတို့နှစ်ယောက်၏ တိုက်ပွဲဝင်စိတ်ဓာတ်များကလည်း မိုးထိအောင် မြင့်မားနေကြပြီဖြစ်သည် ။
အရူးယန်၏ထွက်ပေါ်လာခြင်းက သူတို့နှစ်ယောက်အပေါ် ဖိအားကြီးကြီးမားမား သက်ရောက်စေခဲ့သည် ။ ကောလဟာလများအရ အရူးယန်၏ကျင့်ကြံမှုမှာ တာအိုအုပ်စိုးသူအဆင့်သို့တောင် ရောက်နေခဲ့ပြီးဖြစ်သည် ။ သူတို့၏လက်ရှိကျင့်ကြံဆင့်ဖြင့် သူတို့သည် အရူးယန်ကို တိုက်ရိုက်စိန်ခေါ် တိုက်ခိုက်ရဲခြင်းမရှိကြပေ ။ ထို့ကြောင့်သူတို့ဟာ တူညီသောအဆင့် ၊ တူညီသောစွမ်းဆောင်ရည်ရှိသည့် ပါရမီရှင်လူငယ်တစ်ယောက်နှင့် ဖက်ပြိုင်တိုက်ခိုက်ရင်း အဆိုပါပါရမီရှင်ကို ခြေနင်းကျောက်တုံးတစ်ခုအဖြစ်အသုံးပြုကာ တာအိုအုပ်စိုးသူအဆင့်သို့ တက်ရောက်လိုကြခြင်းဖြစ်သည် ။
" မဟူရာဓား ဆိုတဲ့အမည်နာမနဲ့ ထိုက်တန်ပါပေတယ်လေ ။ " ပိုင်ဟုန်သည် ကျုံးကျီကိုစူးစိုက်ကြည့်ကာ အေးစက်စွာပြောဆိုလိုက်သည် ။
" မင်းလည်းပဲ မဆိုးပါဘူး ။ သွေးပူလေ့ကျင့်ခန်းပြီးပြီ ။ ဒီတစ်ကြိမ်က အစစ်အမှန် တိုရ်ခိုက်ရမယ့်အချိန်ပဲ ။ " ကျုံးကျီသည် သွားဖြီးရယ်ပြလိုက်ကာ ပြောဆိုလိုက်သည်။
ပိုင်ဟုန်ကခေါင်းညိတ်လိုက်ပြီး ထပ်မံစကားပြောဆိုခြင်းမရှိတော့ပေ ။ သူ၏အရှိန်အဝါများက သန်မာသည်ထက် သန်မာလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် လေးလံသောဖိအားကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
" ဟာ ! "
" ဒီလိုထိတ်လန့်ဖွယ်တိုက်ပွဲကတောင် သွေးပူလေ့ကျင့်ခန်းအဆင့်ပဲတဲ့လား ။ သူတို့တစ်ကယ်များ တိုက်ခိုက်ကြရင် ဘယ်လိုသွေးပျက်စရာမြင်ကွင်းမျိုး ဖြစ်လာမလဲမသိဘူးနော် ။ "
ကျုံးကျီ၏စကားကိုကြားလိုက်ရသည့်အခါ အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသောသူများသည် လေအေးတစ်ချက် မှုတ်ထုတ်လိုက်မိကြသည် ။ သူတို့အားလုံးမှာ ထိတ်လန့်နေကြပါတော့သည် ။ သူတို့က စိတ်လှုပ်ရှားစရာတိုက်ပွဲကို လွဲချော်သွားမှာကို စိုးရိမ်သည့်အလား မျက်တောင်တစ်ချက်မခတ်ပဲ စိုက်ကြည့်နေခဲ့ကြသည်။
အချို့သော တာအိုအရှင်သခင်အဆင့် စွမ်းအားရှင်များသည် ကျုံးကျီနှင့်ပိုင်ဟုန်ကို အရှက်ရနေသောမျက်နှာအမူအယာများဖြင့် လှမ်းကြည့်နေမိကြသည် ။ ကျုံးကျီနှင့်ပိုင်ဟုန်တို့နှင့် နှိုင်းယှဉ်ရပါက သူတို့၏တာအိုအရှင်သခင်အဆင့်မှာ အတုအယောင်အလား ထင်ရပေသည် ။ သူတို့ကြားရှိကွာခြားမှုမှာ မိုးနှင့်မြေအလား ကွာခြားလှလေသည် ။
အဝေးတစ်နေရာ တောင်ထိပ်ပေါ်တွင်ရှိနေသော ဝမ်ဖုန်း၏မျက်လုံးများသည် ကျဥ်းမြောင်းသွားခဲ့ပြီး သူ့မျက်နှာထက်၌ စိတ်ဝင်စားသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည် ။ အတိတ်တွင် သူတွေ့ကြုံခဲ့ရသော လူငယ်ပါရမီရှင်များကို သူဟာချွင်းချက်မရှိ ဦးစွာဖျက်ဆီးနိုင်ခဲ့လေသည် ။ ဤကဲ့သို့ လက်ရည်တူညီမျှသော တိုက်ပွဲတစ်ပွဲကို တွေ့မြင်ဖို့ဆိုသည်ကား ရှားမှရှားလှပေသည် ။ ဤသည်က ဝမ်ဖုန်းကို စိတ်လှုပ်ရှားစေခဲ့သည် ။
ကျား !
အရှက်ရနေသောကျင့်ကြံသူများကို ကျယ်လောင်သောအသံတစ်သံက နိုးထလာစေခဲ့သည် ။ ထိုအသံကိုကြားလိုက်ရသည့်အခါ သူတို့က ချက်ချင်းပဲတုန်လှုပ်သွားကြပြီး ကြောင်အသွားကြသည် ။
ပိုင်ဟုန်တစ်ယောက် ရှည်လျားသော မိုးပြာရောင်ဓားရှည်ကိုကိုင်ဆောင်လျက် ကောင်းကင်ယံထက်၌ လမ်းလျောက်နေသည်ကို သူတို့တွေ့မြင်လိုက်ကြရသည် ။ ဓားရှည်ဟာ အဆက်မပြတ်ဝှေ့ယမ်းနေပြီး ရေခဲသလင်းကျောက်ကဲ့သို့သော ကြည်လင်သောဓားစွမ်းအင်များသည် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည် ။ အဖြူရောင်ဓားစွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် ကျုံးကျီရှိရာသို့ ပြေးဝင်သွားလေသည် ။
ကြည်လင်သန့်စင်သော ရေခဲသလင်းကျောက် ဓားစွမ်းအင်သည် နေရောင်အောက်တွင် တလက်လက်တောက်ပနေလေသည် ။
ကျုံးကျီ၏ပုံရိပ်သည် ရေခဲသလင်းကျောက် ဓားစွမ်းအင်များ၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရ၏ ။
" ဘာ ! "
ဤမြင်ကွင်းက ကြည့်ရှုနေသူများကို သက်ပြင်းခိလိုက်မိစေသည် ။
ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သော ကျုံးကျီကတောင် ပိုင်ဟုန်၏ ရေခဲသလင်းကျောက်ဓားမုန်တိုင်းအောက်တွင် နစ်မြုပ်သွားခဲ့ပြီဖြစ်သည် ။ သူက အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်ဖြစ်ရာ ရန်သူမှာ အဘယ်မှာ ခုခံနိုင်မည်နည်း ။
ဘုန်း !
ရေခဲသလင်းကျောက်ဓားစွမ်းအင်များသည် တစ်ခုပြီးတစ်ခု လှိုင်းလုံးများသဏ္ဍာန် ထွက်ပေါ်လာနေခဲ့ပြီး လေထုဟာ တုန်ခါလာနေခဲ့ပြီး ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သည်အထိ ကွဲအက်လာခဲ့လေသည်။
ရေခဲသလင်းကျောက် ဓားချီတစ်ခုစီတိုင်းသည် အလွန်အမင်း ထက်မြလှပေသည် ။ ပိုင်ဟုန်သည် အရှိန်အဟုန်အပြည့်ဖြင့် ဓားရှည်ကို လွှဲယမ်းနေသည်ဖြစ်ရာ မရေမတွက်နိုင်သော ရေခဲသလင်းကျောက်ဓားချီများ ထွက်ပေါ်လာခဲ့လေသည် ။ ဤကဲ့သို့သော ဓားချီမုန်တိုင်း၏အောက်တွင် အသွေးအသားဖြင့်တည်ဆောက်ထားသော လူတစ်ယောက်ကိုအသာထား ။ မြင့်မားသောတောင်တစ်တောင်ဆိုလျှင်တောင် စိစိညက်ညက်ကျေအောင် ကြေမွသွားမှာပဲဖြစ်သည် ။
ဘုန်း !
ပေါက်ကွဲသံကြီးတစ်ခုသည် စွမ်းအားရှင်များအားလုံးကို ခေါင်းခါရမ်းလိုက်မိစေသည် ။ သူတို့ဟာ သက်ပြင်းချလိုက်မိကြသည် ။ လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်လှသော ဓားအလင်းတန်းကြီးတစ်ခုသည် မြေပြင်မှ ထွက်ပေါ်လာခဲ့သည် ။ ၎င်းအလင်းတန်းကြီးဟာ တိမ်စိုင်များကိုဖြတ်ကျော်လျက် မိုးကောင်းကင်ကို ထက်ခြမ်းပိုင်းတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည် ။ တိမ်စတိမ်စိုင်များဟာ နှစ်ပိုင်းဖြတ်တောက် ခံလိုက်ရလေသည်။
ဒီအလွန်အမင်းစွမ်းအားကြီးမားသော ဓားအလင်းတန်းကြီးထွက်ပေါ်လာခြင်းနှင့်အတူ လေထုအတွင်း၌ အနက်ရောင်ဓားရှည်ကိုကိုင်ဆောင်ထားသည့် လူတစ်ယောက်၏ပုံရိပ်သည်လည်း ထွက်ပေါ်လာခဲ့လေသည် ။ သူဟာ မယှဉ်ပြိုင်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပိုင်ဟုန်ရှိရာသို့ ဓားဖြင့်ခုတ်ပိုင်းချလိုက်လေသည်။
" ဒါက .... "
ဒီမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ ရှိရှိသမျှလူတိုင်းသည် ကြောင်အသွားကြသည် ။ ပိုင်ဟုန်၏ ကြောက်မက်ဖွယ်တရစက် တိုက်ကွက်များအောက်တွင် ကျုံးကျီတစ်ယောက် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့တွေးထင်ထားခဲ့ကြသည် ။ သို့ပါသော်လည်း သူတို့ဟာ ထိပ်တန်းပါရမီရှင်တစ်ယောက်၏ခွန်အားကို အထင်သေးခဲ့မိလေသည် ။ အချို့သော တာအိုအုပ်စိုးသူ အစောပိုင်းအဆင့်များဟာ ချွေးများ ပျံလာခဲ့လေသည်။
ကျုံးကျီ ပြေးဝင်လာတာကိုတွေ့မြင်လိုက်ရသော်လည်း ပိုင်ဟုန်ကတော့ အံ့အားသင့်မသွားခဲ့ပေ ။ သူ၏တိုက်ခိုက်မှုများကိုတောင် မခုခံနိုင်ဘူးဆိုပါက ကျုံးကျီကို ထိပ်တန်းပါရမီရှင်တစ်ယောက်ဟုတောင် ပြောလို့ရနိုင်မည်မဟုတ်ပေ ။
ပိုင်ဟုန်သည် သူ့လက်ထဲမှဓားရှည်ကို ဆက်လက်ဝှေ့ယမ်းနေဆဲဖြစ်သည် ။ သို့ပါသော်လည်း ဒီတစ်ကြိမ် သူထုတ်လွှတ်လိုက်သော ရေခဲသလင်းကျောက် ဓားအလင်းတန်းများဟာ ပြောင်းလဲသွားခဲ့သည် ။ ယခင်ကလို ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်နေစေခဲ့ခြင်းမရှိတော့ပေ ။
ထိုအစား အဆိုပါဓားချက်များဟာ ချိန်းကြိုးများအလား ပြေးဝင်လာသော ကျုံးကျီရှိရာလေထုကို ဖြတ်တောက်ရင်း ပိတ်ဆို့လိုက်ကြသည် ။
ကျုံးကျီလို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့်ရင်ဆိုင်ရာတွင် အနိုင်ရချင်သည်ဆိုပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး သူ၏လှုပ်ရှားမှုများကို ကန့်သတ်ရမှာပဲဖြစ်သည် ။ သင်ဟာ ပြိုင်ဘက်၏ ကောင်းကင်နှင့်မြေပြင်အကြား ချီစွမ်းအင်များ၏စုပ်ယူနိုင်မှုကို လျော့ချပြီး ပြိုင်ဘက်၏ခွန်အားကို အားပျော့လာအောင် ပြုလုပ်နိုင်လေသည် ။
ပိုင်ဟုန်၏မျက်ဝန်းများဟာ အေးစက်လာခဲ့ပြီး သူ၏မျက်နှာဟာလည်း အလွန်အမင်းလေးနက် တည်ကြည်လာခဲ့သည် ။ သူလက်ကိုဝှေ့ယမ်းလိုက်သည့်အခါ သူ့လက်ထဲရှိဓားရှည်သည် နှစ်ချောင်းဖြစ်သွားခဲ့သည် ။ ဒါဟာ ပုံတူပွားလိုက်သည့်အလားပင် ။
" ရေခဲကမ္ဘာ ခုတ်ပိုင်းချက် ! "
ပိုင်ဟုန်က ဟစ်ကြွေးလိုက်၏ ။ သူ့လက်ထဲရှိ ဓားရှည်နှစ်ချောင်းဟာ အဆက်မပြတ် ဝှေ့ယမ်းလာနေခဲ့သည် ။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ ရေခဲဓားစွမ်းအင်များဟာ ချက်ချင်းကို သိပ်သည်း စုဝေးလာကြလေသည် ။
ဓားချက်ထွက်ပေါ်မလာသေးခင်ကတည်းက ပိုင်ဟုန်၏ခန္ဓာကိုယ် တည်ရှိရာအနီးတစ်ဝိုက်ရှိလေထုသည် အေးခဲသွားခဲ့ပြီးဖြစ်သည် ။ အေးစက်နေသောလေထုသည် အဝေးတစ်နေရာရှိ စောင့်ကြည့်နေသူများကို ထိန်းချုပ်မရ တုန်ယင်လာစေခဲ့သည်။
နောက်တစ်ခဏတွင် ပိုင်ဟုန်လက်ထဲရှိ ဓားနှစ်ချောင်းမှာ တစ်ချောင်းတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားကြသည် ။ သူဟာ ထိုဓားရှည်ကို ခေါင်းပေါ်သို့ မြင့်မြင့်မြှောက်ကိုင်လိုက်သည် ။ သူ၏အရှေ့တွင် အလွန့်အလွန်ကြီးမားသော ရေခဲသလင်းကျောက် ဓားရှည်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူဟာ ခုတ်ပိုင်းလိုက်လေသည် ။
ကမ္ဘာကြီးတစ်ခုလုံးဟာ ရပ်တန့်သွားပုံပေါ်လေသည် ။ ဧရာမရေခဲသလင်းကျောက်ဓားကြီး ထွက်ပေါ်လာသည့်အခါ လေထုက ကွဲအက်မသွားခဲ့ပဲ ချက်ချင်းဆိုသလို အေးခဲသွားတော့သည် ။ အဆိုပါ ဧရာမရေခဲသလင်းကျောက်ဓားကြီး ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေထုဟာ အေးစက်သွားပြီး ပတ်ဝန်းကျင်မိုင်ထောင်ချီပတ်ပတ်လည်ဟာ အေးခဲသွားတော့သည် ။
ပထမ ရေခဲသလင်းကျောက်ဓားစွမ်းအင်များ ထုတ်လွှတ်၍ ပြိုင်ဘက်ကို ထိတ်ထိတ်ပြာပြာဖြစ်သွားစေခဲ့သည် ။ ယင်းနောက် ရေခဲသလင်းကျောက် ဓားအလင်းတန်းများကိုအသုံးပြုပြီး ပြိုင်ဘက်ကို ချိန်းကြိုးများသဏ္ဍာန်ဖြင့် လှုပ်ရှားမှုကို ကန့်သတ်လိုက်သည် ။ ယင်းနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိအတွင်းစွမ်းအားများကို အသုံးပြုပြီး ရေခဲကမ္ဘာဓားချက်ကို ထုတ်လွှတ်ခဲ့လေသည် ။ ဤဓားချက်မှာ ပြိုင်ဘက်ကိုသတ်ဖြတ်ရန် နောက်ဆုံးသော တိုက်ကွက်ပဲဖြစ်သည် ။
အဆိုပါအံ့အားသင့်စရာ တွဲလုံးသုံးခုသည် ပိုင်ဟုန်၏ အဆုံးစွန်သော လှည့်ကွက်တစ်ခုပဲဖြစ်သည် ။
ဒီလှည့်ကွက်နှင့်အတူ သူဟာ တစ်ချိန်တုန်းက တာအိုအုပ်စိုးသူတစ်ယောက်ကို စိန်ခေါ်ခဲ့ဖူးလေသည် ။ မည်သူတစ်ဦးတစ်ယောက်မှ ပိုင်ဟုန်၏အဆိုပါလှည့်ကွက်ကို လျစ်လျူမရှုထားဝံ့ပေ ။