← Chapters

ရှုံးနိမ့်ခြင်းနှင့် နာကျင်ခြင်း ၊ မကောင်းဆိုးဝါးအိုကြီးရှောင်း ထွက်ပေါ်လာခြင်း

Vol. 19 Ch. 254

ရှုံးနိမ့်ခြင်းနှင့် နာကျင်ခြင်း ၊ မကောင်းဆိုးဝါးအိုကြီးရှောင်း ထွက်ပေါ်လာခြင်း

Vol. 19 Ch. 254

ပိုင်ဟုန်၏ အဆုံးစွန်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အခါ ကျုံးကျီသည် ထိတ်ထိတ်ပြာပြာဖြစ်မသွားခဲ့ပေ။ သူဟာ အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တည်ငြိမ်သွားလေသည်။

တစ်ချိန်တည်းမှာပဲ လေထုထဲတွင် ရွှေရောင်သင်္ကေတစကားလုံးများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သင်္ကေတစကားလုံးများဟာ ကျုံးကျီလက်ထဲရှိ ဓါးရှည်နှင့် ပေါင်းစပ်သွားခဲ့သည်။ ဓါးရှည်ထံမှ ရွှေရောင်တလက်လက်တောက်ပလာခဲ့သည်။ ရွှေရောင် သင်္ကေတစကားလုံးများ ပိုမိုပေါင်းစပ်သွားလေလေ ဓါးရှည်ဟာ ပိုမိုတောက်ပလာလေလေဖြစ်သည်။

"ရွှေရောင်ကောင်းကင်ဘုံ ဓါးချက်..."

ကျုံးကျီသည် တိုးညှင်းစွာ မြည်တမ်းလိုက်ပြီး ဓါးရှည်ကို ဝှေ့ယမ်း၍ အစွမ်းကုန်တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ဓါးအလင်း တန်းကြီးတစ်ခုချက်ချင်းထွက်ပေါ်လာခဲ့သည်။

ရွှေရောင်ဓါးအလင်းတန်းကြီး ဖြတ်သန်းသွားသည့်အခါတိုင်းတွင် အရာအားလုံးဟာ ပျက်စီးသွားခဲ့သည်။ ပိုင်ဟုန်က ကျုံးကျီကို ချုပ်နှောင်ရန် အသုံးပြုထားသော ရေခဲသလင်းကျောက်ချိန်းကြိုးများကတောင် ဤအချိန်တွင် တိုက်ရိုက်အက်ကွဲသွားလေသည်။

ကမ္ဘာကြီးပေါ်တွင် အဆိုပါရွှေရောင်ဓါးအလင်းတစ်ခုသာ ရှိတော့သကဲ့သို့ ထင်လိုက်ရသည်။ အဆိုပါဓါးမှ ထုတ်လွတ်နေသော ဓါးချီများ၏ အလင်းတန်းမှာ အဆုံးအစမရှိခဲ့ပေ။ အချိန်တစ်ခဏထိတိုင်အောင် ကမ္ဘာလောကကြီးတစ်ခုလုံးသည် ရွှေရောင်နယ်မြေကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံပေါ်သည်။ ထက်မြသော ဓါးသွားသည် ရှိနေကြသော လူမှန်သမျှကို တုန်ယင်သွားစေခဲ့သည်။

ဤသည်မှာ လှပခမ်းနားသော ဓါးတစ်ချောင်းဖြစ်သည်။ အဆိုပါဓါးသက်ဆင်းလာသည့်အခါတွင်လည်း သေဆုံးခြင်းများကို ဖြစ်ပေါ်စေနိုင်လေသည်။ ကျုံးကျီပဲဖြစ်ဖြစ် ပိုင်ဟုန်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးဟာ ပြိုင်ဘက်ကိုသတ်ဖြတ်ရန် အကောင်းဆုံးကြိုးစားခဲ့ကြလေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် နှစ်သက်လေးစားခြင်းရှိကြသော်လည်း သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်များအတွက် တစ်ဖက်သားကို ကရုဏာတရားမထားခဲ့ကြပေ။

"ဘုံး..."

လူထု၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အဆိုပါထိတ်လန့်ခြောက်ခြားဖွယ် တိုက်ခိုက်မှုကြီးနှစ်ခု ထိပ်တိုက်တွေ့သွားကြသည်။ ထိန်းချုပ်မရအောင် တုန်ရီလာပြီးသည့်နောက်တွင် ကမ္ဘာလေထုသည် အစိတ်စိတ်အမွာမွာကွဲအက်သွားလေသည်။ ယခင်က ဆီးနှင်းနှင့် ရေခဲများဖုံးအုပ်ထားသော ကမ္ဘာကြီးကို ရွှေရောင်ဓါးအလင်းတန်းက အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်လေသည်။

ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီးတစ်ခုသည် အရပ်မျက်နှာအသီးသီး ပျံ့နှံ့သွားလေသည်။ ဤစွမ်းအားလှိုင်းကြီး ဖြတ်သန်းသွားသည့်အခါ မတိမ်းရှောင်နိုင်လိုက်သော ကျင့်ကြံသူဘယ်လောက်များများ.သေဆုံးသွားမလဲကို ဘယ်သူမှ မသိကြပေ။

သန်မာသူတို့၏ တိုက်ပွဲမှာ ကြည့်ရှုရန် အမြဲတမ်းသင့်တော်မနေပေ။ လုံလောက်သည့်ခွန်အားမရှိပါက ကြည့်ရှုနေရင်းဖြင့်ပင် သေဆုံးသွားနိုင်လေသည်။

ဤစွမ်းအားဖြတ်သန်းသွားသည့်အခါ မ်ိုင်တစ်သိန်းပတ်ပတ်လည်ရှိ အရာအားလုံးဟာ ပျက်စီးသွားခဲ့ရသည်။ သန်မာသောသူများ မတ်တက်ရပ်နေခဲ့သည့် တောင်ထိပ်များမှလွဲ၍ ကျန်သောတောင်ထိပ်များ အားလုံးဟာ ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရလေသည်။

တာအိုအုပ်စိုးသူအဆင့် ကျင့်ကြံသူများကတောင် ဤအချိန်တွင် ထိတ်လန့်သွားခဲ့ရသည်။ ကျုံးကျီ၏ ဓါးချက်ပင်ဖြစ်စေ ၊ ပိုင်ဟုန်၏ ဓါးကွက်ပင်ဖြစ်စေ အဆိုပါ ထိတ်လန့်ဖွယ်တိုက်ကွက်ကြီးနှစ်ခုသည် တာအိုအုပ်စိုးသူအဆင့် စွမ်းအားရှင်များကိုတောင် တုန်ယင်သွားစေခဲ့သည်။ တာအိုအုပ်စိုးသူအစောပိုင်းအဆင့် စွမ်းအားရှင်များဆိုပါက ဒီဓါးချက်နှစ်ချက်၏ လက်အောက်တွင်ပင် အသက်ပျောက်သွားနိုင်ပေသည်။

အချိန်တစ်ခုထိတိုင်အောင် ကမ္ဘာပေါ်တွင် ကျယ်လောင်သော မြည်ဟိန်းသံကြီးမှ လွဲ၍ မည်သည့်အသံကိုမှ မကြားရတော့ပေ။ လူတိုင်းဟာအသက်ကို အောင့်ထားကြပြီး ဖုန်မှုန့်များ မြူခိုးမြူငွေ့များဖြင့် ပြည့်နှက်နေသော တိုက်ပွဲကွင်းပြင်လယ်ကို စိုက်ကြည့်နေကြသည်။ ဤတိုက်ပွဲတွင် ဘယ်လူငယ်ပါရမီရှင်က အနိုင်ရသွားပြီး ဘယ်သူက ရှုံးနိမ့်သွားမည်ကို လူတိုင်းသိချင်နေကြသည်။

"အို... ဒီကောင်လေးနှစ်ယောက်ကတော့ကွာ...."

တောင်ထိပ်တစ်ခုပေါ်တွင် လူအိုကြီးထျန်ဖုန်းနှင့် လူအိုကြီးချန်နင်းတို့က သက်ပြင်းဖွဖွချလိုက်ကြသည်။ သူတို့၏ကျင့်ကြံဆင့်ဖြင့်ဆိုပါက ဤအချိန်တွင် ကျုံးကျီနှင့် ပိုင်ဟုန်တို့၏ အခြေအနေကို တွေ့မြင်နိုင်စွမ်းရှိပေသည်။

ဤတိုက်ပွဲတွင် သူတို့နှစ်ယောက်အနက် အနိုင်ရသူဟူ၍ မရှိဘဲ နှစ်ယောက်စလုံး ရှုံးနိမ့်သွားခဲ့ရသည်။ ကျုံးကျီနှင့် ပိုင်ဟုန်တို့ဟာ လေလွင့်ကျင့်ကြံသူများအကြား အကြီးကျယ်ဆုံးသော လူငယ်ပါရမီရှင်များအဖြစ် ထိုက်တန်ပါပေသည်။ သူတို့အတွက် ဤအဆုံးသတ်ကသာ အကောင်းဆုံးအဆုံးသတ်ဖြစ်ပေသည်။

"ဂိုဏ်းချုပ်... ဒီကောင်လေးနှစ်ယောက်က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ"

အခြားသော ​တောင်ထိပ်တစ်ခုပေါ်တွင် စုန့်ချယ်သည် မီးခိုးလုံးများအကြားက လူနှစ်ယောက်ကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ပြောဆိုလိုက်သည်။

"အဲ့ဒီလူအိုကြီး နှစ်ယောက်ကလည်း သူတို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံချင် ကြပုံပဲ ၊ ဒါ့အပြင် အမှောင်ထဲမှာ ပုန်းအောင်းနေသေးတဲ့ သူတွေလည်း ရှိနေသေးတယ်... ဒီလူနှစ်ယောက်ကို ရှန်ရှန်ကျုံဂိုဏ်းထဲ ခေါ်သွင်းဖို့ဆိုတာက လွယ်မှာမဟုတ်ဘူး" ဝမ်ဖုန်းသည် ခပ်ယောင်ယောင်ပြုံးလျက် ပြောဆိုလိုက်သည်။

"အဲ့ဒီလူအိုကြီးနှစ်ယောက်က သူတို့ကို လက်ခံချင်နေတယ်ဆိုရင် သူတို့နှစ်ယောက်ကိုပါ တစ်ခါတည်း ဂိုဏ်းထဲ ခေါ်သွင်းလိုက်မယ်လေ ၊ အမှောင်ထဲက လူတွေ အတွက်ကတော့...." စုန့်ချယ်သည် မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

မင်းက ​မျက်နှာတောင်မပြရဲမှတော့ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ယှဥ်ပြိုင်ဖို့ အဆင့်မမှီဘူး။

စုန့်ချယ်၏ စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ဘာစကားတစ်ခွန်းမှမပြောဘဲ ပြုံးလိုက်မိသည်။ တစ်စုံတစ်ယောက်က သူတို့ကို တားဆီးနိုင်လိမ့်မည်ဟု ဝမ်ဖုန်းထင်မထားပါ။

"ဟေး.... ကြည့်လိုက်စမ်း"

"ဒါက... နှစ်ယောက်စလုံးရှုံးသွားတာလား?"

"မဟူရာဓါး ကျုံးကျီ ၊ နှင်းဖြူဓါး ပိုင်ဟုန်ဆိုတဲ့ ဂုဏ်ထူးနဲ့ ထိုက်တန်ပါတယ်လေ... ဒီရလဒ်က သိပ်တော့ အံ့အားသင့်စရာမကောင်းပါဘူး"

"သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခြေနင်းကျောက်တုန်းအဖြစ်သုံးမပြုနိုင်ခဲ့ပေမယ့် ဒီတိုက်ပွဲပြီးသွားရင် သူတို့နှစ်ယောက်လုံး တာအိုအုပ်စိုးသူအဆင့်ကို ချိုးဖြတ်တက်ရောက်နိုင်လိမ့်မယ်လို့ ငါတော့ထင်တယ်"

စွမ်းအားအရှိန်အဝါများ ငြိမ်သက်သွားပြီးသည့်နောက်တွင် မြူခိုးမြူငွေ့များ ရှင်းလင်းသွားကြသည်။ လူတိုင်းဟာ တစ်ယောက်ပြီးတစ်ယောက် ကြည့်ရှုလိုက်ကြပြီး ကျုံးကျီနှင့်ပိုင်ဟုန်တို့၏ လက်ရှိအခြေအနေကို တွေ့မြင်လိုက်ကြရသည်။ သူတို့အားလုံးသည် သက်ပြင်းချပြီး ပြောဆိုမိလိုက်ကြသည်။

ဤအချိန် တိုက်ပွဲမြေပြင်တွင် ကြီးမားသောချိုင့်ဝှမ်း ကြီးတစ်ခု ရှိနေခဲ့သည်။ မိုင်တစ်ထောင် အကျယ်အဝန်းရှိသော ချိုင့်ဝှမ်းကြီး အောက်ခြေရှိ မြေပြင်သည် အက်ကွဲကြောင်းများ ဖြစ်နေခဲ့လေသည်။

ကျုံးကျီနှင့်ပိုင်ဟုန်တို့ကတော့ ယခင်ကလို ကမ္ဘာမြေတုန်ဟီးလောက်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်မထားတော့ပေ။

ကျုံးကျီ၏ ရင်ဘတ်ပေါ်တွင် ဓါးဒဏ်ရာတစ်ခုရှိနေပြီး ဓါးဒဏ်ရာပေါ်တွင်လည်း ရေခဲသလင်းကျောက်များရှိနေခဲ့သည်။ ပိုင်ဟုန်၏ ကျောပြင်တွင်လည်း ဓါးဒဏ်ရာတစ်ခုရှိနေခဲ့ပြီး သူ၏ ဝတ်ရုံများမှာ သွေးများဖြင့် စွန်းထင်းနေလေသည်။

"ကျင့်ကြံခြင်းလမ်းစဥ်မှာ မင်းလိုပြိုင်ဘက်တစ်ယောက် ရထားတော့ အထီးမကျန်တော့ဘူးပေါ့ကွာ" ပိုင်ဟုန်ကို အချိန်အကြာကြီး စိုက်ကြည့်လိုက်ပြီး ကျုံးကျီက ပြုံးရယ်ရင်းပြောဆိုလိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများဖြင့် ဖုံးလွှမ်းထားပြီး သနားစဖွယ်ဖြစ်နေသော်လည်း သူဟာ တိုက်ပွဲဝင်လိုစိတ် ရှိနေဆဲပင်။

ဤရက်စက်ကြမ်းကြုတ်သော ​ကျင့်ကြံခြင်းလောကကြီးတွင် မိမိနှင့် လက်ရည်တူသော ပြိုင်ဘက်ကို ရှာတွေ့ဖို့ဆိုသည်က ခက်ခဲလှသည်။ ကံကောင်းထောက်မစွာဖြင့် သူဟာပိုင်ဟုန်လို လက်ရည်တူသော ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့ခဲ့လေသည်။ အနာဂတ်မှာ သူအထွတ်အထိပ်ကို ရောက်ရှိသည့်အခါ အထီးကျန်တော့မှာ မဟုတ်ပေ။

"မင်းမှာ အချိန်ရှိမယ်ဆိုရင် အတူတူလေ့ကျင့်ကြတာပေါ့..."

ပိုင်ဟုန်ကလည်း ခေါင်းညိမ့်ပြီး ထောက်ခံပြောဆိုလိုက်သည်။

လူငယ်လေးနှစ်ယောက်သည် သူတို့လက်ထဲရှိ ဓါးလက်နက်များကို ထောက်ကန်လျက် ခက်ခက်ခဲခဲမတ်တက်ရပ်လိုက်ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်လိုက်ပြီး လက်သီးဆုပ်ဂါရဝပြုလိုက်ကြသည်။ အစောပိုင်းကလို သေရေးရှင်ရေးတိုက်ပဲဲကြီးသည် ပြီးဆုံးသွားခဲ့လေပြီ။

လူငယ်လေးနှစ်ယောက်ကြားတွင် အမုန်းတရားဟူ၍ မရှိခဲ့ပေ။ အစောပိုင်းကတိုက်ပွဲကလည်း သူတို့အနာဂတ် တိုးတက်ရေးအတွက်သာ​ဖြစ်သည်။ ယခု သူတို့နှစ်​ယောက်ကြား ကွာခြားမှုကို မပြောနိုင်မှတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ု ရန်ငြိုးထားနေမှာလည်း မဟုတ်တော့ပေ။

ဤမြင်းကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ လူအိုကြီး ထျန်ဖုန်းတို့နှစ်ယောက်နှင့် ဝမ်ဖုန်းတို့အဖွဲ့က တိတ်တဆိတ် ခေါင်းညိမ့်လိုက်မိကြသည်။

လူငယ်ပါရမီရှင် အတော်များများသည် ရှုံးနိမ့်မှုကို တွေ့ကြုံရပါက စိတ်ဓာတ်ကျသွားတတ်လေသည်။ သို့ပါသော်လည်း ဒီလူငယ်လေးနှစ်ယောက်ကတော့ စိတ်ဓာတ်ကျသွားရမည့်အစား ပိုမိုရဲရင့်လာကြပေသည်။ ထိုသို့သော စိတ်နေစိတ်ထားမျိုးက ထိပ်တန်းပါရမီရှင်ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါပေသည်။

ဘုံး...

လူအိုကြီးထျန်ဖုန်းတို့နှစ်ယောက်က ကျုံးကျီနှင့် ပိုင်ဟုန်တို့ကို သူတို့၏ ဆက်ခံသူများအဖြစ်သွားရောက် ခေါ်ဆောင်တော့မည့်အချိန်တွင် ခမ်းနားကြီး ကျယ်သော စွမ်းအားတစ်ခုသည် လေထုအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ ထျန်ဖုန်းတို့လူအိုကြီးနှစ်ယောက်သည် မျက်မှောင်ကြုတ်မိလိုက်ကြသည်။

ဝမ်ဖုန်း၏ ဘေးနားတွင်ရှိနေသော စုန့်ချယ်နှင့် နဥ်းတောက်ချီတို့၏ မျက်နှာပေါ်တွင်လည်း ထူးဆန်း သော အပြုံးများဖြစ်ပေါ်လာကြသည်။ ထွက်ခွာသွားတာ့မည့် ကျုံးကျီသည်လည်း ရပ်တန့်သွားခဲ့ရသည်။

အဝေးတစ်နေရာသို့ ဆုတ်ခွာသွားပြီး ကျုံးကျီတို့လူငယ်လေးနှစ်ယောက်၏ စွမ်းဆောင်ရည်များကို လေး စားအားကျနေကြသော စောင့်ကြည့်နေကြသူများအားလုံး၏ မျက်နှာအမူအရာများသည်လည်း ပြောင်းလဲသွားလေသည်။ သူတို့၏ မျက်လုံးများက တုန်ခါနေသော လေထုတစ်နေရာကို စိုက်ကြည့်လိုက်ကြသည်။ လူတိုင်း၏ အကြည့်များအောက်တွင် ရိုးရှင်းသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးတစ်ယောက်သည် လေထုတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလူထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းလူတိုင်းသည် ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ကြရသည်။ အဆိုပါကြောက်မက်ဖွယ်ဖိအားကြီးသည် သူတို့အားလုံးကို အသက်ရှုမဝဖြစ်လာစေခဲ့သည်။

"မကောင်းဆိုးဝါးအိုကြီးရှောင်း..."

"ဒီလူကြီးက ပါလေရာငပိချက်ပဲ!.. မုန်းစရာကောင်းလိုက်တာ"

သက်လတ်ပိုင်းအမျိုးသားကြီး၏ မျက်နှာကို တွေ့မြင်လိုက်ရသည့်အခါ လူအိုကြီးထျန်ဖုန်းနှင့် လူအိုကြီးချန်နင်းတို့၏ အမူအရာများသည် တစ်ချိန်တည်းမှာဘဲ ပြောင်းလဲသွားခဲ့သည်။ သူတို့ဟာ သက်လတ်ပိုင်းအမျိုးသားကြီးကို ဒေါသတကြီးစိုက်ကြည့်ပြီး ​ကျိန်ဆဲလိုက်မိကြသည်။

All Chapters