။ ချန်းလုံသိုင်းပြိုင်ပွဲ ။
Vol. 19 Ch. 256
ဘုရားရေ ! !
အစက အလှတရား၏ညို့ယူခြင်း ခံနေရသောကျင့်ကြံသူများသည် ရှောင်းဝူကွမ်း၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းကို နိုးထသွားကြသည် ။ သူတို့၏ခန္ဓာကိုယ်များဟာ တုန်ယင်လာကြပြီး အဝေးကိုအကြည့်လွှဲလိုက်ကြကာ ထပ်မံမကြည့်ရဲတော့ပေ ။
ထျန်းလန်အလယ်ပိုင်းဒေသတွင် ရှောင်းမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီး များစွာရှိကြပေသည် ။ သို့ပါသော်လည်း သူတို့ဟာ ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်အားစုများ၏ ဒုတိယအင်အားစုများသာဖြစ်ကြပေသည် ။
ထျန်းလန်အလယ်ပိုင်းဒေသတွင် ရှေးဟောင်းမျိုးနွယ်စုကြီးငါးစုရှိပြီး ဖူမျိုးနွယ်စုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။
ဖူမျိုးနွယ်စုမှ သာမန်တပည့်တစ်ယောက် ဆိုရင်တောင်မှ မည်သူကမှ လွယ်လွယ်ကူကူ ရန်မစဝံ့ကြပေ ။ ဖူမေလို ကြောက်စရာအကြီးအကဲတစ်ယောက်ဆိုရင် ထားပါတော့ ။
ဖူမေအကြောင်းပြောရပါလျှင် ထျန်းလန်အလယ်ပိုင်းဒေသရှိ လူတိုင်းလိုလိုပင် သူမကိုသိကြပါသည် ။ သူမသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် အလှတရား၌ ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်မှ ဧကရီနှင့် ပူးတွဲပထမ ရယူထားခြင်းဖြစ်သည် ။
သူတို့နှစ်ယောက်လုံးမှာ ထျန်းလန်အလယ်ပိုင်းဒေသရှိ အမျိုးသားကျင့်ကြံသူ ကိုးဆယ့်ကိုးရာခိုင်နှုန်း၏ နတ်ဘုရားမလေးများဖြစ်ကြသည် ။ သို့ပါသော်လည်း သူတို့နှစ်ယောက်လုံးကို မည်သူကမှ အလွယ်တကူ မလိုက်ရဲကြပေ ။
ကောင်းကင်ဘုံခရီးနှင်ခြင်းဧကရီအပြင် တွေ့မိသူတိုင်းကို ရူးသွပ်သွားလောက်အောင်လှပသူမှာ ဖူမေပဲဖြစ်သည် ။ ဒါ့အပြင် သူမဟာ ဖူမျိုးနွယ်စုမှ အကြီးအကဲတစ်ယောက်ပဲဖြစ်သည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုမှ အမျိုးသားများကလွဲ၍ သူမနှင့်မည်သူက ထိုက်တန်နိုင်မည်နည်း ။
မြင့်မားသောအဆင့်အတန်းသက်သက်သာဆိုပါက ဖူမေကို အရဲစွန့်ပြီးပိုးပန်းချင်သူများ ရှိနေကြဦးမည်ဖြစ်သည် ။ သို့ပါသော်လည်း အဓိကအချက်မှာ ဖူမေကိုပိုးပန်းကြသူများသည် အငြင်းခံကြရရုံသာမက အရှက်လည်းကွဲကြရသေးသည် ။
ယုံတမ်းစကားများအရ တစ်ခါက တာအိုအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဖူမေကို လိုက်လံပိုးပန်းခဲ့လေသည် ။ သူက ဖူမေကို မတော်တရော်စကားများတောင် ပြောခဲ့သည်ဟုဆိုကြသည် ။ ရလဒ်အနေဖြင့် ဖူမေ၏ညို့ယူခြင်းနည်းစနစ်ဖြင့် တိုက်ခိုက်ခံလိုက်ရပြီး အဆိုပါအမျိုးသားဟာ တောင်ပေါ်တွင် ဝတ်လစ်စလစ်ဖြင့် ပြေးလွှားနေခဲ့သည်ဟုဆိုသည် ။ အဲ့ဒီ့နေ့မှာပဲ ထိုတောင်ကြီးလဲ ပြိုကျသွားသည်ဟု ဆိုကြပေသည် ။
အဆိုပါ တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်သည် ဖူမေ၏ ညို့ယူခြင်းနည်းစနစ်ကြောင့် ရူးသွပ်သွားခဲ့ပြီး သူ၏တတိယခြေထောက်ကို သူကိုယ်တိုင်တောင် ခုတ်ထစ်ပစ်ခဲ့သည်ဟုဆိုသည် ။ ထိုအချိန်မှစ၍ ဖူမေကို မည်သူကမှ မပိုးပန်းရဲကြတော့ပေ ။
" ငါက ဆိတ်ငြိမ်ခြင်းရှေးဟောင်းတောင်တန်းတွေကို အလုပ်ကိစ္စရှိလို့ ရောက်လာတာပါ ။ ဒီနေရာမှာပွဲဆူနေတာမြင်တော့ လာကြည့်တာလေ ။ ဘာလဲ ၊ လာကြည့်လို့မရဘူးလား ။ " ဖူမေသည် ရှောင်းဝူကွမ်းကိုကြည့်ကာ တခစ်ခစ်ရယ်မောလျက် မေးမြန်းလိုက်သည် ။
ကျုံးကျီ၏ ပါရမီစွမ်းရည်မှာ သာမန်မဟုတ် ထူးကဲလှသော်လည်း နံပါတ်တစ်အချောအလှလေး ဖူမေကိုယ်တိုင် လာရောက်ခေါ်ဆောင်ရသည်အထိတော့ မကြီးကျယ်သေးပါပေ ။
ဖူမေ၏စကားကိုကြားလိုက်ရသည့်အခါ ရှောင်းဝူကွမ်းနှင့်ဟူပေါင်တို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည် ။ သူတို့သည် တာအိုအင်မော်တယ်အလယ်အလတ်အဆင့်ကို ရောက်နေကြပြီဖြစ်သော်လည်း ဖူမေနှင့်ရင်ဆိုင်ရမည်ဆိုပါက မသက်သာလှပေ ။
ဖူမေ၏ကျင့်ကြံဆင့်မှာ အဘယ်အဆင့်ဖြစ်ကြောင်းကို မည်သူကမှ မသိကြပေ ။ သူမတိုက်ခိုက်သည်ကို တွေ့မြင်ရသူမှန်သမျှဟာလည်း သေဆုံးရသည်ချည်းသာဖြစ်သည် ။ သူမဟာ သူမ၏ကျင့်ကြံဆင့်ကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာကြောင့် မည်သူကမှမသိကြပေ ။
" ဒါက ဒီလိုကိုး ။ အကြီးအကဲဖူ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်ဗျာ ။ " ရှောင်းဝူကွမ်နှင့်ဟူပေါင်တို့သည် အတူတကွလက်သီးဆုပ်ကာ ဂါဝရပြုလိုက်ပြီး ပြောဆိုလိုက်သည် ။
" ချန်းလုံသိုင်းပြိုင်ပွဲအတွက် မင်းတို့နှစ်ယောက်က တကယ့်ကို မြင့်မြင့်မှန်းထားကြတာပဲ ။ " ဖူမေသည် ရှောင်းဝူကွမ်းတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည် ။
ထိုသို့ပြောလိုက်ပြီးနောက် ဖူမေသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည် ။ တောင်ထိပ်တစ်ခုတွင် လက်ဖက်ရည်သောက်နေကြသော ဝမ်ဖုန်းနှင့်အခြားသူများကို တွေ့မြင်လိုက်ရသည့်အခါ သူမ၏မျက်လုံးများမှာ လင်းလက်သွားပြီး သူမ၏ပုံရိပ်ကလေးဟာ ရုတ်တရက်ပျောက်ကွယ်သွားတော့သည် ။ သူမဟာ ဝမ်ဖုန်းနှင့်အခြားသူများရှိရာသို့ ထွက်ခွာသွားခြင်းဖြစ်သည် ။
ဖူမေ၏အတွေးများကို သတိထားမိလိုက်သောရှောင်းဝူကွမ်းသည် ကိုးယို့ကားယား ပြုံးလိုက်မိသည် ။ သူဟာ ဖူမေ၏စကားများကို လျစ်လျူရှုလိုက်ပြီး ချန်ထျန်းအဖိုးအိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည် ။
ချန်းလုံသိုင်းပြိုင်ပွဲအကြောင်း ကြားလိုက်ရသည့်အခါ ချန်ထျန်းအဖိုးအိုနှစ်ယောက်သည် ရှောင်းမျိုးနွယ်နှင့်ချစ်ဟူမျိုးနွယ်တို့က အဘယ်ကြောင့် ကျုံးကျီတို့နှစ်ယောက်ကို လာရောက်ခေါ်ဆောင်လိုကြောင်းကို သိရှိသွားကြသည် ။
ထိုသို့သိရှိသွားပြီးနောက် သူတို့နှစ်ယောက်ဟာ သက်ပြင်းချလိုက်မိကြသည် ။ ကျုံးကျီတို့နှစ်ယောက်သည် သူတို့နှစ်ယောက်၏ဆက်ခံသူများ မဖြစ်နိုင်ကြတော့ပေ ။
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ထျန်းလန်အလယ်ပိုင်းဒေသတွင် လျို့ဝှက်နယ်မြေကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည် ။ အဆိုပါလျှို့ဝှက်နယ်မြေကြီးကို ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါးက ဖန်တီးခဲ့သည်ဟုဆိုသည် ။ အဆိုပါလျို့ဝှက်နယ်မြေအတွက် ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်အားစုကြီးများသည် အချိန်ကြာမြင့်သည့်တိုင်အောင် တိုက်ခိုက်ခဲ့ကြသည် ။
အချိန်ကြာမြင့်သည့်အခါ လျှို့ဝှက်နယ်မြေအတွင်းသို့ လူငယ်မျိုးဆက်များသာ ဝင်နိုင်ကြောင်းကို ရှာတွေ့ခဲ့ကြသည် ။ ထိုရှေးဟောင်းလျှို့ဝှက်နယ်မြေသည် ဆက်ခံသူတစ်ယောက်ကိုရှာဖွေရန် ထားရစ်ခဲ့ခြင်းဖြစ်ကြောင်း အဓိကအင်အားစုကြီးများစွာက ခန့်မှန်းမိလိုက်ကြသည် ။
ဤသည်မှာ ချန်းလုံသိုင်းပြိုင်ပွဲ၏ အစပဲဖြစ်သည်။ ချန်းလုံသိုင်းပြိုင်ပွဲတွင် အဆင့်အတန်းမြင့်မားလေလေ ရှေးဟောင်းလျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရောက်ရန် နေရာများများကို ပိုမိုရရှိလေလေဖြစ်သည် ။
ချန်းလုံသိုင်းပြိုင်ပွဲကို ကိုးဆယ့်ရှစ်ကြိမ်အထိ ကျင်းပပြီးပြီးဖြစ်သည် ။ သို့ပါသော်လည်း ဘယ်သူကမှ ရှေးဟောင်းစွမ်းအားရှင်၏ အမွေအနှစ်များကို မရရှိခဲ့ကြပေ ။ သို့ပါသော်လည်း ဝင်ရောက်သွားသူမှန်သမျှသည် အကျိုးအမြတ်များစွာ ရရှိသွားခဲ့ကြပြီး သူတို့နှင့်သက်ဆိုင်ရာအင်အားစုများ၏ခွန်အားကို တိုးပွားလာစေခဲ့သည် ။
ယခုအချိန်တွင် ကိုးဆယ့်ကိုးကြိမ်မြောက် ချန်းလုံသိုင်းပြိုင်ပွဲကို စတင်တော့မှာဖြစ်သည် ။ ရှေးဟောင်းလျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခွင့်နေရာများ ပိုမိုရရှိရန်အတွက် ရှောင်းမျိုးနွယ်စုနှင့် ချစ်ဟူမျိုးနွယ်စုတို့သည် ကျုံးကျီတို့နှစ်ယောက်ကို လာရောက်ခေါ်ဆောင်ကြခြင်းဖြစ်သည် ။ သူတို့လို့ လေလွင့်ကျင့်ကြံသူနှစ်ယောက်က ဘာများလုပ်နိုင်ဦးမှာလဲ ။
အခြားတစ်ဖက်တွင် ဖူမေ၏ပုံရိပ်က ဝမ်ဖုန်းနှင့်အခြားသူများ၏ရှေ့၌ ထွက်ပေါ်လာခဲ့သည် ။ မွှေးပျံ့သောသင်းရနံ့တစ်ခုသည် လေထုအတွင်း ကြိုင်သင်းလာလေသည် ။ ဝမ်ဖုန်းနှင့်စုန့်ချယ်၏ မျက်ဝန်းများကတော့ တည်ငြိမ်နေဆဲပင် ။ သူတို့ဟာ ဖူမေရောက်လာတာနှင့်ပက်သက်ပြီး ဘာကိုမှ ခံစားရပုံမပေါ်ပေ ။ အခြားသောသူများသာ ဖူမေကိုတွေ့ဆုံလိုက်ရပါက သူမ၏အလှတွင်နစ်မျောသွားပြီး စကားတောင်ဖြောင့်အောင် ပြောနိုင်တော့မည်မဟုတ်ပေ ။
" ရှင်တို့ကိုနှောင့်ယှက်ရတာ တောင်းပန်ပါတယ် ။ အပျော်အပါးတွေကိုကြည့်ဖို့ လက်ဖက်ရည်အတူသောက်ခွင့်ရမလားရှင် ။ " ဖူမေ၏မျက်လုံးများအတွင်း၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာပြီး သူမကလက်သီးဆုပ်ဂါဝရပြုကာ ပြောလိုက်သည် ။
" ထိုင်ပါ ! "
ဝမ်ဖုန်းသည် သူ့ဘေးကနေရာလွတ်ကိုညွှန်ပြလိုက်ပြီး ပေါ့ပါးသောလေသံဖြင့် ပြောဆိုလိုက်သည် ။
" ကျေးဇူးပါ ! "
ဖူမေကလည်း လက်သီးဆုပ်ဂါဝရပြုကာ ပြောဆိုလိုက်သည်။ သူမဟာ ယဉ်ကျေးမနေတော့ပဲ နေရာလွတ်တွင်ဝင်ထိုင်လိုက်ပြီး ဝမ်ဖုန်းတို့အဖွဲ့နှင့်ပူးပေါင်းကာ လက်ဖက်ရည်အတူသောက်ရင်း ပြပွဲကိုကြည့်ရှုနေတော့သည် ။
" မင်းတို့နှစ်ယောက် တိုက်ခိုက်ချင်သေးတာလား ။ " လေထုထဲတွင် ဟူပေါင်သည် ချန်ထျန်းအဖိုးအိုနှစ်ယောက်ကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည် ။
" ကောင်းပြီ ။ ကြည့်ရတာ ငါတို့နှစ်ယောက် ကံမကောင်းဘူးနဲ့တူပါတယ် ။ "
ချန်ထျန်းအဖိုးအိုနှစ်ယောက်၏ အမူအယာများဟာ မည်းမှောင်နေကြသည် ။ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ကာ သက်ပြင်းချလျက် ပြောဆိုလိုက်ကြသည် ။
ထိုသို့ပြောဆိုလိုက်ပြီးသည့်နောက် သူတို့နှစ်ယောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ ထွက်ခွာသွားကြတော့သည် ။
" မင်းတို့နှစ်ယောက် ၊ ငါတို့ချစ်ဟူမျိုးနွယ်စုက မင်းတို့နှစ်ယောက်ကို ဖိတ်ခေါ်နေတယ် ။ မင်းတို့သာဝင်ရောက်မယ်ဆိုရင် ချစ်ဟူမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်တွေကို ဆက်ဆံပေးသလိုမျိုးပဲ ဆက်ဆံပေးမယ် ။ " ချန်ထျန်းအဖိုးအိုနှစ်ယောက် ထွက်ခွာသွားသည်ကိုမြင်လိုက်ရတော့ ဟူပေါင်သည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်မိသည် ။ ထို့နောက် ကျုံးကျီတို့နှစ်ယောက်ကိုစိုက်ကြည့်ပြီး ပြောဆိုလိုက်သည် ။
ဘေးတစ်ဖက်က ရှောင်းဝူကွမ်ကတော့ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ဘာစကားတစ်ခွန်းမှမပြောခဲ့ပေ ။ သူက ကျုံးကျီတို့နှစ်ယောက်ကို ရှောင်းမျိုးနွယ်အတွင်းသို့ခေါ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ချစ်ဟူမျိုးနွယ်စုကို အရမ်းကာရော ဒေါသထွက်သွားအောင်လည်း မလုပ်ချင်ပေ ။
ဤအချိန်တွင် ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် အလွန်အမင်း စိတ်ရှုပ်ထွေးနေကြသည် ။ လေလွင့်ကျင့်ကြံသူများဖြစ်သည့်အလျောက် သူတို့သည် အဓိကအင်အားစုကြီးများအတွင်းသို့ ဝင်ရောက်ချင်ကြလေသည် ။ သို့ပါသော်လည်း သူတို့၏ပါရမီများကို ထုတ်ဖော်မပြသသေးခင်တွင် ဘယ်အဓိကအင်အားစုကမှ သူတို့ကိုမလိုချင်ကြပေ။ သူတို့၏ပါရမီစွမ်းအင်များ လှစ်ဟပြသပြီးသွားသည့်အချိန်တွင်တော့ အဓိကအင်အားစုကြီးများအတွင်းသို့ ကြုံရာကျပန်း မဝင်ချင်တော့ပေ ။
သို့ပါသော်လည်း ရှေးဟောင်းမျိုးနွယ်စုကြီးနှစ်စုက တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်များစေလွှတ်ပြီး သူတို့ကိုခေါ်ဆောင်ခိုင်းလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြပါ ။ သူတို့စိတ်မဝင်စားဘူးဟုပြောရင် လိမ်ရာကျပေလိမ့်မည် ။
လေလွင့်ကျင့်ကြံသူများ ခံစားရသည့်ဘေးဒုက္ခကို လေလွင့်ကျင့်ကြံသူများကသာ နားလည်နိုင်ပေသည် ။ အဓိကအင်အားစုကြီးတစ်ခုအတွင်း ဝင်ရောက်ဖို့ဆိုသည်ကား လေလွင့်ကျင့်ကြံသူများ၏အိမ်မက်ပဲဖြစ်သည် ။
သို့ပေတည်း ရှောင်းဝူကွမ်ရော ၊ ဟူပေါင်ရောက အဓိကရှေးဟောင်အင်အားစုကြီးများ၏ အကြီးအကဲများဖြစ်ပြီး သူတို့၏လေသံက မာထန်နေပေသည် ။ သူတို့၏စိတ်နေသဘောထားက ကျုံးကျီတို့နှစ်ယောက်ကို မပျော်မရွှင်ဖြစ်လာစေသည် ။
သူတို့က မောက်မာနေကြခြင်းမဟုတ်ပေ ။ သူတို့သည် ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ သဘောသဘာဝကို သိထားကြပေသည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးများတွင် သွေးမျိုးဆက်ကသာ အရာအားလုံးဖြစ်သည် ။ သူတို့ရှေးဟောင်းမျိုးနွယ်စုကြီးများအတွင်း ဝင်ရောက်လိုက်သည့်အခါ သူတို့၏စွမ်းဆောင်ရည်များက မည်မျှပင်မြင့်မားသည်ဖြစ်စေ သူတို့ကအပြင်လူများသာဖြစ်သည် ။ မျိုးနွယ်စုဝင်များနှင့် တန်းတူအခွင့်အရေးရဖို့ဆိုသည်ကား မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည် ။
သူတို့ကို မျိုးနွယ်စုအဓိကတပည့်များ၏ တိုက်ခိုက်ရေးလေ့ကျင့်ဖော် အနေဖြစ်တောင် အသုံးပြုနိုင်ချေရှိသည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးများအတွင်းသို့ သူတို့ဝင်ရောက်ချင်သည်မှာ မှန်ကန်သော်လည်း အခြားသောကျင့်ကြံသူများ၏ လေ့ကျင့်ဖော်တော့ ဖြစ်မလာချင်ပေ ။
သူတို့ဟာ ထိပ်တန်းလူငယ်ပါရမီရှင်များဖြစ်လေရာ မာနလည်းကြီးကြပေသည် ။
အစက ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းကိုဝင်ရောက်ရန် သင့်တော်သောအချိန်ကို စောင့်ဆိုင်းနေကြသည် ။ သို့ပါသော်လည်း ယခုတော့ သူတို့မှာ ရွေးချယ်စရာမရှိတော့ပုံပင် ။
မြင့်မြတ်သော ရှေးဟောင်းမျိုးနွယ်စုများသည် တာအိုအင်မော်အဆင့် စွမ်းအားရှင်များကိုစေလွှတ်ပြီး သူတို့ကိုခေါ်ဆောင်နေခဲ့သည် ။ သူတို့သာငြင်းပယ်ခဲ့ပါက ဤနေရာမှ အသက်ရှင်လျက်ထွက်မသွားနိုင်မှာကို ကြောက်ရွံ့မိသည် ။
" ရှင့်ရဲ့အမြင်မှာ သူတို့နှစ်ယောက်ကို ဘယ်သူကရသွားမယ်ထင်လဲ ။ " ကျုံးကျီတို့နှစ်ယောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေကြစဉ်တွင် တောင်ထိပ်ပေါ်တွင်ရှိနေသော ဖူမေသည် အပြုံးတစ်ပွင့်နှင့် ဝမ်ဖုန်းကိုကြည့်ကာ မေးမြန်းလိုက်သည် ။
" ငါ ! "
ဖူမေ၏မေးခွန်းကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည်ပြုံးလိုက်ပြီး စကားပြောလိုက်လေသည် ။