။ ဘယ်သူကမင်းကို ခွင့်ပြုသလဲ။
Vol. 19 Ch. 257
" အိုး.. ရှင်ကအရမ်းကို ယုံကြည်မှုမြင့်မားနေပါလား။ "
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ
ဖူမေ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူမဟာ ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး ဝမ်ဖုန်းတို့အုပ်စုအပေါ် သူမ၏စိတ်ဝင်စားမှုများမှာ တစ်စတစ်စမြင့်မားလာခဲ့သည်။
ရှောင်းဝူကွမ်နှင့် အခြားသောသူများထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်သူများသည် အဝေးတစ်နေရာသို့ ပုန်းလျိုးကွယ်လျိုး ရှောင်ဖယ်သွားပြီဖြစ်ကြသည်။ ဒီလူသုံးယောက်ကသာ အေးအေးဆေးဆေးထိုင်ပြီး လက်ဖက်ရည်သောက်နေနိုင်ကြလေသည်။ ဤကဲ့သို့သော မြင်ကွင်းမှာ တကယ်က်ို ထူးဆန်းလှပေသည်။
ဒါ့အပြင် သူတို့သုံးယောက်ဟာ ထျန်းလန်အလယ်ပိုင်းဒေသ၏ နံပါတ်တစ်အချောအလှလေးဖြစ်သော သူမကိုတောင် လုံးဝစိတ်မဝင်စားခဲ့ပေ။ ဒါကြောင့်ပဲ ဖူမေက ဝမ်ဖုန်းတို့အုပ်စုဆီရောက်ရှိလာပြီး ပြပွဲကိုစောင့်ကြည့်ရခြင်းဖြစ်သည်။
သူမသည် သာမာန်သာလျှင် မေးမြန်းခဲ့ပေမယ့် ဒီလူကတော့ တကယ့ကိုနှိမ့်ချမနေတတ်ဘူးပဲ။
" ကောင်းပြီ။ ငါစိတ်သိပ်မရှည်တော့ဘူး။ နောက်ဆုံးအနေနဲ့ ငါတို့ရဲ့ ရှောင်းမိသားစုကို ဝင်လိုက်။ "
ဤအချိန်မှာပဲ ထူးမခြားနားသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ ရှောင်းဝူကွမ်သည် ကျုံးကျီတို့နှစ်ယောက်ကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ သူဟာအခြားတစ်ဖက်က ဟူပေါင်၏ မျက်နှာကိုလည်း အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လိုက်သေးသည်။
သူတို့ဘာဖြစ်လို့တည်ရှိနေရသေးတာလဲ?(ကျုံးကျီ၊ပိုင်ဟုန်ကိုပြောတာပါ)
ရှေးဟောင်းမျိုးနွယ်စုများ၏ ဂုဏ်သရေမြင့်မားသောအကြီးအကဲများမှာ တာအိုအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များဖြစ်ကြပြီး ထျန်လန်အလယ်ပိုင်းဒေသရှိ အဆင့်မြင့်ပုဂ္ဂိုလ်များပဲ ဖြစ်ကြသည်။ လူအနည်းငယ်ကသာ သူတို့နှင့်ယှဥ်ပြိုင်နိုင်စွမ်းရှိပေသည်။
သူတို့ ဘယ်နေရာပဲသွားသွား လူအများ၏ လေးစားခြင်းကို ခံကြရမှာဖြစ်သည်။
သို့ပါသော်လည်း အခုတော့ သူတို့နှစ်ယောက်ဟာ ကျုံးကျီတို့ နှစ်ယောက်က်ို အတူတကွလာရောက်ခေါ်ဆောင်ကြသည်။ ဒါကိုတောင် ကျုံးကျီတို့က ကျေးဇူးတင်စကားမပြောဘဲ တုံ့ဆိုင်းတုံ့ဆိုင်းနေရဲသတဲ့လား။
ကျုံးကျီတို့၏ တာအိုအရှင်သခင်အဆင့်ကျင့်ကြံဆင့် စွမ်းအားဖြင့် တာအိုအုပ်စိုးသူအဆင့် စွမ်းအားရှင်များကို ရင်ဆိုင်တိုက်ခိုက်နိုင်သော သူမတူသည့်ပါရမီကြောင့် ၊ ချန်းလုံသိုင်းပြိုင်ပွဲတွင် သူတို့ဟာ ထိပ်ဆုံးအယောက်တစ်ရာအတွင်း ပါဝင်နိုင်ပြီး ရှေးဟောင်းမျိုးနွယ်စုကြီးများကို ဟင်ခွင့်နေရာ အနည်းငယ် ပေးနိုင်သော အကြောင်းကြောင့်သာ မဟုတ်ပါက ရှောင်းဝူကွမ်တို့နှစ်ယောက်သည် ကျုံးကျီတို့နှစ်ယောက်ကို သေအောင်ရိုက်သတ်လိုက်ပြီးပြီဖြစ်သည်။
လူငယ်ပါရမီရှင်များမှာ မည်မျှပင် ပါရမီကြီးမားပါစေ လူငယ်ကလေးများသာ ဖြစ်ကြသည်။ သူတို့လို စွမ်းအားရှင်များကို အဘယ်မှာ ယှဥ်ပြိုင်နိုင်မည်နည်း။
" မင်းတို့နှစ်ယောက် ရွေးချယ်ကြပါ။ ငါတို့ အနီရောင်ကျားမျိုးနွယ်စုလား ရှောင်းမျိုးနွယ်စုလား။ ဟုတ်တာပေါ့ အကယ်၍ မင်းတို့များ ငါတို့ အနီရောင်ကျားမျိုးနွယ်စုကို ဝင်ရောက်ချင်တယ်ဆိုရင် ဒီအရှင်သခင်က မင်းတို့ကို လုံခြုံအောင် လုပ်ပေးနိုင်မယ်။ "
ဟူပေါင်သည် အောက်ဘက်ရှိ ကျုံးကျီတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသော လေသံဖြင့်ပြောဆိုလိုက်သည်။
ထိပ်တန်းလူငယ်ပါရမီရှင် နှစ်ယောက်ကို အနီရောင်ကျားမျိုးနွယ်စုနှင့် ရှောင်းမျိုးနွယ်စုတို့ တစ်ယောက်စီခွဲဝေယူလျှင်တော့ အကောင်းဆုံးဖြစ်သည်။ သို့ပါသော်လည်း ကျုံးကျီတို့နှစ်ယောက်က သူ၏ အနီရောင်ကျားမျိုးနွယ်စုကို ဝင်ရောက်ချင်သည် ဆိုပါက သူဟာ ရှောင်းဝူကွမ်ကို အနည်းငယ်တိုက်ခိုက်ရမှာကို စိတ်ထဲမထားပါပေ။
ရှောင်းဝူကွမ်သည် ဟူပေါင်ကို လှည့်ကြည့်လိုက်သည်။ သူဟာ စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူ့မျက်လုံးများကတော့ ပိုမိုအေးစက်လာခဲ့သည်။
အောက်ဘက်ရှိ ကျုံးကျီတို့ နှစ်ယောက်သည် မဝေခွဲနိုင်သော အမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ ယင်းနောက် သူတို့ဟာ သက်ပြင်းဖွဖွချမိလိုက်ကြသည်။ သူတို့သာ သဘောမတူပါက သေရမှာပဲ ဖြစ်သည်။ သူတို့ဟာ မသေချင်သေးပါပေ။
ကျုံးကျီတို့ နှစ်ယောက်၏ မျက်နှာသွင်ပြင်ကို တွေ့မြင်လိုက်ရသည့်အခါ ဖူမေသည် ပြုံးရယ်လိုက်ပြီး ဝမ်ဖုန်းတို့ အုပ်စုဘက်ကို လှည့်ကြည့်လိုက်သည်။ ဝမ်ဖုန်းဟာ တကယ်ပဲ ကျုံးကျီတို့ နှစ်ယောက်အတွက် ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်စုကို ရန်စရဲပါ့မလားဆိုတာကို သူမတွေးတောနေမိသည်။
အနီရောင်ကျားမျိုးနွယ်စုနှင့် ရှောင်းမျိုးနွယ်စုတို့သည် ဖူမျိုးနွယ်စုလောက်အစွမ်းမထက်သော်လည်း သူတို့ရဲ့ ခွန်အားများကိုတော့ အထင်သေး၍ မရနိုင်ပါပေ။ သူတို့၏ နောက်ခံများမှာ နားမလည်နိုင်လောက်အောင် နက်ရှိုင်းလေသည်။ သူမ၏ ဖူမျိုးနွယ်ကတောင်မှ အဆိုပါ ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်ခုလုံးကို တစ်ချိန်တည်း ရန်စဝံ့မှာ မဟုတ်ပေ။
" ကျွန်တော်... "
" ငါတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လိုက်။ ဒီဂိုဏ်းချုပ်က မင်းတို့ကို လွတ်လပ်မှု ပေးနိုင်တယ်။ "
ကျုံးကျီတို့နှစ်ယောက် အသံလေးတစ်သံ ထွက်စမှာပဲ နက်ရှိုင်းသော လေသံတစ်ခုသည် အရပ်လေးမျက်နှာသို့ ပြန့်နှံ့သွားခဲ့သည်။
အဆိုပါ လွှမ်းမိုးနိုင်သော အသံသည် ကျုံးကျီတို့နှစ်ယောက်ကို ကြောင်အသွားစေရုံသာမက ရှောင်းဝူကွမ်နှင့် ဟူပေါင်တို့နှစ်ယောက်ကိုလည်း အေးခဲသွားစေခဲ့သည်။ အမျိုးသမီးဖူမေ၏ မျက်နှာထက်ရှိအပြုံးဟာလည်း ရပ်တန့်သွားတော့သည်။
အဝေးတစ်နေရာရှိ စောင့်ကြည့်နေကြသော သန်မာသည့်ကျင့်ကြံသူများကလည်း ထိတ်လန့်သွားကြသည်။ သူတို့အားလုံးဟာ ဝမ်ဖုန်းနှင့် အခြားသူများ ရှိနေကြသော တောင်ထိပ်ကို မယုံကြည်နိုင်သော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။ ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်စု၏ လက်ထဲက လူကို တစ်ယောက်ယောက်က လုယူရဲသတဲ့လား။
အသက်ရှင်ရတာ ပင်ပန်းနေပြီလား။
" ရှန်ရှန့်ကျုံဂိုဏ်းလား။ အဲဒီဂိုဏ်းက ဘာဂိုဏ်းလဲ။ "
" ငါလည်း တစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာကတော့ ဂိုဏ်းငယ်လေး တစ်ခုပဲနဲ့ တူတယ်။ "
" ပြောဖို့တော့ခက်တယ်ကွ။ ရှေးဟောင်းမျိုးနွယ်စုကြီးနှစ်စုထဲက လူကို လုယူဖို့ဆိုရင် မင်းမှာလုံလောက်တဲ့ ခွန်အားမရှိရင် သေခြင်းကို စိန်ခေါ်နေတာပဲမဟုတ်လား။"
စောင်ကြည့်နေကြသူများသည် တောင်ထိပ်ပေါ်ကို မော့ကြည့်လိုက်ကြပြီး တစ်ယောက်တစ်ပေါက် စတင်ပြောဆိုလိုက်ကြသည်။
" ငါတို့ ရှောင်းမျိုးနွယ်စုက လူကိုခိုးယူဖို့ ဘယ်သူကမင်းကို သတ္တိတွေပေးလိုက်တာလဲ။ "
တခဏကြာ ကြောင်အသွားပြီးမှ ရှောင်းဝူကွမ်သည် ဝမ်ဖုန်းနှင့် အခြားသူများကို လှမ်းကြည့်လိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အဝေးတစ်နေရာရှိ စောင့်ကြည့်နေကြသောကျင့်ကြံသူများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေခဲ့သည်။
ဟူပေါင်သည်လည်း ဘာစကားမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူ၏မျက်လုံးများသည်ကတော့ အေးစက်နေခဲ့သည်။ သူခန္ဓာကိုယ်တစ်ခုလုံး၌ သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်လာလေသည်။
ဖူမေသည် စကားပြောဆိုလိုက်သော ဝမ်ဖုန်းကို လှမ်းကြည့်လိုက်ပြီး သူမ၏ နှလုံးသားတစ်ခုလုံးက တုန်ခါသွားခဲ့သည်။ ဝမ်ဖုန်းက သူမ၏အလှကို ပထမဆုံး တောင့်ခံနိုင်သူဖြစ်တာကြောင့် ဝမ်ဖုန်းကို တမူထူးခြားသူဟု ထင်ခဲ့မိသည်။ သူမအထင်များ မှားသွားတာလား။
သူမကို ပိုးပန်းဖို့ ပြုလုပ်ခဲ့သည့် ခက်ခဲသော လှည့်ကွက်များကို သူမတွေ့မြင်ခဲ့ဖူးသော်လည်း ဤမျှလောက်ထိ ပေါကြောင်ကြောင်လှည့်ကွက်က်ိုတော့ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပဲဖြစ်သည်။
" ဒီဂိုဏ်းချုပ်ရဲ့အရှေ့မှာ အော်ဟစ်ပြောဆိုဖို့ မင်းကိုဘယ်ကောင်က သတ္တိပေးလိုက်တာလဲ။ "
ရှောင်းဝူကွမ်၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသောအခါ ဝမ်ဖုန်းဟာ တိုးညှင်းစွာပြောဆိုလိုက်သည်။ သူ၏ လေသံမှာ တိုးညှင်းသော်လည်း ကမ္ဘာလောကကြီးအတွင်း၌ မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။
" ဟူး.."
" ဒီလူတော့ တကယ့်ကို ရူးနေပြီ။ "
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ အဝေးတစ်နေရာရှိ ကျင့်ကြံသူများသည် အသက်ပြင်းပြင်း ရှုရှိုက်မိလိုက်ကြသည်။ သူတို့ဟာ ဝမ်ဖုန်းကို သေလူကဲ့သို့ စိုက်ကြည့်လိုက်ကြသည်။ သူတို့ဟာ ဤမျှလောက်ထိ သေချင်နေသည့်လူကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပဲ ဖြစ်သည်။ စောင့်ကြည့်နေသော ကျင့်ကြံသူများသည် အနောက်ကို ပို၍တောင် ဆုတ်မိလိုက်ကြသည်။ ရှောင်းဝူကွမ်က ဒေါသထွက်ပြီး သူတို့ကိုပါ ရောယောင်ပြီး ရန်ရှာလာမှာကို စိုးရိမ်မိတာကြောင့်ဖြစ်သည်။
အဆင့်တူစွမ်းအာရှင်တစ်ယောက်ဆိုလျှင်တောင်မှ ရှောင်းဝူကွမ်နှင့်ဟူပေါင်တို့ကို ဤကဲ့သို့စကားပြောဆိုရဲခြင်းရှိမှာ မဟုတ်ပေ။
ဤသည်မှာ လုပ်ရဲသည်၊ မလုပ်ရဲသည်ဟူသော သတ္တိနှင့်မဆိုင်တော့ပါပေ။ တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို အကြောင်းမဲ့ရန်စခြင်းက ရူးနှမ်းခြင်းသာ ဖြစ်သည်။ ထိုသို့ရန်စသူမှာ တာအိုအင်မော်တယ် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်ဆိုလျှင်တောင်မှ သူ့တွင် နောင်ရေးမအေးစရာများ ရှိနေဦးမှာဖြစ်သည်။ သူ့မိသားစုက လူတွေကလည်း တာအိုအင်မော်တယ် အဆင့်ရောက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ။
အကယ်၍များ တာအိုအင်မော်တယ် အဆင့်စွမ်းအားရှင်တစ်ယောက်ကို ရန်စမိပါက သူကိုယ်တိုင်က လုံခြုံနေမည်ဆိုလျှင်တောင် သူ့မိသားစုများမှာ ရန်ရှာခံရနိုင်သေးသည်။ ထိုသို့ရန်ရှာ ခံလိုက်ရပြီးမှ တာအိုအင်မော်တယ် အဆင့်ကျင့်ကြံသူကို သတ်ဖြတ်ပစ်လျှင်ကော ဘာများအသုံးဝင်အုံးမည်နည်း။ သင်ဂရုစိုက်သောလူများမှာ အစားထိုး၍ မရနိုင်တော့ပြီမဟုတ်ပါလော။
ဥပမာအားဖြင့် ဝမ်ဖုန်းနှင့် အခြားသူများကတော့ တာအိုအင်မော်တယ် အဆင့်ကျင့်ကြံသူများကို တပြိုင်နက်ရန်စလိုက်ခဲ့ပေသည်။ ဤသို့သော ဖြစ်ရပ်ကြီးကို အဆိုပါကျင့်ကြံသူများမှာ ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းပဲဖြစ်သည်။
ဖူမျိုးနွယ်စုမှ အကြီးအကဲဖူမေကတောင်မှ ရှောင်းဝူကွမ်နဲ့ ဟူပေါင်တို့ကို လွယ်လင့်တကူ ရန်မစရဲပါပေ။
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ ရှောင်းဝူကွမ်နှင့် ဟူပေါင်တို့နှစ်ယောက်သည် မျက်ဝန်းများ မှေးကျဥ်းမိလိုက်ကြသည်။ သူတို့နှစ်ယောက်ဟာ ဒေါသထွက်မနေခဲ့ကြပေ။ သို့သော်လည်း အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများက သူတို့ခန္ဓာကိုယ်များမှ ပိုမိုထွက်ပေါ်လာကြသည်။ ပတ်ဝန်းကျင်ရှိ အပူချိန်သည် အဆင့်ပေါင်းများစွာ လျော့ကျသွားပုံပေါ်သည်။ လူအများမှာ ရုတ်တရက်တုန်ယင်မိသွားကြသည်။
" အကြီးအကဲဖူ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ "
ရှောင်းဝူကွမ်သည် ဖူမေကိုလှမ်းကြည့်ကာ လက်သီးဆုပ်ဂါရဝပြုလျက် ပြောဆိုလိုက်သည်။
သန်မာသူများကိုတော့ အလေးထားရမည်ဖြစ်သည်။ ဖူမေသာ ထိုနေရာမှာ ရှိနေခဲ့၍ မဟုတ်လျှင် သူဟာဝမ်ဖုန်းနှင့် အခြားသူများကို ချက်ချင်းပဲ သတ်ဖြတ်ပြီးခဲ့ပြီးဖြစ်သည်။
ဖူမေသည် ဝမ်ဖုန်းတို့ အုပ်စုကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ သူမ၏ ပုံရိပ်ကလေးက ရုတ်ချည်းပျောက်ကွယ်သွားကာ ထွက်ခွာသွားတော့သည်။ သူမဟာ ဝမ်ဖုန်းတို့ အုပ်စုကို စိတ်ဝင်စားရုံမျှသာဖြစ်သည်။ ဝမ်ဖုန်းတို့အတွက်နဲ့တော့ ဟူပေါင်တို့နှစ်ယောက််နှင့် ပြသာနာဖြစ်မှာမဟုတ်ပေ။
ဒါ့အပြင် ဝမ်ဖုန်းတို့အုပ်စုသည် သူတို့၏ ကိုယ်ပိုင်သေလမ်းကို ကိုယ်တိုင်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ ဖူမျိုးနွယ်စုမှ အကြီးအကဲဖြစ်သော သူမကတောင် ရှောင်ဝူကွမ်းကို ဤကဲ့သို့ စကားပြောဆိုရဲခြင်း မရှိပါပေ။
အုန်း...
ဖူမေတောင်ပေါ်မှ ထွက်ခွာသွားပြီးသည့်နောက်တွင် ရှောင်းဝူကွမ်၏ခန္ဓာကိုယ်မှ စွမ်းအားကြီးအရှိန်အဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုဟာ တစ်လက်မချင်းစီ အက်ကွဲသွားခဲ့လေသည်။
သူဟာ လက်ဆန့်ထုတ်ပြီး ဖမ်းဆုပ်သည့် ပုံသဏ္ဍာန်ပြုလုပ်လိုက်သည်။ ကောင်းကင်နှင့် မြေပြင်အကြားရှိ ဆန်းကြယ်သည့် ချီစွမ်းအင်များသည် ရုတ်ချည်းပဲ စုစည်းသွားကြပြီး သူ၏ ရှေ့၌ ကြီးမားသော လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တန်ထောင်ချီလေးသော တောင်ကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု မွေးဖွားလာခဲ့လေသည်။