။ ဓားတစ်ချက်ဖြင့် လောကကိုထိတ်လန့်စေခြင်း။
Vol. 19 Ch. 258
ရှောင်းဝူကွမ်း၏လက်ဝါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ အဝေးတစ်နေရာတွင် စောင့်ကြည့်နေသောသူများ၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကြပြီး သူတို့၏မျက်နှာသည်လည်း ဖြူဖျော့သွားကြသည် ။ သူတို့ဟာ ခပ်ဝေးဝေးတစ်နေရာတွင် ရှိနေကြသော်လည်း အဆိုပါလက်ဖဝါးကြီးမှ ထိတ်လန့်ဖွယ်စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ကြရသည် ။ သူတို့၏ခန္ဓာကိုယ်များက တောင့်တင်းသွားကြပြီး အနောက်ကိုပို၍တောင် ဆုတ်လှမ်းလိုက်မိကြသည် ။
ဝမ်ဖုန်းနှင့်အခြားသူများကိုတော့ သူတို့က အကောင်းအဆိုးနားမလည်သော လူပြက်များအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည် ။ တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဒီလိုစကားမျိုးပြောရဲမှတော့ သေလောက်ပြီပေါ့ကွ ! ။
ကျုံးကျီတို့နှစ်ယောက်သည်လည်း သက်ပြင်းဖွဖွချလိုက်ကြသည် ။ သူတို့နှစ်ယောက်အကြားရှိတိုက်ပွဲမှာ ဤမျှလောက်သောအဖြစ်များကို ဦးတည်သွားလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ ။ ဝမ်ဖုန်းနှင့်အခြားသူများကတောင် သူတို့ကြောင့် သေရတော့မည်ဖြစ်သည် ။
ဘုန်း !
နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည် ။ ရှောင်းဝူကွမ်း၏ ထိတ်လန့်ဖွယ်လက်ဖဝါးကြီးသည် ဝမ်ဖုန်းတို့ထိုင်နေကြသော တောင်ထိပ်ပေါ်သို့ ချွင်းချက်မရှိ ပြေးဝင်သွားလေတော့သည် ။
ထိုလက်ဖဝါးချက်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက်တွင် ရှောင်းဝူကွမ်းသည် သူ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို ဆက်လက်စောင့်ကြည့်တော့ခြင်းမရှိတော့ပေ ။ သူဟာ ကျုံးကျီတို့ဘက်ကို လှည့်လိုက်ကာ အကြောင်းပြန်လာမှာကို စောင့်နေတော့သည် ။
ဤလက်ဖဝါးချက်အတွင်း သူသည် ခွန်အားအားလုံးကို အသုံးမပြုခဲ့သော်လည်း ဤလက်ဖဝါးမှာ လူတိုင်းခံနိုင်သည့်အရာ မဟုတ်ပါပေ ။ ထိုလက်ဖဝါးချက်၏အောက်တွင် တာအိုသူတော်စင်အဆင့် စွမ်းအားရှင်ကြီးများတောင် ရှင်သန်နိုင်မှာ မဟုတ်ပေ ။
" ဟာ ! "
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! "
သိပ်မကြာခင်တွင် ရှောင်းဝူကွမ်း၏အမူအယာများသည် ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားသတင့် ရေရွတ်လိုက်မိသည် ။
ဖူပေါင်နှင့်ဖူမေတို့သည်လည်း မျက်မှောင်များကျုံ့လိုက်ကြပြီး သူတို့၏မျက်နှာထက်၌ ထိတ်လန့်နေသောအမူအယာများ ဖြစ်ပေါ်လာကြသည် ။
ကြောက်လန့်ဖွယ် လက်ဖဝါးကြီး ရိုက်ခတ်ပြီးသွားတာတောင် ဝမ်ဖုန်းနှင့်အခြားသူများကတော့ လုံခြုံနေသေးဆဲပင် ။ သူတို့ဟာ တည်ငြိမ်သောအမူအယာဖြင့်တောင် လက်ဖက်ရည်ကို ဆက်လက်သောက်သုံးနေကြသေးသည် ။ ဤကဲ့သို့သော တည်ငြိမ်သည့်အနေအထားက ရှိနေကြသည့်လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည် ။
တာအိုသူတော်စင်အဆင့် စွမ်အားရှင်တစ်ယောက်ကိုတောင် သေသည်အထိဖိသတ်နိုင်သော ထိတ်လန့်ဖွယ်လက်ဖဝါးကြီးသည် ဝမ်ဖုန်းနှင့်အခြားသူများကို မထိခိုက်နေရုံသာမက သူတို့ ရှိနေကြသည့်တောင်ကြီးကိုတောင် အနည်းငယ်မျှ ယိမ်းယိုင်မသွားစေခဲ့ပေ ။
" ဒါပဲလား ? "
ဝမ်ဖုန်းသည် ရုတ်တရက်ခေါင်းမော့လိုက်ပြီး ရှောင်းဝူကွမ်းကိုလှမ်းကြည့်ကာ ရယ်ကာမောကာဖြင့် ပြောဆိုလိုက်သည် ။ သူ၏ အကြောက်တရားကင်းမဲ့သောအမူအယာက ကျုံးကျီတို့နှစ်ယောက်ကို အံ့ဩသွားစေခဲ့သည် ။
သူတို့နှစ်ယောက်ဟာ အလွန်အမင်းမောက်မာတာ အမှန်တကယ်ဖြစ်သော်လည်း တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက သူတို့နှစ်ယောက်လည်း ထိတ်လန့်သွားကြမှာပဲဖြစ်သည် ။
ဤသည်မှာ မာနတရားဖြင့်မသက်ဆိုင်တော့ပဲ အားနည်းသူကအားကြီးသူကို အရှုံးပေးရသည့် ဓမ္မတာတရားနှင့်သာ သက်ဆိုင်တော့သည် ။
သို့ပါသော်လည်း ဝမ်ဖုန်းနှင့်အခြားသူများကတော့ ရှေးဟောင်းအင်အားစုမှ တာအိုအင်မော်တယ်စွမ်းအားရှင်နှင့် ရင်ဆိုင်နေရတာတောင် ပေါ့ပေါ့ပါးပါးအမူအယာဖြင့် ရှိနေကြသေးသည် ။ ဤကဲ့သို့သောပုံစံက ကျုံးကျီနှင့်အခြားသူများကို ထိရှသွားစေခဲ့သည် ။
ဖြစ်နိုင်ရင် ဘယ်သူကများ ခေါင်းငုံ့ခံချင်ပါ့မလဲ ။
သို့ပါသော်လည်း တစ်ခါတစ်ရံတွင် အမှန်တရားက ခါးသီးလှပေသည် ။
ကျုံးကျီနှင့်အခြားသောသူများသည် ဝမ်ဖုန်းတို့အုပ်စုထံမှ အကြောက်တရားကင်းမဲ့သောအမူအယာကို တွေ့မြင်လိုက်ရုံသာမက အကြွင်းမဲ့ ယုံကြည်ချက်ခွန်အားများကိုလည်း တွေ့မြင်လိုက်ကြရလေသည် ။
" မင်းကိုမင်း အရူးလုပ်နေတာပဲ ! "
အနည်းငယ်သာ အံ့အားသင့်သွားပြီးနောက် ရှောင်းဝူကွမ်းသည် အေးစက်စွာနှာမှုတ်လိုက်ပြီး သူ၏လက်ကို နောက်တစ်ကြိမ်ဆန့်ထုတ်လိုက်သည် ။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သောချီစွမ်းအင်များက သူ၏လက်ဖဝါးအတွင်းပေါင်းစည်းသွားကာ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအင်များက ပတ်ဝန်းကျင်လေထုကို ထိတ်လန့်တုန်ခါလာစေခဲ့သည် ။
ဤတစ်ကြိမ်တွင် ရှောင်းဝူကွမ်းသည် ခွန်အားများကို ထိမ်ချန်မထားတော့ပေ ။ တာအိုအင်မော်တယ် အလယ်အလတ်အဆင့် စွမ်းအားရှင်တစ်ယောက်၏ မြင့်မြတ်သောစွမ်းအားများသည် သူ၏လက်ဖဝါးအတွင်းသို့စီးဝင်သွားကာ မျက်စိကျိန်းလောက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုအဖြစ်သို့ ဖြစ်ပေါ်လာခဲ့သည် ။ နတ်ဘုရား၏လက်ကဲ့သို့သော ကြီးမားသောလက်ဖဝါးကြီးသည် ကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို ဖိချလိုက်ပါတော့သည် ။
" ရှောင်းမျိုးနွယ်စုလား ။ ကောင်းပြီလေ ။ "
" စုန့်ချယ် ၊ သူရဲ့ခေါင်းကိုဖြတ်ချလိုက် ။ "
ရှောင်းဝူကွမ်း၏ ကြောက်လန့်ဖွယ်လက်ဖဝါးကြီးနှင့် ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းသည် ခေါင်းကိုတောင်မော့မကြည့်ပဲ သူ့ဘေးနားကစုန့်ချယ်ကိုသာ အမိန့်ပေးလိုက်လေသည် ။
" ကောင်းပါပြီ ! "
စုန့်ချယ်သည် ခေါင်းညိမ့်လိုက်ပြီး ထိုင်နေရာမှထလိုက်သည် ။
အမည်မသိအကြောင်းအရင်းတစ်ခုကြောင့် ဤတိုက်ပွဲသည် ရှိနေကြသည့်သူများကို တုန်လှုပ်သွားစေခဲ့သည် ။ ဖူပေါင်နှင့်ဖူမေတို့အပါအဝင်ပဲဖြစ်သည် ။
မတ်တပ်ထရပ်လိုက်သော စုန့်ချယ်၏မျက်ဝန်းများသည် အနည်းငယ်ကျဉ်းမြောင်းသွားသည် ။ သူ၏အမူအယာမှာ ထူးမခြားနားရှိနေဆဲပင် ။ ဧရာမလက်ဖဝါးကြီး ဖိချေတော့မည့်အချိန်တွင် သူဟာ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး လက်ဖဝါကို ဓားသဏ္ဍာန်သုံးကာ အသာအယာဖြတ်တောက်လိုက်သည် ။
ဘုန်း !
ရုတ်ချည်းဆိုသလို တလက်လက်တောက်ပနေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည် ။ အဆိုပါဓားအလင်းတန်းကြီးဟာ တောက်ပလွန်းတာကြောင့် အနီးပတ်ဝန်းကျင်ရှိ လူများအားလုံးသည် မျက်လုံးများအားလုံးကို ဖိပိတ်လိုက်ကြရသည် ။
လူတိုင်းမျက်ဝန်းများ ပြန်လည်ဖွင့်လှစ်လိုက်သည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားကြရတော့သည် ။ သူတို့၏ခန္ဓာကိုယ်များဟာ ထိန်းချုပ်မရ တုန်ယင်လာကြတော့သည် ။
ကျုံးကျီ၏ မျက်လုံးများသည်လည်း ပေါက်ထွက်မတတ် ပြူးကျယ်နေပြီဖြစ်သည် ။ ကောင်းကင်ယံပေါ်မှ ရွာသွန်းလိုက်သော သွေးမိုးကြီးက သူတို့ကို အိမ်မက်တစ်ခုအလား ခံစားလိုက်ရစေသည် ။
ကောင်းကင်ပေါ်တွင် ရှောင်းဝူကွမ်း၏ခေါင်းကြီးက လွင့်ပျံထွက်သွားလေတော့သည် ။ ထိုအချိန်တွင်တောင်မှ သူ၏မျက်နှာထပ်တွင် လှောင်ပြုံးတစ်ခုရှိနေခဲ့သည် ။ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေခဲ့သော သူ၏ခန္ဓာကိုယ်ကလည်း ဘုန်းခနဲလဲကျသွားတော့သည် ။
အဝေးတစ်နေရာတွင်ရှိနေကြသော ဖူမေ၊ဖူပေါင်တို့၏ခန္ဓာကိုယ်များသည် ရုတ်ချည်းပင် ခဲတောင့်သွားကြသည် ။ သူတို့၏မျက်နှာထက်၌ မယုံကြည်နိုင်သောအမူအယာများ ရှိနေခဲ့ကြသည် ။ အထူးသဖြင့် ဖူပေါင်ပဲဖြစ်သည် ။ သူဟာ အရမ်းကိုထိတ်လန့်နေပြီး စုန့်ချယ်က သူ့ကိုပါ တစ်ခါတည်းသတ်ဖြတ်ပစ်လိုက်မှာကို ကြောက်လန့်နေမိသည် ။
စုန့်ချယ်၏ဓားချက်ကို တွေ့မြင်လိုက်ရသူများမှာ သူတို့နှစ်ယောက်ပဲဖြစ်သည် ။ ထို့အတွက်ကြောင့်ပဲ သူတို့နှစ်ယောက်မှာ ပိုမိုထိတ်လန့်နေခဲ့ခြင်းဖြစ်သည် ။
စုန့်ချယ်သည် ဓားတစ်ချက်ကိုသာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါဓားချက်တွင် အဆုံးမဲ့သောဓားသဘောတရားများ ပါဝင်နေခဲ့သည် ။ သူတို့ဟာ ထိုဓားချက်နှင့် ထိပ်တိုက်ရခြင်းမဟုတ်သော်လည်း အဆိုပါဓားချက်မှ သေမင်းအရှိန်အဝါများကို ခံစားရနေရဆဲဖြစ်သည် ။
ထိုဓားချက်က ရှောင်းဝူကွမ်း၏ လက်ဖဝါးကြီးကို အသာအယာဆုတ်ဖြဲသွားသည် ။ တာအိုသူတော်စင် အထွတ်အထိပ်အဆင့်တစ်ယောက်ကိုတောင် အလွယ်တကူသတ်နိုင်သော လက်ဖဝါးကြီးသည် ဤဓားချက်၏အောက်တွင် စက္ကူတစ်စအလား ဆုတ်ဖြဲခံခဲ့ရလေသည် ။
ရှောင်းဝူကွမ်း၏လက်ဖဝါးကြီးကို ဖျက်ဆီးလိုက်ပြီးသည့်နောက် ထိုဓားချက်ကြီးသည် ရှောင်းဝူကွမ်းထံသို့ ထိတ်လန့်ဖွယ်ကောင်းသောအရှိန်နှုန်းဖြင့် ပြေးဝင်သွားခဲ့လေသည် ။ ရှောင်းဝူကွမ်က ထိုဓားကို အစောကတည်းက သတိပြုမိလိုက်ပြီးဖြစ်ကြောင်းကို ဖူမေ့နှင့်ဖူပေါင်တို့နှစ်ယောက်လုံး သိလိုက်ကြသည် ။ ထိတ်လန့်စရာကောင်းသည်က ရှောင်းဝူကွမ်းမှာ ထိုဓားချက်ကို မတားဆီးနိုင်ခဲ့ပေ။
ဤသည်မှာ သူကမတားဆီးလို၍မဟုတ်ပဲ သူ၏ခန္ဓာကိုယ်က လှုပ်မရခဲ့တာကြောင့်ဖြစ်သည် ။
ကောင်းကင်ဘုံ၏ တားမြစ်ချက်ကဲ့သို့သော အစွမ်းထက်လှသည့် လေဟာနယ်နိယာမများသည် ရှောင်းဝူကွမ်း၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားခဲ့တာကြောင့် သူဟာ ဓားကြီးသက်ဆင်းလာတာကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့ပေသည် ။
" ဟာ ! "
အချိန်မည်မျှကြာသည်မသိ ။ ကြာမြင့်သောအချိန်ကာလသို့ ရောက်ရှိလာသည့်အခါမှသာ သက်ပြင်းရှိုက်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည် ။ အဝေးတစ်နေရာရှိကျင့်ကြံသူများသည် ရေနွေးအိုးကြီးထဲမှ ပွက်ပွက်ဆူနေသောရေများကဲ့သို့ တစ်ယောက်တစ်ပေါက် အံ့အားသတင့် ရေရွတ်လိုက်မိသည် ။ သို့ပါသော်လည်း သူတို့ဟာ စုန့်ချယ်ကို ဒေါသထွက်မိစေမှာကို စိုးရိမ်နေတာကြောင့် အသံကျယ်ကျယ်လောင်လောင်တော့ မပြောဆိုရဲကြပေ။
ရှေးဟောင်းမျိုးနွယ်စုကြီးမှ တာအိုအင်မော်တယ် အလယ်အလတ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို တိုက်ကွက်တစ်ကွက်ဖြင့် သတ်ဖြတ်ခြင်း ! ။ ထိုကဲ့သို့ခွန်အားမျိုးရှိရန် အဘယ်အဆင့်သို့ ရောက်ရပါမည်နည်း ။
အထူးသဖြင့် ရှေးဟောင်းမျိုးနွယ်စုကြီးများသည် နားမလည်နိုင်လောက်သော အမွေဆက်ခံမှုများကို ရရှိထားတာကြောင့် သူတို့ဟာ သာမန်စွမ်းအားရှင်များထက် အများကြီးပိုမိုသန်မာပေသည် ။ တာအိုအင်မော်တယ် အလယ်အလတ်အဆင့်ရှိသော ရှောင်းဝူကွမ်းသည် သာမန်တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များကိုရင်ဆိုင်ရန် လုံလောက်ပေသည် ။ သို့ပါသော်လည်း ထိုကဲ့သို့သောတည်ရှိမှုကြီးက ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်တဲ့လား ။
" အရှင် ... အရှင်က ဘယ်သူများလဲ ။ "
လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သော စုန့်ချယ်ကိုတစ်လှည့် ။ ဝမ်ဖုန်းကိုတစ်လှည့် စိုက်ကြည့်လိုက်ပြီး ဖူပေါင်သည် ကျယ်လောင်သောလေသံဖြင့် မေးမြန်းလိုက်သည် ။ ချစ်ဟူမျိုးနွယ်စုတို့၏ မဟာအကြီးအကဲသည် ယခုအချိန်မှာတော့ တုန်ယင်နေပြီဖြစ်သည် ။
(ချစ်ဟူ= အနီရောင်ကျား)
စုန့်ချယ်ကဲ့သို့သော ကြောက်လန့်ဖွယ်တည်ရှိမှုကြီးတစ်ခုကိုတောင် အမိန့်ပေးနိုင်သည်ဖြစ်ရာ ဝမ်ဖုန်း၏အဆင့်အတန်းမှာ မိုးလောက်တောင် မြင့်မားနေမည်ဖြစ်သည် ။ သူအဘယ်မှာ ဝမ်ဖုန်းကို လျစ်လျူရှုရဲမည်နည်း ။
သူဟာ ရှောင်းဝူကွမ်းနှင့် ခွန်အားတူသာဖြစ်သည် ။ သူ၏ခွန်အားက ရှောင်းဝူကွမ်းထက် အနည်းငယ် သာလွန်ကောင်းတော့ သာလွန်နိုင်ပေမယ့် သူဟာ ခုနက စုန့်ချယ်၏ဓားချက်ကိုတော့ ကျိန်းသေပေါက်တားဆီးနိုင်မှာမဟုတ်ပါပေ။
စုန့်ချယ်က ရှောင်းဝူကွမ်းကို ခေါင်းဖြတ်သတ်ဖြတ်လိုက်သည်ကို တွေ့မြင်ပြီးဖြစ်ရာ ဖူပေါင်သည် ဝမ်ဖုန်းက သူ့ကိုလည်း မသတ်ရဲလောက်ပါဘူးဟု ရူးရူးမိုက်မိုက် မတွေးတောရဲတော့ပေ ။
" ကျုပ်တို့ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရှောင်းမျိုးနွယ်စုတို့မှာ ရန်ညှိုးတစ်ချို့ရှိနေတယ်လေ ။ စိတ်မပူပါနဲ့ အကြီးအကဲဖူပေါင် ။ "
ဝမ်ဖုန်းသည် ဖူပေါင်ကို ပြုံးကြည့်ကာ ပြောဆိုလိုက်သည် ။