ကြိုဆိုပွဲအခမ်းအနား
Vol. 19 Ch. 261
အုန်း..
သို့ပါသော်လည်း ရေခဲခြင်္သေ့ဘုရင် လှည့်ထွက်လိုက်ပြီးသည့်နောက်တွင် ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခုသည် တောင်ကြားအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ ဤအရှိန်အဝါထွက်ပေါ်လာခဲ့သည့်အခါ ရေခဲခြင်္သေ့ဘုရင်၏ လက်သီးချက်သည် ကြေကွဲပျက်စီးသွားရသည်။
အဆိုပါလက်သီးချက်သည် ကြယ်မှုန့်လေးများအဖြစ် တောင်ကြားအတွင်း ပျံ့လွင့်ပျက်စီးသွားခြင်းဖြစ်သည်။ နတ်ဘုံတမျှ ခမ်းနားသော တောင်ကြားထဲတွင် ကြယ်မှုန်ကလေးများ၏ အလင်းပြန်မှုကြောင့် အလွန်အမင်း ခမ်းနားလှပနေတော့သည်။
သို့ပါသော်လည်း ရေခဲခြင်္သေ့ဘုရင်သည် ဤအလှကို ခံစားကြည့်ရှု့ရန် အစီအစဥ်ရှိမနေခဲ့ပါပေ။ သူ၏ နဖူးထက်၌ ချွေးစေးများ ထွက်ပေါ်လာခဲ့သည်။ အဆ်ိုပါ ပြင်းထန်သော အရှိန်အဝါသည် သူ့အပေါ် တောင်ကြီးတစ်တောင် ဖိထားသကဲ့သို့ ဖိနှိပ်နေလေသည်။ သူ၏ နှစ်မိီတာကျော် မြင့်သောခန္ဓာကိုယ်မှာ ထိန်းချုပ်မရ တုန်ယင်နေခဲ့သည်။ ဤကဲ့သို့သော ခံစားချက်မှာ အလွန်အမင်းမသက်သာဖွယ် ဖြစ်လေသည်။
သူ စောနကလေးတင် အထွတ်အထိပ်၌ အထီးကျန်ခြင်းအကြောင်းကို ဖွင့်ဟပြောဆိုခဲ့သည်။ နောက်တခဏ၌ သူဖိနှိပ်ခံလိုက်ရသည်တဲ့လား။ ဒါက သူ့ရဲ့ မျက်နှာကို လျင်လျင်မြန်မြန်ဖြတ်ရိုက်ခံလိုက်ရတာပင် မဟုတ်ပါလော။
ရေခဲခြင်္သေ့ဘုရင်၏ စိတ်အာရုံအတွင်း၌ ထိုအတွေးထွက်ပေါ်လာပြီးသည့်နောက်တွင် သူ၏မျက်လုံးသူငယ်အိမ်များဟာ ရုတ်တရက်လှုပ်ရှားသွားလေသည်။ သူဟာ သူ၏လက်နှစ်ဖက်ကို သူ့ရင်ဘက်ပေါ်တွင် ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်၍ ခုခံလိုက်လေသည်။ သူ၏အရှေ့တွင် နဥ်းတောက်ချီသည် သရဲတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့ကာ ထူးခြားစွမ်းအင်များပါဝင်နေသော လက်ဖဝါးတစ်ခုသည် ရေခဲခြင်္သေ့ဘုရင်၏ လက်နှစ်ဖက်ကို ထိခတ်မိသွားလေသည်။
အုန်း..
ရေခဲခြင်္သေ့ဘုရင်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ၏စွမ်းအားများကို မထုတ်ဖော်ရသေးခင်မှာပဲ နဥ်းတောက်ချီ၏ လက်ဖဝါးချက်သည် သူ့ကို ထိခတ်မိသွားလေသည်။ သူ၏ ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ အရှိန်အဟုန် ပြင်းစွာ လွင့်စင်သွားခဲ့သည်။ သူဟာ ခြေလှမ်းအတော်များများ နောက်ဆုတ်လိုက်ပြီးမှသာလျှင် ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သည်။
ဖစ်..
ရေခဲခြင်္သေ့ဘုရင်၏ နှုတ်ခမ်းထောင့်မှနေ၍ မြောက်များစွာသောသွေးများ ထွက်ပေါ်လာခဲ့သည်။ နဥ်းတောက်ချီ၏ လက်ဖဝါးချက်က ရေခဲခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။ သူဟာနေရာမှာတင် ဒူးထောက်လျက်သား ဖြစ်သွားခဲ့လေသည်။
ငါ့လ်ို ပြိုင်ဘက်ကင်းတဲ့ ရေခဲခြင်္သေ့ဘုရင်က ရှုံးနိမ့်သွားတာလား။
ထိတ်လန့်ဖွယ်ကောင်းသော သွေးများနှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ နာကြင်မှုကို ခံစားလိုက်ရသည့်အခါ ရေခဲခြင်္သေ့ဘုရင်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူမယုံနိုင်ဘူး။ တကယ်ပဲရှုံးနိမ့်သွားတာလား။
" မင်းတို့က ဝက်ယောင်ဆောင်တဲ့ ကျားတွေပဲ။ အရှက်က်ိုမရှိဘူး။ "
နောက်တခဏမှာ ရေခဲခြင်္သေ့ဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်မိလိုက်သည်။ သူဟာ တာအိုအင်မော်တယ် အစောပိုင်းအဆင့်၌သာ ရှိနေသေးသည်။ သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ တာအိုအင်မော်တယ် နှောင်းပိုင်းအဆင့် လူသားကျင့်ကြံသူများနှင့် ယှဥ်ပြိုင်နိုင်သည်။ သို့သော်လည်း တာအိုအင်မော်တယ်နှောင်းပိုင်းအဆင့် သာမာန်လူသား ဖြင့်သာ ရင်ဆိုင်နိုင်ခြင်းဖြစ်သည်။ နဥ်းတောက်ချီ ကဲ့သို့သော ထူးခြားသည့် တာအ်ိုအင်မော်တယ်အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်က်ိုတော့ သူအဘယ်မှာ ရပ်တန့်နိုင်မည်နည်း။
ဒီလူသား အုပ်စုထဲမှာ အဲလောက်ထိ သန်မာသည့် ပုဂ္ဂိုလ်ရှိနေကြောင်းကို သူသိထားပါက ဘယ်လိုလုပ်ထွက်လာရဲမည်နည်း။ အားလုံးပြီးဆုံးသွားလေပြီ။ သူ့လိုသေးနုတ်သည့် ဖြစ်တည်မှု တစ်ခုက အဆိုပါ စွမ်းအားရှင်ရှေ့၌ အဘယ်မှာလျှင် ရပ်တည်နိုင်တော့မည်နည်း။
သနားစရာပင်။ ရေခဲခြင်္သေ့ဘုရင် မည်မျှလောက်နောင်တရနေသည် ဖြစ်စေ၊ သူဟာ စဥ်းတီတုံးပေါ်က အသားတစ်စ ဖြစ်နေသည့် အဆုံးသတ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။ နဥ်းတောက်ချီ ထံမှ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး သူ့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားလေသည်။ သူထွက်ပြေးချင်လျှင်တောင်မှ မထွက်ပြေးနိုင်တော့ပေ။
" အကိုကြီး အဲ..မဟုတ်သေးဘူး၊ ဆရာသခင်တို့ စောနက ပြောခဲ့တဲ့အခွင့်အရေးက အကျုံးဝင်သေးရဲ့လား။ "
ရေခဲခြင်္သေ့ဘုရင်သည် အံကိုတင်းတင်းကြိတ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ၏ဦးခေါင်းပြောင်ပြောင်မှာ နေ့အလင်းရောင်၌ လင်းလက်တောက်ပနေလေသည်။ သူက ဝမ်ဖုန်းကို မော့ကြည့်ပြီး ဂရုတစိုက်မေးမြန်းလိုက်လေသည်။
သူလုပ်နိုင်သမျှ လုပ်ခဲ့ပြီးပြီပဲဖြစ်သည်။ သူက ဝမ်ဖုန်းတို့ကို အနိုင်မတိုက်နိုင်သလို သေလဲမသေချင်သေးပေ။ ဒီလိုမှ မဟုတ်ရင် သူက ဘယ်သူ့ကိုမှ အရှုံးပေးဖို့စတင် ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါပေ။
" မင်း ငါတို့ကို တိုက်ခိုက်ခဲ့တယ် မဟုတ်ဘူးလား။ "
ဝမ်ဖုန်းသည် ရေခဲခြင်္သေ့ဘုရင်ကို ပြုံးယောင်သန်းလျက် ရွှတ်နောက်နောက်လေသံဖြင့် မေးမြန်းလိုက်သည်။
" လူကြီးမင်းတို့ကတော့ ယုံကြည်မှာမဟုတ်ပါဘူး။ စောနကပြုလုပ်ခဲ့တာက ဂုဏ်သရေရှိပုဂ္ဂိုလ်တွေကို ကြိုဆိုတဲ့
ရေခဲခြင်္သေ့မျိုးနွယ်ရဲ့ ကြိုဆိုပွဲတစ်ခုပါ။ လူကြီးမင်းတို့ကို တွေ့မြင်လိုက်ရတဲ့အချိန်မှာ ကျုပ်အရမ်းကို ထိတ်လန့်သွားတယ်လေ။ ဒါကြောင့် ကျုပ်က လူကြီးမင်းတို့ကို အရမ်းကို လေးစားသွားပြီး ရေခဲခြင်္သေ့မျိုးနွယ်ရဲ့ ကြိုဆိုပုံကြိုဆိုနည်းအတိုင်း ကြိုဆိုပေးခဲ့တာပါ။
ရေခဲခြင်္သေ့ဘုရင်သည် သူ့ရင်ဘက်ကိုသူပုတ်လိုက်ပြီး
အလွန်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်လေသည်။ ထိုစကားများ ဆုံးသွားသည်နှင့် တပြိုင်နက် ဝမ်ဖုန်းနှင့် အခြားသောသူများ၏ နှုတ်ခမ်းများသည် ထိန်းချုပ်မရ တုန်ယင်သွားလေသည်။ သူတို့က ရေခဲခြင်္သေ့ဘုရင်ကို ကြောင်အနေသော အမူအရာများဖြင့် စိုက်ကြည့် မိလိုက်ကြသည်။
မင်းက ကြိုဆိုတယ်လည်းပြောသေးတယ် ဘာကြောင့်လက်သီးနဲ့လှမ်းထိုးရတာလဲ။
ပြောစရာစကား ကင်းမဲ့နေချိန်တွင် ဝမ်ဖုန်း၏ အနောက်ဘက်ရှိ ကျုံးကျီတို့နှစ်ယောက်သည် နဥ်းတောက်ချီကို အံ့အားတသင့် လှည့်ကြည့်မိလိုက်ကြသည်။ စုန့်ချယ်သည်
ရှောင်းမျိုးနွယ်စုမှ အကြီးအကဲကို ဓားတချက်ဖြင့် သတ်ဖြတ်ခဲ့ပြီး နဥ်းတောက်ချီကတော့ ရှေးဟောင်းသားရဲကြီးကို လက်ဖဝါးတဖက်ဖြင့် ဖိနှိပ်ခဲ့လေသည်။ သူတို့က ထိုမျှလောက်ထိ အံ့အားသင့်ဖွယ်ကောင်းသော ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ဝင်ရောက်ခွင့်ရခဲ့ကြသည်။ ဘယ်လိုတောင် ကံကောင်းလိုက်ပါလိမ့်!
" မင်းရဲ့ စိတ်ဝိညာဥ်သွေးစက်ကို ပေးပြီးတော့မှ ငါတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်လိုက် "
ဝမ်ဖုန်းသည် ရေခဲခြင်္သေ့ဘုရင်ကို လှမ်းကြည့်ပြီး ခံစားချက်တစ်စုံတစ်ရာ မပါဝင်သောလေသံဖြင့် ပြောဆိုလိုက်သည်။
စိတ်ဝိညာဥ်သွေးစက်သည် မကောင်းဆိုးဝါးများအတွက် အလွန်အရေးပါသော သွေးစက်ပဲဖြစ်သည်။ ၎င်းဟာ စိတ်ဝိညာဥ်ရဲ့ သွေးစက်ဖြစ်လေသည်။ စိတ်ဝိညာဥ်ရဲ့ သွေးစက်သာ လူသားတစ်ယောက်လက်ထဲသို့ ရောက်ရှိသွားလျှင် မကောင်းဆိုးဝါးများသည် သူတို့၏ အသက်ကို ကိုယ်တိုင်မပိုင်ဆိုင်နိုင်ကြတော့ပေ။ သင်မသေချင်ဘူးဆိုလျှင် အခြားတစ်ယောက်၏ ညှာတာမှုကိုသာ တောင်းခံရမှာဖြစ်သည်။
ရေခဲခြင်္သေ့ဘုရင်၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။ သူက တစ်စုံတစ်ခုကို ပြောတော့မည့်အချိန်တွင် နဥ်းတောက်ချီက ခမ်းနားကြီးကျယ်သော ဖိအားများကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်လေသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထပ်မံ၍ တုန်ခါသွားရပြန်သည်။
ရေခဲခြင်္သေ့ဘုရင်သည် အံကိုတင်းတင်းကြိတ်လိုက်ပြီး အရှုံးပေးသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဥ်သွေးစက်ကို ထုတ်ယူလိုက်ပြီး ဝမ်ဖုန်းကို လှမ်းပေးလိုက်တော့သည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ဖုန်းသည် လက်ဆန့်ထုတ်လိုက်ပြီး စိတ်ဝိညာဥ်သွေးစက်ကို လက်ဖဝါးအတွင်းသို့ လှမ်းယူလိုက်သည်။ ထိုသွေးစက်ကို နီးနီးကပ်ကပ်စိုက်ကြည့်လိုက်ပါက ထိုသွေးစက်၏ အတွင်းပိုင်း၌ အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသော သေးငယ်သည့်
ခြင်္သေ့တစ်ကောင်၏ ပုံရိပ်ကို တွေ့မြင်ရမှာပဲဖြစ်သည်။ ထိုခြင်္သေ့ကလေးမှာ ရေခဲခြင်္သေ့ဘုရင်ဖြစ်ကြောင်းကို ဝမ်ဖုန်းသိလိုက်ရသည်။ အဆိုပါ စိတ်ဝိညာဥ်သွေးစက်မှတဆင့် စိတ်ဝိညာဥ်သွေးများကို ထိန်းချုပ်နိုင်ပြီး ရေခဲခြင်္သေ့ဘုရင်၏ သေခြင်းနှင့်ရှင်ခြင်းကို ဆုံးဖြတ်နိုင်လေသည်။
ဝမ်ဖုန်းသည် ရေခဲခြင်္သေ့ဘုရင်၏ သွေးစက်ကို သူ၏ စိတ်အာရုံအတွင်းသို့ ဖိနှိပ်ချလိုက်လေသည်။ ထိုသို့ဖိနှိပ်လိုက်သည့်အခါ ရေခဲခြင်္သေ့ဘုရင်၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်သော ခံစားချက်တစ်ခု ဝမ်ဖုန်းလက်ခံရရှိလိုက်သည်။ သူ၏ အတွေးတစ်ချက်ဖြင့်ပင် ရေခဲခြင်္သေ့ဘုရင်ကို အချိန်မရွေး သတ်ဖြတ်နိုင်လေသည်။ ရေခဲခြင်္သေ့ဘုရင်မှာ သူ့လက်ခုပ်ထဲကရေဖြစ်သွားပြီဖြစ်သည်။
" ကျုပ် ရေခဲခြင်္သေ့ဘုရင်က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ "
ဝမ်ဖုန်းက ရေခဲခြင်္သေ့ဘုရင်၏ ရှင်သန်ခြင်းသေဆုံးခြင်းကို ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် နဥ်းတောက်ချီသည် သူ၏ စွမ်းအားများကို ဖယ်ရှားလိုက်လေသည်။ မတ်တပ်ပြန်လည်ရပ်တည်နိုင်ပြီ ဖြစ်သော ရေခဲခြင်္သေ့ဘုရင်သည် ဝမ်ဖုန်းဘက်ကို လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး လေးလေးစားစား နှုတ်ဆက်လိုက်လေသည်။
တကယ့်ကို သက်တောင့်သက်သာ ဖြစ်မနေပါပေ။ ဂုဏ်သရေကြီးမြတ်လှသော ရေခဲခြင်္သေ့ဘုရင်သည် လူသားတစ်ယောက်၏ စီးတော်ယာဥ်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။ သေခြင်းကို ကြောက်ရွံ့နေ၍သာ မဟုတ်ပါက ရေခဲခြင်္သေ့ဘုရင်သည် မြေပြင်ပေါ်၌ တွင်းနက်နက်တူးပြီး ကိုယ်တိုင်သာ ခုန်ဆင်းလိုက်ချင်တော့သည်။
" အခုချိန်ကစပြီး မင်းက ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲဖြစ်သွားပြီ။ "
ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ "
ရေခဲခြင်္သေ့ဘုရင်သည် လျစ်လျူမရှု့ရဲဘဲ အလျင်အမြန်ပြန်လည်ပြောဆိုလိုက်ရသည်။
"ဒင်၊ ရေခဲခြင်္သေ့ဘုရင်ကို အညံ့ခံစေသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်ငါးသန်းနှင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ် ဆုချလိုက်သည်။
သူစိတ်အာရုံအတွင်း မြည်ဟည်းလာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်းတစ်ယောက် စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်မိသည်။ ကျုံးကျီတို့နှစ်ယောက်ကို ခေါ်ဆောင်ခြင်းနှင့် ရှောင်းဝူကွမ်ကို သတ်ဖြတ်ခဲ့သည့် ဆုလာဒ်များကိုပါ ထည့်သွင်းတွက်ချက်ပါက သူ့တွင် ဂိုဏ်းအမှတ်သန်းနှစ်ဆယ်ကျော်ရှိနေပြီး ဖြစ်သည်။ ဒါ့အပြင် အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့် ကိုးကြိမ်ကိုလည်း စုဆောင်းမိပြီးဖြစ်သည်။
သူဟာ ထျန်းလန်ဒေသကို ရောက်ရှိလာတာ နှစ်ရက်သုံးရက်သာ ရှိသေးသော်လည်း အတိတ်ကသူသုံးခဲ့သမျှ ချမ်းသာကြွယ်ဝမှုများကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်သည်။
ထိုအကြောင်းတွေးတောလိုက်ပြီးသည့်နောက် ဝမ်ဖုန်းက လက်ကို ဝေ့ရမ်းလိုက်ပြီးသည့်အခါ တောင်ကြားအပေါ်ဘက်ရှိ ကောင်းကင်ယံထက်၌ နတ္ထိနန်းဆောင်ကြီးသည် ထွက်ပေါ်လာခဲ့သည်။ အကြီးအကဲများ၏ ဦးဆောင်မှု အောက်မှနေ၍ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများစွာသည် နတ္ထိနန်းတော်ကြီးအတွင်းမှ ထွက်လာကြလေသည်။
" ဂိုဏ်းချုပ်ကိုနှုတ်ဆက်ပါတယ်။ "
ကျန်းစန်ဖုန်း နှင့် အခြားသောအကြီးအကဲများ၏ ဦးဆောင်မှုအောက်တွက် မြောက်များစွာသော တပည့်များသည် ဝမ်ဖုန်းကို လေးလေးစားစား တညီတညာတည်း နှုတ်ဆက်လိုက်ကြသည်။ ကျယ်လောင်သောအသံကြီးက တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။ အနီးအနားရှိ မကောင်းဆိုးဝါးများကတောင် ထိုအသံကို ကြားမိလိုက်ကြသည်။ သို့ပါသော်လည်း တောင်ကြားအတွင်းမှ ထုတ်လွှတ်နေသော ခမ်းနားကြီးကျယ်သည့် အရှိန်အဝါများကြောင့် အဆိုပါမကောင်းဆိုးဝါးများသည် လာရောက်မစုံစမ်းရဲကြပါပေ။ မူလက ဗလာဖြစ်နေသော တောင်ကြားတစ်ခုလုံးအတွင်း၌ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်များက နေရာယူသွားကြလေသည်။ ရုတ်တရုတ်ထွက်ပေါ်လာသော မြောက်များစွာသော စွမ်းအားရှင်များကြောင့် ကျုံးကျီတို့နှစ်ယောက် နှင့် ရေခဲခြင်္သေ့ဘုရင်သည် ထိတ်လန့်အံ့သြသွားကြလေသည်။
" အခုအချိန်ကစပြီး ဒီနေရာက ထျန်းလန်ဒေသအလယ်ပိုင်းမှာရှိတဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဌာနချုပ်ပဲ။ စန်ဖုန်း မင်းတပည့်တွေကို ဦးဆောင်ပြီး ဂိုဏ်းဌာနကို မြန်နိုင်သမျှမြန်အောင် တည်ဆောက်လိုက်ပါလေ။ "
ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်များစွာကို ဝေ့ဝဲကြည့်ရှုလျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် "
ကျန်းစန်ဖုန်းဟာ လျစ်လျူရှု့ မနေရဲပါပေ။ သူဟာ ဂိုဏ်းသားများစွာကို ဦးဆောင်ခေါ်ဆောင်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်း တည်ဆောက်ရေးအတွက် စတင်ပြင်ဆင်လိုက်လေသည်။
" စနစ် ၊ တာအိုနန်းတော်ကို ဒီတောင်ကြားအနောက်ဘက်က တောင်ထိပ်ပေါ်မှာ နေရာချလိုက်ပါ။ "
ဂိုဏ်းတည်ဆောက်ရေးအတွက် အားကြိုးမာန်တက်ပြုလုပ်နေကြသော ရှန်ရှန့်ကျုံဂိုဏ်းသားများကို ဝေ့ဝဲကြည့်လိုက်ရင်း ဝမ်ဖုန်းက လျှို့ဝှက်စွာပြောဆိုလိုက်သည်။
" ဒင်၊ တာအိုနန်းတော်၏ တည်နေရာကို သတ်မှတ်ပြီးပါပြီ "
စနစ်၏အတည်ပြုသံနှင့် အတူ ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခုသည် တောင်ကြားအနောက်ဘက်ရှိ တောင်ထိပ်အပေါ်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။
နန်းတော်ကြီးတစ်ခုလုံးသည် အလွန်အမင်းလျှို့ဝှက် ဆန်းပြားပြီး ထူးဆန်းသော လေထုကို သယ်ဆောင်ထားလေသည်။
" ဒင်၊ တာဝန်အသစ်တစ်ခု လက်ခံရရှိပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းသားများကို ဦးဆောင်ပြီး ချန်းလုံသိုင်းပြိုင်ပွဲတွင် ထိပ်တန်းနေရာ ငါးနေရာကို ရယူပါ။ ဤတာဝန်ကို ပြီးစီးသွားပါက တာအိုအဆင့် အဆုံးစွန်သောကျပန်းဆင့်ခေါ်ခွင့် ၃ကြိမ်နှင့် ဂိုဏ်းအမှတ် သန်း၃၀ကို ဆုအဖြစ်ရရှိမည် ဖြစ်သည်။ ''
ဤအချိန်မှာပဲ ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ စနစ်၏ အသံက ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ မျက်လုံးများမှာ တောက်ပလာခဲ့တော့သည်။
အစကတည်းက ဝမ်ဖုန်းသည် ချန်းလုံသိုင်းပြိုင်ပွဲအကြောင်းကို စိတ်ဝင်စားနေခဲ့တာ ဖြစ်သည်။ စနစ်ကလည်း တာဝန်ပေးအပ်နေပြီဖြစ်ရာ သူ့ဂိုဏ်းသားများကို ခေါ်ဆောင်လျက် ခရီးတစ်ခု ထွက်ရပေတော့မည်။ ဒါ့အပြင် ရှေးဟောင်းမျိုးနွယ်စုကြီးများတောင် လှုပ်ရှားသွားစေခဲ့သော ရှေးဟောင်းလျှို့ဝှက်နယ်မြေက အဘယ်မျှလောက်ကြီးကျယ်ခမ်းနားသလဲဆိုတာကိုလည်း ဝမ်ဖုန်းတစ်ယောက် သိချင်နေမိသည်။
" စနစ် ၊ အဆင့်ရှစ်ကိုမြှင့်တင်ဖို့ဆိုရင် ဘယ်လို လိုအပ်ချက်တွေ သတ်မှတ်ထားလဲ။ "
တခဏကြာတွေးတော လိုက်ပြီးနောက် ဝမ်ဖုန်းကလျှို့ဝှက်စွာ မေးမြန်းလိုက်သည်။
" ဒင် ၊ စနစ်နှင့် ဂိုဏ်းကို အဆင့်၈သို့ မြင့်တင်မည်ဆိုပါက
အနည်းဆုံး ဒုတိယအဆင့်ရှိသော ရှေးဟောင်းမျိုးနွယ်စုကြီးသုံးခုကို ဖျက်စီးပြီးသူတို့ရဲ့ ကံတရားတွေကိုခိုးယူရပါမယ်။ အဲဒီနောက်မှာ ဂိုဏ်းအမှတ် သန်းငါးဆယ်ကို အသုံးပြုပြီး စနစ်ကို အဆင့်ရှစ်သို့မြှင့်တင်နိုင်ပါပြီ။ ''
ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ နှုတ်ခမ်းများကို တွန့်လိမ်သွားခဲ့သည်။ စနစ်ကို အဆင့်၈သို့မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များမှာ ပို၍ပို၍ ခက်ခဲလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ထျန်းလန်အလယ်ပိုင်းဒေသရှိ ရှေးဟောင်းမျိုးနွယ်စု တော်တော်များများကို ရန်စခဲ့လေသည်။ သူတို့ တံခါးဝကို ရောက်လာတဲ့အခါ ဖျက်စီးပစ်ရပေလိမ့်မည်။