။ အလွန်အန္တရာယ်ကြီးသောပုဂ္ဂိုလ်။
Vol. 19 Ch. 262
နောက်တစ်နေ့တွင် တောင်ကြားတစ်ခုလုံးသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည် ။ တောင်ကြား၏အလယ်ဗဟိုတွင် ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခု ရှိနေခဲ့သည် ။ နန်းတော်ကြီး၏အရှေ့တွင် ကြီးမားသောကွင်းပြင်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည် ။ တောင်ကြားအနီးအနားရှိ တောင်ထိပ်များပေါ်တွင်လည်း နန်းတော်များစွာ ထွက်ပေါ်လာခဲ့လေသည် ။
ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမအတွင်း၌ ဝမ်ဖုန်းသည် အဓိကပုလ္လင်ကြီးပေါ်တွင် တင်ပလ္လင်ချိတ်၍ ထိုင်နေခဲ့သည် ။ အောက်ဘက်တွင်တော့ ရှန်ရှန့်ကျုံဂိုဏ်း၏ မြောက်များစွာသောအကြီးအကဲများ မတ်တပ်ရပ်နေကြသည် ။ ဝမ်ဖုန်းက အကြီးအကဲများစွာကို ဝေ့ဝဲကြည့်ပြီး ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည် ။ " ဒီဂိုဏ်းချုပ်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တွေကို ချန်းလုံသိုင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေချင်တယ် ။ အဲ့ဒါကြောင့်မလို့ မင်းတို့ရှန်ရှန့်ဂိုဏ်းရဲ့တပည့်တွေကို အကောင်းဆုံးသင်ကြားပေးကြရမယ် ။ အထူးသဖြင့် ကျုံးကျီ ၊ ပိုင်ဟုန် ၊ ကုချိုးနဲ့ ကုကန်းချိုးတို့ကိုပေါ့ ။ "
" ဟုတ်ကဲ့ပါ ! "
ရှန်ရှန့်ကျုံဂိုဏ်းမှ များစွာသောအကြီးအကဲများသည် အလျင်အမြန်လက်သီးဆုပ်ကာ တညီတညွတ်တည်း ဟစ်ကြွေးပြောဆိုလိုက်ကြသည် ။
" ဒါ့အပြင် အပြင်စည်းဂိုဏ်းသားတွေထဲမှာလည်း သာလွန်ကောင်းမွန်တဲ့ တပည့်အချို့ကိုရွေးထုတ်ပြီး အပြင်းအထန်သင်ကြားပေးလိုက်ပါ ။ သူတို့ကိုလည်း ကျုံးကျီတို့တပည့်တတွေနဲ့ပူးပေါင်းပြီး ချန်းလုံသိုင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေရမယ် ။ " ဝမ်ဖုန်း၏မျက်လုံးများအတွင်း အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ထပ်မံပြောဆိုလိုက်သည် ။
ဤတစ်ကြိမ်တွင် စနစ်၏တာဝန်၌ ချန်းလုံသိုင်းပြိုင်ပွဲ ထိပ်ဆုံးငါးနေရာကိုရရှိဖို့ လိုအပ်လေသည်။
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ဝေ့ဝဲကြည့်ရှုလိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်ကြလေသည် ။
ဂိုဏ်းချုပ်ခန်းမအပြင်ဘက်တွင် ခိုးကြောင်ခိုးဝှက် ပုံရိပ်ကလေးနှစ်ခုသည် ရှန်ရှန့်ကျုံဂိုဏ်း တောင်ဂိတ်ကလေးရှိရာကို ချဉ်းကပ်လာကြသည် ။ သူတို့နှစ်ယောက်မှာ ကုချိုးနှင့်ကုကန်းချိုးတို့ပဲဖြစ်ကြသည်။
" အစ်ကိုကြီး ၊ နောက်ဆုံးတော့ ကျုပ်တို့ညီအစ်ကိုနှစ်ယောက် လွတ်လပ်လာပြီ ။ နတ္ထိနန်းတော်ကြီးထဲမှာ ကျုပ်တို့ကိုနေ့တိုင်းဖိအားပေးပြီး ကျင့်ကြံခိုင်းနေတော့တာပဲ ။ အဲ့ဒီ့နေ့ရက်တွေက တကယ့်ကိုငရဲပါပဲ ။ ဒါတွေက တကယ့်ကို အဓိပ္ပါယ်မရှိဘူး ။ ခိုးဝှက်ရတာကမှ ပိုကောင်းလိမ့်ဦးမယ် ။ " တီးတိုးပြောသံတစ်ခု ထွက်ပေါ်လာသည် ။
ကျန်းစန်ဖုန်းနှင့် အခြားသောသူများက နတ္ထိနန်းတော်ကြီးအတွင်း သူတို့ကို ဖိအားပေးလေ့ကျင့်ခိုင်းသည့်အချိန်ကို ပြန်ပြောင်းတွေးမိလိုက်သည့်အခါ ကုချိုးတစ်ယောက် ငိုမဲ့မဲ့ဖြစ်လာခဲ့သည် ။ သူ၏ဘဝတွင် ထိုမျှလောက်ကြီးမားသည့် အခက်အခဲမျိုးကို မရင်ဆိုင်ဖူးခဲ့ပေ ။ သူတို့ အဖြူအမည်းညီနောင်သည် သေလုမျောပါး နှိပ်စက်ခံခဲ့ရသည် ။ အကြီးအကဲတွေက လုံးဝကို အကျိုးအကြောင်းမညီညွတ်ဘူး ။
" အကြီးအကဲတွေက ဖိအားပေးကျင့်ကြံခိုင်းတယ်လို့တော့ မပြောသင့်ဘူးလေကွာ ။ ငါတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်တွေလည်း မြင့်တက်လာပြီမဟုတ်လား ။ အခုဆိုရင်ငါတို့ တာအိုအရှင်သခင် အစောပိုင်းအဆင့်ကိုတောင် ရောက်နေခဲ့ပြီလေ ။ "
" အစ်ကိုကြီး ၊ နှိပ်စက်မှုတွေကို သဘောခွေ့သွားတာတော့မဟုတ်ပါဘူးနော် ။ ဟုတ်တယ်မလား ။ အဲ့ဒီ့လိုတော့ မလုပ်လိုက်ပါနဲ့နော် ။ လုယက်ခြင်းဆိုတာက ကျုပ်တို့ဘဝရဲ့ အသက်မွေးဝမ်းကြောင်းပဲလေ ။ ကျင့်ကြံခြင်းတွေဘာတွေက တစ်ကယ်တော့ အရေးမကြီးပါဘူးဗျာ ။ "
ကုကန်းချိုး၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးသည် စိတ်ရှုပ်ထွေးသွားပြီး အလျင်အမြန်ပြောဆိုလိုက်သည် ။ သူ့အစ်ကိုကြီးက သူနှင့်အတူ ခိုးဝှက်လုယက်ရာ၌ မပူးပေါင်းတော့မှာကို ကြောက်လန့်နေမိတော့သည် ။
" မင်း ငတုံးကောင် ၊ ဘယ်ချိန်ဖြစ်ဖြစ် လုယက်လို့ရတယ်ကွ ။ မင်းရဲ့ကျင့်ကြံဆင့်ကသာ သန်မာမယ်ဆိုရင် ဂိုဏ်းချုပ်ကတောင် ငါတို့နှစ်ယောက်လုယက်မှာကို တားဆီးနိုင်မှာမဟုတ်ဘူး ။ "
" ငါတို့အရင်ဆုံး ပန်းတိုင်သေးသေးလေး သတ်မှတ်ရမယ်လို့ ငါထင်တယ် ။ ငါတို့ပိုပြီးသန်မာလာအောင် ကောင်းကောင်းကြီးလေ့ကျင့်ကြရမယ် ။ ဒီလိုဆိုရင် လုယက်ရာမှာ ပိုပြီးတော့ အဆင်ပြေလာမှာပေါ့ကွ ။ "
ကုကန်းချိုးသည် ကုချိုး၏ခေါင်းကိုပုတ်ပေးလိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည် ။
" အစ်ကိုကြီးပြောတာမှန်တယ် ။ ဒါပေမယ့် ကျုပ်တို့အရင်ဆုံးသွားပြီး လုယက်ကြရအောင် ။ ပြီးတော့မှပြန်လာပြီး အပြင်းအထန်လ့ကျင့်ကြမယ်လေ ။ " ကုချိုးကခေါင်းညိတ်ကာ စိတ်အားတက်ကြွစွာဖြင့် ပြောဆိုလိုက်သည် ။
" မစိုးရိမ်ပါနဲ့ ။ ဂိုဏ်းချုပ်က ရှေးဟောင်းသားရဲတစ်ကောင်ကို ဖမ်းဆီးလာတယ်လို့ ငါကြားတယ်။ အဲ့ဒီ့သားရဲကိုသွားခေါ်ပြီး ဆိတ်ငြိမ်ခြင်းတောင်တန်းတွေမှာရှိတဲ့ မကောင်းဆိုးဝါးတွေဆီက သွားပြီးလုယက်ကြရအောင်လား ။ ဒီလိုဆိုရင် မကောင်းဘူးလား ။ " ကုကန်းချိုးသည် ဉာဏ်ပညာကြီးမားသောလေသံဖြင့် ပြောဆ်ိုလိုက်လေသည် ။
" အကြံကောင်းပဲ ။ အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲလေ ။ "
" ကောင်းပြီ ။ ဒီအစ်ကိုကြီးနောက်ကိုလိုက်ခဲ့ ။ ခြင်္သေ့ကလေးကို သွားရှာကြရအောင် ။ "
တစ်ချိန်တည်းမှာပဲ ရှောင်းမျိုးနွယ်စု၏အကြီးအကဲ ရှောင်းဝုကွမ်းကို ရှန်ရှန့်ကျုံဂ်ိုဏ်းမှ ထူးခြားသောစွမ်းအားရှင်တစ်ယောက်က ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့်သတင်းသည် ထျန်းလန်အလယ်ပိုင်းဒေသအတွင်း၌ ပျံ့နှံ့သွားခဲ့လေသည် ။
တည်ငြိမ်နေသောကန်ရေပြင်အတွင်းသို့ ကျောက်ခဲတစ်တုံးပစ်သွင်းလိုက်သည့်အလား ထျန်းလန်အလယ်ပ်ိုင်းဒေသကြီးတစ်ခုလုံး လှိုင်းထန်သွားခဲ့ကြရသည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးများအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်း၏မူလဇစ်မြစ်ကို အပြင်းအထန်စုံစမ်းနေကြသည် ။
ထျန်းလန်အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများကလည်း ဆွေးနွေးပြောဆိုနေကြပြီး သူတို့၏အသံများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်လျက်ရှိသည် ။
" ရှောင်းဝူကွမ်းသတ်ဖြတ်ခံလိုက်ရပြီ။ ရှောင်းမိသားစုက ကျိန်းသေပေါက်ထိုင်နေမှာမဟုတ်ဘူး။ ရှန်ရှန့်ကျုံဂိုဏ်းတော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ ။"
" ဒါကပြောဖို့ခက်တယ်ကွ ။ ရှောင်းဝူကွမ်းကိုတောင် ဓားတစ်ချက်နဲ့သတ်ဖြတ်ဖို့ဆိုတာက မလွယ်ကူဘူးလေ ။ "
သူရဲကောင်းမြို့တော် !
သူရဲကောင်းမြို့တော်သည် ထျန်းလန်အလယ်ပိုင်းဒေသရှိ မြို့ကြီးဆယ့်နှစ်မြို့အနက် တစ်မြို့အပါအဝင်ဖြစ်သည် ။ အဆိုပါမြို့မှာ အလွန်အမင်းကြွယ်ဝချမ်းသာပြီး ကျင့်ကြံသူအတော်များများ စုရုံးနေထိုင်ကြလေသည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးများ ထိန်းချုပ်ထားသောမြို့များပြီးလျှင် သူရဲကောင်းမြို့တော်မှာ ဒုတိယအကြီးဆုံးမြို့ကြီးဟုပင် ဆိုနိုင်ပေသည် ။
သူရဲကောင်းမြို့တော်အတွင်း၌ အသစ်ထွက်ပေါ်လာခဲ့သော လင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်းသည် အချိန်အတိုအတွင်း အကြီးအကျယ် ချမ်းသာလာခဲ့သည် ။ ထို့အတွက်ကြောင့် အဆိုပါအဖွဲ့အစည်းကို သူရဲကောင်းမြို့တော်ရှိ အဖွဲ့အစည်းတော်တော်များများက မျက်စိကျလာကြလေသည် ။ သို့ပါသော်လည်း လင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်းက သူရဲကောင်းမြို့တော်အတွင်းရှိ အဓိကအင်အားစုကြီးတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်ဖြစ်ရာ ဘယ်အင်အားစုကမှ သူတို့ကို အလွယ်တကူမထိတွေ့ရဲတော့ပေ ။
လင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ထိပ်ဆုံးအထပ်တွင် ရှန်းဝမ်စန်း ၊ တုကုကျန်း ၊ ယန်ကွမ်းထူ ၊ ကောကျင့် ၊ ချီမိန်ချွေ့ရွှယ် ၊ ယန်ရှီစန်း ၊ ကျူးယုယန်နှင့် လီရော့ဟိုင်တို့ ထိုင်နေကြသည် ။
ဟုတ်ပါပေသည် ။ အနှီလင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်းကို ထျန်းလန်အလယ်ပိုင်းဒေသအတွင်းသို့ ဝမ်ဖုန်းကကြိုတင်၍စေလွှတ်ခဲ့သော ရှန်းဝမ်စန်းတို့အဖွဲ့က တည်ထောင်ခဲ့ခြင်းဖြစ်သည် ။
ယခု ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးခဲ့တာကြောင့် ယခုသူတို့၏ကျင့်ကြံဆင့်မှာ တာအိုသူတော်စင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားခဲ့သည် ။
အဆိုပါတာအိုသူတော်စင် အထွတ်အထိပ်အဆင့်ကျင့်ကြံဆင့်ကိုမှီခို၍ သူတို့သည် သူရဲကောင်းမြို့တော်ရှိ အင်အားစုကြီးတစ်ခုကို မှီခိုဖျက်ဆီးခဲ့လေကာ သူရဲကောင်းမြို့တော်အနီးတစ်ဝိုက်၌ ကျော်ကြားလာခဲ့လေသည် ။
ထိုတိုက်ပွဲအပြီး၌ လင်းယုန်သူတော်စင်ရှစ်ပါးတည်းဟူသော အမည်နာမသည် သူရဲကောင်းမြို့တော်အပါအဝင် ဘေးအနီးဝန်းကျင်မြို့တော်များဆီသို့တောင် ပျံ့နှံ့သွားခဲ့လေသည် ။
" ဂိုဏ်းချုပ်က ထျန်းလန်အလယ်ပိုင်းဒေသကို ရောက်လာခဲ့ပြီ ။ ငါဂိုဏ်းချုပ်ကို သွားရောက်တွေ့ဆုံသင့်သလား ။ " ရှန်းဝမ်စန်းသည် လီရော့ဟိုင်နှင့် အခြားသူများကိုလှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည် ။
" အဲ့ဒီ့လူပြက်တွေကို ခုအချိန်ထိမဖြေရှင်းရသေးဘူး ။ ငါတို့ဘယ်လိုမျက်နှာနဲ့ ဂိုဏ်းချုပ်ကို သွားတော့ရမှာလဲ ။ " လီရော့ဟိုင်သည် ရှန်းဝမ်စန်းကိုလှမ်းကြည့်ကာ မဲမှောင်နေသောမျက်နှာဖြင့် ပြောဆိုလိုက်သည် ။
လီရော့ဟိုင်၏ ပြောစကားများကို ကြားလိုက်ရသည့်အခါ ရှန်းဝမ်စန်းနှင့် အခြားသူများ၏မျက်နှာများကလည်း မဲမှောင်သွားကြသည် ။ သူတို့မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
ဤအချိန်တွင် သူတို့ဟာ ခမ်းနားကြီးကျယ်ပြီး စွမ်းအားကြီးမားပုံပေါ်လေသည် ။ ပြီးတော့ သူတို့ဟာ သူရဲကောင်းမြို့တော်အနီးတစ်ဝိုက်၌ ကျော်ကြားလာခဲ့လေသည် ။ ထို့အတွက်ကြောင့် သူရဲကောင်းမြို့တော်ရှိ အင်အားစုကြီးများက သူတို့ကို အလွယ်တကူ မတိုက်ခိုက်ရဲကြပေ ။
လင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်းကို အချိန်တိုအတွင်း တည်ထောင်ခဲ့သည်မှာမှန်သော်လည်း ရှန်းဝမ်စန်း၏ နတ်ဘုရားကဲ့သို့သောစီးပွါးရေးပညာရပ်များကြောင့် ကြောက်မက်ဖွယ်ကောင်းသည့်အတိုင်းအတာထိတိုင်အောင် ကြွယ်ဝချမ်းသာလာခဲ့လေသည် ။ လင်းယုန်ကုန်သွယ်ရေးအဖွဲ့အစည်း၏ များပြားသောကြွယ်ဝမှုကြောင့် အချို့သောလောဘတက်သူများသည် ကုန်သွယ်ရေးအဖွဲ့အစည်းကို တိုက်ခိုက်ရန်အတွက် အကြောင်းအရင်းများရှာလာကြသည် ။
" အဲ့ဒီ့လူပြက်တွေရဲ့အနောက်မှာ လီမျိုးနွယ်ရှိနေတယ်လေ ။ သူတို့စတင်လှုပ်ရှားတာနဲ့တစ်ပြိုင်နက် လီမျိုးနွယ်က သန်မာတဲ့သူတွေလည်းရောက်လာလိမ့်မယ် ။ ငါတို့ စောင့်ဆိုင်းရုံပဲစောင့်ဆိုင်းနေမယ်ဆိုရင် လီမျိုးနွယ်ရဲ့ စွမ်းအားရှင်တွေကို မတားဆီးနိုင်မှာကို စိုးရိမ်မိတယ် ။ "
ကောကျင့်က စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောဆိုလိုက်သည် ။ သူတို့၏ခွန်အားကို ထုတ်ဖော်ပြသပြီးပြီဖြစ်သည် ။ ထိုအင်အားစုကြီးများက လီမျိုးနွယ်၏စွမ်းအားရှင်များကိုဖိတ်ခေါ်သည့်အခါ ဒဏ္ဍာရီနယ်ပယ်အဆင့် စွမ်းအားရှင်များကိုသာ ရွေးချယ်ဖိတ်ခေါ်တော့မည်ဖြစ်သည် ။
" တကယ်တော့ ဒီအကြောင်းကို စိုးရိမ်နေဖို့မလိုပါဘူးကွာ ။ ဂိုဏ်းချုပ်ရောက်လာပြီဆိုတော့ သူ့အနေနဲ့ ထိုင်ကြည့်နေမှာမဟုတ်ပါဘူး ။ ငါတို့စိုးရိမ်ရမှာက လီမျိုးနွယ်နဲ့ အဲ့ဒီ့အင်အားစုကြီးတွေ ဂိုဏ်းချုပ်ရဲ့အနိုင်ကျင့်ခြင်းကို ဘယ်လိုခံရမလဲဆိုတာပဲ ။ " ကျူးယုယန်သည် ဆွဲဆောင်မှုရှိစွာပြုံးလျက် ပြောဆိုလိုက်သည် ။
သူတို့ဟာ ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စုနှင့် ရင်ဆိုင်နေရသော်လည်း ကျူးယုယန်သည် ပြိုင်ဘက်ကင်းယုံကြည်မှုများ ရှိနေဆဲပင် ။ ဒီလိုရှေးဟောင်းမျိုးနွယ်စုလေးတစ်စုက သူတို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ။
ကျူးယုယန်၏စကားများဆုံးသွားသည့်အခါ လီရော့ဟိုင်နှင့်အခြားသူများကလည်း ရယ်မောမိလိုက်ကြသည် ။
" ဝမ်စန်း ၊ ဒီအချိန်အတောအတွင်းမှာ မင်းဒီကိစ္စအကြောင်းကို စိုးရိမ်နေဖို့မလိုသေးပါဘူး ။ ပိုပြီးချမ်းသာကြွယ်ဝလာအောင်သာ မင်းဘာသာ အကောင်းဆုံးကြိုးစားလိုက်စမ်းပါ ။ အခုဂိုဏ်းချုပ်က ရှန်ရှန့်ကျုံဂိုဏ်းကို ထျန်းလန်အလယ်ပိုင်းဒေသဆီ ခေါ်ဆောင်လာခဲ့ပြီဆိုတော့ ဂိုဏ်းသားတွေကိုလေ့ကျင့်သင်ကြားပေးဖို့ သူငွေကြေးတွေအများကြီးလိုအပ်မှာပဲ ။ "
ကော့ကျင့်သည် ရှန်းဝမ်စန်းကိုကြည့်ကာ ပြောဆိုလိုက်သည် ။
" ဒီသတင်းကို ရပြီးကတည်းက စည်းစိမ်ချမ်းသာတွေပိုမိုတိုးပွါးအောင် လုပ်ဆောင်ဖို့အတွက် ငါ့လက်အောက်ငယ်သားတွေကို အမိန့်ပေးပြီးသားကွ ။ ဂိုဏ်းချုပ်ကတကယ်ပဲ ဂိုဏ်းချုပ်ဖြစ်ဖို့ထိုက်တန်ပါတယ်လေ ။ သူရှောင်းမျိုးနွယ်စုရဲ့အကြီးအကဲကိုတောင် ချက်ချင်းသတ်ဖြတ်ပစ်ခဲ့တာကွ ။ " ရှန်းဝမ်စန်းသည်ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလျက် ပြောဆိုလိုက်သည် ။
" ရန်သူတွေအတွက်တော့ ဂိုဏ်းချုပ်က အရမ်းကိုအန္တရာယ်ကြီးတဲ့သူပဲ ။ သူ့ကို သွားထိမိရင် မင်းတို့သေရလိမ့်မယ် ။ ဂိုဏ်းချုပ်ကို အာခံရဲရင် ကျိန်းသေပေါက်ကို အသက်ဆုံးရှုံးရမှာပဲ ။ " လီရော့ဟိုင်သည် သူ၏မျက်ဝန်းများကိုကျဉ်းမြောင်းလိုက်ပြီး တိုးညှင်းစွာပြောဆိုလိုက်သည် ။
" ငါတို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို အာခံရဲရင်တော့ သေခြင်းကမလွဲမရှောင်သာပဲပေါ့ ။ ကွာခြားချက်ကတော့ ဂိုဏ်းချုပ်က သူတို့ကို ဘယ်လိုနည်းနဲ့ သတ်မလဲဆိုတာပဲ ။ " လီရော့ဟိုင်၏အခြားသူများ တစ်ယောက်တစ်ပေါက်ပြောဆိုနေသည့်အခါ တုကုကျန်းကလည်း နောက်ကောက်ကျ မနေပဲ ဝင်ရောက်ပြောဆိုလိုက်လေသည် ။