။ ဓားတစ်လက်ဖြင့် ပြိုင်ဘက်ကင်းသူ။
Vol. 19 Ch. 266
ဝမ်ဖုန်းတို့ကို ယဲ့တောက်ရွှမ်၏လက်ဖဝါးကြီးက ဖိချေပစ်တော့မည့်ဖြစ်စဉ်ကို စောင့်ကြည့်နေခဲ့သော ရှောင်းယွင်၏မျက်နှာသည် ဤအချိန်တွင် ပြောင်းလဲသွားခဲ့သည် ။ သူ၏မျက်လုံးများမှာ ပြူးကျယ်နေလေသည် ။
ဤကဲ့သို့သော ထိတ်လန့်ဖွယ်တိုက်ကွက်ကို တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်က ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းကို သူ မယုံကြည်နိုင်သေးပေ။
ယဲ့တောက်ရွှမ်ဟာ စုန့်ချယ်၏ဓားချက်ကြောင့် ထိတ်လန့်မိသွားသော်လည်း တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည့်အလျောက် သိပ်မကြာခင်မှာပဲ စိတ်ပြန်လည်တည်ငြိမ်သွားသည် ။ သူဟာ ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်များကို ရုတ်တရက် နှိုးဆွလိုက်လေသည် ။
ဘုန်း !
ယဲ့တောက်ရွှမ်၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာခဲ့သည် ။ ကြယ်တစ်ပွင့်တာအိုနတ်ဘုရားတစ်ပါး၏စွမ်းအားများသည် အလွန်အင်မတန်မှ ပြင်းထန်လှပေသည် ။ သူ၏လက်များဟာ အဆက်မပြတ်လှုပ်ရှားနေပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်ကြားမှ ဆန်းကြယ်သောချီစွမ်းအားများသည် သူ့ပတ်ပတ်လည်သို့ အရူးအမူးပြေးဝင်လာကြသည် ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တလက်လက် တောက်ပနေတော့သည် ။
မရေမတွက်နိုင်သော တာအိုနိယာမများလည်း ဖြစ်ပေါ်လာလေသည် ။ သူ၏ဦးခေါင်းခွံထက်၌ ကြီးမားသောမုန်တိုင်းကြီးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာလေသည် ။ အဆိုပါမုန်တိုင်းကြီးထံမှ ခြောက်ခြားဖွယ်ရာ စွမ်းအားအရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လာလျက်ရှိသည် ။
စုန့်ချယ်၏ဓားချက် တဖြည်းဖြည်းပြေးဝင်လာသည့်အခါ ယဲ့တောက်ရွှမ်ကလည်း တုံဆိုင်းနေခြင်းမရှိပဲ သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်လေသည် ။ သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများမှာ လက်ဖဝါးနှစ်ဖက်အတွင်းသို့ အရူးအမူးစီးဆင်းသွားကြသည် ။ သူ့ထံမှပျံ့လွင့်လာသော ပြင်းထန်သောချီစွမ်းအင်များသည် ပတ်ဝန်းကျင်ရှိလေထုကို တစစီဖြစ်သွားစေခဲ့သည် ။ သူ၏လက်ဖဝါးထက်မှ အလင်းတန်းများ ထွက်ပေါ်လာလေသည် ။
ယဲ့တောက်ရွှမ်ဟာ လက်ဖဝါးနှစ်ဖက်ကိုပူးကပ်လျက် စုန့်ချယ်၏ဓားချက်ကို လက်နှစ်ဖက်နှင့်မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည် ။ ယဲ့တောက်ရွှမ်သည် စွမ်းအားအကုန်သုံး၍ ဓားချက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ဖိညှပ်ထားသော်လည်း ပြင်းထန်သည့်ဓားစွမ်းအင်များကြောင့် သူ၏လက်ဟာ ပြတ်တောက်သွားခဲ့ပြီး ကြက်သွေးရောင်သွေးများ ထွက်ပေါ်လာခဲ့လေသည် ။
တောက် !
ယဲ့တောက်ရွှမ်၏မျက်လုံးများသည် နီရဲလာခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သံနှင့်အတူ သူ၏လက်ဖဝါးလက်ဖဝါးနှစ်ဖက်က စုန့်ချယ်၏ ကြောက်လန့်ဖွယ်ဓားစွမ်းအင်ကြီးကို ချေမွပစ်လိုက်သည် ။
ဤအချိန်တွင် ယဲ့တောက်ရွှမ်ကဲ့သို့ သန်မာသောလူတစ်ယောက်ထံ၌ပင် ချွေးအေးများထွက်လာခဲ့ပြီဖြစ်သည် ။ သူသာ အချိန်မှီမတုံ့ပြန်နိုင်လိုက်ပါက ဤဓားချက်၏အောက်တွင် သေရင်သေ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရရှိသွားမှာပဲဖြစ်သည် ။
ကံကောင်းထောက်မစွာဖြင့် သူဟာ အချိန်မှီတုံ့ပြန်နိုင်ခဲ့သည် ။
သို့ပါသော်လည်း ယဲ့တောက်ရွှမ်၏မျက်နှာထက်၌ ရှက်ရွံမှုအရိပ်အယောင်များ ရှိနေခဲ့သည် ။ ထျန်းလန်အလယ်ပိုင်းဒေသတွင် အထွတ်အထိပ်တည်ရှိမှုဖြစ်သောသူ့ကို တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်က အရှက်ရစေလိုက်တာလား ။ ဒါ့အပြင် ထိုကဲ့သို့သောအဖြစ်အပျက်မှာ လူမြင်ကွင်းမှာဖြစ်ပျက်သွားခြင်းဖြစ်သည် ။ ဤသတင်းသာပျံ့နှံ့သွားပါက သူအဘယ်သို့သောမျက်နှာဖြင့် ဆက်လက်ရှင်ရပါမည်နည်း ။
ဤအကြောင်းတွေးတောမိသွားသည့်အခါ ယဲ့တောက်ရွှမ်သည် အရမ်းကိုဒေါသထွက်လာခဲ့သည် ။ သူဟာ စုန့်ချယ်ကို အေးတိအေးစက်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်မိသည် ။ သူကနှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ခဲ့သည် ။ ဒါက သူ့တွင် ဒေါသမရှိဟုဆိုလိုခြင်းမဟုတ်ပါပေ ။
ခုနက စုန့်ချယ်၏ ဓားချက်မှာ သူ့ကိုအမှန်တကယ်ပဲထိတ်လန့်သွားစေခဲ့သည် ။ ဒါပေမယ့် တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်က ဒီလိုဓားချက်မျိုး ဘယ်နှစ်ချက်လောက် ထုတ်လွှတ်နိုင်မှာမို့လို့လဲ ။ ဒီဓားချက်ကတောင် ထိုသူ၏ အကန့်အသတ်ဖြစ်နေမှာကို စိုးရိမ်ရသည် ။
ထို့အတွက်ကြောင့် ယဲ့တောက်ရွှမ်သည် နောက်ဆုတ်ရမည့်အစား ရှေ့ကိုသာပ်ိုမိုတိုးကပ်သွားခဲ့သည် ။ သူ၏အိုမင်းသောခန္ဓာကိုယ်ပေါ်တွင် တာအိုသင်္ကေတများ ဖြစ်ပေါ်လာခဲ့သည် ။ မျက်စိကျိန်းလောက်သောအလင်းရောင်တစ်ခု သူ၏ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့သည် ။ သူဟာရုတ်ချည်းဆိုသလို စုန့်ချယ်၏ရှေ့သို့ရောက်ရှိသွားပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည် ။
ဘုန်း !
ဤလက်သီးချက်ကြောင့် စုန့်ချယ်၏ရှေ့ဘက်ရှိလေထုမှာ အက်ကွဲသွားခဲ့ရသည် ။ ပြင်းထန်သောလေအဟုန်က စုန့်ချယ်၏အနက်ရောင်ဆံနွယ်များကို လေထဲ၌ဝဲလွင့်နေစေခဲ့သည် ။
ကောင်းကင်ဘုံဓားချက် ! ကောင်းကင်ဘုံသည် မဟာတာအိုဖြစ်၍ မဟာတာအိုက ကောင်းကင်ဘုံဖြစ်လေသည် ။
ဤအချိန်တွင် စုန့်ချယ်ကလည်း လှုပ်ရှားလိုက်သည် ။ သူ၏ပုံရိပ်သည် လေအဟုန်စီးနေသော အင်မော်တယ်တစ်ပါးကဲ့သို့ တိမ်စိုင်တစ်ခုအလား မျောလွင့်နေလေသည် ။ သူဟာ အလွန်ကိုချောမွေ့စွာဖြင့် လှုပ်ရှားတိမ်းရှောင်လိုက်သည် ။
ဓားချက်တစ်ချက်ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာကို ပျံ့နှံ့သွားခဲ့သည် ။ ယဲ့တောက်ရွှမ်၏လက်သီးချက်သည် အဆိုပါဓားချက်၏ တိုက်ရိုက်ချေမွခြင်းကို ခံလိုက်ရသည် ။
ကောင်းကင်ဘုံဓားချက်ကိုးချက်သည် စုန့်ချယ်၏ ပြိုင်ဘက်ကင်းဓားကွက်ပဲဖြစ်သည် ။ ၎င်းတွင်ဓားချက်ကိုးချက်ပါဝင်ပြီး ရိုးရှင်းကာ ပြင်းထန်လှသည် ။ အဆိုပါဓားချက်များကိုကိုင်တွယ်နိုင်ပါက အသက်ရှင်သန်နိုင်မှာဖြစ်ပြီး မခုခံနိုင်ပါက အသက်သေဆုံးရမှာပဲဖြစ်သည် ။
တတိယယောက်မြောက်ဓားချက် သက်ဆင်းလာလေသည် ။ ယဲ့တောက်ရွှမ်၏အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး သူဟာ သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို နှိုးဆွလိုက်လျက် လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်ကာ ရင်ဘက်ကိုခုခံကာကွယ်လိုက်သည် ။ ဓားချက်သက်ဆင်းလာသည့်အခါ ဓားချက်၏ပြင်းအားကြောင့် ယဲ့တောက်ရွှမ်သည် အနောက်ဘက်ကို လွင့်စင်ထွက်သွားလေသည် ။
ဖစ် ! ( သွေးအန်သံ )
ယဲ့တောက်ရွှမ်သည် ပါးစပ်အပြည့် သွေးတစ်လုပ်ကိုအန်ထုတ်လိုက်ရသည် ။ သူ၏မျက်နှာမှာ အရှက်ရမှုကြောင့် နီမြန်းနေလေသည် ။ သူဟာ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဒေါသထွက်နေပြီဖြစ်သည် ။
သူ့လို ကြယ်တစ်ပွင့်တာအိုနတ်ဘုရားတစ်ပါးက တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့် လူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံနေရလိမ့်မယ်လို့ ယဲ့တောက်ရွှမ်တစ်ယောက် တွေးထင်ထားခြင်းမရှိခဲ့ပါပေ။
သို့သော် စုန့်ချယ်က အခွင့်အရေးမပေးခဲ့ပေ ။ စတုတ္ထမြောက်ဓားချက်သည် သက်ဆင်းလာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားစွမ်းအင်များ သက်ဆင်းလာခဲ့သည် ။ အဆိုပါဓားချက် အပြည့်အဝထွက်ပေါ်မလာသေးခင်ကတောင် ပတ်ဝန်းကျင်အတွင်းရှိလေထုဟာ ချက်ချင်းကို အက်ကွဲသွားခဲ့ရသည် ။
အနှီဓားချက်သည် ယဲ့တောက်ရွှမ်ကို အကျပ်ရိုက်စေခဲ့သည် ။ ဤသည်မှာ သူကြယ်တစ်ပွင့်တာအိုနတ်ဘုရားတစ်ပါး ဖြစ်လာပြီးကတည်းက သေမင်းရဲ့ရနံ့နှင့်ရင်ဆိုင်တွေ့ကြုံလိုက်ရခြင်းဖြစ်သည် ။
သို့ပါသော်လည်း သူဟာ ရှောင်းယွင်ကိုလှည့်၍အကူအညီမတောင်းခဲ့သလို အရှုံးလည်းမပေးခဲ့ပါချေ ။
တာအိုနတ်ဘုရားအဆင့် တည်ရှိမှုဖြစ်လျက်နှင့် တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်နှင့်ရင်ဆိုင်ရာ၌ အခြားတစ်ယောက်၏အကူအညီကိုရယူနေရပါက သူ၏ဂုဏ်သိက္ခာများ မြောင်းထဲမျောပါသွားပေရော့မည် ။
ယဲ့တောက်ရွှမ်၏မျက်လုံးများအတွင်း၌ အဆုံးအစမဲ့ဒေါသများဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်၌ ကြက်သွေးရောင်အရှိန်အဝါများ ထွက်ပေါ်လာခဲ့လေသည် ။ သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်များမှာ ပွက်ပွက်ဆူလာခဲ့သည် ။ နီဆွေးသောအရောင်အဆင်းရှိသော အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကာသွားခဲ့လေသည် ။ တစ်ချိန်တည်းမှာပဲ ဆန်းကြယ်သောတာအိုသင်္ကေတများသည် သူ့ပတ်ဝန်းကျင်၌ ကခုန်နေလေသည် ။
တစ်ခဏအကြာတွင် သွေးနီရောင်တောက်ပနေသော ချပ်ဝတ်တန်ဆာတစ်ခုသည် ယဲ့တောက်ရွှမ်၏ခန္ဓာကိုယ်ထက်၌ ဖြစ်ပေါ်လာခဲ့သည် ။ ၎င်းဟာ သွေးများဖြင့်ဖွဲ့စည်းထားသည့်အလား ဆွေးဆွေးနီနေခဲ့သည် ။ အကြည့်တစ်ချက်ဖြင့်ပင် လူအများသည် ငရဲမှတက်ဆင်းလာသော နတ်ဆိုးတစ်ကောင်ကိုတွေ့မြင်လိုက်ရသည့်အလား ခံစားလိုက်ကြရလေသည် ။
သွေးလွှမ်းသောတာအိုချပ်ဝတ်တန်ဆာ !
ဤသည်မှာ အပျက်အစီးလွင်ပြင်တစ်ခုမှ ယဲ့တောက်ရွှမ်ရရှိထားသော မှော်စွမ်းအားတစ်ခုဖြစ်သည် ။ ၎င်းမှာသူ၏ဝှက်ဖဲတစ်ခုဖြစ်ပြီး သူဟာတာအိုနတ်ဘုရားတစ်ပါးဖြစ်လာပြီးကတည်းက ၎င်းစွမ်းအားကို အသုံးပြုခြင်းမရှိတော့ပေ ။
သို့ပါသော်လည်း ထိုစွမ်းအားကိုအသုံးပြုလိုက်ပြီးသည့်နောက်တွင် ယဲ့တောက်ရွှမ်၏ခန္ဓာကိုယ်မှာ ပိုပိုပိန်ပါးလာကာ တဖြည်းဖြည်းပိန်လှီခြောက်ကပ်လာခဲ့သည် ။
ယဲ့တောက်ရွှမ်၏မျက်လုံးများအတွင်း၌ သွေးနီရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာလေသည် ။ သူဟာ ဒေါသထွက်နေသော သားရဲတစ်ကောင်လိုမျိုး စုန့်ချယ်ရှိရာကို ပြေးဝင်သွားခဲ့သည် ။ ကြောက်လန့်ဖွယ်ဖိအားကြီးသည် အရာအားလုံးကို ချေမွဖျက်ဆီးသွားခဲ့လေသည် ။
ထိတ်လန့်ဖွယ်ဖိအားကြီးနှင့်ရင်ဆိုင်လိုက်ရသည့်အခါ စုန့်ချယ်၏မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့သော်လည်း သူ၏အမူအယာက တည်ငြိမ်နေသေးဆဲပင် ။ သူဟာ လက်ထဲရှိဓားကို မြင့်မြင့်မြှောက်လိုက်ပြီး ပဉ္စမမြောက်ဓားချက်ကို ထုတ်ဖော်လိုက်သည် ။
သို့ပါသော်လည်း ဝှက်ဖဲကိုထုတ်ဖော်ပြသပြီးသော ယဲ့တောက်ရွှမ်နှင့်ရင်ဆိုင်လိုက်ရသည့်အခါ ၎င်းဓားချက်မှာ အဆင့်မမှီတော့ပေ ။ ယဲ့တောက်ရွှမ်က ထိုဓားချက်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးခဲ့လေသည်။
ဤအချိန်တွင် ယဲ့တောက်ရွှမ်သည် တာအိုနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထုတ်ဖော်ပြသလိုက်လေသည် ။
စုန့်ချယ်၏ဓားချက်ကို ဖျက်ဆီးလိုက်ပြီးသည့်နောက်တွင် ယဲ့တောက်ရွှမ်က တုံ့ဆိုင်းမနေပဲ နောက်ထပ်လက်သီးတစ်ချက်ကို ထုတ်ဖော်ပြသလိုက်လေသည် ။ အဆိုပါလက်သီးချက်ဟာ စုန့်ချယ်၏အရေပြားများကိုတောင် စုတ်ပြဲသွားစေခဲ့သည် ။
စုန့်ချယ်ကလည်း ဆဌမမြောက်ဓားချက်ကို တုံ့ဆိုင်းခြင်းမရှိပဲ ထုတ်ဖော်လိုက်ရသည် ။
ဘုန်း !
ဆဌမမြောက်ဓားချက်နှင့် လက်သီးချက်တို့ ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ယင်သွားခဲ့ပြီး မိုးခြိမ်းသံကဲ့သို့သောပေါက်ကွဲမှုကြီးသည် အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားလေသည် ။ ကြောက်လန့်ဖွယ်စွမ်းအားလှိုင်းကြီးသည် အရပ်မျက်နှာအသီးသီးကို ဖုံးလွှမ်းသွားခဲ့သည် ။ စုန့်ချယ်သည်ဘအနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ခွာသွားရလေသည် ။
ထိတ်လန့်ဖွယ်လက်သီးချက်က စုန့်ချယ်၏အသားအရေများကို စုတ်ပြတ်သွားစေခဲ့ပြီး ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာစေခဲ့သည် ။
စုန့်ချယ်က အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်သည် ။ သူဟာ သတ္တမမြောက်ဓားချက်ကို ထုတ်ဖော်ရမည့်အစား နဝမမြောက်ဓားချက်ကို တိုက်ရိုက်ထုတ်ဖော်လိုက်လေသည် ။ စုန့်ချယ်သည် ကောင်းကင်ဘုံဓားချက်ကိုးချက်အနက် နောက်ဆုံးဓားချက်ဖြစ်သည့် နဝမမြောက်ဓားချက်ကို တစ်ခါမှထုတ်ဖော်အသုံးပြုခြင်းမရှိခဲ့ပါပေ ။
သူ၏လက်စတင်လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိလေထုဟာ အဆက်မပြတ်တုန်ယင်လာခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့သောအက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည် ။ စုန့်ချယ်သည် သူ၏ကောင်းကင်ဘုံဆေဘာဓားကို ပင့်မြောက်လိုက်ပြီး အေးစက်သောမျက်ဝန်းများနှင့်အတူ ခုတ်ပိုင်းလိုက်လေသည် ။
ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဓားသဘောတရားများသည် အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားလေသည် ။ အဆိုပါဓားစွမ်းအင်များသည် ပတ်ဝန်းကျင်လေထုကို ဓားထက်ထက်တစ်ချောင်းက ဝါးပင်များကိုဖြတ်တောက်လိုက်သလိုမျိုး ပိုင်းဖြတ်လိုက်လေသည် ။ ယဲ့တောက်ရွှမ်၏ သွေးလွှမ်းသောတာအိုချပ်ဝတ်တန်ဆာကလည်း တိုက်ရိုက်ကို ကြေမွပျက်စီးသွားရပြီး သူဟာ အဝေးတစ်နေရာကို လွင့်စင်ထွက်သွားခဲ့သည် ။ ယဲ့တောက်ရွှမ်ပြန်လည်ကျဆင်းရာနေရာ၌ မြေပြင်တွင်ကြီးမားသောတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည် ။
သို့ပါသော်လည်း စုန့်ချယ်၏နဝမမြောက်ဓားချက်နှင့် ရင်ဆိုင်လိုက်ရတာတောင် ယဲ့တောက်ရွှမ်ကတော့ သေဆုံးသွားခဲ့ခြင်းမရှိပေ ။ သူ၏ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်မှာ အံ့အားသင့်ဖွယ်ပင်ဖြစ်သည် ။ သူဟာ ဓားချက်၏အဆုံး၌ တွင်းနက်ကြီးထဲပြုတ်ကျသွားပြီး ဒဏ်ရာများရရှိသွားသော်လည်း တွင်းထဲမှတွယ်တက်လာခဲ့ပြီး စုန့်ချယ်ကို ဆက်လက်တိုက်ခိုက်လိုနေဆဲပင် ။ သူဟာ တာအိုနတ်ဘုရားတစ်ပါး၏ဂုဏ်သိက္ခာကို ကာကွယ်လိုခဲ့ပေသည် ။
စုန့်ချယ်ဟာလည်း မသက်သာလှပေ ။ သူ၏ခန္ဓာကိုယ်၌ ချွေးအေးများထွက်နေပြီး နှုတ်ခမ်းထောင့်၌လည်း သွေးစီးကြောင်းတစ်ခု ရှိနေခဲ့သည် ။ ကောင်းကင်ဘုံဓားကိုကိုင်ဆောင်ဓားသော သူ၏လက်ကလည်း တဆတ်ဆတ်တုန်ယင်နေခဲ့သည် ။ သို့ပါသော်လည်း စုန့်ချယ်၏ဖြောင့်တန်းနေသောခါးမှာ ကွေးညွှတ်သွားခြင်းအလျဉ်းမရှိခဲ့ပေ ။ သူဟာ လေထုအလယ်၌ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ထောင်မတ်စွာ မတ်တပ်ရပ်နေဆဲပင် ။
အဆိုပါမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် တိုးညှင်းစွာ မှတ်ချက်ချလိုက်မိသည် ။ " ကောင်းကင်ဘုံဓားက ကြီးမြတ်ပြီး စုန့်ချယ်ကအဲ့ဒီ့ဓားကို ထိန်းချုပ်နိုင်တယ် ။ ဆေဘာဓားတစ်လက်နဲ့ အကြင်သူက ပြိုင်ဘက်ကင်းပါပေတယ် ။ "