← Chapters

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(ဂ)

Vol. 58 Ch. 894

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(ဂ)

Vol. 58 Ch. 894

“ သွားကြစို့… အခုချိန် ငါတို့သွားရမယ့်နေရာက အဲ့ဒီနေရာမဟုတ်ဘူး ”

ဝတ်စုံနီအမျိုးသမီးသည် ရေကန်ကို ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ စိတ်ခံစားမှုတချို့ဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ဘေးသို့ လှည့်လိုက်ပြီး ရေခဲလှိုင်ဂူ၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။

ရွှီချင်းသည် တစ်ဖက်လူ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သတိပြုမိသည်။ သို့ဖြစ်၍ သူက ထပ်မမေးတော့ပေ။

သူက ဝတ်စုံနီအမျိုးသမီးနောက်သို့ လိုက်သွားပြီး လှိုင်ဂူ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်။

သို့သော်လည်း ရေကန်ထဲမှ သက်တံ့ရောင်လက်တံများက မြန်ဆန်စွာ ဆွဲချသွားပြီး ခေါင်းတလားများက အများအပြားရှိနေခြင်းကြောင့်လည်းကောင်း ထို့ပြင် သူ၏ အမြင်နှင့် စိတ်အာရုံက အတိုင်းအတာတစ်ခုထိ သီးခြားတည်ရှိနေခြင်းကြောင့်လည်းကောင်း ရွှီချင်းသည် ထိုခေါင်းတလားများထဲမှ တစ်ခုတွင် သူနှင့်ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက လဲလျောင်းနေကြောင်း သတိမပြုမိခဲ့ပေ။

ဤအခိုက်အတန့်မှာ ရေကန်အောက်၌ ရာပေါင်းများစွာရှိသော ခေါင်းတလားများအနက် အလောင်းတစ်လောင်းသည် ရုတ်တရက် လှုပ်ရှားလာသည်။ ၎င်း၏ မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်လာပြီး ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

အပြင်ဘက်တွင် ရေကန်ရှိကြောင်း သတိပြုမိသွားသောအခါ ထိုလူသည် မောက်မာထောင်လွှားသော အမူအရာကို ထုတ်ဖော်လာသည်။ ထို့နောက် သူက ခေါင်းတလားကို ဆွဲချနေသော သက်တံ့ရောင်လက်တံများကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ မောက်မာထောင်လွှားသော အမူအရာက ပိုပြီးထင်ရှားလာသည်။

“ မြေအောက်မျိုးနွယ်စုလေး… ငါသာဆန္ဒရှိရင် ဘယ်နေရာကိုမဆို သွားနိုင်တယ်ကွ ”

“ ဒီမျိုးနွယ်စုရဲ့ ကမ္ဘာငယ်လေးထဲ ဝင်ရောက်ပြီးသွားရင် ငါ့အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်တော့မယ် ”

“ ချင်းလေး အခုနေ ဘာများလုပ်နေမလဲ ငါသိချင်လိုက်တာ… သူ့ရဲ့စွန့်စားခရီးက ငါ့လောက် စိတ်လှုပ်ရှားစရာမကောင်းဘူးလို့ ထင်တယ်… သူက ငါ့ကို အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ စောင့်နေလောက်တယ်… ”

ထိုအလောင်းသည် ခေါင်းဆောင်မှလွဲ၍ တခြားလူမဟုတ်ပေ။

“ ချင်းလေး… မင်းရဲ့စီနီယာအကိုကြီးက တမင်နောက်ကျနေတာ မဟုတ်ပါဘူး… ငါ့မှာ တခြားရွေးချယ်စရာမရှိတော့လို့ပါ… ငါတို့ဆောင်ရွက်မယ့် ကိစ္စကြီးအတွက် မင်းနည်းနည်းထပ်ပြီး စောင့်ရလိမ့်မယ်… မင်းကို ငါ့စကားအတိုင်း လိုက်နာဖို့ ဘယ်သူက ပြောလို့လဲ ”

ခေါင်းဆောင်သည် ဘဝင်မြင့်သွားသည်။ ထိုစဉ် ခေါင်းတလားက လှုပ်ခါလာသည့်အခါ သူက အမြန်မျက်လုံးပိတ်လိုက်ပြီး လူသေကောင်အဖြစ် ဆက်လက် ဟန်ဆောင်နေလိုက်သည်။

တစ်ချိန်တည်းမှာ ရေကန်နှင့် အတန်ငယ် ဝေးကွာသော ရေခဲမြစ်အောက်တွင် ဝတ်စုံနီအမျိုးသမီး၏ အလျင်သည် ပိုပိုပြီး မြန်ဆန်လာသည်။ နောက်ဆုံးမှာတော့ သူက လက်ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းကို သူနှင့်အတူ ခေါ်ဆောင်သွားသည်။

သူတို့၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။ ဆယ့်လေးနာရီခန့်ကြာပြီးနောက် သူက ရွှီချင်းကို ရေခဲမြစ်၏ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာတွင် အေးစက်စက်အရှိန်အဝါသည် အလွန်အမင်း သိပ်သည်းပြီး အနီရောင်လ၏ အချုပ်အနှောင်စွမ်းအင်လှိုင်းများကိုပင် ထုတ်လွှတ်နေလေသည်။

ထိုအချုပ်အနှောင်အားလှိုင်းများကို အာရုံခံမိသွားသောအခါ ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူတို့၏ ဦးတည်ရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။

မကြာမီ ဝတ်စုံနီအမျိုးသမီးသည် အရှိန်သတ်လိုက်ပြီး ရေခဲအလွှာတစ်ခုပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး အောက်ဘက်သို့ ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဝမ်းနည်းသော အမူအရာက ထွက်ပေါ်လာသည်။

သူ၏ ဝမ်းနည်းပူဆွေးသော စိတ်ခံစားမှုက အလွန်ပြင်းထန်လေရာ ဘေးပတ်ဝန်းကျင်သည်ပင် သက်ရောက်ခံလိုက်ရသည်။ ငိုကြွေးသံများသည် သူတို့၏ ဘေးပတ်ဝန်းကျင်တွင် တိုးညင်းစွာ ပဲ့တင်ထပ်လာသည်။

ယခင်က တစ်ဖက်လူပြောခဲ့ဖူးသော ရည်ရွယ်ချက်ကို ပြန်အမှတ်ရသွားသောအခါ ရွှီချင်း၏ အမူအရာသည် တည်ကြည်လာသည်။ သို့ဖြစ်၍ သူက ဝတ်စုံနီအမျိုးသမီး၏ အကြည့်နောက်သို့လိုက်၍ သူ၏ ခြေဖဝါးအောက်မှ ရေခဲပြင်ကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူ၏ နှလုံးသည် အေးခဲသွားသည်။

ထိုနေရာသည် မည်းမှောင်နေသည်။ ယင်းက ရေခဲမြစ်၏ အတွင်းပိုင်းထဲထက်ပင် ပို၍မှောင်သည်။ သို့ဖြစ်၍ ရွှီချင်းမြင်လိုက်ရသည်မှာ အမှောင်ထုချည်းသာ ဖြစ်သည်။ သို့သော်လည်း သူ၏ ခြေထောက်အောက်တွင် ဧရာမတည်ရှိမှုကြီးတစ်ခုရှိကြောင်း ဝိုးတိုးဝါးတား သူအာရုံခံမိသည်။

“ မင်းမြင်ချင်လား ”

အချိန်အတော်ကြာပြီးနောက် ဝတ်စုံနီအမျိုးသမီးသည် နူးညံ့စွာ ပြောသည်။ ယင်းက မေးခွန်းတစ်ခုဖြစ်သည်မှာ ရှင်းလင်း၏။ သို့သော်လည်း သူက ရွှီချင်းကို ဖြေဆိုခွင့်မပြုပေ။ သူက လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ပိုးစုန်းကြူးများသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ပိုးစုန်းကြူးတစ်ကောင်ထံမှ အလင်းရောင်သည် မှေးမှိန်သော်လည်း ၎င်းတို့၏ များပြားလှသော အရေအတွက်ကြောင့် ဘေးပတ်ဝန်းကျင်သည် အလင်းရောင်ဖြင့် လင်းထိန်လာသည်။

အလင်းရောင်က ပျံ့နှံ့သွားသောအခါ ရွှီချင်းသည် ရေခဲမြစ်အောက်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။ ယင်းက သူ့ကို အံ့အားသင့်သွားစေသည်။

ရေခဲမြစ်အောက်တွင် အလောင်းတစ်လောင်းရှိသည်။

ထိုအလောင်းသည် ပေတစ်သိန်းရှည်လျားပြီး နီညိုရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

၎င်းက သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါသည် ရွှီချင်း၏ အသိစိတ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ဒေါသတကြီး မာန်ဖီဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူသည် ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အလောင်းကို သေချာဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။

အလောင်းသည် သန်စွမ်းကြံ့ခိုင်ပြီး ချောမောခန့်ညားသော လူငယ်တစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ဓားပမာ ရှည်လျားဖြောင့်တန်းသော မျက်ခုံးမွှေးများကြောင့် သူရဲကောင်းအငွေ့အသက်သည် သူ၏ ဘေးပတ်ပတ်လည်၌ ရစ်သိုင်းတည်ရှိနေ၏။

သို့သော်လည်း အနက်ရောင် ဧရာမသံချောင်းတစ်ချောင်းသည် သူ၏ နဖူးမှတဆင့် ဦးခေါင်းထဲသို့ ထုတ်ချင်းပေါက်နေသည်။ သူ၏ မျက်နှာပေါ်မှ သွေးသည် အေးခဲနေသည်။ ယင်းက သူ၏ မကျေချမ်းသော အမူအရာကို ပိုပြီးထင်ပေါ်စေသည်။

သူ၏ ခန္ဓာကိုယ်သည် ပိုပြီးထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၏။ သူ့ခန္ဓာကိုယ်၏ ထက်ဝက်ကျော်သည် ခြောက်သွေ့နေသည်။ ခြောက်သွေ့မနေသော ဧရိယာများတွင် အသက်ဓာတ်ကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။

ထိုအသက်ဓာတ်ထဲတွင် သေခြင်းစိတ်ဆန္ဒကိန်းဝပ်နေပြီး ရေခဲမြစ်အောက်မှာ ပျံ့နှံ့နေသည်။ ယင်းတို့က အဝေးတစ်နေရာတွင် စုဝေးသွားပြီး အမည်မသိရသော တစ်နေရာဆီသို့ ဦးတည်သွားနေသည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏ စိတ်ထဲမှာ မရေမတွက်နိုင်သော ခန့်မှန်းမှုများကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် သူက ဝမ်းနည်းပူဆွေးနေသော ဝတ်စုံနီအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

“ သူက ငါ့ရဲ့တတိယညီတော်ပါ… သူငယ်ငယ်တုန်းကဆို ငါ့နောက်တကောက်ကောက်လိုက်ရတာကို သဘောကျတယ်… အိမ်ရှေ့စံမင်းသားအနေနဲ့ ငါက တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး ဘုရင်ကို အကူအညီပေးရတယ်… ဒါကြောင့် ငါက အမြဲအလုပ်ရှုပ်တယ်… ဒါပေမဲ့ ငါဘယ်ကိုပဲသွားသွား သူက ငါ့နောက်ကိုလိုက်လေ့ရှိတယ်… တစ်ခါတစ်လေ ငါစိတ်အနှောင့်အယှက်ဖြစ်လာတဲ့အခါ သူ့ကို အနောက်မှာ ချန်ထားခဲ့ပြီး ထွက်သွားတတ်တယ်… အဲ့ဒီအခါ သူက ငိုယိုပြီးတော့ အကိုကြီးလို့ ငါ့ကို လှမ်းအော်ခေါ်တယ် ”

“ သူ့မှာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အကျင့်ရှိပြီး ငါ့ရဲ့နဝမညီတော်နဲ့ မတည့်ဘူး… သူတို့နှစ်ယောက်က မကြာခဏ ရန်ဖြစ်ကြလေ့ရှိတယ်… ”

“ ပြီးတော့ သူတို့နှစ်ယောက် ရန်ဖြစ်တဲ့အခါတိုင်း ငါက နဝမညီတော်ဘက်က ရပ်တည်ပေးလေ့ရှိတယ် ”

ဝတ်စုံနီအမျိုးသမီးသည် နူးညံ့စွာ ပြောသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ဝမ်းနည်းပူဆွေးမှုသည် ပိုပြီးပြင်းထန်လာကြောင်း သူအာရုံခံမိသည်။

“ သူ့နဖူးပေါ်က သံချောင်းက ငါ့ခမည်းတော်ရဲ့ လက်နက်ပါ… ငါ့ရဲ့စတုတ္ထညီတော်က တတိယညီတော်ရဲ့ နဖူးပေါ်မှာ အဲ့ဒါကို ထိုးစိုက်ခဲ့တာပါ ”

“ မင်းသိလား… တကယ်တော့ စတုတ္ထညီတော်က အဲ့ဒါကို ငါ့အပေါ်ထိုးစိုက်ဖို့ ရည်ရွယ်ထားခဲ့တာ… တတိယညီတော်က ငါ့ကိုကာကွယ်ပေးရင်းနဲ့ သေဆုံးသွားခဲ့တာ ”

ဝတ်စုံနီအမျိုးသမီးက ထိုသို့ပြောလိုက်သည့်အခါ ထူးဆန်းသော အပြုံးသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကောင်လေး… မင်းကို ငါ့ရဲ့စတုတ္ထညီတော်နဲ့ မိတ်မဆက်ပေးရသေးဘူးပဲ… သူက နီလာနတ်သမီးရောက်လာတဲ့အခါ ဒီအဖြစ်အပျက်ကို ခုတုံးလုပ်ခဲ့တယ်… အခု သူက အတော်လေး ဂုဏ်သတင်းကျော်ကြားနေပြီး လဝတ်ပြုဒေသကြီးရဲ့ နတ်ဘုရားသားတော်တောင်ဖြစ်လာပြီ ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသည် ရုတ်တရက် တုန်ယင်လာသည်။ အနီရောင်လဗိမာန်တွင် နတ်ဘုရားသားတော်တစ်ပါးရှိပြီး ထိုပုဂ္ဂိုလ်သည် တမူထူးခြားသည့်လူဖြစ်ရမည်ဟု သူခန့်မှန်းထားသည်။ သို့သော်လည်း နတ်ဘုရားသားတော်ဆီမှာ ထိုသို့နောက်ခံရှိလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

ယခင်ရှေးဟောင်းအုပ်ချုပ်သူ၏ စတုတ္ထသားတော်သည် အနီရောင်လ၏ လက်ရှိနတ်ဘုရားသားတော်ဖြစ်သည်။

“ နှစ်ပေါင်းများစွာကြာသွားတဲ့အထိ ငါတို့ကို အစာကျွေးနေတဲ့လူက သူပဲ ”

ဝတ်စုံနီအမျိုးသမီးသည် ရယ်လိုက်သည်။

“ သူက သူ့ရဲ့ညီအကိုမောင်နှမတွေ စောစောစီးစီး သေသွားမှာကို အရမ်းစိတ်ပူတာလေ… ဒါကြောင့် သူက သူ့လူတွေကိုစေလွှတ်ပြီး ငါတို့တွေကို အစာတွေ ကျွေးနေတာပေါ့… အတိတ်တုန်းကဆို သူကိုယ်တိုင် ငါတို့ရဲ့ အသွေးအသားတွေကို လှီးဖြတ်ပစ်ပြီး အချင်းချင်း အပြန်အလှန် စားခိုင်းတယ် ”

“‌ နောက်ပိုင်းကျတော့ သူက လူကိုယ်တိုင်ပေါ်လာခဲတယ် ”

All Chapters