← Chapters

မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(က)

Vol. 58 Ch. 896

မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(က)

Vol. 58 Ch. 896

ရေခဲမြစ်အောက်တွင် ရှေးဟောင်းအုပ်ချုပ်သူ၏ အမွေဆက်ခံသူသည် သူ့တတိယညီတော်၏ နဖူးပေါ်မှ သံချောင်းထဲသို့ ပေါင်းစပ်ပြီးသောအခါ မည်သည့်အရှိန်အဝါကိုမှ မထုတ်လွှတ်တော့ပေ။

သံချောင်းထံတွင်လည်း မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်မလာပေ။

ဤသည်မှာ မည်သည့်အရာမှ မဖြစ်ပျက်သွားခဲ့သည့်အလားပင်။

ရွှီချင်းသည် အဝေးမှာ တင်ပျဉ်ခွေလျက်ထိုင်နေပြီး သူ၏ ခြေထောက်အောက်မှ ရေခဲမြစ်ကို စဉ်းစားချင့်ချိန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ဂရုတစိုက် အနောက်ဆုတ်သွားသည်။

သူသည် လမ်းတစ်လျှောက်တွင် တစ်ဖက်လူထံမှ မည်သည့်အန္တရာယ်ပေးခြင်းကိုမှ မတွေ့ကြုံခဲ့ရသော်လည်း ယင်းက အနာဂတ်တွင် ဖြစ်မလာနိုင်ဘူးဟု မသေချာပေ။ သူတို့နှစ်ယောက်သည် အနာဂတ်တွင်လည်း ဆက်လက် အဆင်ပြေချောမွေ့လိမ့်မည်ဟု သူသေချာမပြောနိုင်ပေ။

သို့ဖြစ်၍ ယခုအချိန်သည် သူ့အတွက် ထွက်ခွာရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။

နောက်ဆက်တွဲကိစ္စများသည်တော့ လက်ရှိ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဝင်မပါသည်မှာ အကောင်းဆုံးဖြစ်သည်။

သို့သော်လည်း ရွှီချင်းက ခြေဆယ်လှမ်းပြည့်အောင်ပင် နောက်မဆုတ်ရသေးမီ ဧရာမမျက်နှာကြီးပေါ်မှ သံချောင်းသည် ရုတ်တရက် အရောင်တောက်ပလာသည်။ နက်ရှိုင်းသော အသံသည် ရွှီချင်း၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။

“ ကောင်လေး… အခုက ထွက်သွားဖို့အချိန်မကျသေးဘူး… ငါ့ကို စောင့်ပါဦး ”

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အရှုံးအမြတ်ကို မြန်ဆန်စွာ ချင့်ချိန်စဉ်းစားတော့မည့်အချိန် နက်ရှိုင်းသော အသံသည် ထပ်မံပျံ့လွင့်လာသည်။

“ မင်းကို နေပါလို့ ငါအတင်းဖိအားမပေးဘူး… တကယ်တော့ လက်ရှိ ငါက မင်းကို ဒီမှာဆက်နေအောင် လုပ်နိုင်စွမ်းမရှိဘူး ”

“ ဒါပေမဲ့ နီလာနတ်သမီးက ငါတို့အတွက် ဘုံရန်သူလို့ မင်းငါ့ကို တစ်ခါပြောဖူးတယ်… ဒီတစ်ကြိမ် ကိစ္စကြီးတစ်ခုလုပ်ဖို့ ငါပြင်ဆင်နေတယ်… တကယ်လို့ မင်းငါ့ကို ကူညီမယ်ဆိုရင် အောင်မြင်နိုင်ခြေများလိမ့်မယ်… ဒါပေမဲ့ မင်းက ငါ့ကို မကူညီဘူးဆိုရင်တောင် ငါက ရှေ့ဆက်တိုးရလိမ့်မယ် ”

“ လမ်းက မင်းအရှေ့မှာ ရှိတယ်… ဆက်လျှောက်တာ မလျှောက်တာက မင်းသဘောအတိုင်းပဲ ”

ထိုသို့ပြောပြီးနောက် အသံသည် ထပ်မံမပျံ့လွင့်လာတော့ချေ။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ရေခဲမြစ်အောက်မှ ဧရာမပုံရိပ်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အရှိန်ကုန်သုံး၍ ထွက်ပြေးသွားသည်။ မကြာမီ သူက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

လှိုင်ဂူသည် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် နူးညံ့သော သက်ပြင်းချသံသည် ရေခဲမြစ်အောက်မှ ပဲ့တင်ထပ်လာသည်။

ရှစ်နာရီကြာပြီးနောက် အဝေးမှ မည်းမှောင်နေသော တစ်နေရာတွင် ရွှီချင်း၏ ပုံရိပ်သည် ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်ဖက်လူက သူ့အား ထွက်သွားခြင်းမှ တကယ်မတားဆီးကြောင်း အတည်ပြုပြီးနောက် သူက ပြန်လာရန် ရွေးချယ်ခဲ့သည်။

သူက ပြန်ရောက်လာသည့်အခါ တင်ပျဉ်ခွေထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါတစ်ရက်စောင့်ပေးမယ် ”

“ ကျေးဇူးတင်ပါတယ် ”

နက်ရှိုင်းသော အသံသည် ပဲ့တင်ထပ်လာသည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။

တစ်ချိန်တည်းမှာ ဤနေရာမှ ရေခဲမြစ်နှင့် အတန်ငယ် ဝေးကွာသော တစ်နေရာတွင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်နေလေသည်။

ရွှီချင်းကို ဤနေရာသို့ ခေါ်ဆောင်လာသော အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို လိမ်မပြောခဲ့ပေ။

အရည်မပျော်သော ရေခဲမြစ်ပေါ်တွင် နေထိုင်ကြသော မြေအောက်မျိုးနွယ်၏ ဘိုးဘေးသည် အမှန်တကယ်ပင် ရှေးဟောင်းအုပ်ချုပ်သူ၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်။ သူက နီလာနတ်သမီးရောက်ရှိလာသည့်အခါ သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။

ထို့နောက် မြေအောက်မျိုးနွယ်ဘိုးဘေးသည် ရှေးဟောင်းအုပ်ချုပ်သူ၏ ဖိနှိပ်ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးသွားခဲ့သည်။ သူ၏ မဟာလောကများသည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး အများစုသည် ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ အဓိကအပိုင်းအစတစ်ခုတည်းသာ ဤနေရာသို့ ဆင်းသက်လာပြီး ရေခဲမြစ်အောက်မှာ နစ်မြုပ်သွားသည်။

ထိုအဓိကအပိုင်းအစထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်များ ရှိသည်။ သူတို့သည် အသိစိတ်ဗလာဖြစ်နေကြပြီး အသိဉာဏ်မရှိကြပေ။ သူတို့အများစုသည် နက်ရှိုင်းစွာ အိပ်မောကျနေကြသည်။

အတိတ်တွင် သူတို့၏ စွမ်းဆောင်မှုများသည် အကျိုးကျေးဇူးခံစားရန် ထိုက်တန်သောကြောင့် ဤလောကအပိုင်းအစထဲမှ ဝိညာဉ်များသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနည်းဖြင့် ဤနေရာမှ ထွက်ခွာရန် ခွင့်ပြုချက်ရရှိထားကြသည်။

ထိုသို့ဖြင့် နောက်ပိုင်းတွင် မြေအောက်မျိုးနွယ်ဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း သေခြင်းရှင်ခြင်းအတားအဆီးသည် အလွယ်တကူ ဖြတ်ကျော်နိုင်သောအရာ မဟုတ်ပေ။

ထိုအထဲတွင် တားမြစ်ချက်အများအပြား ရှိသည်။ မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာကြာပြီးနောက် မြေအောက်မျိုးနွယ်ဝင်အများအပြားသည် ပြန်လည်ရှင်သန်လာကြသော်လည်း သူတို့အများစုသည် လဝတ်ပြုဒေသကြီး၌ အသေဆိုးဖြင့် သေဆုံးသွားကြသည်။

ဤသည်မှာ ရှေးဟောင်းအုပ်ချုပ်သူ၏ မကျေမချမ်းမှုက ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်သွားပြီးနောက် ထိုသို့ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု တချို့က ဆိုကြသည်။

ရေကန်အောက်မှ ဝဲကတော့သည် မဟာလောက၏ အပိုင်းအစဆီသို့ ခေါ်ဆောင်သွားလိမ့်မည်။

ယင်းက အပိုင်းအစတစ်ခုမျှသာဖြစ်သော်လည်း ထာဝရရေခဲမြစ်အောက်မှာ နက်ရှိုင်းစွာ မြှုပ်နှံခံထားရသော ထိုနေရာ၏ အကျယ်အဝန်းသည် ကမ္ဘာငယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

( ထာဝရရေခဲမြစ်သည် အရည်မပျော်သော ရေခဲမြစ်ကို ဆိုလိုခြင်း ဖြစ်သည် )

ရေခဲမြစ်အောက်မှ အားနည်းသော တစ္ဆေမီးတောက်များသည် ထိုနေရာ၏ အဓိကအလင်းရောင် ဖြစ်၏။

အနက်ရောင်နှင်းပွင့်ချပ်များသည် ကောင်းကင်ပေါ်မှ ပြန့်ကျဲကျဆင်းလာပြီး မြေပြင်ကို တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းသွားသည်။ ချောက်ချားဖွယ်ကောင်းသော လေတိုးသံသည် ဤနေရာမှာ ဖြစ်ပေါ်နေသည်။ ယင်းက တစ္ဆေငိုကြွေးသံအလား သားရဲအော်သံအလား ကြောက်စရာကောင်းပေသည်။

သေမျိုးများသည် ထိုအသံများကိုကြားရုံဖြင့် ကြောက်လန့်တုန်လှုပ်သွားလိမ့်မည်။

ယင်းက မရဏလောကတစ်ခုနှင့် ဆင်တူသည်။

အမှောင်ထု၏ ကြီးစိုးမှုအောက်မှာ ထိုကမ္ဘာထဲ၌ အနက်ရောင်ရေခဲမြစ်များသည် တောင်တန်းများ၊ ကုန်းမြေများအသွင် ဖြစ်ပေါ်နေသည်ကို မသဲမကွဲမြင်နိုင်လိမ့်မည်။ အသိဉာဏ်မဲ့ဝိညာဉ်များသည် ရေခဲမြစ်များ၏ အတွင်းနှင့်အပြင်ဘက်တွင် လှည့်ပတ်သွားလာနေကြသည်။

သူတို့အတွက် အချိန်ဟူသော သဘောတရားမရှိပေ။ သူတို့၏ အသိဉာဏ်မဲ့သော ဦးနှောက်ထဲတွင် ဆာလောင်ခြင်းတစ်ခုတည်းသာ ရှိ၏။

သို့ဖြစ်၍ သက်ရှိအားလုံးသည် သူတို့၏ ပစ်မှတ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ မဟာလောကအပိုင်းအစ၏ အစွန်အဖျားတွင် ကွဲပြားသော အလင်းရောင်တစ်ခုသည် ဟင်လင်းပြင်ထဲမှာ ရုတ်တရက် လင်းလက်လာသည်။

ထိုအလင်းသည် အစတွင် အနီရောင်ဖြစ်သည်။ ထို့နောက် ယင်းက အပြာရောင်၊ အဝါရောင်သို့ အစဉ်လိုက်ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ သက်တံ့အရောင်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

သက်တံ့အလင်း၏ တောက်ပမှုအောက်မှာ ဤလောကထဲရှိ မရေမတွက်နိုင်သော ဝိညာဉ်များသည် ထိုနေရာဆီသို့ အလိုအလျောက် အာရုံစိုက်လာကြသည်။

ရေခဲမြစ်အောက်မှာ နက်ရှိုင်းစွာ အိပ်မောကျနေကြသော တချို့ဝိညာဉ်များပင် ထိုအခိုက်အတန့်မှာ နိုးထလာတော့မည့် လက္ခဏာများကို ပြလာသည်။

ထို့နောက် အလင်းတန်းများသည် သက်တံ့ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က သလင်းကျောက်ခေါင်းတလားများကို လက်တံများသဖွယ် ရစ်ပတ်ထားကြပြီး ဝဲကတော့အပြင်ဘက်သို့ ဆန့်တန်းထွက်လာကြကာ အနက်ရောင်ရေခဲမြစ်ပေါ်မှာ တစ်ခုပြီးတစ်ခု ချထားလိုက်သည်။

ခေါင်းတလားရာပေါင်းများစွာကို ချထားပေးပြီးနောက် ထိုသက်တံ့ရောင်လက်တံများသည် ဖြည်းညင်းစွာ အနောက်ဆုတ်သွားကြပြီး ဝဲကတော့နှင့် ပေါင်းစပ်သွားကာ ပျောက်ကွယ်သွားသည်။

သို့သော်လည်း ဝဲကတော့သည် ထိုနေရာမှာ ဆက်ရှိနေဆဲဖြစ်ပြီး တစ်စုံတစ်ရာကို စောင့်ဆိုင်းနေလေသည်။

မကြာမီ စူးရှပြီး ချောက်ချားဖွယ်ကောင်းသော အော်သံသည် လေထဲမှာ ပျံ့လွင့်လာသည်။ အနီးနားဝန်းကျင်မှ လေလွင့်ဝိညာဉ်များသည် ဆာလောင်နေသော ဝံပုလွေများသဖွယ် အပြေးအလွှား ရောက်လာကြသည်။

ထိုခေါင်းတလားများက သူတို့၏ အသိအမြင်မှာ သိုးငယ်လေးများဖြစ်ဟန် ရသည်။

ခေါင်းတလားထဲမှ ပေါ်ထွက်နေသော အသက်ဓာတ်အရှိန်အဝါသည် သူတို့ကို အလိုအလျောက် ရူးသွပ်သွားစေသည်။

ထိုဝိညာဉ်များသည် အနားသို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ခေါင်းတလားများဆီသို့ ခုန်အုပ်လိုက်ကြသည်။

သူတို့က အရေအတွက်အလွန်များပြားလေရာ အနက်ရောင်မုန်တိုင်းသဖွယ် ဖြစ်ပေါ်လာသည်။

ထိုခေါင်းတလားများသည် ရိုးရိုးခေါင်းတလားများ မဟုတ်သည်မှာ ရှင်းလင်း၏။ ယင်းတို့အထဲမှာ ဂိုဏ်းတပည့်များကို ချိပ်ပိတ်ထားသော်လည်း အပြင်ဘက်မှ ဝင်ရောက်လာမည့် ဝိညာဉ်များကိုတော့ တားဆီးခြင်းမရှိပေ။

သို့ဖြစ်၍ မကြာမီ အနည်းဆုံး ဝိညာဉ်တစ်သောင်းခန့်သည် ထိုခေါင်းတလားများထဲသို့ ဝင်ရောက်သွားကြသည်။

ခေါင်းတလားများထဲ၌ ချိပ်ပိတ်ခံထားရသော ခန္ဓာကိုယ်များသည် ဝိညာဉ်များ၏ သိမ်းပိုက်ခံလိုက်ရသည်။ သူတို့၏ ဝိညာဉ်များသည် အစောကြီးကတည်းက ငြိမ်းသတ်သွားပြီဖြစ်သောကြောင့် ခေါင်းတလားများထဲတွင် ရုပ်ခန္ဓာကိုယ်အလွတ်သာလျှင် ကျန်ရှိသည်။

သို့ဖြစ်၍ ဝိညာဉ်များအတွက် သူတို့၏ ရုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် လွယ်ကူပေသည်။

သို့သော်လည်း ဝိညာဉ်များသည် အသိဉာဏ်မရှိဘဲ အသိစိတ်ပရမ်းပတာဖြစ်နေသောကြောင့် သူတို့သည် ခန္ဓာကိုယ်ကို ချက်ချင်းလက်ငင်း သိမ်းပိုက်ရန် မရွေးချယ်နိုင်ကြပေ။ သူတို့၏ အသိစိတ်ထဲမှ ပထမဆုံးအတွေးသည် ဝါးမျိုရန် ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့်ပင် မြေအောက်မျိုးနွယ်ဝင်အများအပြားက ဤလောကအပိုင်းအစထဲမှ အောင်မြင်စွာ မထွက်သွားနိုင်ကြခြင်း ဖြစ်သည်။

All Chapters