← Chapters

မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(ခ)

Vol. 58 Ch. 897

မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(ခ)

Vol. 58 Ch. 897

မျက်စိတစ်မှိတ်အတွင်း ခေါင်းတလားများထဲမှ ခန္ဓာကိုယ်ဒါဇင်ပေါင်းများစွာသည် မြန်ဆန်စွာ ခြောက်သွေ့သွားကြသည်။ ရာပေါင်းများစွာသော လေလွင့်ဝိညာဉ်များ၏ စားသောက်မှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်သည် စက္ကန့်အနည်းငယ်အတွင်း အရိုးစုများအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားကြသည်။

ထို့နောက် ထိုဝိညာဉ်များသည် နောက်ထပ် စားတော်ပွဲတည်ရန် တခြားခေါင်းတလားများဆီသို့ အမြန်ရွေ့လျားသွားကြသည်။ ရာပေါင်းများစွာသော ခေါင်းတလားများထံမှ ထုတ်လွှတ်နေသော မွှေးရနံ့သည် နက်ရှိုင်းစွာ အိပ်မောကျနေကြသော ဝိညာဉ်များကိုပင် ဆွဲဆောင်သွားသည်။

မကြာမီ သာမန်ဝိညာဉ်များထက် အများကြီး ပို၍အစွမ်းထက်သော ဝိညာဉ်များသည် အနက်ရောင်ရေခဲမြစ်အောက်မှ ပိုမိုများပြားစွာ တွားသွားထွက်လာကြသည်။ သူတို့က လောဘရမ္မက်ကြီးစွာ ခေါင်းတလားများဆီသို့ အရူးအမူး ပြေးသွားကြသည်။

သူတို့က ခေါင်းတလားများထဲသို့ ဝင်ရောက်ရန် အလုအယက် ကြိုးစားနေကြသည်။ သူတို့သည် ခန္ဓာကိုယ်များကို သူ့ထက်ငါအရင် ဝါးမျိုနိုင်ရန် သူတို့အချင်းချင်းပင် ဝါးမျိုကိုက်စားနေကြသည်။

သာမန်ဝိညာဉ်များနှင့် နှိုင်းယှဉ်လျှင် ရေခဲမြစ်အောက်မှ နိုးထလာကြသော ဝိညာဉ်များသည် ပိုပြီးရက်စက်ကြမ်းတမ်းပြီး ခန္ဓာကိုယ်အပြည့်အစုံတစ်ခု ပိုင်ဆိုင်ရန် ပိုပြီးအလေးထားကြသည်။

သို့ဖြစ်၍ မကြာမီ ပထမဆုံး ခန္ဓာကိုယ်သိမ်းပိုက်နိုင်သူသည် ပေါ်ထွက်လာသည်။ ခေါင်းတလားတစ်လုံးသည် ပြိုကွဲပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ အထဲမှာ လဲလျောင်းနေသော ပုဂ္ဂိုလ်သည် ဖြည်းညင်းစွာ ထထိုင်လိုက်သည်။

ထိုသူသည် လူငယ်တစ်ယောက်ဖြစ်သည်။ အမူအရာကင်းမဲ့သော သူ၏ မျက်နှာသည် ဤအခိုက်အတန့်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်လာသည်။

နောက်အခိုက်အတန့်တွင် သူက သက်တံ့ရောင်ဝဲကတော့ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ လိုချင်တပ်မက်သော အကြည့် ပေါ်လျှိုးလာသည်။

သူက ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး အရှေ့သို့ တောင့်တောင့်ဖြောင့်ဖြောင့် လျှောက်သွားသည်။

အစတွင် သူက ရုပ်သေးရုပ်တစ်ရုပ်အလားပင်။ သူက ခြေတစ်လှမ်း လှမ်းပြီးသွားတိုင်း ရပ်သွားလေ့ရှိသည်။

သို့သော်လည်း သူက ခန္ဓာကိုယ်နှင့် ရင်းနှီးကျွမ်းဝင်လာသောအခါ ထိုတောင့်တင်းမှုသည် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူက ခန္ဓာကိုယ်နှင့် လုံးဝနေသားကျသွားသည်။ သူက အပေါ်သို့ လှမ်းခုန်လိုက်ပြီး ဝဲကတော့ဆီသို့ ပျံသန်းသွားသည်။ ဝဲကတော့မှတဆင့် သူက လူသားလောကဆီသို့ ပြန်သွားနိုင်လိမ့်မည် ဖြစ်သည်။

များမကြာမီ နောက်ထပ်ခေါင်းတလားတစ်လုံး ပွင့်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သို့သော်လည်း အလွန်ထူးဆန်းသော ခေါင်းတလားတစ်လုံးရှိသည်။ တခြားခေါင်းတလားများ၌ ဝိညာဉ်များသည် ဝင်လိုက်ထွက်လိုက်ဖြင့် ရှိသည်။ သို့သော်လည်း ထိုခေါင်းတလား၌ ဝိညာဉ်များသည် အဝင်သာရှိပြီး အထွက်မရှိချေ။

ခေါင်းတလားထဲသို့ ဝင်ရောက်သွားသော မည်သည့်ဝိညာဉ်မှ ပြန်မထွက်လာကြချေ။ ဤသည်မှာ အရာအားလုံးကို ဝါးမျိုနိုင်သော တွင်းနက်တစ်ခုက ထိုခေါင်းတလားအတွင်းမှာ ရှိနေသည့်အလားပင်။

တခြားခေါင်းတလားများက တစ်ခုပြီးတစ်ခု ခြောက်သွေ့သွားကြသောအခါ ဝိညာဉ်အများအပြားသည် အကောင်းတိုင်းကျန်ရှိနေသေးသော ထူးဆန်းသည့် ထိုခေါင်းတလားကို အာရုံစိုက်လာကြသည်။

ဤအခိုက်အတန့်မှာ ဝိညာဉ်တစ်ရာကျော်သည် ခေါင်းတလားထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ သလင်းကျောက်ခေါင်းတလားထဲ၌ လဲလျောင်းနေသော ခေါင်းဆောင်ကို မြင်သွားသောအခါ သူတို့အားလုံးသည် လောဘကြီးသော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြပြီး အမြန်ခုန်အုပ်လိုက်ကြသည်။

သို့သော်လည်း သူတို့ခုပ်အုပ်လိုက်သည်နှင့်ချက်ချင်း ပါးစပ်ပေါက်အများအပြားသည် ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ယင်းတို့က အမြန်ပါးစပ်ဟလိုက်ပြီး ရှူသွင်းလိုက်သည်။

ချက်ချင်းဆိုသလို ထိုဝိညာဉ်အားလုံးသည် ပါးစပ်ပေါက်များ၏ စုပ်ယူခံလိုက်ရသည်။ ဝိညာဉ်များကို မြန်ဆန်စွာ ဝါးမျိုပြီးနောက် ပါးစပ်ပေါက်အားလုံးသည် ပြန်ပျောက်ကွယ်သွားကြပြီး အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

မကြာမီ ပိုမိုများပြားသော ဝိညာဉ်များသည် ထိုခေါင်းတလားထဲသို့ ထပ်မံဝင်ရောက်လာကြပြန်သည်။

ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။

ဤနေရာမှ ခေါင်းတလားအများစုသည် ခြောက်သွေ့သွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ ဒါဇင်ခန့်ရှိသော ဝိညာဉ်တချို့သာလျှင် ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ကြပြီး ဤနေရာမှ ထွက်ခွာသွားကြသည်။

သက်တံ့ရောင်ဝဲကတော့သည်လည်း တဖြည်းဖြည်း အရောင်မှေးမှိန်လာပြီး နောက်ဆုံးမှာ ဤလောကထဲမှ လုံးဝပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်မှာ ဤနေရာ၌ ထူးဆန်းသော ခေါင်းတလားတစ်ခုတည်းသာ အသက်ဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ သို့ဖြစ်၍ အနီးနားဝန်းကျင်မှ ဝိညာဉ်အားလုံးသည် ဆာလောင်နေသော ဝံပုလွေများသဖွယ် ခေါင်းတလားဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော စိတ်ခံစားချက်လှိုင်းများသည် ခေါင်းတလားထဲမှ ရုတ်တရက် ပျံ့လွင့်ထွက်လာသည်။

အပြေးအလွှား ရောက်လာကြသော ဝိညာဉ်များသည် ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး လွတ်မြောက်ရန် အလုအယက် ကြိုးစားကြသည်။ တချို့သည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲထွက်သွားသည်။

သို့သော်လည်း ခေါင်းတလားထဲမှာ လဲလျောင်းနေသော ခေါင်းဆောင်သည် ဤတစ်ကြိမ်တွင် ပါးစပ်ပေါက်များကိုသာ အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ မရေမတွက်နိုင်သော လက်များသည်လည်း ပေါ်လျှိုးလာကြပြီး ဝိညာဉ်များကို မြန်ဆန်စွာ ဖမ်းဆုပ်လိုက်လေသည်။

သို့သော်လည်း ခေါင်းတလားထဲသို့ ဝင်ရောက်လာကြသော ဝိညာဉ်များသည် အတော်လေး များပြားလှသည်။ အများစုသည် ထွက်ပြေးရန် ကြိုးစားနေကြသည်။ ဝိညာဉ်တချို့က ထွက်ပြေးလွတ်မြောက်တော့မည်ကို မြင်သောအခါ ခေါင်းဆောင်သည် မြန်ဆန်စွာ မျက်နှာဖုံးတပ်လိုက်သည်။

ချက်ချင်းဆိုသလို ဟိန်းသံတစ်သံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ခွေး၏ ဧရာမပုံရိပ်သည် ပေါ်လျှိုးလာပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေကြသော ဝိညာဉ်များကို ဝါးမျိုပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ပေတစ်ထောင်အတွင်းမှ ဝိညာဉ်အားလုံးသည် ကောင်းကင်ခွေး၏ ပါးစပ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားကြသည်။ တဂျွတ်ဂျွတ် ဝါးစားသံက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသောအခါ ပေတစ်ထောင်အဝေးရှိ ကျန်ရှိသော ဝိညာဉ်များသည် ဝံပုလွေကို မြင်လိုက်ရသော ယုန်သူငယ်ပမာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကောင်းကင်ခွေး၏ ပုံရိပ်က လွင့်ပြယ်သွားပြီးနောက် လေချဉ်တတ်သံသည် ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။

ခေါင်းဆောင်သည် ခေါင်းတလားထဲမှ ထထိုင်လိုက်ပြီး အကြောအခြင်ဖြေလျော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်သက်သာရာရခြင်းနှင့် ဘဝင်မြင့်သော အမူအရာ ထွက်ပေါ်လာသည်။

“ ဟား ဟား… ကိုယ့်ကိုယ်ကို ငါးစာအဖြစ်အသုံးချတဲ့ အစီအစဉ်က တယ်ကောင်းပါလား… အဲ့ဒါက ဗိုက်ဖြည့်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ ”

ခေါင်းဆောင်သည် သူ၏ ဘေးပတ်ဝန်းကျင်ကို စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ မင်းတို့နှစ်ကောင် ထွက်လာတော့… ငါ့ခန္ဓာကိုယ်က အရမ်းနွေးလို့ မင်းတို့က ထွက်မလာချင်တာလား ”

“ မြန်မြန်လုပ်… ငါတို့က ကိစ္စကြီးကို လုပ်ရတော့မှာ ”

ခေါင်းဆောင်၏ စကားသံက ပဲ့တင်ထပ်သွားသောအခါ ပုံရိပ်နှစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြသည်။ အစတွင် သူတို့၏ အရွယ်အစားသည် အလွန်အမင်း သေးငယ်သည်။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူတို့သည် ပုံမှန်အရွယ်အစားသို့ မြန်ဆန်စွာ ကြီးထွားလာကြသည်။

ထိုနှစ်ယောက်သည် နင်ယန်နှင့် ဝူကျန်းဝူဖြစ်သည်။

ရွှီချင်းနှင့် လမ်းခွဲပြီးနောက် သူတို့နှစ်ယောက်သည် ထူးဆန်းပြီး အံ့ဖွယ်ကောင်းသော အဖြစ်အပျက်များကို ခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ တွေ့ကြုံခဲ့ကြရသည်မှာ ရှင်းလင်း၏။ သို့ဖြစ်၍ ဝူကျန်းဝူသည် ယခင်တုန်းကလို စိတ်အားထက်သန်ခြင်းမရှိဘဲ အလွန်အမင်း သတိထားလာသည်။

နင်ယန်သည်တော့ ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ရှိနေသည်။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ယခင်ကထက် အများကြီး ပိုအားကောင်းလာသည်မှာ ထင်ရှားသည်။ သူတို့သည် ဤအတောအတွင်း အတော်လေး အားအင်ဖြည့်သွင်းခံထားရဟန် ရသည်။

သူတို့၏ အမူအရာကိုမြင်သောအခါ ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး လက်နောက်ပစ်လျက် အရှေ့သို့ လျှောက်သွားသည်။

“ မင်းတို့ကောင်တွေ ငါ့နောက်လိုက်ခဲ့ကြ… ဖြည်းဖြည်းလျှောက်… ရေခဲပြင်အောက်က ရှေးဟောင်းဝိညာဉ်တွေကို သွားမနှိုးမိစေနဲ့… ငါ့မှာ သူတို့တွေကို ဖိနှိပ်ဖို့ နည်းလမ်းရှိတယ်ဆိုပေမယ့် ငါတို့ပန်းတိုင်ကို အရင်ဦးဆုံးရောက်အောင် သွားဖို့လိုတယ် ”

နင်ယန်နှင့် ဝူကျန်းဝူသည် ခေါင်းဆောင်၏ အနောက်သို့ အမြန်လိုက်သွားကြသည်။ အထူးသဖြင့် ဝူကျန်းဝူပင်။ သူက ယခင်ကဲ့သို့ ကဗျာမစပ်တော့ပေ။

ဤအခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ ကြည့်ရှုနေလေသည်။ တစ်စုံတစ်ရာက ရုတ်တရက် ဘွားခနဲ ထွက်ပေါ်လာမည်ကို သူက စိုးရွံ့နေသည့်အလားပင်။ နင်ယန်သည် သူ့ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။ သူက ဝမ်းဗိုက်ကို ပုတ်လိုက်လေရာ နွယ်တစ်ပင် ထွက်ပေါ်လာသည်။

သူက ထိုနွယ်ကို ဆုပ်ကိုင်ထားလျက် မထူးမခြားနားပုံစံဖြင့် ဆော့ကစားလိုက်လေသည်။

သူတို့သုံးယောက် ထွက်ခွာသွားကြသည့်အခါ ခေါင်းဆောင်၏ နောင်တရသော စကားသံသည် ချမ်းအေးသော လေထဲမှာ ပျံ့လွင့်လာသည်။

“ မင်းတို့ကောင်တွေ တကယ်ဆိုးတာပဲ… ဟူး… အခု ချင်းလေးကို ငါအရမ်းသတိရတာပဲ ”

All Chapters