မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(ဂ)
Vol. 58 Ch. 898
“ အခု သူဘာလုပ်နေမလဲ ငါသိချင်လိုက်တာ… အစာရော ကောင်းကောင်းစားရရဲ့လား… ကောင်းကောင်းအိပ်ပျော်ရဲ့လား မသိဘူး ”
တစ်ဖက်မှာတော့ ခေါင်းဆောင်လွမ်းဆွတ်နေသော ရွှီချင်းသည် ရေကန်နှင့် အတန်ငယ်ဝေးကွာသော မြေအောက်ရေခဲပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေပြီး အဝေးသို့ ကြည့်နေသည်။
တစ်ရက်သဘောတူညီမှုပြည့်ရန် ဆယ့်နှစ်နာရီမျှသာ ကျန်ရှိတော့၏။ သို့သော်လည်း ယခုအချိန်ထိ ရေခဲမြစ်အောက်မှ ဧရာမပုဂ္ဂိုလ်ကြီးထံမှာ မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာသေးပေ။
ရွှီချင်းသည် တည်ငြိမ်စွာ အကြည့်ပြန်ရုပ်လိုက်ပြီး ဆက်လက်စောင့်ဆိုင်းသည်။ သူက တစ်ရက်စောင့်ဆိုင်းမည်ဟု ပြောထားခဲ့သည်။ သို့ဖြစ်၍ သူ၏ စကားအတိုင်း လိုက်နာရလိမ့်မည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မကြာမီ နှစ်ဆယ့်လေးနာရီပြည့်သွားသည်။ ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက ရေခဲအလွှာအောက်သို့ အရိုအသေပေးလိုက်သည်။
“ စီနီယာ… သဘောတူထားတဲ့ အချိန်ပြည့်သွားပါပြီ ”
“ အနောက်ကို ပေတစ်သောင်းဆုတ်သွားပါ ”
ရေခဲမြစ်အောက်တွင် အိမ်ရှေ့စံမင်းသား၏ တိုးညင်းပြီး အားနည်းသော အသံက ပျံ့လွင့်လာသည်။
ဤသည်ကို ရွှီချင်းကြားသောအခါ သူက အဝေးသို့ တန်းမတ်စွာ ချက်ချင်း ပျံသန်းသွားသည်။ သူက ပေရှစ်သောင်းကျော်အဝေးသို့ ရောက်ရှိသွားပြီး ဆက်လက်ပျံသန်းတော့မည့်အချိန် ဝုန်းခနဲမြည်သံသည် သူ၏ အနောက်မှ ရေခဲမြစ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ယင်းက မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ရေခဲအလွှာသည် တုန်ယင်လာပြီး မြေပြင်သည် လှုပ်ရှားထကြွလာသည်။ ရေခဲအလွှာအောက်တွင် အပြာရောင်အလင်းသည် ရုတ်တရက် လင်းထိန်လာပြီး ပိုပိုတောက်ပလာသည်။
နောက်ဆုံးမှာတော့ ယင်းက မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပလာသည်။ ဤသည်မှာ အပြာရောင်နေလုံးတစ်လုံးက ရေခဲမြစ်အောက်မှာ ဖြစ်ပေါ်လာနေသည့်အလားပင်။
ထိုအပြာရောင်အလင်း၏ ဇစ်မြစ်သည် ဧရာမပုဂ္ဂိုလ်ကြီး၏ နဖူးပေါ်မှ သံချောင်းဖြစ်သည်။
ယခုအခိုက်အတန့်မှာ သံချောင်းသည် တုန်ယင်လာပြီး အပေါ်သို့ တစ်လက်မချင်းစီ မြှောက်တတ်လာနေသည်။ ဤသည်မှာ အင်အားတစ်ခုက သံချောင်းနှင့် ပေါင်းစည်းသွားပြီး ယင်းကို နဖူးထဲမှ ဆွဲနုတ်ချင်နေဟန် ရ၏။
သံချောင်းက တစ်လက်မစီ မြှောက်တတ်သွားတိုင်း အပြာရောင်အလင်းသည် ပိုပြီးလင်းထိန်လာသည်။
ထို့အတူ မြေပြင်သည်လည်း ပိုပြီးကြမ်းတမ်းစွာ လှုပ်ခတ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်မျိုးသည် ရေခဲမြစ်အောက်မှ မထင်မရှား မြှောက်တတ်လာနေသည်။
အဝေးမှ ရွှီချင်းသည် ထိုစွမ်းအင်၏ အစွန်အဖျားမျှသာ အာရုံခံမိသော်လည်း သူ၏ နှလုံးသည် မြန်ဆန်စွာ ခုန်လာသည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်၏ တားမြစ်ဓမ္မရတနာထက်ပင် သာလွန်သည်ဟု သူခံစားမိသည်။ ထိုနှစ်ခုကို နှိုင်းယှဉ်မည်ဆိုလျှင် နေလုံးနှင့် ပိုးစုန်းကြူးပမာပင်။
ထိုနှစ်ခုကြားမှ ခြားနားမှုသည် မိုးနှင့်မြေပမာ ခြားနားသည်။
ထို့အပြင် ရှေးဟောင်းအရှိန်အဝါတစ်ခုကလည်း ထိုအထဲမှာ ရောနှောနေသေးသည်။
ရွှီချင်းသည် ဆက်လက် အနောက်ဆုတ်သွားသည်။ သူက ကီလိုမီတာငါးဆယ်အကွာသို့ အနောက်ဆုတ်ပြီးသွားသည့်တိုင် ရင်တလှပ်လှပ်ဖြစ်နေဆဲပင်။ တစ်ချိန်တည်းမှာ ထိုစွမ်းအင်ကြောင့် အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် အသက်ဝင်လာကြသည်။
အဝေးတစ်နေရာတွင် အနီရောင်အလင်းသည် တလက်လက်တောက်ပလာပြီး အပြာရောင်အလင်းကို ဖိနှိပ်နေသည်။
မတူညီသော စွမ်းအင်နှစ်မျိုး၏ အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ ရေခဲမြစ်သည် ပိုပြီးလှုပ်ခါလာပြီး ရေခဲအလွှာပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ကောင်းကင်က ပြိုလဲသွားပြီး မြေပြင်က အက်ကွဲတော့မည့်အလားပင်။
မကြာမီ နက်ရှိုင်းသော အသံသည် ရွှီချင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။
“ ငါ့ကိုကူညီပြီး အဲ့ဒါကို ဖိနှိပ်ပေးပါ ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူကိုယ်၌က ဆက်နေရန် ရွေးချယ်ခဲ့ခြင်းဖြစ်လေရာ တစ်ဖက်လူက အဘယ့်ကြောင့် သူ့ကို လိုအပ်ကြောင်း ထုံးစံအားဖြင့် သူနားလည်သည်။
ဤအခိုက်အတန့်မှာ သူက တုံ့ဆိုင်းမနေတော့ပေ။ သူက ရေခဲပြင်ပေါ်သို့ သူ၏ ညာလက်ဖြင့် ဖိချလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလနတ်ဘုရားအခွင့်အာဏာသည် ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး အနီရောင်လ၏ အချုပ်အနှောင်စည်းများပေါ်သို့ ထပ်မံသက်ရောက်သွားသည်။
သူလုပ်ဆောင်ရမည်မှာ အပေါက်တစ်ပေါက် ဖွင့်လှစ်ရန် အနီရောင်လ၏ အချုပ်အနှောင်စည်းများကို ထိန်းချုပ်ရန်မဟုတ်ဘဲ ယင်းကို နှောင့်ယှက်ရန်သာဖြစ်သည်။ ထိုအခါ အချုပ်အနှောင်စည်းများပေါ်မှာ ချို့ယွင်းချက်တချို့ ဖြစ်ပေါ်လာလိမ့်မည်။ တစ်ဖက်လူက ချိုးဖောက်ထွက်နိုင်ခြင်း မထွက်နိုင်ခြင်းသည် ရွှီချင်းက အဆုံးအဖြတ်ပေးနိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း အိမ်ရှေ့စံမင်းသားအတွက် ရွှီချင်း၏ အခန်းကဏ္ဍသည် အလွန်အမင်း အရေးကြီးသည်။ ထိုသို့တစ်ဒင်္ဂနှောင့်ယှက်ခြင်းနှင့် လွှမ်းမိုးခြင်းသည် သုညနှင့် တစ်ကဲ့သို့ ခြားနားသည်။
ထိုသို့နှောင့်ယှက်ပေးခြင်းမရှိလျှင် သူ၏ အောင်မြင်နိုင်ခြေသည် သုညဖြစ်သည်။
သို့သော်လည်း ယခုတော့ ခြားနားသွားချေ၏။
နောက်အခိုက်အတန့်မှာ ပိုပြီးပြင်းထန်သော ပေါက်ကွဲသံသည် ရေခဲလှိုင်ဂူတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ရေခဲပြင်ပေါ်တွင်လည်း အရွယ်အစားကြီးမားသော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။
အပြာရောင်အလင်း၏ တောက်ပမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သံချောင်းသည် ဆက်လက် မြှောက်တတ်လာပြီး နောက်ဆုံးမှာတော့ ဧရာမအလောင်း၏ နဖူးထဲမှ လုံးလုံးလျားလျား ဆွဲနုတ်ခံလိုက်ရသည်။ သံချောင်းက အပေါ်သို့ မြှောက်တတ်သွားသည်နှင့်ချက်ချင်း မြောက်ပိုင်းဒေသ၏ ရေခဲလွင်ပြင်တစ်ခုလုံး အပြာရောင်သို့ ပြောင်းလဲသွားလေသည်။
ထိုမြင်ကွင်းသည် မြောက်ပိုင်းရေခဲပြင်ဒေသမှာ နေထိုင်ကြသော မျိုးနွယ်စုအသီးသီးနှင့် ဂိုဏ်းအသီးသီး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့နေထိုင်ရာလောကက ရုတ်တရက် အပြာရောင်သို့ ပြောင်းလဲသွားလေရာ သူတို့အနေဖြင့် မအံ့ဩဘဲ မနေနိုင်ကြပေ။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို သူတို့မသိကြပေ။ သို့သော်လည်း သူတို့သည် ပြင်းထန်သော ရင်တုန်ပန်းတုန်ဖြစ်မှုကို ခံစားသွားကြရသည်။
ဖိအားသည် ထိုအပြာရောင်အလင်းထံမှ ပျံ့လွင့်ထွက်လာပြီး မြောက်ပိုင်းဒေသ၏ ရေခဲလွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုအခိုက်အတန့်မှာ ရေခဲပြင်၏ အက်ကွဲသံများသည် မိုးခြိမ်းသံထက်ပင် ကျော်လွန်သွားသည်။
ရေခဲမြစ်၏ အနက်ရှိုင်းဆုံးပိုင်းတွင် သံချောင်းသည် အဆုံးမရှိသော အပြာရောင်အလင်းတန်းကို ထုတ်လွှတ်နေပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် လုံးလုံးလျားလျား ပျံ့လွင့်ထွက်လာသည်။ ယင်းက ဖြည်းညင်းစွာ ဦးတည်ရာပြောင်းလဲသွားပြီး အပေါ်ဘက်မှ အနီရောင်လ၏ အချုပ်အနှောင်စည်းများကို မျက်နှာချင်းဆိုင်လိုက်သည်။
အလင်းရောင်က အလွန်အမင်း ထွန်းလင်းလာသောအခါ အပြာရောင်သံချောင်းသည် အရှေ့သို့ ထိုးဖောက်သွားသည်။
ပြိုင်ဘက်မဲ့ပြီး လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါဖြင့်အတူ အပြာရောင်သံချောင်းသည် အနီရောင်လ၏ အချုပ်အနှောင်စည်းများထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထိုနှစ်ခုတွေ့ဆုံသွားသည့်အခိုက် အနီရောင်နှင့် အပြာရောင်အလင်း၏ ဆုံစည်းမှုကြားထဲမှ ခရမ်းရောင်အလင်း တောက်ပလာလေသည်။ နှစ်ဖက်စလုံးက ဘက်ညီမျှနေစဉ် နက်ရှိုင်းသော အော်မြည်သံက ပျံ့လွင့်လာသည်။
“ ကမ္ဘာမြေနယ်ပယ်ရဲ့ အဂ္ဂိရတ်မီးဖိုထဲမှာ သွန်းလုပ်ထားပြီး အသူရာချောက်နက်ကောင်းကင်မှာ မွေးဖွားလာတဲ့ မင်းက… ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ မင်းက ဒီနေရာမှာ ဆက်ပြီးချိပ်ပိတ်ခံထားရမှာကို ဆန္ဒရှိလား… ငါ့ရဲ့အထောက်အပံ့နဲ့ဆို အခုချိန် မင်းသာ အစွမ်းကုန် ထုတ်လွှတ်မယ်ဆိုရင် လွတ်မြောက်နိုင်လိမ့်မယ်… ဒီတော့ မင်းဘာလုပ်မလဲ ”
အပြာရောင်သံချောင်းသည် ပြင်းထန်စွာ တုန်ရီလာသည်။ မကြာမီ အညံ့မခံလိုသော လက်နက်ဝိညာဉ်၏ စိတ်ဆန္ဒသည် သံချောင်းထဲမှ ပေါ်လျှိုးထွက်လာသည်။ ၎င်း၏ ထည်ဝါမြင့်မြတ်သော အရှိန်အဝါသည် သံချောင်း၏ ထိပ်ဖျားပေါ်မှာ စုစည်းသွားသည်။
ထို့နောက် ၎င်းက အချုပ်အနှောင်စည်းများကို အလွယ်တကူ ချိုးဖောက်နိုင်သွားသည်။
လောက၏ အရောင်အသွေးသည် ပြောင်းလဲသွားပြီး မြေပြင်သည် ပြိုလဲပျက်စီးသွားသည်။ အပြာရောင်သံချောင်းသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကောင်းကင်ပေါ်မှာ ထောင်မတ်စွာ ရပ်လိုက်သည်။
၎င်းသည် အပြင်လောကသို့ ပြန်ရောက်ရှိလာပြီ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်သည် ပရမ်းပတာလှုပ်ခတ်လာပြီး ယခင်ကဲ့သို့ မှောင်ရီမနေတော့ပေ။ အဝေးမှကြည့်လျှင် မြောက်ပိုင်းရေခဲပြင်ဒေသသည် အပြာရောင်လောကတစ်ခု ဖြစ်လာဟန် ရသည်။
မြေပြင်သည် အက်ကွဲသွားပြီး ပေါက်ကွဲသွားသည်။
မရေမတွက်နိုင်သော ရေခဲအလွှာများသည် ပြိုလဲပျက်စီးသွားပြီး ရေခဲမြစ်များသည် အပိုင်းပိုင်းအစစ ကွဲထွက်သွားကြသည်။ မြောက်ပိုင်းဒေသတစ်ခုလုံးသည် အထဲသို့ နစ်မြုပ်သွားဟန် ရသည်။
ဤသည်မှာ မျှော်လင့်မထားသော အပြောင်းအလဲဖြစ်သည်။ မြောက်ပိုင်းဒေသမှ သက်ရှိများသော်လည်းကောင်း လဝတ်ပြုဒေသကြီးမှ သက်ရှိများသော်လည်းကောင်း ထိုသို့အခြေအနေမျိုးကို တစ်ခါမှ မတွေ့ကြုံဖူးကြချေ။
သို့ဖြစ်၍ အနီရောင်လဗိမာန်က ထိုသို့ကိစ္စကြီးကို သတိမထားမိရန်မှာ မည်သို့မှမဖြစ်နိုင်ပေ။
နောက်အခိုက်အတန့်မှာ ထိုထက်အဆပေါင်းများစွာ ပိုပြီးကြီးမားသော စွမ်းအင်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေရာ ယင်းက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း အပြာရောင်သံချောင်းသည် ကောင်းကင်ပေါ်မှ ထွက်ခွာမသွားပေ။ ၎င်းက ဖြည်းညင်းစွာ ဦးလှည့်လိုက်ပြီး ရေခဲပြင်ပေါ်သို့ နောက်တဖန် ဦးတည်လိုက်ပြန်သည်။
၎င်းပေါ်မှ အလင်းသည် ဆက်လက် လင်းထိန်လာပြီး တလက်လက် တောက်ပလာသည်။ ဤသည်မှာ ၎င်းက အစွမ်းကို စုစည်းနေသည့်အလားပင်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ ပုံရိပ်သည် အဝေးမှ အက်ကွဲနေသော ရေခဲပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက အဖြစ်အပျက်အလုံးစုံကို အဝေးမှ ကြည့်နေခြင်း ဖြစ်သည်။ သူက ထိုအတွက် သူ့စိတ်ကို ကြိုပြင်ဆင်ထားသော်လည်း ကမ္ဘာလှုပ်ခတ်စေမည့် ထိုမြင်ကွင်းက သူ၏ နှလုံးကို တုန်လှုပ်သွားစေမြဲပင်။