မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်တွေကို ဖိနှိပ်မယ့် အုပ်ချုပ်သူရဲ့ နတ်ဘုရားလက်နက်(ဃ)
Vol. 58 Ch. 899
“ အိမ်ရှေ့စံမင်းသားက သူ့မှာ ရေခဲမြစ်အောက်မှာ သေဆုံးသွားတဲ့ ညီတော်တစ်ယောက်နဲ့ ဒီနေရာမှာ ချိပ်ပိတ်ခံထားရတဲ့ အမတော်တစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ်… ”
“ ဒါဆို အခုသူက… ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး အနောက်သို့လှည့်ကာ အဝေးသို့ ပြေးသွားသည်။ ယနေ့ ဤနေရာသည် လုံးဝပြိုလဲပျက်စီးသွားလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။
သို့သော်လည်း ရွှီချင်းက အရှိန်တင်၍ ပြေးတော့မည့်အချိန် ကျယ်ပြောသော နတ်ဘုရားအာရုံသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာသည်။ ယင်းက အစွမ်းထက်သော တူရိယာသံ သို့မဟုတ် ကျယ်လောင်သော မိုးခြိမ်းသံနှင့် ဆင်တူသည်။
“ မိတ်ဆွေလေး… တကယ်လို့ အခု မင်းထွက်သွားမယ်ဆိုရင် ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်နော် ”
“ မင်းကို ဆန်းကြယ်တဲ့လက်ဆောင်တစ်ခု ပေးမယ်လို့ ငါကတိပေးထားတာကို မှတ်မိလား ”
“ အိမ်ရှေ့စံမင်းသားအနေနဲ့ ငါက ပေးထားတဲ့ ကတိကို စောင့်ထိန်းပါတယ်… ငါကတိပေးထားတဲ့အတိုင်း မင်းကို ဆန်းကြယ်တဲ့လက်ဆောင်ပေးမယ် ”
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ခေါင်းမော့လိုက်ကာ အဝေးမှ ကောင်းကင်တွင် အရောင်အဝါ ထွန်းလင်းတောက်ပနေသော အပြာရောင်သံချောင်းကို ကြည့်လိုက်သည်။ သံချောင်း၏ စွမ်းအင်စုစည်းခြင်းက ပြီးဆုံးတော့မည့်အလားပင်။
“ ဘာလက်ဆောင်လဲ ”
ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ပြန်ပို့လွှတ်လိုက်သည်။
“ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မဟာလောကအပိုင်းအစတစ်ခုဆိုရင်ရော ”
“ ငါ့တတိယအမတော်ကို ဖိနှိပ်ထားတဲ့ ပစ္စည်းသုံးခုရှိတယ်… အဲ့ဒါက သူတို့ထဲက တစ်ခုပဲ ”
ထိုစကားများက ရွှီချင်း၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသောအခါ သူ၏ မျက်လုံးသည် ပြူးကျယ်လာပြီး သူ၏ စိတ်ထဲမှာ ကြီးမားသော ဂယက်ထမှုဖြစ်ပေါ်လာသည်။ တစ်ဖက်လူပြောသည့် ဆန်းကြယ်သော လက်ဆောင်သည် မဟာလောက၏ အပိုင်းအစတစ်ခုဖြစ်လိမ့်မည်ဟု လုံးဝသူမျှော်လင့်မထားပေ။
တစ်ခုသိထားရမည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်၏ အမှတ်လက္ခဏာသည် မဟာလောကတစ်ခုကို မွေးဖွားပေးခြင်း ဖြစ်သည်။ ထိုမဟာလောကကိုယ်၌က တုနှိုင်းမဲ့သည့် ထူးခြားနက်နဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။ မဟာလောကက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားလျှင်ပင် ၎င်း၏ မည်သည့်အပိုင်းအစမဆို အထွတ်အမြတ်ရတနာဖြစ်သည်။
မဟာလောက၏ အပိုင်းအစများသည် နတ်ဘုရားများအတွက်ပင် တန်ဖိုးရှိပေသည်။ သို့ဖြစ်၍ နီလာနတ်သမီးက ၎င်းကို အဝေးသို့ မယူဆောင်သွားသော်လည်း မဟာလောက၏ အပိုင်းအစကို ချိပ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုခဲ့ဆဲ ဖြစ်သည်။
ကျင့်ကြံသူများအတွက်တော့ ၎င်း၏ တန်ဖိုးသည် ထိုထက်ပင် ပို၍ကြီးမားသည်။
ရွှီချင်း၏ စိတ်သည် ပရမ်းပတာဖြစ်လာသည်။ ထိုအခိုက်အတန့်မှာ ကျယ်ပြောသော နတ်ဘုရားအာရုံသည် သူ၏ အသိစိတ်ထဲသို့ ထပ်မံပဲ့တင်ထပ်လာသည်။
“ ဒီတော့ အဲ့ဒါကိုယူဖို့ မင်းငါ့နောက်ကို လိုက်ရဲလား ”
“ လိုက်ရဲပါတယ် ”
ရွှီချင်း၏ မျက်လုံးသည် နီရဲလာသည်။
ဤရိတ်သိမ်းမှုသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ရူးသွပ်မှုကို တဖန်လှုပ်နိုးလာစေရန် လုံလောက်သည်။ ဤသည်မှာ အတိတ်၌ ပထမဆုံး သက်စောင့်မီးအိမ်ကိုရရှိရန်၊ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ကို ရယူရန်နှင့် ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ရုပ်တုကို ရရှိရန် သူသွားရောက်ခဲ့စဉ်ကအတိုင်းပင် ဖြစ်သည်။
ထိုအချိန်တုန်းက သူ၏ နှလုံးသားထဲမှ ရူးသွပ်မှုသည် ခေါင်းဆောင်ထက် နည်းနည်းမှ မလျော့ချေ။
သူက စကားဆုံးအောင် ပြောလိုက်သည်နှင့်ချက်ချင်း ရယ်မောသံသည် အဝေးရှိ သံချောင်းထံမှ မြည်ဟိန်းထွက်လာသည်။
“ လာခဲ့ ”
အပြာရောင်အလင်းတန်းသည် အရပ်မျက်နှာပေါင်းစုံမှ မြှောက်တတ်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ယင်းက ရွှီချင်းကို ချက်ချင်း လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်ဆီသို့ တန်းမတ်စွာ ခေါ်ဆောင်သွားသည်။
နောက်ဆုံးမှာတော့ သူက သံချောင်းနှင့် နီးကပ်သွားပြီး ၎င်းအပေါ်မှာ မတ်တတ်ရပ်လိုက်သည်။
အပြာရောင်အလင်းတန်းသည် တဖျပ်ဖျပ်လင်းလက်သွားပြီး သံချောင်းနှင့် ပေါင်းစပ်သွားသည်။ တူညီသော ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသော ထိုအကာအကွယ်သည် ရွှီချင်းအား အထွတ်အမြတ်ရတနာ၏ ဖိအားမှ ကင်းလွတ်နိုင်ရန် ကူညီပေးသည်။
သူက သံချောင်းပေါ်မှာ ရပ်လိုက်သည်နှင့်ချက်ချင်း အိမ်ရှေ့စံမင်းသား၏ နတ်ဘုရားအာရုံသည် ထိတ်လန့်ဖွယ်ကောင်းစွာ ထွက်ပေါ်လာလေသည်။
“ မိတ်ဆွေလေး… မင်းကို အတိတ်တုန်းက ငါ့ခမည်းတော်ရဲ့ အထွတ်အမြတ်ရတနာရဲ့ အစွမ်းတစ်စိတ်တစ်ပိုင်းကို မြင်စမ်းစေမယ် ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အပြာရောင်သံချောင်းသည် ဝုန်းခနဲမြည်ဟိန်းလာပြီး အရှေ့သို့ ပျံသန်းသွားသည်။ ၎င်းက အပြာရောင်အလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားပြီး ရေခဲပြင်ပေါ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
၎င်း၏ အလျင်သည် လွန်စွာမှ အံ့ဖွယ်ကောင်းပြီး ၎င်း၏ စွမ်းအားသည် ကမ္ဘာမြေတုန်ဟီးသွားစေရန် လုံလောက်သည်။ ၎င်းက ပျံသန်းသွားနေစဉ် အရပ်ရှစ်မျက်နှာ၌ ပေါက်ကွဲမှုများဖြစ်ပေါ်လာပြီး ကောင်းကင်သည် ပုံပျက်တွန့်လိမ်လာကာ မြေပြင်သည် ပြိုလဲပျက်စီးသွားသည်။
၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရသည်။
ထိုအခိုက်အတန့်မှာ မဟာလောက၏ အပိုင်းအစထဲဝယ် အဆုံးမရှိသော အနက်ရောင်ရေခဲပြင်၏ အမြင့်ဆုံးတစ်နေရာ၌ အပြင်လောကမှ ကိစ္စများကို သတိမထားမိသေးသော ခေါင်းဆောင်သည် ထိုနေရာမှာ ရပ်နေပြီး အောက်သို့ ညွှန်ပြလိုက်သည်။
“ အဲ့ဒီနေရာပဲ ”
“ ကျန်းကျန်းကြီး… နင်နင်လေး… မင်းတို့နှစ်ယောက် ငါခိုင်းတဲ့အတိုင်း သေချာလိုက်လုပ်ပါ… အနောက်ကို အမြန်ဆုတ်ပြီး မင်းတို့ကို ငါပေးထားတဲ့ ရတနာတွေကို ထုတ်လိုက်ပါ… ငါတို့တွေ သူတို့ကို မြန်နိုင်သမျှမြန်မြန် တံဆိပ်ခတ်ဖို့လိုတယ် ”
“ တံဆိပ်ခတ်ပြီးတာနဲ့ ငါတို့တွေ ချက်ချင်း ထွက်ခွာကြမယ်… တကယ်လို့ အဲ့ဒါက အရမ်းနှေးတယ်ဆိုရင်… အဲ့ဒီအခါ ကံကိုပဲ ယုံစားရတော့မှာပေါ့ ”
“ ဘာလို့လဲဆိုတော့ ငါလုယက်ခဲ့တဲ့ နေရာအားလုံးမှာ ဖုန်ပဲကျန်နေလိမ့်မယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ ဝူကျန်းဝူသည် အမြန်ခေါင်းညိတ်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ နင်ယန်သည်လည်း အနည်းငယ် စိုးရိမ်ကြောက်လန့်နေသည်။
သူတို့၏ အမူအရာကို သတိထားမိသောအခါ ခေါင်းဆောင်သည် ခေါင်းခါလိုက်ပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
‘ ဒီကောင်တွေက ချင်းလေးနဲ့ ဘယ်နေရာမှကို မယှဉ်နိုင်ဘူး… သူရဲဘောကြောင်တဲ့ကောင်တွေ… တကယ်လို့ ချင်းလေးသာ အခုနေ ဒီမှာရှိမယ်ဆိုရင် သူက ငါ့ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေမယ်ဆိုတာ လုံးဝသေချာတယ် ’
ခေါင်းဆောင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်လေရာ အလင်းဘောလုံးတစ်လုံးသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ ထို့နောက် သူက လက်ဆစ်ချိုးလိုက်ပြီး ပြောသည်။
“ ထွက်လာစမ်း ငါ့ရဲ့ပေါက်စီလေး ”
ထိုအခိုက်အတန့်မှာ အလင်းဘောလုံးသည် ရုတ်တရက် တလက်လက် တောက်ပလာပြီး စူးရှသော အဖြူရောင်အလင်းကို ထုတ်လွှတ်လာသည်။ အဆုံးမရှိသော အပူသည်လည်း ၎င်းထံမှ ထွက်ပေါ်လာနေသည်။
၎င်းက လေထဲသို့ ဆက်လက် မြှောက်တတ်သွားလေရာ နောက်ဆုံးတွင် ကောင်းကင်ပေါ်၌ နေလုံးသဖွယ် ဖြစ်ပေါ်လာသည်။
၎င်းက အဆုံးမရှိသော အလင်းရောင်နှင့် အပူကို မြေပြင်ပေါ်ရှိ အနက်ရောင်ရေခဲအလွှာပေါ်သို့ ထုတ်လွှတ်နေလေသည်။